Thursday 1 April 2021

ချဉ်ငံစပ် ကညွှတ်သုပ်

 




ဆောင်းဦးအဝင် ဒီရာသီဆိုရင် ကညွှတ်ပင်လေးတွေ ဈေးအရမ်းချိုပါတယ် ဒီတော့လဲ လေးစည်းမှ ငါးဒေါ်လာဘဲ ပေးရတဲ့အတွက် ဝယ်လာဖြစ်ပါတယ် ဝယ်လာဖြစ်တော့လဲ တစ်ဝက်ကို ကြော်စားပြီး ကျနိတဲ့တစ်ဝက်ကို ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကညွှတ် - ဆယ့်ငါးပင်ခန့်
  2. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  3. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ကြက်သွန်ဖြူဆီချက်အဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ရှောက်ရွက်အနု - မိမိနှစ်သက်သလောက်ထည့်ပါ
  8. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  9. သံပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ကညွှတ်ကို အရင်းပိုင်းမှ ရင့်နေတဲ့ နေရာကို အကြောများ သင်ပေးပြီး ရေစင်အောင် ဆေးထားပါ
  • အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အပင်များ ရေမြုပ်အောင်ထည့်ပြီး အဖုံးမအုပ်ဘဲ ပြုပ်ပေးပါ
  • အကြာကြီး ပြုပ်စရာ မလိုဘဲ ရေပွက်ပွက်ဆူပြီးသား ဖြစ်တဲ့အတွက် သုံးမိနစ်လောက်ဘဲ ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေများကိုသွန်ကာ ရေစစ်ပေးပါ
  • ရေစစ်သွားပါက အနေတော်လေးတွေ ရလာအောင် ဓါးပြတ်ပြတ်နှင့် လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ရှောက်ရွက်ကို ရေဆေးပြီး မထူမပါးလေး လှီးထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ကညွှတ် ကြက်သွန်နီ  ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်နီဆီချက် ကြက်သွန်ဖြူ ဆီချက်ဖတ် ငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ရှောက်ရွက်နှင့် သံပုရာသီးနံ့ မွှေးမွှေးလေးနဲ့ ကညွှတ်ချဉ်ငံစပ် အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment