Monday 26 April 2021

ခရမ်းချဉ်သီးသုပ်




ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ခရမ်းချဉ်သီးလေးတွေခူးကာ သားအမိတစ်တွေ စကားပြောရင်း အပျင်းပြေ စားဖို့အတွက် ခရမ်းချဉ်သီး သုပ်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ထမင်းဖြူလေးရယ် ရေနွေးကြမ်းလေးနဲ့ သောက်ရင်း စားလို့ရလေအောင် လူတိုင်းသုပ်စားတတ်တဲ့ ချဉ်ချဉ်ငံငံစပ်စပ် ခရမ်းချဉ်သီး သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ခရမ်းချဉ်သီးအစိမ်း - ခပ်ကြီးကြီး လေးလုံး
  2. နံနံပင် - အနေတော်
  3. မြေပဲလှော် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. ပဲခြမ်းကြော် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. နှမ်းလှော် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ပုဇွန်ခြောက် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  10. ပဲဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ

  • ခရမ်းချဉ်သီးကို အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • မြေပဲလှော်ကို အခွံခွာထားပါ
  • အသုပ်ထဲထည့်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • လှီးထားသော ခရမ်းချဉ်သီးကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
  • မြေပဲလှော် နံနံပင်  ဆား ဆီ အရသာမှုန့် ငရုတ်သီးစိမ်း သံပုရာရည်တို့ကိုထည့်ပြီး ခပ်ဖွဖွ နယ်ပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • နယ်ဖတ်ပြီးတာနဲ့ စားပွဲပြင်မည့် ပန်းကန်ထဲသို့ပြောင်းပြီး ခရမ်းချဉ်သီး အစိမ်းသုပ် ချဉ်ငံစပ်လေးကို ထမင်းပူပူ ရေနွေးကြမ်းလေးနှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။ 

No comments:

Post a Comment