Tuesday 31 October 2023

ချင်းဆားထောင်း

 





မာမာ မနေ့က ချင်းဆားထောင်းလေး စားချင်တာနဲ့ ထောင်းဖြစ်ပါတယ် ချင်းဆားထောင်းက ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ငါးကြော် ငါးပေါင်း ကြက်ကြော် ကြက်သားပေါင်း အစရှိသည်ဖြင့် အသားမျိုးစုတို့နဲ့ လိုက်ဖက်ပါတယ်။

ဒါကြောင့်မိုလို့  မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ချင်းဆားထောင်း လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ချင်းတက် - လေးလက်မခန့်
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. ငရုတ်သီး အစိမ်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  4. သံပုရာသီး - တစ်လုံး
  5. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပြုလုပ်ပုံ
  • ချင်းတက်ကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
  • ပါဝင်ပစ္စည်းများ အဆင်သင့် ပြင်ဆင်ထားပါ
  • ငရုတ်သီးမှုန့် ဆားနှင့် ချင်းတို့ကို ငရုတ်ဆုံထဲမှာထည့်ပြီး ညက်နေအောင် ထောင်းပေးပါ
  • ချင်းများ ညက်လာပါက သံပုရာရည် ညှစ်ထည့်ပေးပါ
  • အရသာ သမအောင် မွှေပြီးတာနဲ့ ချင်းဆားထောင်းကို ပန်းကန်ထဲ ပြောင်းထည့်ကာ ဆီမြုပ်တဲ့အထိ ထည့်ပေးပြီးတာနဲ့ ချင်းဆားထောင်း ချဉ်ငံစပ်ကို စားသုံးဖို့ ပြင်ဆင်ပေးနိူင်ပါပြီ။

Monday 30 October 2023

ငါးဖယ် အုန်းနို့ဆီပြန်ဟင်း


 ဗီယက်နမ်ဆိုင်က ဝယ်လာတဲ့ ငါးဖယ်ခြစ်ကို အုန်းနို့နဲ့ ချက်ပါတယ် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ငါးဖယ်ခြစ် - 400 g  
  2. အုန်းနို့  - 200 g           
  3. ကြက်သွန်နီ  - အနေတော် နှစ်လုံး 
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. ငရုတ်သီးအ​ရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  7. စပါးလင် အရင်းပိုင်း - တစ်လက်မခန့်
  8. ရှောက်နူရွက် - နှစ်ရွက်
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းချက်ရန်နှင့် ငါးဖယ် အရသာနယ်ရန်)
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ဟင်းချက်ရန်နှင့် ငါးဖယ်အရသာနယ်ရန်)
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဟင်းချက်ရန်နှင့် ငါးဖယ်အရသာနယ်ရန်)
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ငါးဖယ်ခြစ် ဆား အရသာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အရသာ သမသွားအောင် နယ်ပေးပါ
  • အရသာ သမသွားတာနဲ့ ထိုဇလုံထဲမှာဘဲ ငါးဖယ်ခြစ်များကို အချက် နှစ်ရာလောက် ပေါက်ပေးထားပါ
  • ထိုပေါက်ထားသော ငါးဖယ်ခြစ်များကို အနေတော် အလုံလေးတွေ လုံးထားပါ
  • ချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ပါးပါးရိတ်ရိတ်လေးတွေ လှီးထားပါ
  • ချင်း ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင်တို့ကို ငရုတ်သီး အရောင်တင်မှုန့်နဲ့ရောပြီး ညက်နေအောင် ထောင်းထားပါ
  • ရှောက်နူရွက်ကို ရေဆေးထားပါ
  • ဇောက်အနည်းငယ် နက်သော အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်ပြီး ဆီသတ်ပေးပါ
  • ငရုတ်သီးဆီသတ်နံ့ မွှေးလာတာနဲ့ ရှောက်နူရွက်ကို ထည့်မွှေပေးပါ
  • ငရုတ်သီး ဆီသတ်ထားတာ မွလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးပြီမှ ငါးဖယ်ကို တစ်လုံးခြင်း ထည့်မွှေပေးပါ
  • ငါးဖယ်အသားလေးတွေ မာတင်းလာတော့မှ အုန်းနို့ကို လောင်းထည့်ပြီး အရသာ ဝင်သွားအောင် မွှေပေးပါ
  • ပြီးတာနဲ့ ဆားနှင့်အရသာမှုန့်ထည့်ပြီး မွှေပေးကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အုန်းနို့များ အရမ်းမခမ်းခင် အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ဆီပြန်လာတာနဲ့ ငါးဖယ်အုန်းနို့ ဆီပြန်ဟင်းကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Friday 27 October 2023

ဆီးချိုဝေဒနာရှင်တို့အတွက် သင့်တင့်သော ထမင်းတစ်နပ်စာ


ဒီနေ့တော့ ဆီးချိုရှိသူတွေအတွက် စားသုံးရန် သင့်တော်မဲ့ ထမင်းပွဲ ပြင်ဆင်ပုံလေးကို မျှဝေပေးချင်ပါတယ် မာမာကိုယ်တိုင်လဲ ဆီးချိုရှိတဲ့အတွက် ကိုယ်စားဖို့အတွက်ကို ကိုယ့်ဘာသာကို တွက်ချက်ပြီး ပြင်ဆင် စားသောက်ရပါတယ်။

ဆီးချိုရောဂါ ရှိသူတွေဟာ ဆီးချိုရောဂါ ရှိကြတယ်ဆိုတာ နံမည်သာ တူကြတာပါ အချိုဓါတ် အတက်အကျ အနည်းအများ အပေါ်မှာ မူတည်ပြီးတော့ ဆေးသောက်ကြရပုံခြင်း မတူကြတာတွေလဲ ရှိတတ်ကြပါတယ်။

ဒါကြောင့်မို့လို့ အခုမာမာ စားသလိုမျိုး နေ့စဉ်ပုံမှန် စားရင်တော့ မိမိရဲ့ ကလူးကို့စ် အချိုပမာဏကို ထိမ်းပေးနိူင်ပါတယ် ဒိထက် ပိုစားရင်တော့ အချိုဓါတ်က တက်နေမှာ သေချာပါတယ်။

ကျမတို့ မြန်မာလူမျိုးတွေက မွေးလာပြီး စားတတ်တဲ့အရွယ် ရောက်တာနဲ့ ထမင်းကိုဘဲ အဓိကထားပြီး စားသုံးကာ ကြီးပြင်းခဲ့ကြတာ ဖြစ်ပါတယ် ဒါကြောင့်မို့လို့ ဆီးချို ဝေဒနာ ခံစားလာရပြီဟေ့လို့ ဆိုလိုက်တာနဲ့ ထမင်းမစားနဲ့ အသီးတွေ မစားနဲ့ ဟိုဟာမစားနဲ့ ဒီဟာမစားနဲ့ ဟိုလိုမနေနဲ့ ဒီလိုမထိုင်နဲ့ ဆိုတာတွေကို တစ်ယောက်တစ်ပေါက် ပြောတတ်ကြပါတယ်။

အဲဒီလို ပြောလာကြတာနဲ့ ဝေဒနာရှင်က ကြောက်လန့်ပြီး စားနေကျ အစားအစာတွေကို ရှောင်ပါတော့တယ် တုံးတိကြီး ရှောင်တဲ့သူတွေက ရှောင်လိုက်ကြပါတယ် ဒီလိုရှောင်လိုက်တာနဲ့ အရင်ဆုံး ဝေဒနာရှင်ဟာ စားနေကျ အစားအစာတွေ မစားရတဲ့အတွက် စိတ်ဓါတ်တွေ ကျလာမယ် ကြာလာတဲ့အခါ အားအင်တွေ ချိနဲ့လာမယ်။

ဒီအခါမှာ မလိုလားအပ်တဲ့ ရောဂါတွေက ထပ်ပြီးဝင်လာတတ်ပါတယ် စားနေကျ ထမင်းကို မစားရတော့ဘူး ဆိုတာနဲ့ စိတ်ဓါတ်တွေလဲ ကျလာပါလိမ့်မယ်။

ဒါကြောင့်မို့လို့ ဆီးချိုရောဂါအတွက် နောက်ဆုံးပေါ် ကုထုံးတွေမှာ ထမင်းကို စားလို့ရသလို ပေါင်မုန့်လဲ စားလို့ရပါတယ် အသီးအရွက်တွေကိုလဲ အချိုပမာဏ အနည်းအများအပေါ် မူတည်ပြီး အချိုးအစား ချိန်တွယ်တွက်ဆကာ စားလို့ရပါတယ်။

ထိုနည်းတူပါဘဲ ဆရာဝန် ညွှန်ကြားတဲ့ ဆေးပမာဏကို နေ့စဉ်ပုံမှန်သောက်ပေးပါအစားအသောက်ကိုလဲ ဆရာဝန် တွက်ချက်ပေးထားတဲ့အတိုင်း စားသောက်ပေးပါ လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်လုပ်ပေးပါ။

ဆီးချိုရှိပြီ ဆိုတာနဲ့ တတ်ကျွမ်းတဲ့ သက်ဆိုက်ရာ ဆရာဝန်နဲ့ အရင်ဆုံး ပြသပေးပါ ပြီးတာနဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်ပေးပါ။

ပြီးတာနဲ့ တတ်သိနားလည်တဲ့ ဆရာဝန် တွက်ချက်ပေးတဲ့ ပုံစံအတိုင်း စားသောက် နေထိုင်ပြုမူ ပေးရင် အသက်ကို ဉာဏ်စောင့်တယ် ဆိုတာလေးလဲ ပြောလိုက်ပါတယ်ရှင်။

အခုပြထားတဲ့ ပုံလေးကတော့ မာမာရဲ့ နေ့လည်စာအတွက် ထမင်းကို မုန့်လုပ်ရာမှာ ချင်တွယ်တဲ့ခွက်ရဲ့ တစ်ဝက်ရယ် ငါးကင်ရယ် အသီးအရွက်လေးတွေရယ်ကို ပြင်ထားတာ ဖြစ်ပါတယ်ရှင်။

မာမာကတော့ မနက်စောစောစာကို ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်မီးကင် တစ်ချပ်စားပါတယ် ကော်ဖီဖျော်တဲ့အခါမှာ ကော်ဖီမှုန့်ရယ် မလိုင်မပါတဲ့ နွားနို့ရယ်နဲ့ ဖျော်ပါတယ်။

တစ်ခါတစ်ရံမှာ မနက်စောစောစာအတွက် ကွေကာအုပ်ကို ပျားရည်စစ်စစ်နဲ့ အသီးတစ်မျိုးမျိုး ထည့်ပြီးစားပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ နေ့လည်စာအတွက် ထမင်းတစ်ပန်းကန်စာကို ငါးကင် ထမင်းနဲ့ အရန်ဟင်းလေးတွေ ပြင်ထားတာကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပြင်ဆင်ပုံ
  • ထမင်း - 1/2 cup
  • ငါးကင် - နှစ်တုံး
  • မုံလာဥနီပြုပ် - 1 cup
  • ဘရော့ကိုလီပြုပ် - 1 cup
  • ပဲစိမ်းစေ့ပြုပ် - မိမိနှစ်သက်သလောက် စားပါ။
ငါးကင်ပုံ
ပါ၀င်ပစ္စည်းများ
  1. ငါးမြစ်ချင်း - သုံးတုံး (လက်သုံးလုံးလောက် အနေအထား သုံးတုံး)
  2. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. ချယ်ရီခရမ်းချဉ်သီး - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ (အကင်အိုးနှင့်ကင်နည်း)
  • ငါးကို မလိုတာတွေ ဖယ်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသောငါးကို နနွင်းမှုန့်နှင့် အရသာမှုန့်တို့နှင့် နယ်ပေးပါ 
  • ငါးကင်ရန်အတွက် အကင်အိုးကို အပူပေးပါ
  • အိုးပူလာပါက အိုးရဲ့အဖုံးနှင့် အိုးထဲကို ဆီလိုက်သုတ်ပေးပါ
  • ဆီသုတ်ပြီးတာနဲ့ အရသာ နယ်ထားသောငါးကို အရည်ခွံဘက်မှ စပြီးထည့်ပေးပါ
  • ငါးရဲ့အရည်ခွံဖက်ကို ၃မိနစ်လောက် ကင်ပေးပြီးမှ နောက်တဖက်ကို လှန်ပေးပြီး ဆက်ကင်ပါ
  • ငါးကင်ရဲ့ တစ်ဖက်ကျက်သွားမှ နောက်တစ်ဖက်ကို လှန်ပေးပါ
  • မကျက်သေးဘဲ လှန်မိပါက ငါးအသားများ ဘတ်လတ်တွေ လန်ကုန်တတ်ပါတယ်
  • အသားဖက်အခြမ်းကို နှစ်မိနစ်လောက်ဘဲ ကင်ပေးပါ
ထမင်းပွဲပြင်ဆင်ပုံ
  • ပန်းကန်ထဲမှာ ထမင်းနှင့် ပါဝင်ပစ္စည်းများကို မိမိနှစ်သက်သလို ပြင်ပေးပါ

Thursday 26 October 2023

ငါးတောကင် မွှေးမွှေးလေး





ငါးမြစ်ချင်းတစ်ကောင် ဝယ်လာပြီး ခရမ်းချဉ်သီးနဲ့ တစ်ဝက်ကိုချက်ကာ ကျန်တစ်ဝက်ကိုတော့ ငါးတောကင်လေး ကင်လိုက်ပါတယ်။
တောကင်လို့ ပြောရတာကတော့ ငါးကင်တဲ့ အခါမှာ တစ်ခြားထူးထူးဆန်းဆန်း ဘာအမွှေး နံ့သာမှ မထည့်ဘဲ ဆားနနွင်း အရသာမှုန့်တို့နဲ့ဘဲ ကင်ထားပြီး တောသဘာဝ ငါးကင်လေး ဖြစ်တဲ့အတွက် တောကင်လို့ ပြောခြင်းဘဲ ဖြစ်ပါတယ်။ 

မိသားစု နည်းတဲ့အိမ်တွေမှာ အခုလို အကင်အိုး သေးသေးနဲ့ ကင်ပေးရင်ဘဲ အဆင်ပြေပါတယ် ဒီနေ့တော့ အကင်အိုးလေးနဲ့ ကင်ဖြစ်သွားလို့ မာမာကင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ် မိမိအသုံးပြုမဲ့ ငါးရဲ့အသားတုံး အထူအပါး အပေါ်မူတည်ပြီး မိနစ်အနည်း အများကို လိုတိုးပိုလျှော့ လုပ်ပေးဖို့တော့ သတိလေး ပြုစေချင်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးမြစ်ချင်း - သုံးတုံး (လက်သုံးလုံးလောက် အနေအထား သုံးတုံး)
  2. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. ချယ်ရီခရမ်းချဉ်သီး - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ (အကင်အိုးနှင့်ကင်နည်း)
  • ငါးကို မလိုတာတွေ ဖယ်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသောငါးကို နနွင်းမှုန့်နှင့် အရသာမှုန့်တို့နှင့် နယ်ပေးပါ 
  • ငါးကင်ရန်အတွက် အကင်အိုးကို အပူပေးပါ
  • အိုးပူလာပါက အိုးရဲ့အဖုံးနှင့် အိုးထဲကို ဆီလိုက်သုတ်ပေးပါ
  • ဆီသုတ်ပြီးတာနဲ့ အရသာ နယ်ထားသောငါးကို အရည်ခွံဘက်မှ စပြီးထည့်ပေးပါ
  • ငါးရဲ့အရည်ခွံဖက်ကို ၃မိနစ်လောက် ကင်ပေးပြီးမှ နောက်တဖက်ကို လှန်ပေးပြီး ဆက်ကင်ပါ
  • ငါးကင်ရဲ့ တစ်ဖက်ကျက်သွားမှ နောက်တစ်ဖက်ကို လှန်ပေးပါ
  • မကျက်သေးဘဲ လှန်မိပါက ငါးအသားများ ဘတ်လတ်တွေ လန်ကုန်တတ်ပါတယ်
  • အသားဖက်အခြမ်းကို နှစ်မိနစ်လောက်ဘဲ ကင်ပေးပါ
Pressure Cooker နှင့်ကင်နည်း
  • Pressure Cooker ကို brown ခလုတ်ကိုနှိပ်ပြီး ၅မိနစ် နာရီ ချိန်ပေးပါ
  • ပြီးတာနဲ့ အိုးထဲကို ဆီသုတ်ပေးပြီး အပူပေးပါ
  • ဆီပူတာနဲ့ ငါးကို အရည်ခွံဘက်မှစပြီး ထည့်ပေးပြီး အဖုံးမအုပ်ဘဲ ကင်ပေးပါ
  • သုံးမိနစ်လောက် ကင်ပေးပြီး အရည်ခွံဖက်မှ ကျက်တာနဲ့ အသားဘက်ကို လှန်ပေးကာ နှစ်မိနစ်ခန့် ကင်ပေးပါ
  • ငါးကင်တစ်ဖက်ကျက်သွားမှ နောက်တစ်ဖက်ကို လှန်ပေးပါ
  • မကျက်သေးဘဲ လှန်ပေးမိပါက ငါးအသားများ ဘတ်လတ်တွေ လန်ကုန်တတ်ပါတယ်
  • ငါးအသား ကျက်ပြီဆိုတာနဲ့ အိုးထဲမှ ဖယ်ပေးပြီး စားပွဲပြင်ပေးပါ
  • ငါးကင်နှင့် အအီပြေ ချယ်ရီခရမ်းချဉ်လေးများကို ပြင်ပေးပြီးတာနဲ့ တောငါးကင် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

Monday 23 October 2023

အော်ကွေ့ကြည်

 


ဈေးထဲက ၀ယ်လာတဲ့ မုန်လာဥတွေနဲ့ မုန်လာဥမုန့် ( အော်ကွေ့ကြည်) မနေ့က လုပ်ဖြစ်တာနဲ့ ဒီနေ့ပြန်ကြော်ပြီး စားဖြစ်ပါတယ်။

အချဉ်နဲ့ တို့စားရင်း ငယ်ငယ်က မကြာခန သွားစားခဲ့တဲ့ တရုတ်တန်းက မုန့်ဆိုင်လေးတွေကို အလွမ်းဖြေကာ မုန်လာဥ မုန့်လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. မုန်လာဥဖြူ -  400 g
  2. ဆန်မှုန့် - 350 g
  3. ပြောင်းဖူးမှုန့် - 100 g
  4. ရေ - 2 လီတာ
  5. ဆား -  လဖက်ရည်ဇွန်း ၁ဇွန်း
  6. သကြား - ထမင်းစားဇွန်း၂ ဇွန်း 
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  8. ဆီ - ထမင်းစားဇွန်း သုံးဇွန်းခွဲ
ပြင်ဆင်ပုံ
  • မုန်လာဥကို အခွံခွာပြီး ခြစ်ထားပါ
  • ဇလုံတစ်ခုတွင် ခြစ်ထားသော မုန်လာဥ ဆန်မှုန့် ပြောင်းမှုန့် ဆား ဆီ သကြား ငရုတ်ကောင်းမှုန့်တို့ကိုထည့်ပြီး ရေနှင့်သမအောင်မွှေကာ ဖျော်ထားပြီး နာရီဝက်ခန့် နှပ်ထားပါ
  • မုန်လာဥက ကျက်လွယ်တဲ့အတွက် သတ်သတ်စီ ကျိုရန်မလိုပါ
  • မုန့်ကျိုပြီး ထည့်မည့်ဗန်းကို ဆီအနည်းငယ်ဖြင့် သုတ်ထားပါ
  • အားလုံသမအောင် မွှေပေးပြီးပါက မီးဖိုပေါ်တင်ကာ မီးအေးအေးနှင့် ပျစ်လာအောင် ကျိုပေးပါ 
  • ကျိုနေစဉ် အကျက်ညီစေရန် အဆက်မပြတ် မွှေပေးပါ
  • ကျိုနေသော မုန့်နှစ်ရည် ပျစ်လာပါက သမအောင် ထပ်မွှေပေးပြီးမှ မီးဖိုပေါ်မှ ချပေးပါ
  • မုန့်နှစ်ကို ဆီသုတ်ထားသော ဗန်းထဲလောင်းထည့်ကာ အေအေးခံပေးပါ
  • မုန့်နှစ်များ အေးလာပါက ရေခဲသေတ္တာထဲမှာ တညလောက် အအေးခံပြီး လှီးမှသာ မုန့်သားလှီးရတာ ပိုပြီး အဆင်ပြေပါတယ်
  • အအေးခံပြီး ရရှိလာသော မုံလာဥမုန့်ကို ဆီပူပူမှာ အနည်းငယ် ကြော်ပေးပြီးပါက ဆယ်ပြီးဆီစစ်ကာ မိမိနှစ်သက်ရာ ပုံစံဖြင့် ပြင်ဆင်ကာ မိမိနှစ်သက်သော အချဉ်နှင့် တွဲဖက်ကာ  သုံးဆောင် နိုင်ပါပြီ။

Saturday 21 October 2023

သတ်သတ်လွတ် မှိုလုံး‌‌ကြော်

 












မာမာဈေးသွားရင်းက မှိုအညို လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတာနဲ့ ဝယ်လာခဲ့ပြီး မှိုလုံးကြော်လေး လုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မှိုအညို အစို - တစ်ဆယ်ငါးပွင့်
  2. ကြက်သွန်နီ -အနေတော် နှစ်လုံး
  3. အကြော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  4. ကြက်ဥ - တစ်လုံး (အရသာယ်ရန်)
  5. ကြက်ဥ - တစ်လုံး (မှိုလုံးစိမ်ရန်)
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက် (မကြိုက်လျှင် မထည့်ပါနှင့်)
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  11. ပေါင်မုန့်ခြောက်အမှုန့် - လိုသလောက် သုံးပေးပါ
  12. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • မှိုကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ

  1. ဇလုံတစ်လုံးထဲမှာ လှီးထားသောမှို ဆား အရသာမှုန့် ငရုတ်ကောင်းမှုန့် ကြက်ဥ အကြော်မှုန့် မဆလာ ကြက်သွန်နီ မုံလာဥနီ မှိုနှင့် ခရုဆီတို့ထည့်ပြီး သမအောင် မွှေပေးပါ
  2. ကြက်ဉတစ်လုံးကို ခလောက်ထားပါ
  3. ပေါင်မုန့်ခြောက် အမှုန့်ကို ပြင်ထားပါ
  4. မှိုများ အရသာ နယ်ပြီးတာနဲ့ လက်ထဲမှာ ဆုတ်ပြီး လုံးလို့ရသလောက် အနေအထားလေးဘဲ လုံးပေးပါ
  5. ပြီးတာနဲ့ ကြက်ဉထဲမှာ နှစ်ပေးပါ
  6. နောက်တစ်ဆင့် ပေါင်မုန့်ခြောက် အမှုန့်ထဲမှာ လှိမ့်ပေးပါ
  7. ကြော်မှာဖြစ်တဲ့အတွက် ဆီကို ခပ်များများ ထည့်ပေးပြီး အပူပေးပါ
  8. ဆီပူလာတာနဲ့ မီးကို အနေတော်လောက် လျှော့ပေးပြီးမှ မှိုလုံးလေးတွေကို တစ်လုံးချင်း အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  9. ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ လှန်ပေးပါ
  10. မှိုလုံးကြော်များလုံး ရွှေဝါရောင် သန်းလာပြီ ဆိုရင်တော့ ဆယ်ပြီး ဆီစစ်ပေးပါ
  11. အထက်ပါ နည်းအတိုင်း မှို အရသာ နယ်ထားကာ လုံးထားတာတွေကို ကုန်တဲ့အထိ ကြော်ပေးပါ
  12. ကြော်ပြီးလို့ ဆီစစ်သွားတာနဲ့ မှိုကြော်လေးများကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

ဂွေးသီးငပိချက်











ဝယ်လာပြီး ငပိချက်လေး ချက်ပါတယ် စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 
ပါ၀င်ပစ္စည်းများ
  1. ဂွေးသီး - အလုံးနှစ်ဆယ်ခန့်
  2. ပုဇွန်ခြောက် - အကောင်ကြီးကြီး ငါးကျပ်သား
  3. မျှင်ငပိ - အနည်းငယ်
  4. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
  5. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  6. ငရုတ်သီး လုံးခြမ်းကွဲ -  ထမင်းစားဇွန်း လေးဇွန်း
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း (အငံကြိုက်ပါက ပိုထည့်ပေးပါ)
  11. ဆား - ထမင်းစားဇွန်း တစ်ဝက်
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ဂွေးသီးကို အခွံခွာပြီး ရေစင်အောင်ဆေးကာ မထူမပါးလေးတွေ ပေါက်ပြီး လှီးထားပါ
  • ပုဇွန်ခြောက်ကို ရေတစ်ထပ်ဆေးကာ ရေနာရီ၀က်လောက် စိမ်ထားပြီးမှ ညက်နေအောင် ထောင်းပေးပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ငရုတ်သီးသိမ်းကို အညှာခြွေပြီး ရေဆေးထားပါ။
  • အားလုံးအဆင်သင့် ဖြစ်ပါက ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ။
  • အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ။
  • ဆီပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ။
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်သီး လုံးကြမ်းခွဲကို ထည့်ပြီး ၂မိနစ်လောက် ကြော်ပေးပါ။
  • ကြော်နေစဉ် ငရုတ်သီးများ အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  • ငရုတ်သီးနံ့ မွှေးလာပါက မျှင်ငပိကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • မျှင်ငပိနံ့ သင်းလာပါက ပုဇွန်ခြောက်ထောင်း ဆား ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ
  • မကြာမကြာ မွှေပေးပြီး ဂွေးသီးကို ထည့်မွှေပေးပါ
  • ဂွေးသီးများ နူးအိလာစေရန် ရေမြုပ်အောင်ထည့်ပြီး တည်ပေးကာ အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ
  • ထည့်ထားသော ရေများခမ်းလာကာ ဂွေးသီးများ နူးအိလာပြီး ဆီပြန်ထွက်လာတဲ့အထိ မီးအေးအေးနဲ့  တည်ပေးပါ 
  • အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးကာ ငရုတ်သီးစိမ်း များကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ။
  • ဂွေးသီး ပုဇွန်ခြောက် ငါးပိချက်ကို ခပ်ငံငံလေး ကြိုက်ပါက ငါးငံပြာရည်ကို ပိုထည့်ပေးပါ။
  • ဂွေးသီး ပုဇွန်ခြောက် ငါးပိချက် မွှေးမွှေးလေး ရလာတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Thursday 19 October 2023

သရက်သီး ပိုးတီသုပ်




ဒီနေ့တော့ သရက်သီးလေးတွေကို ပိုးတီ သရက်ချဉ် လုပ်ထားရတာ ရပါပြီ ပိုးတီ သရက်ချဉ် သုပ်စားဖို့ အကြောင်းက ဖန်လာပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး  သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုပ်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သရက်ချဉ် - အနေတော် နှစ်လုံး
  2. ပုစွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း
  3. မြေပဲလှော် - မိမိနှစ်သက်သလောက်
  4. ခနောကြက်သားမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း (သို့မဟုတ် ) အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း သုံးဇွန်း
  6. ပဲအကျက်မှုန့် - ထမင်းစားဇွန်း မောက်မောက် တစ်ဇွန်း
  7. ငရုတ်သီးအလှော်မှုန့် - အစပ်စားနိူင်သလောက်
  8. ကြက်သွန်နီ - အနေတော် နှစ်လုံး
  9. ဂေါ်ဖီ - အနေတော် တစ်စိတ်
  10. ဆီ - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့် (ဆီချက်ချက်ရန်)
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာခန့် (ဆီချက်ချက်ရန်)
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)

ဆီချက်ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး အကွင်းလိုက် လှီးထားပါ
  • ဒယ်အိုးထဲ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနည်းငယ်လျှော့ပြီး ကြက်သွန်ဖြူများ ထည့်ပေးပါ
  • အကျက်ညီစေရန် မကြာမကြာ မွှေပေးပြီး ကြက်သွန်ဖြူများ ရွှေဝါရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ထားပါ
  • ကြက်သွန်ကြော်နှင့် ချက်ထားသော ဆီချက်အေးသွားမှ နှစ်မျိုးလုံး ပြန်ရောပေးထားပါ
  • ဆီချက်ကို လိုသလောက်ဘဲသုံးပြီး ကျန်ပိုနေသော ဆီချက်များကို သိမ်းထားပြီး နောက်ထပ် အသုပ်သုပ်လျှင် ယူသုံးနိူင်ပါတယ်။
ပြင်ဆင်ပုံ
  • သရက်ချဉ်ကို ရေမပါအောင် အနည်းငယ် ညှစ်ပေးပါ 
  • ကြက်သွန်နီကို အခွံခွာပြီး ခပ်ပါးပါးလှီးကာ ရေဆေးပေးထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါး လှီးပေးကာ ရေဆေးထားပါ
  • ပုဇွန်ခြောက်ကို ရေတစ်ထပ်ဆေးပြီး ညက်နေအောင် ထောင်းပေးထားပါ
  • မြေပဲလှော်ကို အခွံချွတ်ပြီး သန့်စင်ပေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ သရက်ချဉ် မြေပဲထောင်း ကြက်သွန်နီ ဂေါ်ဖီ ငရုတ်သီးအလှော်မှုန့် ပုဇွန်ခြောက်မှုန့် ပဲမှုန့် ကြက်သားမှုန့် ကြက်သွန်ဖြူဆီချက်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အငံအရသာအတွက် သရက်ချဉ်နှင့် ခနောကြက်သားမှုန့်တို့မှာ ပါပြီးသား ဖြစ်တဲ့အတွက် ထပ်ထည့်ရန် မလိုပါ
  • အားလုံးကို ခပ်ဖွဖွ အရသာ၀င်အောင် နယ်ပေးပါ
  • အရသာ နယ်ထားသော သရက်ချဉ်သုပ်ကို အရသာမြည်း၍ လိုသလို ပြင်ပေးကာ ကြာဇံဟင်းခါး ပူပူလေးနှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday 16 October 2023

ကြက်ဥချဉ်ရည်ဟင်း


 

မာမာ ဒီနေ့တော့ ကြက်ဥချဉ်ရည်ဟင်း ချက်ဖြစ်ပါတယ် ချက်နည်းလေးကတော့ မကြာမကြာ ချက်ဖြစ်တဲ့ ချက်နည်းလေး အတိုင်းဘဲ ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ငါးလုံး
  2. အာလူး - အနေတော် ငါးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  5. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  6. ချင်း - လက်တစ်ဆစ်
  7. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  14. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  • ကြက်ဥကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာကာ အပ်ထားခြည်ကြိုးနှင့် ထက်ဝက်ခြမ်းပေးထားပါ
  • အာလူးကို အခွံခွာပြီး လေးစိတ်စိတ်ကာ ရေဆေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးများ ထည့်ပေးပြီး ကျေတဲ့အထိ မွှေပေးပါ 
  • ခရမ်းချဉ်သီးများ ကျေလာတော့မှ အာလူးကိုထည့်ပေးပြီး ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးပြီး ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာပြီး အာလူးအရောင် ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ အာလူးနူးအောင် တည်ပေးပါ
  • အာလူးနူးလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ မိမိစိတ်ကြိုက် ရလာတာနဲ့ ကြက်ဥကို ထည့်ပေးကာ တည်ပေးပါ
  • ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာအုပ်ပေးကာ မီးပိတ်ပေးနိုင်ပါပြီ။

Sunday 15 October 2023

အမဲသား ဆီပြန်ဟင်း


ဒီနေ့တော့ အမဲသားကို မဆလာ နိူင်နိူင်လေးနဲ့ ဆီပြန်လေး ချက်ပါတယ် မဆလာ ခပ်များများနဲ့ ချက်တဲ့အတွက် မဆလာ အနံ့ကြောင့် အမဲသားဟင်းက မညှီတော့ဘဲ ပိုပြီးစားလို့ ကောင်းပါတယ်

ဒါကြောင့်မို့လို့ ထမင်းစားလို့ မြိန်စေပြီး စားလို့ကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမဲသား - 500 g
  2. ကြက်သွန်နီ - အနေတော် သုံးဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း

ပြင်ဆင်ပုံ
  • အမဲသားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တုံးထားသော အမဲသားများကို မဆလာ အရသာမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
ချက်ပြုပ်ပုံ
  1. ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  3. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော အမဲသားများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  4. အမဲသားများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  5. ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
  6. ဆီပြန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ အမဲသားဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

Saturday 14 October 2023

မုန့်တွန်ဇံ အလွယ်လုပ်နည်း


 












ဒီနေ့တော့ မုန့်တွန်ဇံ စားချင်တာနဲ့ စိတ်ကူးရတဲ့အတိုင်း လုပ်စားဖြစ်ပါတယ် မုန့်တွန်ဇံကို အမျိုးမျိုး လုပ်စားကြတဲ့ အထဲက အုန်းသီး သကြားနဲ့ စားပါမယ် ဒါကြောင့်မို့လို့ မာမာပြငိဆင်ပြီး လုပ်ထားတဲ့ မုန့်တွန်ဇံ အလွယ်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

မုန့်ဖတ်လေးကိုတော့ အလွယ်အမြန်ရအောင် ဆန်ကြာဇံကို ရေစိမ်ပြီးမှ ပေါင်းထားတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်ကြာဇံ - ခြောက်ခွေစာ (စားမဲ့သူများရင် ပိုသုံးပေးပါ)
  2. ရေ - လိုသလောက် သုံးပေးပါ
  3. Pressure cooker - တစ်လုံး (သို့မဟုတ်)
  4. ရေနွေးငွေ့ခံကာ ပေါင်းသော ရိုးရိုး ပေါင်းအိုး - တစ်လုံး
  5. သကြား - မိမိနှစ်သက်သလောက်
  6. အုန်းသီးခြစ်ပြီးသား - မိမိနှစ်သက်သလောက်
ပြင်ဆင်ပြုလုပ်ပုံ
  1. ပြင်ဆင်ပုံ (pressure cooker နှင့်ပေါင်းရန်)
  2. ဇလုံတစ်လုံးထဲမှာ ကြာဇံကို ရေမြုပ်တဲ့အထိ ထည့်ပေးကာ တစ်ညသိပ် ထားပေးပါ
  3. ရေစိမ်ပြီးတာနဲ့ ရေများသွန်ပေးကာ ရေစစ်ပေးပါ
  4. ရေစစ်တာနဲ့ ပေါင်းခံဇကာထဲကို ပုံပါအတိုင်း အထုံးလေးတွေ ထုံးပေးပြီး ဇကာဆန့်သလောက် ထည့်ပေးပါ
  5. ပေါင်းအိုးအောက်ခံ အိုးထဲကို ရေထည့်ပေးပါ
  6. ရေထည့်ရာမှာလဲ ဇကာအောက်ခံခုံ ထိတယ်ဆိုရုံလေးဘဲ ထည့်ပေးပါ
  7. ပြီးတာနဲ့ ကြာဇံအထုံးလေးများ ထည့်ထားတဲ့ ဇကာကို ပေါင်းခံခုံပေါ် တင်ပေးပါ
  8. ပြီးတာနဲ့ အိုးအဖုံးကို လေလုံအောင် အုပ်ပေးပြီး steam ခလုတ်ကို နှိပ်ပေးကာ ငါးမိနစ်ချိန်ပေးပြီး ပေါင်းပေးပါ
  9. ငါးမိနစ် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ မုန့်ဖတ်များကို ထုတ်ပေးပါ
  10. အထက်ပါ နည်းအတိုင်း ကြာဇံများ ကုန်တဲ့အထိ ပေါင်းပေးပါ
စားသုံးရန် ပြင်ဆင်ပုံ
  • မုန့်ဖတ်များကို ပန်းကန်ထဲ ပြောင်းထည့်ကာ သကြားနှင့် အုန်းသီးတို့ဖြူးကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday 12 October 2023

သတ်သတ်လွတ် ပဲပင်ပေါက် ပဲပြားကြော်


ဝါတွင်းကာလ သတ်သတ်လွတ် စားဖွယ်ရာလေးတွေ ချက်ဖြစ်ပါတယ် သတ်သတ်လွတ် အသီးအရွက်ဟင်း ဆိုတာမျိုးကလဲ ချက်တတ်မှ စားကောင်းပါတယ်။
အခုလို ပဲပင်ပေါက် ပဲပြားကြော်လေးကလဲ  ကြော်တတ်ရင် တော်တော်လေးကို အဆင်ပြေပြီး စားလို့ကောင်းပါတယ် ပဲပင်ပေါက်ကြော်က ကြော်နေရင်းနဲ့ ထွက်လာတဲ့ အရည်တွေကြောင့် ရေစွတ်ပက်နဲ့စားရတာ အဆင်မပြေပါဘူး။

ဒါ​ကြောင့်မို့လို့ ဒီနေ့တော့ ပဲပင်ပေါက်ပဲပြားလေးကို အဆင်ပြေပြေ စားနိုင်ဖို့အတွက် မာမာ ကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲပင်ပေါက် - 200 g
  2. တို့ဟူး - တစ်တုံး (အနေတော် အတုံးကို သုံးပါ )
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  5. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • တို့ဟူးကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုမီးအနေတော်နဲ့ အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပဲပြားကို နဲနဲမာအောင် ကြော်ပေးပြီး ဆယ်ထားပါ
  • ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပြီးမှ ပဲပြားကြော်ကို ပြန်ထဲ့ပြီး မိနစ်၀က်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲပင်ပေါက်နဲ့အတူ ဆား အရသာမှုန့်တို့ထဲ့ပြီး အရသာ သမအောင် မွှေပေးပါ
  • နှစ်မိနစ် သုံးမိနစ်လောက် ကြော်ပေးပြီးတာနဲ့ တရုတ်နံနံကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ သတ်သတ်လွတ် ပဲပင်ပေါက်ကြော်လေး ရပါပြီ
  • ထမင်းပူပူလေးနဲ့ မိမိနှစ်သက်သလို စားသုံးနိူင်ရန် ပြင်ပေးနိူင်ပါပြီ။

Wednesday 11 October 2023

ပိန်းဥဟင်း အရည်သောက်ဆမ်းဟင်း





ဒီနေ့တော့ မာမာ့အိမ်မှာ စိုက်ထားတဲ့ ပိန်းပင်လေးတွေ စားလို့ရပြီဖြစ်လို့ ဥဖော်ပါတယ် ပိန်းဥလေးတွေ ရလာတော့ ကိုယ်စိုက်တဲ့အပင်က ရလာတဲ့ ပိန်းဥလေးတွေကို ချက်စားရမှာမို့ သမျှောတာတစ်ဝက် အပျော်တစ်ဝက်တော့ ဖြစ်ခဲ့ရပါသေးတယ်။


ဒါပေမဲ့လဲ အရည်သောက်ဆမ်း ဟင်းလေးတစ်မယ် ရလေအောင် ချက်ဖြစ်ပြန်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပိန်းဥအရည်သောက်ဆမ်းဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပိန်းဥ - 500 g
  2. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ပုဇွန်ခြောက်  - ဆယ့်ငါးကောင်ခန့်
  10. ရေ - တရုတ်ဟင်းရည်သောက် ပန်းကန်လုံးအလတ် တစ်လုံး
  11. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ပိန်းဥဆေးရန်)
ပြင်ဆင်ပုံ
  • ပိန်းဥများကို အခွံခွာပြီး ဆားနှင့်နယ်ပြီး ရေဆေးပေးပါ
  • ပိန်းဥအလုံးကြီးပါက အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ပိန်းဥအခွံခွာတဲ့အခါ အခန့်မသင့်ရင် လက်ယားတတ်တဲ့အတွက် လက်အိတ်လေး စွတ်ပြီးမှ အခွံကို ခွာပေးပါ
  • ပုဇွန်ကိုခြောက်ကို ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  • ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးတစ်လုံးမှာ အခွံခွာထားသော ပိန်းဥ  ဆား ပုဇွန်ခြောက် နနွင်းမှုန့် ငရုတ်သီးထောင်းပြီးသား  အချိုမှုန့်နှင့် ဆီတို့ထည့်ပြီး အရသာ၀င်အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး သုံးမိနစ်ခန့် လုံးချက်လေး ချက်ပေးပါ 
  • ပိန်းဥများ လုံးမိတာနဲ့ ရေကိုမြုပ်အောင်ထည့်ပြီး ဟင်းအိုးဆူအောင် တည်ပေးပါ
  • ပိန်းဥများ နူးလာတဲ့အထိ တည်ပေးပြီး ပိန်းဥများ နူးလာတာနဲ့ ဟင်းရည်အပျစ် အကျဲကို လိုသလို ထည့်ပေးပါ
  • ပိန်းဥဟင်း ကျက်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ ပိန်းဥအရည်သောက်ဆမ်းဟင်းကို ပုဇွန်ချဉ်သုပ် ငါးချဉ်သုပ်တို့နှင့် တွဲဖက်ပြီး သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။