Saturday, 11 July 2020

ကြက်သား ငှက်ပျောဖူးဟင်းထုတ်




ဒီနေ့တော့ ငှက်ပျောဖူးနဲ့ ကြက်သားဟင်းထုတ်လေး ထုတ်ပြီးစားပါတယ် စားလို့အရမ်းကောင်းပြီး ဟင်းထုတ်တစ်ထုတ်ဆို တစ်ထုတ်လောက်နဲ့ တင်းတိမ်ရောင့်ရဲတဲ့အထိ ကောင်းလွန်းပါတယ်။

ထမင်းမစားချင်တဲ့ အခါမျိုးမှာ အခုလို ဟင်းထုတ်လေးတွေ လုပ်စားရတာလဲ ခံတွင်းလိုက်စေတာပါတယ် အရသာ အကုန်ပါတဲ့အတွက် စားလို့အရမ်းကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ကြက်သားငှက်ပျောဖူးပေါင်း ဟင်းထုတ် ထုတ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ငှက်ပျောဖူးအနု - 400 g
  2. ဆန်မှုန့် - 100 g
  3. ကောက်ညှင်းမှုန့် - 25 g
  4. ကြက်သား - 150 g
  5. ရေ - 150 ml
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ချင်း - လက်တစ်ဆစ် သာသာ
  10. ကြက်သွန်ုဖြူ - အမွှာကြီးကြီး သုံးမွှာ
  11. ဆီ - ထမင်းစားဇွန်း သုံးဇွန်း (အရသာစပ်ရန်)
  12. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (ငှက်ပျောရွက်ကို သုတ်ရန်)
  13. နံနံပင် - မိမိနှစ်သက်သလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
  14. ကြက်သွန်ဖြူ ဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန် )
  15. ငရုတ်သီး အကြမ်းမှုန့် ဆီချက် - လိုသလောက် (မုန့်ညှင်းပေါင်းနှင့်တွဲစားရန်)
  16. ပေါင်းခံဇကာပါသော ပေါင်းအိုး - တစ်လုံး 
  17. ငှက်ပျောရွက် - လိုသလောက် သုံးပေးပါ
  18. ဆားကြမ်း - ထမင်းစားဇွန်း နှစ်ဇွန်း (ငှက်ပျောဖူးဆေးရန်)
  19. သံပုရာရည် - ထမင်းစားဇွန်းသုံးဇွန်း (ငှက်ပျောဖူးဆေးရန်)
ပြင်ဆင်ပုံ
အသုံးပြုမည့်ဖက် ပြင်ဆင်ရန်
  • ငှက်ပျောရွက်ကိုသုံးလျှင် ခန့်မှန်းခြေ အနံ ၈လက်မ အလျှား ၁၀လက်မ လောက် ဖြတ်ထားပေးပြီး ဖက်ရွက်ပျော့သွားအောင် မီးနှင့်အရွက် မထိဘဲ ပူတယ်ဆိုရုံလေး ဖက်ပျော့သွားအောင် မီးအနည်းငယ် ကင်ပေးပါ
  • ဟင်းထုတ် ထုတ်ကာနီးပါက ဖက်ရွက်ကို သန့်သွားအောင် အ၀တ်စသန့်သန့်နှင့် သုတ်ထားပေးပါ
  • အဝတ်စနှင့် သုတ်ပေးပြီးတာနဲ့ ငှက်ပျောရွက်များကို ဆီနှင့် သုတ်ပေးထားပါ
    ပြင်ဆင်ပုံ

    1. ငှက်ပျောဖူးကို မထူမပါးလေးတွေ လှီးပေးပြီး ဆားနှင့် သံပုရာရည်တို့ထည့်ကာ ခပ်နာနာ နယ်ပေးပြီး ရေစင်အောင် ဆေးထားပါ
    2. ကြက်သားကို ရေဆေးကာ အသားတုံးလေးတွေ တုံးထားပါ
    3. ကြက်သွန်မိတ်များကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
    4. ရေစစ်သွားတာနဲ့ လက်နှစ်ဆစ်ခန့် အနေလေးတွေ လှီးထားပါ
    5. ဆန်မှုန့်နှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
    6. ကြက်သွန်ဖြူဆီချက်ကို ချက်ထားပါ
    7. ငရုတ်သီး အကြမ်းမှုန့် ဆီချက်ကို ချက်ထားပါ
    8. နံနံပင်ကို ရေဆေးပြီး ရေဆေးပြီး ရေစစ်ထားပါ
    9. ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
    10. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
    11. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံခပ်ကြီးကြီး တစ်လုံးထဲမှာ ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်တို့ကို ထဲ့ပေးပြီး ရေနှင့်ပျော်သွားအောင် ဖျော်ထားပါ
    12. ဆန်မှုန့်များ ပျော်သွားတာနဲ့ နှစ်နာရီခန့် နှပ်ထားပေးပါ
    13. ဆန်နှစ်နှပ်ထားချိန် ပြည့်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပေးကာ သမအောင် ရောနယ်ပေးပါ
    14. အရသာ သမအောင် နယ်ပြီးတာနဲ့ သန့်စင်ထားသော ငှက်ပျောရွက်ကို နှစ်ထပ်ထပ်ပေးပါ
    15. ထိုငှက်ပျောရွက်ထဲမှာ အရသာ နယ်ထားသော ငှက်ပျောဖူး မုန့်နှစ်ကို ထမင်းစားဇွန်း သုံးဇွန်းလောက် ထဲ့ပေးပါ
    16. ထိုအပေါ်မှ ကြက်သားအသားတုံး နှစ်တုံးကို တင်ပေးပါ
    17. ကြက်သားအပေါ်မှ ဆန်နှစ် ထမင်းစားဇွန်း တစ်ဇွန်းကို အုပ်ပြီးတင်ပေးပါ
    18. ပြီးတာနဲ့ ငှက်ပျောရွက်ကို အထဲမှ ဆန်နှစ်များ မထွက်အောင် လုံနေအောင် ထုတ်ပေးပါ
    19. အထုတ်ခပ်ကြီးကြီး သုံးထုတ်စာ ရအောင်ထုတ်ပြီး ပေါင်းခံဇကာထဲမှာ အထုတ်များကို မှောက်ပြီး  ထည့်ပေးပါ
    20. ပေါင်းအိုးအောက်ခံအိုးကို ရေတစ်ဝက်သာသာ ထည့်ပေးကာ ပေါင်းခံခုံ အပေါ်မှာ ပေါင်းခံဇကာကို တင်ပေးပါ
    21. ပြီးတာနဲ့ အိုးအဖုံးကို အုပ်ပေးကာ ပေါင်းမည့်ခလုတ် steam ခလုတ်ကို နှိပ်ပေးကာ မိနစ်နှစ်ဆယ် နှိပ်ပေးပါ
    22. ပေါင်းချိန် မိနစ်နှစ်ဆယ် ပြည့်တာနဲ့ အိုးအဖုံးကို မဖွင့်ခင် အိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီးမှ အဖုံးကို ဖွင့်ပေးပါ
    23. အိုးအပြင် ထုတ်ပေးပြီးတာနဲ့ ကြက်သားငှက်ပျောဖူးဟင်းပေါင်း မွှေးမွှေးလေး ရပါပြီ
    24. အစပ်စားသူတို့အတွက် ငရုတ်သီးကြော်နှင့် ပြင်ပေးပါ
    25. အစပ်မစားပါက ကြက်သွန်ဖြူ ဆီချက်နှင့် ပြင်ပေးပါ
    26. ဟင်းထုတ်ပူပူလေးကို  နံနံပင် ကြက်သွန်ဖြူ ဆီချက် ငရုတ်သီးဆီချက်တို့နှင့် တွဲဖက်ကာ မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

    Thursday, 9 July 2020

    အုန်းနို့ ကြက်သားဟင်း


    ဒီနေ့တော့ ဝက်သား အမဲသားတွေ မစားတဲ့ ထမင်းဝိုင်းအတွက် ဟင်းချက်ရတာတွေ စဉ်းစားရင်းက တစ်နေ့တစ်နေ့ ကြက်သားထဲက မထွက်နိုင်လေတော့ ဒီနေ့လဲ စိတ်ကူးထဲ ရလာတဲ့ ကြက်သားနဲ့ အုန်းနို့ကို ချက်ဖြစ်သွားပါတယ်။

    စားလို့အရမ်းကောင်းပြီး ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်သားအုန်းနို့ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

    ပါဝင်ပစ္စည်းများ
    1. ကြက်သား - 600 g 
    2. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
    3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
    4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    5. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
    6. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
    7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
    8. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
    9. ချင်း - လက်တစ်ဆစ်ခန့်
    10. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
    11. အုန်းနို့ - 450 g (ready made ဗူးကို သုံးထားပါတယ်)

    ကြက်သားအရသာနယ်ရန်
    • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးကာ ဇလုံတစ်လုံးထဲမှာ ထည့်ထားပါ
    • ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
    • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
    • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
    • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

    လိုအပ်သော ပစ္စည်းများ ပြင်ဆင်ပုံ

    1. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
    2. ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
    3. ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
    4. ချင်းကို အခွံခွာပြီး ရေဆေးထားပါ
    5. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
    6. အုန်းနို့ကို ပြင်ထားပါ
    ပြင်ဆင်ပုံ
    • ကြက်သားနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
    • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
    • ဆီပူလာတာနဲ့ အုန်းနို့ကို ထည့်မွှေပေးကာ အုန်းနို့ပွက်ပွက် ဆူလာအောင် တည်ပေးပါ
    • ပြီးတာနဲ့ ငရုတ်သီးထောင်းထားတာကို ထည့်မွှေပေးပြီး ဆီသတ်ပေးပါ 
    • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကိုထည့်ပြီး ဆီသတ်ပေးပါ
    • ကြက်သားအသားများ မာကျစ်လာတဲ့ထိ ငါးမိနစ်လောက် ဆီသတ်ပေးပါ
    • အသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
    • ဟင်းအိုးတည်ထားစဉ် အိုးမကပ်စေရန် မကြာမကြာ မွှေမွှေပေးပါ
    • ရေခမ်းပြီး ဆီလည်ရေလည် ဖြစ်လာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
    • အရသာ မိမိစိတ်ကြိုက် ရလာပါက အရသာ ထူးကဲပြီး အုန်းနို့နံ့ မွှေးကြိုင်နေတဲ့ ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

    Wednesday, 8 July 2020

    ပဲခြမ်းကြော် ရွရွလေး










    ဒီနေ့တော့ နေ့လည်နေ့ခင်း အပျင်းပြေ ဝါးရလေအောင် ပဲခြမ်းကြော်လေးတွေ ကြော်ဖြစ်ပါတယ် မြန်မာပြည်မှာလို ပဲခြမ်းကြော်လေးတွေက အလွယ်တစ်ကူ ဝယ်လို့ မရလေတော့ စိတ်ကူးပြီး ကြံစရ တာလေးတွေလဲ ရှိတတ်ပါတယ်။

    ဒါကြောင့်မို့လို့ ဒီနေ့တော့ ကုလားပဲခြမ်းကို ရေစိမ်ပြီး ကြွတ်ရွနေအောင် ကြော်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကုလားပဲခြမ်း ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

    ပါဝင်ပစ္စည်းများ
    1. ကုလားပဲခြမ်း - 450 g
    2. ဆီ - လိုသလောက် သုံးပေးပါ
    ပြင်ဆင်ပုံ
    • ကုလားပဲခြမ်းကို ရေသုံးထပ်ဆေးပေးပါ
    • ရေဆေးပြီးသော ပဲခြမ်းများကို ဇလုံထဲမှာ ထည့်ပေပြီး ရေခပ်များများ ထည့်ပေးပြီး စိမ်ပေးပါ
    • ရေကို ၁၈နာရီလောက် စိမ်ပေးထားပါ
    • ရေစိမ်ရာမှာ နာရီကြာတဲ့အတွက် ပဲအချဉ် မပေါက်စေရန် လက်နဲ့ခနခန သွားမမွှေဖို့ သတိထားပေးပါ
    • ပဲရေစိမ်ချိန်မှာ ရာသီဥတု ပူနေပါကလဲ ပဲရေစိမ်ထားတဲ့ ဇလုံကို အချဉ်မပေါက်စေရန် ရေခဲသေတာထဲမှာ ထည့်ပြီး စိမ်ပေးပါ
    • ပဲရေစိမ်ချိန် ပြည့်တာနဲ့ ပဲများကို ရေနှစ်ထပ်လောက်နှင့် ထပ်ဆေးပေးပြီး ရေစစ်ထားပါ
    • ပဲရေစစ်တာနဲ့ ဇောက်နက်သော အနေတော် အိုးထဲမှာ ဆီကိုခပ်များများလေး ထည့်ပေးကာ အပူပေးပါ
    • ဆီပူလာတာနဲ့ ရေစစ်ထားသော ပဲများကို အနေတော် ထည့်ပြီး ကြော်ပေးပါ
    • ပဲများကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
    • ပဲခြမ်းများ ထည့်ပြီးကြော်နေစဉ် အမြှုပ်များ တက်လာပြီး အမြှုပ်အသား ပြန်ကျသွားတဲ့အထိ ကြော်ပေးပါ
    • ပဲခြမ်းများ ဆီပေါ်ကို တက်လာပါက နှစ်မိနစ်လောက် ဆက်ကြော်ပေးပြီး ဆယ်ပေးကာ ဆီစစ်ထားပါ
    • ကျန်နေသော ပဲခြမ်းများကို ကုန်တဲ့အထိ အထက်ပါ နည်းအတိုင်း ကြော်ပေးပြီး ဆီစစ်ပေးပါ
    • ဆီစစ်သွားတာနဲ့ လေလုံပုလင်းလေးတွေထဲ ထည့်ပေးထားပြီး မိမိစားချင်တဲ့အချိန် ထုတ်ယူပြီး ကြွတ်ရွပြီး စိမ့်နေတဲ့ ပဲခြမ်းကြော်လေးများကို မိမိတို့ နှစ်သက်သလို စားသုံးနိုင်ပါပြီ။

    Tuesday, 7 July 2020

    မာလကာသီးဖျော်ရည် မွှေးမွှေးလေး







    ဒီနေ့တော့ မာမာဖျော်သောက်ဖြစ်တဲ့ မာလကာသီး ဖျော်ရည်အကြောင်းလေး ပြောပြချင်ပါတယ် မာမာနေတဲ့ နိုင်ငံမှာ မာလကာသီးက အရမ်းရှားပါတယ် ရှားရှားပါးပါး တွေ့ပြန်တော့လဲ ဈေးကအရမ်းကြီးပါတယ်။

    ဒီတော့လဲ ရှားရှားပါးပါး ဝယ်စားရတဲ့အတွက် မာလကာသီးကို တန်ဖိုးထားပြီး စားရပါတယ် ဒီလိုတန်ဖိုးထားပြီး စားရတဲ့အတွက် မာလကာသီးမှာပါတဲ့ အစေ့နားမှာ ကပ်နေတဲ့ အသားတွေကို လွှင့်မပြစ်ရက်ခဲ့ပါဘူး။

    ပြစ်လိုက်ရမှာ သမျှောပြီး မာလကာသီး အစေ့တွေကို စားမိလို့ ကျေညက်အောင် မဝါးမိပြန်ရင်လဲ အခန့်မသင့်တဲ့ အခါမှာ အူအတက်ထဲကို ဝင်သွားနိုင်ပါတယ်။ 

    အဲဒီအခါမျိုးမှာ အူကိုဒုက်ခပေးတတ်တဲ့အတွက် မာမာကတော့ ဘလင်ဒါထဲ ထည့်ကြိတ်ပြီး ဇကာစိတ်စိတ်လေးနဲ့ စစ်ပေးကာ မာလကာသီး အူတိုင်တွေကို ဖျော်ရည်လုပ်ပြီး သောက်ဖြစ်တဲ့အတွက် ဖျော်ရည်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

    ပါဝင်ပစ္စည်းများ
    1. မာလကာသီး သုံးလုံးမှာပါသော အစေ့မှာ ကပ်နေသော - အတွင်းသားများ
    2. ရေ -  ပံမှန်သောက်နေကျ ဖန်ခွက်တစ်လုံးစာ
    3. အသီးအရွက်ကြိတ်သော - ဘလင်ဒါ 
    ပြင်ဆင်ပုံ
    • မာလကာသီးကိုအလုံးလိုက် ရေဆေးပြီး အစိတ်လေးတွေ စိတ်ပေးပါ
    • မာလကာသီး စိတ်ထဲမှ အစေ့မှာ ကပ်နေတဲ့ အတွင်းအသားများကို လှီးထုတ်ပေးပါ
    • ရေသန့်ကို ပြင်ထားပါ
    • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဘလင်ဒါ ဗူးထဲမှာ မာလကာသီး အတွင်းသားများနှင့် ရေကိုထည့်ပေးပါ
    • ပြီးတာနဲ့ တစ်မိနစ်ကြိတ်လိုက် တစ်ခါနားလိုက် လုပ်ပေးကာ ခြောက်မိနစ်လောက် ကြိတ်ပေးပါ
    • ကြိတ်ပြီးတာနဲ့ ဖျော်ရည်ထဲမှာ အစေ့များ မပါစေရန် ဇကာစိတ်စိတ်လေးနဲ့ စစ်ပေးပါ
    • အစေ့များကို ဇကာနှင့် စစ်ပေးပြီးတာနဲ့ မာလကာသီး ဖျော်ရည် ချိုချိုမွှေးမွှေးလေးကို ရပါပြီ
    • အမောပြေစေတဲ့ မာလကာသီး ဖျော်ရည်မွှေးမွှေးလေးကို ပြင်ဆင်ပေးနိုင်ပါပြီရှင်။

    Saturday, 4 July 2020

    နှမ်းမနဲ မွှေးမွှေးလေး














    ဒီနေ့တော့ အရမ်းစားလို့ ကောင်းလွန်းတဲ့ နှမ်းမနဲလေး ထိုးဖြစ်ပါတယ် ဒီနှမ်းမနဲလေးကိုတော့ အရောင်လှစေရန်အတွက် ကောက်ညှင်းဆန် အဖြူ ရယ် ကောက်ညှင်းငချိတ်ရယ်ကို တစ်ဝက်ဆီရောပြီး ထိုးထားပါတယ်။

    နောက်တစ်ခုကတော့ ရိုးရိုးထမနဲ ထိုးသလို မထိုးဘဲနဲ့ ကောက်ညှင်းဆန်တွေကို ထမင်းပေါင်းအိုးနဲ့ အရင်ဆုံး ကျက်အောင်ချက်ပြီးမှ ထိုးတာက ပိုပြီးမြန်မြန် ကျက်စေတဲ့အတွက် အချိန်မရတဲ့ အိမ်ရှင်မတွေအတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နှမ်းမနဲ ထိုးနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


    ပါဝင်ပစ္စည်းများ

    1. ကောက်ညှင်းဆန်အဖြူ  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
    2. ကောက်ညှင်းငချိတ် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
    3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
    4. အုန်းသီး - အနေတော် တစ်လုံး
    5. ချင်း - နှစ်လက်မခန့်
    6. နှမ်းမဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
    7. နှမ်းဖြူ - ထမင်းပေါင်းအိုး ဆန်ချင်ချင်ဗူး တစ်ဝက်
    8. ဆား - လဖက်ရည်ဇွန်း တစ်ဇွန်း
    9. မြေပဲလှော် - ထမင်းပေါင်းအိုး ဆန်ချင်ဗူးတစ်ဗူး
    10. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲ
    11. အောက်ချေမကပ်သော အိုး - တစ်လုံး
    12. သစ်သားယောင်းမ - တစ်ချောင်း

    ပြင်ဆင်ပုံ
    • ကောက်ညှင်းဆန် နှစ်မျိုးလုံးကို ရောပြီး ရေနှစ်ထပ်လောက် ဆေးပေးပါ
    • ရေဆေးပြီးတာနဲ့ ရေထည့်ပေးကာ ထမင်းပေါင်းအိုးထဲမှာ ထည့်ပေးပြီး ကျက်အောင် ချက်ပေးပါ
    • ချင်းကို အခွံခွာကာ ရေဆေးပြီး အချပ်လိုက် ပါးပါးလှီးပြီး အမြှောင်းလေးတွေရအောင် လှီးပေးပါ 
          •  
    • အုန်းသီးကို ခပ်ပါးပါး အစိတ်လေးများရအောင် လှီးထားပါ 
    • မြေပဲကို ကျက်အောင်လှော်ပြီး အခွံချွတ်ထားပါ ( လှော်ပြီးသား သုံးလဲရ )
    • မြေပဲလှော် နှမ်းမဲနှင့် နှမ်းဖြူ တို့ကို အဆင်သင့် ပြင်ထားပါ
    • အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် မကပ်တဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
    • ဆီပူလာတာနဲ့ ချင်းကိုထည့်ပြီး ကြော်ပေးပါ
    • ချင်းနံ့လေး မွှေးလာတာနဲ့ အုန်းသီးကို ထည့်ကြော်ပေးပါ
    • အုန်းသီးနံ့လေး သင်းလာတာနဲ့ နှမ်းဖြူနှင့် နှမ်းမဲတို့ကို ထည့်ကြော်ပေးပါ
    • နှမ်းအနံ့လေး သင်းလာတာနဲ့ ချက်ထားတဲ့ ကောက်ညှင်းကို ထည့်မွှေပေးပါ
    • ကောက်ညှင်းသားနှင့် ကြော်ထားသော အစာများ ရောပြီးသမသွားစေရန် ဆက်တိုက်မွှေပေးပါ
    • ကောက်ညှင်းသားနှင့် အစာများ သမသွားကာ ဆီသားတက်လာပြီ ဆိုတာနဲ့မြေပဲလှော်ကိုထည့်ပြီး မွှေပေးပါ
    • မွှေနေရင်းက ဆီသား ကြွတ်ကြွတ်မြည်လာကာ ဆီပြန်တက်လာပြီ ဆိုတာနဲ့ နှမ်းမနဲ မွှေးမွှေးလေး ရပါပြီ
    • တာရှည် အထားခံရန် နှမ်းမနဲထိုးစဉ် ထွက်လာသော ဆီနှင့်ထမနဲကို မြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပြီး စားနိုင်ပါတယ်။

    Wednesday, 1 July 2020

    ဟာလဝါ စိမ့်စိမ့်လေး










    ဒီနေ့တော့ ကျောင်းကိုပြန်ရမဲ့ သမီးငယ်လေးအတွက် ဟာလဝါလေး လုပ်ပေးဖြစ်ပါတယ် အတန်းထဲက သူငယ်ချင်းတွေကို မြန်မာမုန့်လေးတွေ ကျွေးချင်လို့ပါဆိုတော့ ထမနဲလေးလဲ ထိုးလိုက်ပါသေးတယ်။

    အခုလုပ်ထားတဲ့ အချိုးအစားက လူ၇ယောက်လောက် ကောင်းကောင်းစားနိုင်သလို မုန့်လုပ်စဉ် ပြန်ထွက်လာတဲ့ ဆီထဲမှာ ပြန်ပြီးစိမ်ထားပါက တစ်ပါတ်ကျော်ကျော် ထားလို့ရပါတယ်။

    မုန့်လုပ်တဲ့အခါမှာ မုန့်သားကျက်ကာနီး အိုးထဲမှ ရေပွက်ပွက်များ ကုန်တဲ့အထိ မွှေပေးပြီး မုန့်ထဲမှ ဆီပြန်ထွက်လာတဲ့အထိ စိတ်ရှည်ရှည် ကျိုပေးစေချင်ပါတယ်။

    ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဟာလဝါ အလွယ်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

    ပါဝင်ပစ္စည်းများ
    1. ကောက်ညှင်းမှုန့် - ပေါင်းအိုးဆန်ချင်ဗူး သုံးဗူး
    2. ဆန်မှုန့် - ပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
    3. ရေ - ပေါင်းအိုးဆန်ချင်ဗူး ငါးဗူးသာသာ (ကြံသကာနှင့် သကြားကျိုရန်)
    4. ကြံသကာခဲ - 454 g
    5. သကြားအညို - 50 g
    6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    7. အုန်းနို့ - ပေါင်းအိုးဆန်ချင်ဗူး ငါးဗူး (ready made ဗူးကိုသုံးပါတယ်)
    8. ဘိန်းစေ့ - ထမင်းစားဇွန်း ရှစ်ဇွန်း
    9. ဆီ - ထမင်းစားဇွန်း ဆယ့်ခြောက်ဇွန်း
    10. ထောပါတ် - ထမင်းစားဇွန်း ဆယ့်ခြောက်ဇွန်း
    11. မုန့်ထည့်ရန် အပူခံ ကော်ဗူး - တစ်ဗူး
    12. ဇောက်နက်ပြီး မကပ်သောအိုး - တစ်လုံး (မုန့်ကျိုရန်)
    13. သစ်သားယောင်းမ - အရှည်တစ်ချောင်း
    ပြင်ဆင်ပုံ
    • မုန့်ကျိုမည့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
    • မုန့်ထည့်မည့် အပူခံသည့် ကော်ဗူးကို ဆီသုတ်ထားပါ
    • ဘိန်းစေ့ကို ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးပြီး အအေးခံထားပါ
    • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ သကြားအညို  ကြံသကာနှင့် ရေတို့ကိုထည့်ပြီး ကျိုပေးပါ
    • ကြံသကာများ အရည်ပျော် သွားပါက မီးဖိုပေါ်မှ ဖယ်ပေးပြီး အမှိုက်များ စစ်ပေးထားပါ
    • ဇောက်နက်ပြီး မကပ်သော အိုးထဲမှာ ဆား ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်တို့ကို သမအောင် မွှေပေးပါ
    • အားလုံး အရသာ သမသွားတာနဲ့ ကြံသကာရည်နှင့် အုန်းနို့ထည့်ပြီး မွှေပေးပါ
    • ပြီးတာနဲ့ မုန့်ကျိုမည့်အိုးကို မီးဖိုပေါ်တင်ပြီး မီးအနေတော်နှင့် ကျိုပေးပါ
    • မီးဖိုပေါ် မုန့်ရည်အိုး အိုးစပြီး တင်ကတည်းက သစ်သားယောင်းမဖြင့် အဆက်မပြတ် မွှေပေးပါ
    • မွှေနေရင်းက ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်များ ပျစ်လာပါက ဆီနှင့် ထောပါတ်တို့ကို ထည့်မွှေပေးပါ
    • ဆီနှင့် ထောပါတ် ထည့်ပြီးတာနဲ့ အဆက်မပြတ် မွှေပေးပါ
    • ဆီနှင့်ထောပါတ် ထည့်မွှေပြီးတာနဲ့ မုန့်သားတွေ ကွဲလာတတ်ပါတယ်
    • မုန့်သားတွေ ကွဲလာတာနဲ့ ထောပါတ်များ ပျော်လာအောင် အဆက်မပြတ် မွှေပေးပါ
    • အဆက်မွှေရင်းက ကောက်ညှင်းသား သေလာလေလေ မုန့်သားက ပျစ်လာလေမို့လို့ ခပ်နာနာ မွှေပေးပါ
    • ထောပါတ်ဆီနှင့် မုန့်သား တစ်သားထဲ ကျလာလေလေ မွှေရတာ လွယ်လာလေမို့လို့ အိုးမကပ်စေရန် ဆက်တိုက် မွှေပေးပါ
    • ပြီးတာနဲ့ ဘိန်းစေ့များကို ထည့်ပေးပြီး ဆက်မွှေပေးပါ
    • မုန့်သားပြစ်လာပြီး မွှေနေချိန်မှာ ဆီများပြန်ထွက်လာပြီး မုန့်ထဲမှ ရေပွက်တာတွေ ပျောက်လာပါလိမ့မယ်
    • မုန့်သားနပ်လာကာ ဆီနှင့်မုန့်သား ကွဲသွားပြီး မုန့်သားအရောင် တက်လာပါက ဟာလဝါ မွှေးမွှေးစိမ့်စိမ့်လေး ရပါပြီ
    • အဆင်သင့် ဆီသုတ်ပြီး ပြင်ထားသော ဗူးထဲကို မုန့်သားများ လောင်းထည့်ပြီး အပြင်မှာဘဲ အအေးခံပါ
    • မုန့်သားအေးသွားတဲ့ အခါမှာ မုန့်သားထဲမှ ပြန်ထွက်လာသော ဆီများနှင့် မုန့်ကိုတာရှည် အထားခံနိုင်အောင် ထိုဆီထဲမှာ စိမ်ထားပေးပါ။

    Friday, 26 June 2020

    ဆန်ပြားခေါက်ဆွဲလိတ်



    ဒီနေ့တော့ ဆန်ခေါက်ဆွဲပြားလေးတွေ လုပ်ဖြစ်တာနဲ့ မုန့်ဟင်းရည်နဲ့ စားလို့ပိုတာလေးတွေကို ငရုတ်သီးကြော် စပ်စပ်လေးနဲ့ တွဲဖက်ပြီး ဆီနီကြော်လေးဆမ်းကာ စားဖြစ်တဲ့အတွက် အရသာ တစ်မျိုးလေး ရစေတာမို့လို့ ဆန်ပြားခေါက်ဆွဲလိတ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

    ဆန်ပြားခေါက်ဆွဲ လုပ်နည်းကိုတော့ မာမာ့ရဲ့  နောက်ထပ် blog တစ်ခုဖြစ်တဲ့ https://marmarskitchen.blogspot.com/2019/02/blog-post_21.html မှာ ကြည့်လို့ ရပါတယ်ရှင်။

    ပါဝင်ပစ္စည်းများ 
    1. ဆန်ပြားခေါက်ဆွဲ - မိမိနှစ်သက်သလောက်
    2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ဆယ်မွှာ
    3. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
    4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
    5. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း လေးဇွန်း
    6. ဆား- လက်ဖပ်ရည်ဇွန်း တစ်ဝက်
    7. နံနံပင် - နှစ်သက်သလောက်
    ဆီနီဆီချက်ချက်ရန်
    1. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
    2. ငရုတ်သီး လုံးခြမ်းကွဲနှင့် ဆားတို့ကို အပူခံနိုင်သော ကြွေဇလုံထဲမှာ ထည့်ပေးပြီး အဆင်သင့် ပြင်ထားပါ
    3. ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တိုကို့ ထည့်ပေးပြီး အပူပေးပါ
    4. ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
    5. ကြက်သွန်ကြော် ကြော်နေစဉ် အကျက်ညီစေရန် မွှေမွှေပေးပါ
    6. ကြက်သွန်ဖြူ များ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီး ဆီစစ်ပေးကာ အအေးခံ ပေးထားပါ
    7. ကြက်သွန်ဖြူ  ကြော်ထားသော ဆီပူပူကို ငရုတ်သီး ထည့်ထားသော ဇလုံထဲကို လောင်းထည့်ပေးပါ
    8. ငရုတ်သီးများ အကျက်ညီစေရန် ဇွန်းရှည်ရှည်နှင့် မွှေပေးပြီး အအေးခံထားပါ
    9. ငရုတ်သီး ဆီနီဆီချက် အေးသွားတာနဲ့ အအေးခံထားသော ကြက်သွန်ဖြူကြော်ကို ရောပြီးမွှေပေးပါ
    ပြင်ဆင်ပုံ
    • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားပါ
    • ဆန်ပြားဖတ်နှင့် ဆီနီဆီချက်ကို ပြင်ထားပါ
    • ဆန်ပြားဖတ်ကို အနေတော် အလိတ်လေးတွေ လိတ်ပေးထားပါ
    • ပန်းကန်ပြား တစ်ချပ်ထဲမှာ ဆန်ပြားခေါက်ဆွဲလိတ်လေးတွေကို စီပြီးထည့်ပေးပါ
    • ပြီးတာနဲ့ ဆန်ပြားခေါက်ဆွဲလိတ်လေးတွေ အပေါ်မှာ ဆီနီဆီချက်ကို ဆီချက်အဖတ်နှင့် ဆီချက်ဆီတို့ကို ဆမ်းပေးပါ
    • ဆီချက်ဆမ်းပြီးတာနဲ့ နံနံပင်လေးတွေ တင်ပေးကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ
    • စိမ့်စိမ့်လေးနဲ့ စပ်စပ်မွှေးမွှေး အရသာ ရစေတဲ့ ဆန်ပြားလိတ် ခေါက်ဆွဲလိတ်ခေါက်ဆွဲကို စားသုံးနိုင်ပါပြီ။
    • ပိုနေသော ဆီနီဆီချက်များကို အသုပ်သုပ်စားရာမှာ ပြန်သုံးလို့ ရတဲ့အတွက် လေလုံပုလင်းဖြင့်ဖြင့် ထည့်ပြီးသိမ်းထားနိုင်ပါတယ်။

    Thursday, 25 June 2020

    ကြက်ဥသုပ် စိမ့်စိမ့်လေး


    ဒီနေ့တော့ ကျောင်းတစ်ပါတ်ပိတ်လို့ ပြန်လာတဲ့ သမီးလေးက ကြက်ဥသုပ်လေး စားချင်တယ် မေမေရေ ဆိုတာနဲ့ ကြက်ဥပြုပ်ကို ပဲဆီမွှေးမွှေးလေးနဲ့ သုပ်ပေးဖြစ်ပါတယ်။

    ခပ်စိမ့်စိမ့် အရသာမို့လို့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းပြီး စားလို့ကောင်းလွန်းကာ လွယ်ကူမြန်ဆန်စွာ ပြင်ဆင်နိုင်တဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ကြက်ဥသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

    ပါဝင်ပစ္စည်းများ

    1. ကြက်ဥ - သုံးလုံး 
    2. ပဲဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
    3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် မရှိတစ်ရှိ
    4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
    5. သံပုရာသီး - တစ်စိတ် (ကြက်ဥပြုပ်ထဲထည့်ရန်)
    ပြင်ဆင်ပုံ
    1. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ကြက်ဥကို ရေမြုပ်အောင် ထည့်ပေးပါ
    2. အခွံခွာရ လွယ်ကူစေရန် သံပုရာသီး တစ်စိတ် ထည့်ပြုပ်ပေးပါ
    3. ကြက်ဥကို ကျက်အောင်ပြုပ်ချိန် ဆယ်မိနစ်လောက် ရေပွက်ပွက် ဆူလာရင် ရပါပြီ
    4. ကြက်ဥပြုပ် အိုးထဲမှ ရေပူများကိုသွန်ပြီး ရေအေးနှင့် စိမ်ပေးကာ အခွံခွာပြီး မထူမပါးလေးတွေ လှီးထားပါ
    5. ဇလုံတစ်လုံးထဲမှာ ကြက်ဥ  ဆား အချိုမှုန့် နှင့် ဆီတို့ထည့်ပြီး ခပ်ဖွဖွလေး နယ်ပေးပါ
    6. အားလုံး အရသာ သမသွားပါက ကြက်ဥသုပ် မွှေးမွှေးစိမ့်စိမ့်လေးကို စားပွဲပြင်ပေးနိုင်ပါပြီ။

    Friday, 19 June 2020

    ကြက်​သား ကြက်ဥကြော်





    ဒီနေ့တော့ ဟင်းတွေချက်ရတာလဲ ထပ်နေခဲ့ပြီ ဒါကြောင့်မို့လို့ ကြက်ဥနဲ့ ကြက်သားကို မွှေပြီး ကြော်ဖြစ်ပါတယ် မွှေးမွှေးလေးနဲ့ စားလို့ အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

    ပါဝင်ပစ္စည်းများ

    1. ကြက်ရင်ပုံသား - 250 g
    2. ကြက်ဥ - နှစ်လုံး 
    3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
    4. ချင်း - လက်တစ်ဆစ်
    5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
    6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
    7. အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
    8. ဆီ - လိုသလောက် သုံးပေးပါ

    ပြင်ဆင်ပုံ
    • ကြက်သားကို ရေဆေးပြီး ရေစစ်ပေးကာ လက်တစ်ဆစ်သာသာ အတုံးလေးများ တုံးပေးပါ
    • ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
    • ငရုတ်ကောင်းကို ညက်နေအောင် ထောင်းပေးပါ
    • ကြက်ဥကို ဇလုံထဲမှာ ဖောက်ထည့်ပြီး ဖွားဖွားပါအောင် ခေါက်ထားပေးပါ
    • ကြက်သားကို ဆား အရသာမှုန့် ချင်း ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူတို့နဲ့အရသာဝင်အောင် နယ်ပေးထားပါ
    • အရသာနယ်ထားသော ကြက်သားတုံးလေးများကို ခလောက်ထားသော ကြက်ဥအကာထဲမှာ လူးပေးပါ
    • ဒယ်အိုးထဲမှာ ဆီများများထည့်ပြီး အပူပေးပါ
    • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ  ကြက်သားကို တစ်တုံးခြင်း ကြက်ဥအနှစ်ပါအောင် ဇွန်းနှင့် ခပ်ပြီးကြော်ပေးပါ
    • ကြော်နေစဉ် ကြက်ဥပါတဲ့အတွက် ဆီများဝေကျတတ်ပါတယ် ဒါကြောင့်မို့လို့ ဇောက်နက်တဲ့ အိုးနဲ့သာ ကြော်ပေးပါ
    • အကျက်ညီစေရန် ကြက်ကြော်များကို လှန်လှန်ပေးပြီး အတုံးလေးများ ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
    • ဆီစစ်သွားပါက အရသာရှိသော ကြက်သားကြက်ဥကြော်ကို ရေနွေးကြမ်းလေးနှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

    Friday, 12 June 2020

    ကြက်သားဆီပြန်


    ဒီနေ့တော့ မနေ့က ချက်စားဖြစ်တဲ့ ပြောင်းဖူးကြက်သား ဆီပြန်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ် ဒီကြက်သား အရသာက ဗမာကြက် အရသာနဲ့ အရမ်းတူလွန်းပြီး ချက်ပြီးတဲ့ အခါမှာလဲ စားလို့ အရမ်းကောင်းလွန်းတဲ့အတွက် မာမာကတော့ ဗမာချက် ချက်နည်းလေးဘဲ ချက်စားလိုက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

    ပါဝင်ပစ္စည်းများ
    1. ကြက်ပေါင်သား - 500 g 
    2. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
    3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
    4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
    5. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
    6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
    7. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
    8. ကြက်သွန်နီ - အနေတော် တစ်လုံး (အနှစ်ရရန် လှီးထည့်ပါ)
    9. ချင်း - လက်တစ်ဆစ်ခန့်
    10. စပါးလင် - တစ်ပင်
    11. ကုလားလေး မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
    12. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း

    ကြက်သားအရသာနယ်ရန်
    • ကြက်သားကို ရေဆေးပြီး ရေစစ်ထားပါ
    • ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
    • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
    • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
    • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ကြက်သားထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

    လိုသောပစ္စည်းများ ပြင်ဆင်ပုံ

    1. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
    2. ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
    3. ကြက်သွန်နီကို အခွံခွာကာ ရေဆေးထားပါ
    4. ချင်းကို အခွံခွာပြီး ရေဆေးထားပါ
    5. စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
    6. စပါးလင်ရွက်များကို ရေဆေးပြီး ထုံးထားပါ
    7. ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကို ရောပြီး ညက်နေအောင် ထောင်းပေးပါ
    8. ကြက်သွန်နီ အနေတော် တစ်လုံးကို အခွံခွာပြီး ရေဆေးကာ ခပ်နူတ်နုတ် လှီးထားပါ
    ပြင်ဆင်ပုံ
    • အရသာ နယ်ထားသော ကြက်သားနှင့်ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
    • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်တို့ ထည့်ပေးပါ
    • ဆီပူလာတာနဲ့ ကြက်သွန်နှင့် ငရုတ်သီးအရောင်တင်မှုန့်ထောင်းတို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
    • ဆီသတ်နံ့ မွှေးလာတာနဲ့ ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ကို နှစ်မိနစ်လောက် ထည့်မွှေပေးပါ
    • ပြီးတာနဲ့ အရသာ နယ်ထားသော ကြက်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
    • ကြက်သား အသားများ မာကျစ်လာတဲ့ထိ ဆီသတ်ပေးပါ
    • ကြက်သား အသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး အုံးအဖုံးအုပ်ကာ ကြက်သားနူးတဲ့အထိ ဆက်တည်ပေးပါ 
    • ရေခမ်းပြီး ဆီလည်ရေလည် ဖြစ်လာပါက မဆလာအုပ်ပေးပြီး သမအောင် မွှေပေးပါ
    • ရအနေတော် ဖြစ်လာပါက မွှေးလွန်းတဲ့ ကြက်သားဟင်း မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

    Thursday, 11 June 2020

    ကြက်သားပေါင်း မွှေးမွှေးလေး





    ဒီနေ့တော့ ပြောင်းဖူးကြက်သားလေး ရလာတာနဲ့ ကြက်ပေါင်းလေး လုပ်ဖြစ်ပါတယ် ဒီကြက်သားလေးက မြန်မာပြည်က ဗမာကြက်သားလို အသားက မာတင်းတင်းလေးနဲ့ အဆီက နည်းပါတယ် အရသာကလဲ ပေါင်းပြီးတဲ့အခါမှာ မွှေးနေတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

    ပါဝင်ပစ္စည်းများ
    1. ကြက်သား - 400 g
    2. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
    3. ချင်း - လက်တစ်ဆစ်ခန့်
    4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
    5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

    ပြင်ဆင်ပုံ
    • ကြက်သား အသားတုံးများကို ရေစင်အောင်ဆေးပြီး ဟင်းခတ်မှုန့် နှင့် ဆားတို့ထဲ့ကာ နယ်ထားပါ 
    • ချင်းကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
    • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
    • အပူခံနိုင်ပြီး ပေါင်းအိုးထဲမှာ ဝင်ဆန့်နိုင်မည့် ပန်းကန်လုံးထဲမှာ အရသာ နယ်ထားသော ကြက်သား ကြက်သွန်ဖြူ နှင့် ချင်းတို့ကို ထည့်ပေးပါ 
    • ပေါင်းအိုးထဲမှာ  ရေထည့်ပြီး အောက်ခံခုံအခင်းကို ထည့်ပေးပါ
    • ထိုအောက်ခံခုံပေါ်မှာ ကြက်သားပန်းကန်ကို တင်ပေးပါ
    • ပေါင်းမည့်အိုး အောက်ခြေမှရေများ ပွက်ပွက်ဆူလာစဉ် ကြက်သားပန်းကန်ထဲ မ၀င်စေရန် ကြက်သားပေါင်းမည့် ပန်ကန်လုံးအောက်မှ သံဇကာခုံလေး မြုပ်ရုံရေထည့်ပေးပါ
    • ပြီးလျှင် အိုးကို အဖုံးဖုံးပြီး ပေါင်းမည့်ခလုပ်ကိုနှိပ်ကာ မိနစ်နှစ်ဆယ်နှင့် အရင်ဆုံး ကြက်သားနူးအိလာတဲ့အထိ ပေါင်းပေးပါ
    • ကြက်သားပေါင်းချိန် မိနစ်နှစ်ဆယ်ပြည့်ပါက ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
    • ကြက်သားပေါင်းနေစဉ် ပေါင်းဇကာ အောက်မှာ ထည့်ထားတဲ့ ရေမှာ ခမ်းတတ်တဲ့အတွက် သတိထားပြီး ကြည့်ပေးကာ နည်းနေပါက ထပ်ဖြည့်ပေးပါ
    • ပြီးတာနဲ့ အရိုးထဲမှ သွေးစများ ကျက်သွားစေရန် နောက်ထပ်ငါးမိနစ် ထပ်ပေါင်းပေးပါ
    • ပေါင်းချိန် ငါးမိနစ်ပြည့်တာနဲ့ ပထမနည်းအတိုင်း အိုးထဲမှ လေကုန်အောင် ထုတ်ပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
    • ကြက်သားစပေါင်းကာစက ပန်းကန်လုံးထဲမှာ ရေမထည့်ထားသော်လဲ ကြက်သားပေါင်းစဉ် ထွက်လာတဲ့ အရည်များ ပန်းကန်လုံးထဲမှာ ပြည့်လာပါလိမ့်မယ်
    • ထို ကြက်သားပေါင်း ပန်းကန်ထဲမှ ကြက်ပေါင်းရည်များကို ဟင်းချိုရည် ပြင်ဆင်ရာမှ ငရုတ်ကောင်းမှုန့်ခပ်ပြီး ပြင်ဆင်ပေးနိုင်ပါပြီ။