Sunday 17 January 2016

ဘရော့ကိုလီသုပ်



ဒီနေ့တော့ အသားမစားချင်တာနဲ့ ဘရော့ကလီလေးတွေကို သုပ်စားဖြစ်ပါတယ် ဒီအသုပ်က သမီးငယ်အကြိုက်မို့လို့ မကြာမကြာလဲ သုပ်စားဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ကျန်းမာရေး အတွက်လဲကောင်းပြီး နေ့လည်နေ့ခင်း အပျင်းပြေလေးဘဲဖြစ်ဖြစ် ထမင်းပူပူလေးနဲ့ဘဲဖြစ်ဖြစ် သုပ်စားကြည့်လို့ရအောင် အသုပ်သုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဘရော့ကလီ - အနေတော်တစ်ပွင့်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. မုံလာဥနီ - အနေတော် တစ်ဥ
  6. ပူစီနံ - နှစ်သက်သလောက်
  7. သံပုရာသီး - တစ်စိတ်
  8. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  9. ခရမ်းချဉ်သီး - အနေတော် တစ်လုံး
  10. နှမ်းလှော် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  11. မြေပဲလှော်ထောင်း - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  12. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ

ပြင်ဆင်ပုံ
  1. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလှီးပြီး ရေနှေင့်ဆေးကာ ၁၀မိနစ်လောက် ရေစိမ်ထားပါ
  2. မုံလာဥနီကို အခွံခွာပြီး ပါးပါးလှီးကာ ရေဆေးပြီး ၁၀မိနစ်လောက် ရေစိမ်ထားပါ
  3. ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးကာ အစေ့ထုတ်ပြီး ခပ်ပါးပါး လှီးထားပါ
  4. သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  5. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  6. ပူစီနမ်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  7. မြေပဲလှော်ကို သန့်စင်ပြီး မညက်တစ်ညက် ထောင်းထားပါ
  8. နှမ်းကို ဒယ်အိုးထဲထည့်ပြီး ရွှေဝါရောင် သန်းလာအောင် လှော်ထားပါ
  9. ဘရော့ကလီကို အနေတော် အခက်လေးများ ရအောင်လှီးပြီး ရေဆေးထားပါ
  10. ဘရော့ကလီပြုပ်ရန် အိုးထဲမှာ ရေ အနေတော်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  11. ရေဆူလာတာနဲ့ ဘရော့ကလီများကို သုံးမိနစ်လောက် ထည့်ပြုပ်ပေးပါ
  12. ပြုပ်ချိန် သုံးမိနစ် ပြည့်တာနဲ့ ရေနွေးသွန်ပြီး ပြုပ်ထားသော ဘရော့ကလီများကို ရေအေးနှင့်ဆေးပြီး ရေအေးနှင့် ၁၀မိနစ်လောက် စိမ်ကာစိမ်ကာ အအေးခံလိုက်ပါ
  13. ဘရော့ကလီများ အေးလာတာနဲ့ ကြက်သွန် မုံလာဥနီ ပူစီနမ် ငရုတ်သီးစိမ်း ခရမ်းချဉ်သီး အချိုမှုန့် နှမ်းလှော် မြေပဲလှော်ထောင်းမှုန့် ငံပြာရည် တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး အသုပ်ကို ခပ်ဖွဖွနယ်ကာ အရသာမြည်းပြီး အသုပ်ပွဲကို ပြင်ဆင်နိုင်ပါပြီ။

Monday 11 January 2016

ဆိတ်သားနှပ်




တနေ့တနေ့ ဟင်းချက်ရံအတွက် စဉ်းစားလိုက်တိုင်း ဘာစားရင်ကောင်းမလဲ ဘာချက်ရင်ကောင်းမလဲ အတွေးထဲပေါ်လာတဲ့ ဆိတ်သားနှပ်ဟင်းလေး ဒီနေ့တော့ ချက်လိုက်ပါတယ် ချက်နည်းကတော့ မာမာ့အမေချက်တဲ့ နည်းအတိုင်း ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား  - 500 g
  2. ကြက်သွန်နီ - အနေတော် ၂လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  4. ခပ်ပါးပါး လှီးထားသောချင်း - ထမင်းစားဇွန်း တစ်ဇွန်း
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. လေးညှင်း - တစ်ပွင့်
  7. ဖာလာ - တစ်ေစ့
  8. သစ်ဂျပိုးခေါက် - တစ်လက်မခန့်
  9. ကရဝေးရွက် - ၃ရွက်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  11. ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  13. ဆီ - ထမင်းစားဇွန်း ၉ဇွန်း
  14. သံပုရာသီး - တစ်လုံး
  15. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်

ပြင်ဆင်ပုံ
  1. ဆိတ်သားကို အနေတော် အတုံးလေးတွေ တုံးထားပါ
  2. တုံးထားသော ဆိတ်သားကို သံပုရာရည် ညှစ်ပြီး နယ်ကာ ၅မိနစ်ခန့် နှပ်ထားပြီးမှ ရေစင်အောင် ဆေးပလိုက်ပါ
  3. ရေဆေးပြီးသော သိုးသားကို ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်း ဆား လက်ဖက်ရည်ဇွန်း တ၀က် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  4. ကြက်သွန်နီ တလုံးကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  5. နောက်ထပ် ကျန်သော တလုံးကို ပုံပါအတိုင်း လှီးထားပါ
  6. ကြက်သွန်ဖြူ ၃မွှာကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  7. နောက်ထပ်ကျန်သော လေးမွှာကို အခွံခွာပြီး ရေဆေးထားပါ
  8. ချင်းကို အခွံခွာပြီး ခပ်သေးသေး လှီးထားပါ
  9. မကျည်းသီးမှည့်ကို ရေဆေးပြီး ရေအနေတော်ထည့်ကာ ရေစိမ်ထားပေးပါ 
ချက်ပြုပ်ပုံ
  1. အရသာဝင်အောင်နှပ်ထားသော ဆိတ်သားကို ဇောက်နက်သော အိုးတလုံးထဲ ထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  2. ပထမ တရည်ခမ်းပါက နောက်တရည်ထပ်ထည့်ပြီး ဆိတ်သားနူးအောင် ပြုပ်ပေးပါ
  3. ဆိတ်သားနူးလာတာနဲ့ ဟင်းချက်ရန် ပြင်ဆင်ပါ
  4. ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ ခပ်နုတ်နုတ်လှီးထားသော  ကြက်သွန်ဖြူ ကြက်သွန်နီ သစ်ဂျပိုးခေါက် လေးညှင်း ဖာလာ ကရဝေးရွက် ချင်းနှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  5. ဆီသတ်နံ့ မွှေးလာတာနဲ့ ပြုပ်ထားသော ဆိတ်သားအိုးထဲကို ထည့်ပြီး မွှေပေးပါ
  6. ပြီးတာနဲ့ ရေမြုပ်အောင် ထပ်ထည့်ပြီး အစိတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူအမွှာ ဆားလက်ဖက်ရည်ဇွန်း တ၀က်နှင့် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်ထည့်ပြီး တည်ပေးပါ
  7. တည်ထားသော ရေခမ်းကာနီးတာနဲ့ ရေစိမ်ထားသော မကျည်းသီးမှည့် အရည်ကိုထည့်ပြီး တည်ပေးပါ
    1.  
  8.  ရေဆူပြီး ဟင်းအနှစ် အနေတော် ရတာနဲ့ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ ဆိတ်သားနှပ်ဟင်း အိအိမွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

Friday 8 January 2016

ပင်လယ်စာ အသုပ်



ဒီနေ့တော့ စားမြန်ဟင်းလေး တစ်မယ်ဖြစ်တဲ့ ပင်လယ်စာ အစုံသုပ် ချဉ်ငံစပ်လေး သုပ်စားဖြစ်လို့ ဘလော့လာ မိတ်ဆွေတွေအတွက် မာမာပြင်ဆင်ထားတဲ့ သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပင်လယ်စာအစုံ - 250 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ဂေါ်ဖီ - တစ်စိတ်
  6. နံနံပင် - နှစ်သက်သလောက်
  7. သံပုရာသီး - တစ်စိတ်
  8. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  9. ခရမ်းချဉ်သီး - အနေတော် တစ်လုံး
  10. ငရုတ်သီးအကျက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  1. ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ
  2. ဂေါ်ဖီကို ပါးပါးလှီးပြီး ရေဆေးထားပါ
  3. ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ
  4. ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ
  5. နံနံပင်ကို အနေတော် လှီးထားပါ
  6. ရေ အနေတော်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  7. ရေဆူလာတာနဲ့ဆားထည့်ပြီး ပင်လယ်စာများကို ၃မိနစ်လောက် ထည့်ပြုပ်ပေးပါ
  8. ၃မိနစ်ပြည့်တာနဲ့ ရေသွန်ပြီး ပင်လယ်စာများကို အအေးခံလိုက်ပါ
  9. ပင်လယ်စာများ အေးလာတာနဲ့ ကြက်သွန် ဂေါ်ဖီ နံနံပင် ငရုတ်သီးစိမ်း ခရမ်းချဉ်သီး ကြက်သားမှုန့် ငရုတ်သီးအကျက်မှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး အသုပ်ကို ခပ်ဖွဖွနယ်ကာ အသုပ်ပွဲကို ပြင်ဆင်နိုင်ပါပြီ။

Thursday 7 January 2016

ဂွေးတောက်ရွက်ဟင်းချို


ဂွေးတောက်ရွက်

အနေတော်လှီးပြီး ဆီစိမ်းနှင့် ခပ်ဖွဖွနယ်ထားပါ

ဂွေးတောက်ရွက်ဟင်းချိုနှင့် လိုက်ဖက်သော 
ငါးလေးအိုးကပ်ဟင်း

မသောက်ရတာ ကြာနေပြီဖြစ်တဲ့ ဂွေးတောက်ရွက်ဟင်းချို ဒီနေ့တော့ သောက်ရပါပြီ အခါးအရသာဆို ဘာဘဲဖြစ်ဖြစ် ကြိုက်သလို အခုလို ဂွေးတောက်ရွက် ဟင်းချိုကို သောက်လိုက်ရတော့ နတ်သုဒ္ဓါဘဲပေါ့နော်။

ဂွေးတောက်ရွက် ဟင်းချိုကို ကြက်ရိုး ငါးကင် ငါးပြုပ်တို့နဲ့ချက်နိုင်ပါတယ် ဂွေးတောက်ရွက်ကို အရွက်အတိုင်း လှီးပြီး ဟင်းရည်ခတ်တာထက် အရွက်ကို နှစ်သက်သလို အနေတော်လှီးပြီး ဆီစိမ်းနဲ့ ခပ်ဖွဖွနယ်ပြီးမှ ဟင်းရည်ခတ်တာက ဂွေးတောက်ရွက် ရဲ့ အရွက်အစိမ်းနံ့ပျောက်ပြီး အရသာကို ပိုပြီးပေါ်လွင်စေပါတယ်။

ဒီနည်းလေးကတော့ မာမာ့အမေ ချက်တဲ့နည်းလေးပါ ဂွေးတောက်ရွက် ခူးခွင့်ပေးတဲ့ အမ မမေကိုလဲ ကျေးဇူးတင်ပါတယ် လွယ်ကူမြန်ဆန်တဲ့ ဂွေးတောက်ရွက် ဟင်းချိုချက်နည်းလေး မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  1. ကြက်ရိုး - 150 g
  2. ဂွေးတောက်ရွက် - နှစ်သက်သလောက်
  3. ကြက်သွန်နီ - အနေတော် တစ်ဥ (သို့မဟုတ်) ဥသေးသေး ၅ဥခန့်
  4. ကြက်သွန်ဖြူ -၂မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆီ - ထမင်းစားဇွန်း ဇွန်းတစ်ဝက်

ပြင်ဆင်ပုံ
  1. ကြက်ရိုးကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးများ တုံးပေးပါ
  2. ဂွေးတောက်ရွက်ကို ရေစင်အောင်ဆေးပြီး အနေတော်လှီးကာ ဆီစိမ်းနှင့်ခပ်ဖွဖွ နယ်ထားပေးပါ
  3. ကြက်သွန်နီကို အခွံခွာပြီး ရှစ်စိတ်စိတ်ထားပေးပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပေးပါ
  5. ကြက်ရိုးကို ဆား ကြက်သားမှုန့်တို့နှင့်နယ်ကာ ရေမြုပ်ရုံလေး ထည့်ပြီး ပြုပ်ပေးပါ
  6. ပြုပ်ထားသော ကြက်ရိုးများ အရောင်ပြောင်းလာပါက ရေထပ်ထည့်ပြီး အရိုးနူးအောင် ပြုပ်ပေးပါ
  7. အရိုးနူးလာပြီး ပြုပ်ထားသောရေ မခမ်းခင် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် နောက်ထပ် ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တလုံးခွဲစာထည့်ပြီး ရေဆူအောင် တည်ပေးပါ
  8. ကြက်သွန်များ နူးလာတာနဲ့ ဆီစိမ်းနယ်ထားသော ဂွေးတောက်ရွက်ကို ထည့်ပြီး ၃မိနစ်လောက် ဆူအောင်တည်ကာ ဟင်းရည်အရသာမြည်းပြီး လိုသလိုပြင်ကာ သုံးဆောင်နိုင်ပါပြီ
  9. အရွက်စိမ်းစိမ်းလေး စားချင်ပါက ဟင်းရည်အိုးကို အိုအဖုံး မအုပ်ဘဲ ဇကာနဲ့အုပ်ထားပေးပါ။

Wednesday 6 January 2016

ပန်းသီးသုပ်





နေ့လည်နေ့ခင်း အပျင်းပြေ အစာပြေ စားလို့ကောင်းလွန်းတဲ့ ပန်းသီးစိမ်း အသုပ်လေး သုပ်ပါတယ် သရက်သီးစိမ်း မရှိတဲ့ အချိန်မှာ သရက်သီးအစား ပန်းသီးကို သုပ်စားကြည့်စေချင်ပါတယ် လျှာလည်သွားပြီ ဆွေမေ့မျိုးမေ့ ဖြစ်စေမဲ့ အသုပ်လေးအတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပန်းသီးစိမ်း - တစ်လုံး
  2. ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  3. ပဲအကျက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ငရုတ်သီး အလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. သကြား - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  1. ပန်းသီးကို အခွံခွာပြီး ရေဆေးပေးပါ
  2. ပြီးတာနဲ့ ဓါးနှင့်ပန်းသီး တစ်လုံးလုံးကို အရှည်လိုက် လိုက်ပေါက်ပေးပါ
  3. ပေါက်ထားသော ပန်းသီးကို အရှည်လိုက် ပန်းသီးအသား ကုန်တဲ့ထိ ခပ်ပါးပါး လှီးချပါ
  4. ဇလုံတစ်လုံးထဲမှာ ပန်းသီးကိုထည့်ပြီး သကြား ငရုတ်သီးမှုန့် ငံပြာရည် ပုဇွန်ခြောက်မှုန့် ပဲမှုန့်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  5. အရသာ နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ ချဉ်ငံစပ် လျှာဂျွမ်းပြန် ပန်းသီးသုပ်လေးကို သုံးဆောင်နိုင်ပါပြီ။

Monday 4 January 2016

သခွားသီးကြော်ချက်


တရုတ်ဟင်းလျာ အရည်သောက်ဟင်း တစ်မယ်ဖြစ်တဲ့ သခွားသီးကြော်ချက် ဟင်းချက်နည်းလေး မျှဝေပေးလိုက်ပါတယ် ခ၀ဲသီး သပွတ်သီးကြော်ချက်တို့နဲ့ ချက်နည်းတူသလို အရသာလဲ အတူတူဘဲရှင် တခါသောက်မိတာနဲ့ စွဲမက်စေမဲ့ အရည်သောက် ဟင်းရည်လေးမို့လို့ ချက်သောက်ကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သခွားသီး - ခပ်ာကီးကြီး တစ်လုံး
  2. ကြက်သွန်ဖြူ အမွှာကြီးကြီး ၂မွှာ
  3. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း မောက်မောက် တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  1. သခွားသီးကို ထိပ်နှစ်ဖက်ဖြတ်ပြီး အခွံခွာကာ အလုံးလိုက် ရေဆေးပေးပါ
  2. ရေဆေးပြီးမှ ထက်ခြမ်းခြမ်းကာ ခပ်ထူထူလေး လှီးပေးပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  4. ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကို ထည့်ပေးပါ
  5. ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းတယ်ဆိုရုံလေး ကြော်ပေးပါ
  6. ကြက်သွန်များနွမ်းလာတာနဲ့ လှီးထားသော သခွားသီးကို ထည့်ကြော်ပါ
  7. သခွားသီး နွမ်းအောင်ကြော်ပြီးတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တလုံးခွဲနှင့် ကြက်သားမှုန့်တို့ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  8. ရေဆူပြီး သခွားသီးနူးအိလာတာနဲ့ ငရုတ်ကောင်းမှုန့်နှင့် ဆားထည့်မွှေကာ အရသာမြည်းပြီး လိုသလိုပြင်ကာ သုံးဆောင်နိုင်ပါပြီ။




Sunday 3 January 2016

ခရမ်းချဉ်သီး ဆိတ်သားဟင်း




ဒီနေ့တော့ ဆိတ်သားအစိုကို ခရမ်းချဉ်သီး ချဉ်ချဉ်လေးနဲ့ဆီလည်ရေလည်လေး ချက်ဖြစ်တာမို့ထမင်းပူပူလေးနဲ့ စားမလား ပေါင်မုန့်နဲ့တွဲပြီး စားမလား အဆင်ပြေစေတဲ့ ဟင်းတမယ်အဖြစ် ချက်ထားပါတယ်။

ချက်ရတာ လွယ်ကူပြီ ဆီနိုင်နိုင် သတ်ပေးဖို့ဘဲ လိုတဲ့ ဟင်းတမယ်မို့ ချက်နည်းလေး မျှဝေပေးလိုက်ပါတယ် အမဲသား သိုးသားတို့ကိုလဲ ဒီနည်းအတိုင်း ချက်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား  - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  4. ချငေးထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  5. စပါးလင် ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. စပါးလင်အရွက် - ၅ရွက်ခန့်
  8. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၃လုံး
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  13. သံပုရာသီး - တစ်လုံး

ပြင်ဆင်ပုံ
  1. ဆိတ်သားကို အနေတော် အတုံးလေးတွေ တုံးထားပါ
  2. တုံးထားသော ဆိတ်သားကို သံပုရာရည် ညှစ်ပြီး နယ်ကာ၅မိနစ်ခန့် နှပ်ထားပြီးမှ ရေစင်အောင် ဆေးပလိုက်ပါ
  3. ရေဆေးပြီးသော ဆိတ်သားကို ကြက်သားမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  4. ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  6. ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  7. စပါးလင် အရင်ပိုင်းကို ညက်နေအောင် ထောင်းထားပေးပါ
  8. စပါးလင်အရွက်ကို လိမ်ပြီး ထုံးထားပေးပါ
  9. ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
ချက်ပြုပ်ပုံ
  1. ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  3. ဆီသတ်နံ့ မွှေးလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီးကို ထည့်ပြီးလှိမ့်ပေးပါ
  4. မကြာမကြာ မွှေပေးပြီး ခရမ်းချဉ်သီးများ ကျေလာတဲ့ထိ မွှေပေးပါ
  5. ခရမ်းချဉ်သီး ကျေတာနဲ့ ထုံးထားသော စပါးလင်အရွက်နှင့် အရသာနယ်ကာ နှပ်ထားသော ဆိတ်သားကို ထည့်မွှေပြီး ၁၅မိနစ်လောက် ဆီသတ်ပေးပါ
  6. ဆီသတ်နေစဉ် မကြာမကြာ မွှေပေးပြီး ဆိတ်သားအသားများ မာလာတဲ့ထိ ချက်ပေးပြီးမှ ရေမြုပ်အောင်ထည့်ပြီး အသားနူးအောင် တည်ပေးပါ
  7. ပထမ တရည်ခမ်းလာတာနဲ့ နောက်တရည်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပြီး ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ ဆိတ်သားဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

Saturday 2 January 2016

အာလူးပူတီနှင့်စားရန် ကြက်သားအာလူးဟင်း


အာလူးပူတီ လုပ်စားဖြစ်ပေမဲ့ တကယ်ချက်နည်း အစစ်က အမွှေးနံ့သာတွေ ထည့်ရတာ များပါတယ် အဲဒီလို အမွှေးနံ့သာတွေများရင် စူးရှတဲ့အနံ့ကို မာမာကိုယ်တိုင် မကြိုက်တာကြောင့် ကိုယ်ခံတွင်းတွေ့စေမဲ့  အမွှေးအနံ့သာ လောက်ဘဲ ထည့်ပြီး ချက်ထားတာမို့ အိမ်ချက် အာလူးပူတီ ဟင်းလေးလို့ဘဲ နံမည်ပေးပါရစေ။

ကြက်သားဟင်းချက်ရန် ပါဝင်ပစ္စည်းများ

  • ကြက်သား - 250g
  • အာလူး - အလုံးကြီးကြီး ၂လုံး
  • ကြက်သွန်နီ - အနေတော် တဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ချင်း - လက်တဆစ်ခန့်
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၂ခက်
  • နံနံပင် - အနေတော် ၃ပင်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ဟင်းချက်ရန်ပြင်ဆင်ပုံ
  1. ကြက်သားကို အနေတော်တုံးကာ ဆား နနွင်း ကြက်သားမှုန့်တို့နှင့် နယ်ထားပါ
  2. ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ထေားင်းထားပါ
  3. ဇောက်နက်သော အိုးတလုံးကို ပူအောင် အပူပေးပြီး ဆီထည့်ပါ
  4. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နီ ချင်းထောင်း ပျဉ်းတော်သိမ်းရွက် နံနံပင်တို့ကို ထည့်ပြီး ဆီသတ်ပေးပါ
  5. ဆီသတ်နံ့မွှေးလာတာနဲ့ ကြက်သားကိုထည့်ပြီး ဆီသတ်ပါ
  6. ကြက်သားကို လုံးမိအောင် တည်ပေးပြီး ရေမြုပ်အောင် ထည့်ပြီး တည်ပေးပါ
  7. ပထမတရည် ခမ်းတာနဲ့ အာလူးကို ထည့်ပြီး မွှေပေးပါ
  8. အာလူးကို ရေမြုပ်အောင် ထည့်ပြီး အာလူး နူးအောင် တည်ပေးကာ ငံပြာရည်ထည့်ကာ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  9. အရည်များများ လိုချင်ပါက ဟင်းရည်ကို လိုသလောက် အနေထားပြီး အရသာကို လိုသလို ပြင်ပေးကာ  မီးပိတ်ပေးပါ
ပူရီကြော်ရန် ပါဝင်ပစ္စည်းများ
  • 750ml Plain flour
  • 1/4 tsp baking powder
  • 1/2 tsp dry yeast
  • 1/2 tsp salt
  • 5tbs oil
  • 250ml  water
  • 1litre Vegetable oil   
  • စားပွဲပေါ်ဖြူးရန် ဂျုံမှုန့် ထမင်းစားဇွန်း တဇွန်း
ပြင်ဆင်ပုံ
  1. ဇလုံတလုံးထဲမှာ salt  dry yeast baking power တို့ကို ထည့်ပြီး ဇွန်းနဲ့ သမအောင် မွှေပေးပါ
  2. ထိုဇလုံထဲကို ဂျုံမှုန့်ထည့်ပြီး သမအောင် မွှေပေးပါ
  3. ပြီးတာနဲ့ ဆီနှင့်ရေကို ထည့်ပြီး လက်ဖက်၂ဖက်နှင့် ၁၅မိနစ်လောက်နယ်ပေးပါ
  4. လက်မှာ မကပ်တော့ထိ နယ်ပေးပြီး cling wrap နှင့်ထုတ်ကာ အခန်းရဲ့ အအေးဆုံးနေရာမှာ တနာရီလောက် ထားပေးပါ
  5. ဂျုံသားနှပ်တာ တနာရီပြည့်တာနဲ့ ဆီကို အပူပေးပါ
  6. မျက်နှာပြင်ညီသော စားပွဲပေါ်ကို ဂျုံမှုန့်ဖြူးပေးပါ
  7. ဂျုံသားကို ကွမ်းသီးလုံးလောက်အနေ နည်းနည်းဆီ ဖဲ့ယူပြီး ဖြူးထားသော ဂျုံမှုန့်ပေါ်တင်ကာ မုန့်သားလှိမ့်သော ဒလိမ့်တုံးနှင့် ဘယ်ပြန်ညာပြန် အချက် ၄၀ကျော်လောက် လှိမ့်ပေးပြီး ဆီပူအိုးထဲ ထည့်ကြော်ပါ
  8. ဆီအိုးထဲ လှိမ့်ထားသော ဂျုံပြားထည့်ပြီးတာနဲ့ ပူရီဖောင်းဖောင်းလေး ရစေရန် ဂျုံပြားအပေါ် ဆီပူနှင့် အဆက်မပြတ် ပက်ပေးပါ
  9. ဂျုံပြားဖောင်းတက်လာပြီး ရွှေအိုရောင်သန်းလာတာနဲ့ ဆယ်ပြီး ဆီစစ်ပေးပါ
  10. ထိုနည်းအတိုင်း ဂျုံသားကုန်တဲ့အထိ ကြော်ပေးပါ
တွဲဖက်စားရန် အသီးအရွက်
  • ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ 
  • ပူစီနမ် သံပုရာသီး ငရုတ်သီးစိမ်း သံပုရာသီးတို့ကို ပြင်ထားပါ
  • တပွဲစာ ပူရီတခုနှင့် ကြက်သားအာလူး အသီးအရွက်တို့ကို နှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။







Friday 1 January 2016

ဆိတ်သား အစိုကြော်



နှစ်သစ်အခါ သမယ နှစ်ကူးရက်လေးမှာ မင်္ဂလာပါရှင် ဒီနေ့တော့ ဆိတ်သားဝယ်ထားတာလေးတွေ လက်ကျန်ရှိနေသေးလို့ စားလို့ကောင်းပြီး တာရှည်ခံတဲ့ ဆိတ်သားအစို အကြွတ်ကြော်နည်း မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား - 1 kg
  2. သံပုရာသီး - တစ်လုံး
  3. ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ချင်းအရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဆီ - 2 cups

ပြင်ဆင်ပုံ
  • ဆိတ်သားကို ရေဆေးပြီး ပုံပါအတိုင်း လှီးပေးပါ
  • ဆိတ်သား အနံ့ပျောက်စေရန် သံပုရာရည်နှင့်နယ်ကာ ရေစင်အောင်ဆေးပြီး ရေခြောက်အောင် paper towel နှင့်သုတ်ပေးပါ
  • ချင်းကို အခွခွာပြီး ရေဆေးကာညက်နေအောင် ထောင်းပေးပြီး အရည်ကို ယူထားပါ
  • ရေခြောက်တာနဲ့ ခနောကြက်သားမှုန့် ချင်းကိုထောင်းပြီး ယူထားသော  ချင်းအရည် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပြီး ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ တစ်ညသိပ်ထည့်ပြီး နှပ်ထားပေးပါ
  • နောက်နေ့မနက်မှ ဆိတ်သားအစိုကြော်ကို ကြော်ဖို့ပြင်ဆင်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို မီးပြင်းပြင်းနဲ့ အပူပေးလိုက်ပါ 
  • ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့ပြီးမှ ဆိတ်သားအရသာနယ်ကို ထည့်ပြီးကြော်ပါ
  • အသား အစိမ်းကို ကြော်တာ ဖြစ်တဲ့အတွက် အထဲထိ ကျက်စေရန် မကြာမကြာ အထက်အောက် လှန်ပေးပါ
  • ပုံပါအတိုင်း အရောင်ရလာပြီဆိုရင် ဆယ်ပြီး အအေးခံထားပါ
  • ကြော်ထားသော ဆီကိုလဲ မီးဖိုပေါ်မှ ဖယ်ထားကာ အအေးခံထားပါ
  • ဆိတ်သားကြော်ရော ဆီပါအေးလာတော့မှ ကြော်ထားသောဆီနှင့်ကြော်ပြီးသား အသားကို စိမ်ပြီး နှစ်သက်သလို စားသုံးနိုင်ပါပြီ
  • ကြော်ထားသောဆီကို ထမင်းဆီဆမ်း နယ်ပြီးစားနိုင်ပါတယ် ထိုနည်းအတိုင်း အမဲသား သိုးသားတို့ကိုလဲ ကြော်နိုင်ပါတယ်။