Sunday 21 April 2019

မုန့်ပြားသလက်












မုန့်ပျားသလက်လို့လဲ ခေါ်ကြပြီး မုန့်ပြစ်စလက်လဲ ခေါ်ကြတဲ့ ဆန်မုန့်လေးကို မနက်စောစောစာဘဲစားစား နေ့လည်နေ့ခင်း အစာပြေဘဲစားစား အရမ်းကို စားလို့ကောင်းတဲ့ မုန့်လေးဖြစ်ပါတယ်။ 

မုန့်ပျားသလက် စစ်စစ်ကလေးကတော့ မြေအိုးလေးနဲ့လုပ်ပြီး မြေစလောင်းဖုံးလေးနဲ့ ဖုံးတဲ့အတွက် မြေနံ့လေး ပိုမွှေးပါတယ် မာမာကတော့ မြေအိုးမရှိတဲ့အတွက် မကပ်တဲ့ ဒယ်အိုးသေးသေးနဲ့လုပ်ပါတယ်။

မာမာကတော့ နှမ်းထောင်းအငံ ခပ်လေးလေးနဲ့ စားရတာကို ပိုပြီးနှစ်သက်ပါတယ် နှမ်းအရသာ မွှေးပြီးစိမ့်နေတဲ့အတွက် မုန့်အရသာကို ပိုပြီးပေါ်စေပါတယ်၊

ဒီမုန့်နှစ်ရည်နဲ့ကိုဘဲ မိမိနှစ်သက်ရာ အသီးအရွက်လေးတွေ ကြက်ဥဘဲဥလေးတွေ ထည့်ပြီးတော့လဲ လုပ်စားနိူင်ပါတယ် ကလေးလူကြီး အကုန်ကြိုက်ကြတာမို့လို့  အခုလို မုန့်ရည်လေးစပ်ကာ လုပ်စားကြည့်ဖို့ မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်အစိမ်းမှုန့်- ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး
  3. yeast - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ (သို့) baking powder 
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (မုန့်ရည်အရသာစပ်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း ( နှမ်းထောင်းထဲထည့်ရန်)
  6. နှမ်းဖြူ - ထမင်းစားဇွန်း နှစ်ဇွန်း ( နှမ်းလှော်ရန်)
  7. ပဲပြုပ်ပြုပ်ပြီးသား - မိမိနှစ်သက်သလောက်
  8. ကြက်သွန်မိတ် - မိမိနှစ်သက်သလောက်
  9. နှမ်းလှော်ထောင်း - မိမိနှစ်သက်သလောက်
  10. ဆီ - လိုသလောက်သုံးပါ
  11. အောက်ခြေမကပ်သော ဒယ်အိုး - ခပ်သေးသေး တစ်လုံး
  12. မုန့်ရည်ခတ်ရန် ယောက်ချိုဇွန်း - တစ်ခု
  13. ဆီသုတ်ရန် - brush တစ်ခု
နှမ်းလှော်ထောင်းရန်
  • နှမ်းအဖြူကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဒယ်အိုးပူလာတာနဲ့ မီးကိုအလယ်အလတ်လောက်ထိ လျှော့ပေးပြီးမှ နှမ်းကိုထည့်ပြီး လှော်ပေးပါ
  • နှမ်းလှော်နေစဉ် အဆက်မပြတ် မွှေပေးပါ
  • ညိုရောင်ရောင်လေး သန်းလာတာနဲ့ နှမ်းလှော်ကို ငရုတ်ဆုံထဲ တန်းထည့်ပေးပါ
  • ပြီးတာနဲ့ ဆားထည့်ပြီး မညက်တစ်ညက် အနေအထားရအောင် ထောင်းပေးပါ
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဆန်မှုန့် ဆား yeastနှင့် ရေတို့ကို ဆန်မှုန့်များ ပျော်သွားအောင် ဖျော်ပေးပါ
  • Yeast မရှိပါက baking powder ထည့်ပေးပါ
  • ဆန်မှုန့်များ ပျော်သွားပါက ၈နာရီလောက် မုန့်ရည်ဖောက်ထားပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ထူထူလေးတွေ လှီးပေးထားပါ
  • ဆီ ပဲပြုပ်နှင့် နှမ်းထောင်းကိုလဲ ပြင်ထားပေးပါ
  • မုန့်နှစ်ရည်ဖောက်ထားချိန် ပြည့်တာနဲ့ ဒယ်အိုးကို ဆီသုတ်ပေးပြီး အပူပေးပါ
  • ဒယ်အိုးပူလာတာနဲ့ မီးကိုအလယ်လောက်ထိ လျှော့ပေးပြီးမှ မုန့်နှစ်ရည်ကို သမအောင်မွှေပြီး ယောက်ချိုဇွန်းဖြင့် ခပ်ပြီး လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ နှမ်းထောင်း ကြက်သွန်မိတ်နှင့် ပဲပြုပ်တို့ကို မုန့်နှစ်ရည်အပေါ်မှာ ဖြူးထည့်ပေးပြီး အဖုံးအုပ်ပေးပါ
  • နှစ်မိနစ်လောက် အဖုံးအုပ်ပြီးတာနဲ့ မုန့်သားကျက်လာလိမ့်မယ်
  • မုန့်သားကျက်တာနဲ့ မုန့်အပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးပြီး အိုးထဲမှ ဖယ်ပေးပါ
  • ကျန်နေသော မုန့်နှစ်ရည်များကိုလဲ အထက်ပါနည်းအတိုင်း မုန့်ရည်ကုန်တဲ့အထိ ဆက်လုပ်ပေးပါ
  • မုန့်လုပ်လို့ ပြီးတာနဲ့ စိမ့်စိမ့်လေးနဲ့ မွှေးနေတဲ့ မုန့်ပျားသလက်လေးတွေကို ရေနွေးကြမ်းနဲ့ဘဲ ဖြစ်ဖြစ် ကော်ဖီခါးခါးလေးနဲ့ဘဲဖြစ်ဖြစ် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment