Tuesday 29 November 2016

ဆွမ်းမွှေးသာကူ အုန်းနို့ဆမ်း




ထမင်းစားပြီး အချိုတည်းတာ အလေ့အထတခုလို ဖြစ်နေလေတာ့ ဒီတခါ ဆွမ်းမွှေးရွက်တွေ ၀ယ်ထားတာ အဆင်သင့်ရှိတာနဲ့ ဆွမ်းမွှေးသာကူ အုန်းနို့ဆမ်းလေး သောက်ချင်စိတ် ပေါ်လာခဲ့ပါတယ် ဒါကြောင့်မို့လို့ ဆွမ်းမွှေးရွက်ကို ကြိတ်ပြီး အရည်ငင်ကာ သာကူထဲကိုထည့်ပြီး ကျိုဖြစ်ပြန်ပါတယ်။

အားလပ်ရက်လေးမှာ မိသားစု စားနိုင်ဖို့အတွက် အခုလို နည်းအတိုင်း စမ်းပြီးကျိုကြည့်စေချင်ပါတယ် ကျိုနည်းလေးကတော့ လွယ်ပါတယ် ဒါပေမဲ့ သုံးမဲ့ သာကူစေ့အပေါ်မှာ မူတည်ပြီး သာကူစေ့ အပျော့ အမာအတွက် ချင့်ချိန်ကာ ကျိုစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. အုန်းနို့ - 200 ml (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
  3. ရေ - 600 ml ( အုန်းနို့နှင့် ရောပြီးကျိုရန်)
  4. သကြား - ထမင်းစားဇွန်း ၆ဇွန်းခန့် (အချိုကြိုက်လျှင် ပိုထည့်ပါ)
  5. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  6. သာကူကျိုရန် ရေနွေးဆူဆူ - ၅လီတာ
  7. ဆွမ်းမွှေးရွက် - ၃ရွက်
  8. ရေအေး - လိုသလောက်

ပြင်ဆင်ပုံ

  1. ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  2. သောကူကျိုပြီးသား ရဆေးစဉ် သာကူစေ့များ ထွက်မကျနိုင်လောက်သည့် ဇကာတခု အဆင်သင့် ပြင်ထားပါ
  3. ဆွမ်းမွှေးရွက်ကို အနေတော် ပိုင်းဖြတ်ကာ ဗလင်ဒါထဲမှာ ရေထမင်းစားဇွန်း ၄ဇွန်းလောက်ထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  4. ဆွမ်းမွှေးရွက်များ ညက်လာပါက ဇကာစိတ်စိတ် တစ်ခုထဲမှာ အ၀တ်ပါးခံကာ အဖတ်များ မပါအောင် စစ်ပေးထားပါ
  5. ဇောက်နက်သော အိုးတလုံးထဲမှာ ရေကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  6. ရေဆူလာပါက ဆွမ်းမွှေးရွက် ကြိတ်ထားသော အရည်နှင့် သာကူစေ့များ ထည့်ပြီး မွှေပေးပါ
  7. သာကူများခဲပြီး ကပ်မသွားစေရန် မကြာမကြာ မွှေပေးပါ
  8. သုံးသော သာကူစေ့များ မတူနိုင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိုင်ပါ
  9. သာကူစေ့များ မျက်စေ့အတော်လေး ပျောက်လာပြီဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာကူစေ့များ အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါ
  10. သာကူစေ့များ အေးလာပါက ရေစစ်ထားပါ
အုန်းနို့ကျိုရန်
  • ဇောက်နက်သော အိုးထဲသို့ အုန်းနို့ဗူးကို ဖောက်ထည့်ပါ
  • အုန်းနို့ထဲသို့ ရေ သကြား ဆားတို့ရောမွှေကာ အပူပေးပါ
  • အုန်းနို့များ ပွက်ပွက်ဆူလာပြီဆိုပါက မီးပိတ်ပေးပါ
  • အအေးခံထားသော သာကူကို အုန်းနို့ဆမ်းပြီး လိုသလို သုံးဆောင်နိုင်ရန် ဗူးတခုစီထဲမှာ အုန်းနို့နှင့် သာကူတို့ကို ပြင်ပေးထားပါ
  • ချက်ခြင်းမသောက်ဖြစ်သေးပါက ရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ
  • စားနိုင်သလောက်ကို တမျိုးကို နည်းနည်းစီရောပြီး ပြင်ပေးပြီးပါက အုန်းနို့သာကူဆမ်း စိမ့်စိမ့်လေး ရပါပြီ။
  • အုန်းနို့ဗူး မသုံးချင်ပါက အုန်းသီးတလုံးကို ခြစ်ပြီး အရည်ယူနိုင်ပါတယ်။

Monday 28 November 2016

ကြက်ကလယ်ချက် မွှေးမွှေးလေး


ဒီတခါတော့ ကြက်သားကို မဆလာနံ့ သင်းသင်းလေးနဲ့အရသာ တမျိုးပြောင်းကာ မော်လမြိုင် ကြက်ကလယ် ချက်နည်းလေး မျှဝေလိုက်ပါတယ်။



ပါဝင်ပစ္စည်းများ

  • ကြက်သား - တကီလို
  • ကြက်သွန်နီ - အနေတော် ၄လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃ဥ
  • ချင်း - လက်တစ်ဆစ်ခန့်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တဇွန်းသာသာ
  • မဆလာ - ထမင်းစားဇွန်း တဇွန်းသာသာ
  • ဆီ - စားပွဲတင် ဇွန်းကြီး ၂ဇွန်းခွဲ
ပြင်ဆင်ပုံ
  • ကြက်သားကို အကောင်လိုက် ရေဆေးကာ သင့်သလို အတုံးလေးများတုံးပြီး အချိုမှုန့် ဆား နနွင်းမှုန့် ငရုတ်သီးအလှော်မှုန့် ငံပြာရည် မဆလာ တို့ဖြင့် ရောနယ်ပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း တို့ကို အခွံခွာပြီး ရေစင်အောင် ဆေးပြီးမှ ညက်အောင်ထောင်းကာ ကြက်သားနှင့် ရောနယ်ပြီး  ၁ နာရီခန့် ရေခဲသေတ္တာထဲမှာ နှပ်ထားပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ အရသာ နှပ်ထားသော ကြက်သား ဆီနှင့် ရေအနည်းထည့်ကာ လုံးချက် ချက်ပေးပါ
  • ကြက်သား အသားများ မာတင်းလာပါက ရေကို နည်းနည်းချင်းစီ ထည့်ပေးပြီး ကြက်သား နူးတဲ့အထိ တည်ပေးပါ
  • ကြက်သား အသားများနူးလာပြီး ဆီမပြန်ခင် အရသာ မြည်းကာ လိုသလိုပြင်ပေးပြီး ဆီပြန်လာတာနဲ့ မီးပိတ်ပေးပြီး သုံးဆောင်ရန် ပြင်နိုင်ပါပြီ။


Saturday 26 November 2016

ကြက်အမြစ် ဆီပြန်






ကြက်အမြစ်ကို လူအများစုက မစားကြပေမဲ့ မာမာကတော့ ငယ်ငယ်လေးထဲက အရမ်းကြိုက်လို့ မကြာခန ချက်စား ဖြစ်ပါတယ် ကြက်အမြစ်ကို စင်အောင်ဆေးတတ်ဖို့တော့ လိုပါတယ် ချက်နည်းလေးကတော့ ချက်နေကျနည်းအတိုင်း ချက်နိုင်ပါတယ် ဒါကြောင့်မို့လို့ ကြက်အမြစ်ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်။

ဟင်းချက်ရန် ပါဝင်ပစ္စည်းများ

  • ကြက်အမြစ် - 500g 
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက် 
  • ဆီ - ထမင်းစားဇွန်း ၇ဇွန်း
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ကြက်သွန်နီ - ခပ်ကြီးကြီး တဥ
  • ချင်း - လက်တဆစ်ခန့်
  • စပါးလင် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
ကြက်အမြစ်ဆေးရန်
  • ကြက်အမြစ်ကို ထက်ဝက်ခြမ်းပြီး အထဲမှ မလိုသော အစာအိတ်ကို ဖယ်ပေးပါ
  • အစာအိတ်ဖယ်ပေးထားသော ကြက်အမြစ်ကို ဆား ထမင်းစားဇွန်း တဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းတို့ထည့်ကာ ရောပြီး နယ်ပေးပါ
  • နယ်နေစဉ် အမြစ်မှ မလိုအပ်သော အရည်များထွက်လာတာနဲ့ ရေ ၅ခါလောက်နှင့် ရေစင်အောင်ဆေးပေးပါ

ကြက်အမြစ် အရသာနယ်ရန်
  • ကြက်အမြစ်ကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တဝက် အားလုံးတို့ကို ကြက်အမြစ်ထဲထည့်ပြီး အရသာဝင်အောင် နယ်ထားပါ

လိုသောပစ္စည်းများ ပြင်ဆင်ပုံ

  1. ဆီ ထမင်းစားဇွန်း ၇ဇွန်း
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းထားပါ
  3. ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး မညက်တညက် ထောင်းပေးပါ
  4. ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းပေးပါ
  5. စပါးလင်ကို ညက်နေအောင် ထောင်းထားပေးပါ
  6. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တဇွန်း
  7. မဆလာကို ပြင်ထားပါ
ပြင်ဆင်ပုံ
  • ကြက်အမြစ်နှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • မဆလာကို ပြင်ထားပါ
  • ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နီ ချင်း စပါးလင်ထောင်း ငရုတ်ကောင်းမှုန့် ဖာလာ လေးညှင်းနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ကြက်အမြစ်ကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ကြက်အမြစ် အသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အမြစ်အသားများမာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက မဆလာအုပ်ပြီးတာနဲ့ အရသာနဲ့ မွှေးလွန်းတဲ့ ကြက်အမြစ်ဆီပြန်ကို စားသုံးနိုင်ပါပြီ။

Monday 21 November 2016

ငါးလေးဟင်း ဇီးဖြူသီး ပင်စိမ်းအုပ်







အလုပ်မအားတဲ့ရက်တွေ များလာလေတော့ အဆင်ပြေမယ် ထင်တာလေးတွေ များများချက်ပြီး သိမ်းတန်တာသိမ်း ခဲထားတန်တာ ခဲထားပြီး စားလို့မိန်စေမဲ့ ငါးလေးသားပေါက်ဟင်းကို ဇီးဖြူသီးနဲ့ ချဉ်ငံစပ်လေး ချက်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးလေးသားပေါက် - 500 g
  2. ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  3. ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ထောင်းထားသော ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဇီးဖြူသီး  - အလုံးကြီးကြီး ၅လုံး
  7. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. ပင်စိမ်းရွက် - လက်တစ်ဆုပ်စာ
ငါးအရသာနယ်ရန်

  • ငါးလေးသားပေါက်များကို ဗိုက်ထဲမှ မလိုတာတွေ ဖယ်ပေးပါ
  • ပြီးတာနဲ့ ငါးများကို ရေစင်အောင် ဆေးပေးပါ
  • သန့်စင်ပြီး ရေစင်အောင်ဆေးထားသော ငါးသံချိတ်များကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
  • ဆား ငံပြာရည် နနွင်းမှုန့်အရသာမှုန့်တို့ထည့်ပေးပြီး အရသာဝင်စေရန် ငါးကိုဆုတ်ပြီးနယ်ပေးပါ
ဟင်းချက်ရန်

  1. ငါးအရသာနယ်ပြီးသားကို ပြင်ထားပါ
  2. ကြက်သွန်အဖြူ အနီ ချင်း ငရုတ်သီးမှုန့်တို့ကို အဆင်သင့် ပြင်ထားပါ
  3. ပင်စိမ်းရွက်ကို ရေဆေးထားပါ
  4. ဇီးဖြူသီးကို အနေတော် ခပ်ပါးပါး လှီးထားပေးပါ
  5. အရင်ဆုံး အိုးထဲမှာ ဆီထည့်ပြီး ဆီကိုပူအောင် တည်ပေးပါ
  6. ဆီပူလာပါက ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို တမိနစ်လောက် မွှေးလာတဲ့ထိထည့်မွှေပါ
  7. ဆီသတ်နံ့မွှေးလာတာနဲ့ အရသာနယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသားများ မာလာတဲ့ထိ အိုးကိုလှုပ်ပေးပါ
  8. ငါးအသားမာတာနဲ့ ဇီးဖြူသီးနှင့် ရေမြုပ်အောင်ထည့်၍ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  9. ရေဆူလာတာနဲ့ဟင်းအိုးဆီမပြန်ခင် ပင်စိမ်းရွက်များ အုပ်ပေးကာ ဆီပြန်ပြီး အိုးကပ်လာတဲ့အထိ တည်ပေးပါ
  10. ဆီပြန်ကာ အိုးကပ်လာပါက အရသာမြည်းပြီး လိုသလိုပြင်ပေးပါ ချဉ်ငံစပ် အရသာကောင်းတဲ့ ငါးသားလေး အိုးကပ်ဆီပြန်ဟင်း မွှေးမွှေးလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Friday 18 November 2016

ပင်စိမ်းရွက်အုပ် ချဉ်ပေါင်ဟင်း





ဒီနေ့တော့ ခြံထွက်ဓါတ်ချဉ်ပေါင် အဖြူလေးတွေနဲ့ ချဉ်ရည်ဟင်းလေး တစ်မယ်ချက်ဖို့ ပြင်ဆင်နေရင်း ဟိုရောဒီရော ပင်စိမ်းရွက်လေးခပ်လို့ တောချက်ချဉ်ပေါင်ဟင်းလေး ချက်ဖို့ ပြင်မိပြန်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ချဉ်ပေါင်ဖြူအရွက် - အနေတော် ဇကာတစ်လုံး
  2. ပြုပ်ပြီးသား မျှစ်ပေါက်အနု - ၁၅ခုခန့်
  3. ရုံးပတေသီး - ၇တောင့်
  4. ပင်စိမ်းရွက် - လက်တစ်ဆုတ်စာ
  5. ပုဇွန်ခေါင်းချိုး - ၁ဆယ်သား 
  6. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ကြက်သွန်ဖြူ -၂မွှာ
  8. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  13. ပုဇွန်ငါးပိ - ကွမ်းသီးဆံ တစ်လုံးစာလောက်
  14. ဆီ - ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်ပုံ
  1. ချဉ်ပေါင်ရွက်များကို အညှာဖက်မှ ခြွေပေးပြီး သန့်စင်သွားအောင် ရေနိုင်နိုင်ဆေးချပါ
  2. ရေဆေးပြီး ဇောက်နက်သော အိုးတစ်လုံးထဲမှာ ထည့်ပေးပါ
  3. ပြုပ်ပြီးသား မျှစ်ပေါက်အနုကို ထက်ဝက်ခြမ်းကာ အနေတော် လှီးပေးထားပါ
  4. ရုန်းပတေသီးကို အတောင့်လိုက် ရေဆေးပြီး အညှာကို လှီးပေးထားပါ
  5. ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းပေးပါ
  6. ပုဇွန်ငါးပိကို ရေ လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးသာသာနှင့် စိမ်ထားပါ
  7. ပုဇွန်ခေါင်းချိုးကို ရေဆေးပြီး ကြောဖက်မှ အမည်းကြောင်း ထုတ်ကာ အခွံမခွာဘဲ ခေါင်းဖြုတ်ပေးထားပါ
  8. ချဉ်ပေါင်ရွက် ထည့်ထားသော ဇာက်နက်သော အိုးတစ်လုံးထဲမှာ ရေ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးလောက်နှင့် နနွင်းမှုန့်ထည့်ပြီး မီးပြင်းပြင်းနှင့် တည်ပေးပါ
  9. ရေပွက်ပွက် ဆူလာပါက ချဉ်ပေါင်ရွက်များကို ကျေသွားအောင် သစ်သားယောင်းမနှင့် ချဉ်ပေါင်ရွက်များ ဘိုးသိုးဘတ်သတ် ကျေလာတဲ့အထိ မွှေပြီးချေပေးပါ
  10.  သန့်စင်ထားသော ပုဇွန်ကို ဆား ငံပြာရည် ငရုတ်သီးထောင်း ဆီ အချိုမှုန့်တို့ကို ရောပြီး နယ်ပေးပါ
  11. ချဉ်ပေါင်ရွက်များ ကျေလာပါက လှီးထားသော မျှစ်ပေါက်များ အရသာ နယ်ထားသော ပုဇွန်များကို အိုးထဲသို့ရောထည့်ပြီး တည်ပေးပါ
  12. ရေဆူလာပြီး ပုဇွန်များ အရောင်ပြောင်းလာပါက ရေလိုသလောက်ထည့်ပြီး တည်ထားပါ
  13. ရေပွက်ပွက်ဆူလာမှ အရည်ဖျော်ထားသော ပုဇွန်ငါးပိအရည်ကို လောင်းထည့်ပြီး ဆူအောင်တည်ပါ
  14. ရေဆူလာတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ရုန်းပတေသီးနှင့် ပင်စိမ်းရွက်အုပ်ကာ တောချက်ချဉ်ပေါင်ဟင်းကို အသားကင် ငါးပိထောင်းတို့နှင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Tuesday 15 November 2016

ကြက်သားကင်








ဘာချက်စားရင်ကောင်းမလည်း စဉ်းစားမိတိုင်း ကြက်သားထဲက ရုန်းမထွက်နိုင်သေးသ၍တော့ ချင်လိုက် ကင်လိုက် ကြော်လိုက်ပါဘဲ ဒီနေ့တော့ ထမင်းပူပူလေးနဲ့ စားရအောင် ကြက်ပေါင်သား ကင်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား  - ၄ခု
  • ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၂ဇွန်း
  • အုန်းနို့ - ထမင်းစားဇွန်း ၃ဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား - လက်ဖက်ရည်ဇွန်း တဇွန်း
  • သစ်ရွက်ဆီ - ထမင်းစားဇွန်း တဇွန်း
  • သံလွင်ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (သံလွင်ဆီမရှိက တခြားဆီသုံးနိုင်ပါတယ်)
  • ready made ရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်

ပြင်ဆင်ပုံ
  1. ကြက်ရင်ပုံသားကို ရေဆေးပြီး ပုံပါအတိုင်း တုံးပေးပါ
  2. တုံးထားသော ကြက်သားကို ပဲငံပြာရည် အုန်းနို့ ငရုတ်ကောင်းမှုန့် သကြား ခရမ်းချဉ်သီးဆော့  သံလွင်ဆီ အနှစ်တို့နှင့်ရောနယ်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၅နာရီလောက် နှပ်ထားပေးပါ
  3. အသားအကင်အိုးကို အပူပေးပြီး ဆီအနည်းငယ် သုတ်ပေးပါ
  4. အကင်အိုးမရှိပါက အောက်ခြေထူပြီး မကပ်သော ဒယ်အိုးတလုံးကို အသုံးပြုပြီး ကင်ပေးပါ
  5. ဆီပူလာတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ကြက်သားကို အကင်အိုးထဲမှာ ဖြန့်ထည့်ပြီး အရသာဝင်အောင် နယ်ထားသော အရသာ အနှစ်များပါ ထည့်ပေးပြီး ကင်ပေးပါ
  6. ကြက်သားကို ၃မိနစ်လောက် အပူပေးပြီး ကြက်သား အပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးကာ တဖက်ကို လှည့်ပေးပြီး ကင်ပါ
  7. နောက်တဖက်ကိုလဲ ၃မိနစ်လောက်ကင်ပေးပြီး အရသာ အနှစ်များ ခမ်းလာပြီး ကြက်သားကင် ကျက်လာပြီဆိုရင် ကြက်သားကင် မွှေးမွှေးလေး ရပါပြီ။

Monday 14 November 2016

ငရုပ်​သီးစိမ်းထောင်း ငါးကြော် ငါးငပိရည်ဖျော်


ငါးကြော်နဲ့ငရုတ်သီးစိမ်း ငါးပိရည်ဖျော်ပြီး ထမင်းနဲ့စားရတဲ့ အရသာလေးက အာမထိ လျှာမထိ ပူပြီးစပ်လွန်းပေမဲ့ စားပြီးရင်း စားချင်ပါဘဲ ထမင်းတောင် ထပ်ချက်ရမဲ့ ငါးပိရည်ကျိုလေး ဖြစ်လို့ ဖျော်စားကြည့်စေချင်ပါတယ်။


ပါဝင်ပစ္စည်းများ

  1. ငါးပိရည်ကျိုပြီးသား - တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံး
  2. ရွှေလံဘိုငရုတ်သီးစိမ်း - အစိမ်းရောင် ၅တောင့်
  3. ငါးကြော်  - ခပ်ကြီးကြီးတစ်တုံး
  4. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ငါးကြော်ကို အရိုးထွင်ထားပြီး အနေတော် ဖဲ့ထားပါ
  2. ငရုတ်သီးစိမ်းကို လှော်ပြီးထောင်းထားပါ
  3. လှော်ထားသော ငရုတ်သီးစိမ်းကို မညက်တညက် ထောင်းထားပါ
  4. ငါးပိရည်ကို ကျိုပြီး အရိုးငင်ထားပါ
  5. ထောင်းပြီးသား ငရုတ်သီးစိမ်းနှင့်အတူ ငါးကြော် ငရုတ်သီးအလှော်မှုန့် အချိုမှုန့်တို့ရောပြီး အိုးတလုံးထဲထည့်ကာ ငပိရည်နှင့် ရေရောပြီး မြုပ်အောင်ထည့်ကာ ကျိုပေးပါ
  6. နှစ်သက်ရာတို့စရာများနှင့် ထမင်းမိန်မိန် သုံးဆောင်နိုင်မဲ့ ငါးပိရည်ဖျော်လေး ရပါပြီ။

Sunday 13 November 2016

တောင်ငူ မုန့်ဟင်းခါး ဟင်းရည်ကျဲ





ဒီနေ့တော့ ခရီးသွားဟန်လွဲ စားခဲ့ဖူးတဲ့ တောင်ငူမုန့်ဟင်းခါးကို အခြေခံပြီး ချက်ထားတဲ့ မုန့်ဟင်းခါး ဟင်းရည်ကျဲလေး ချက်ဖြစ်ပါတယ်။

တောင်ငူသူ စစ်စစ်ချက်တာ မဟုတ်တဲ့အတွက် လိုအပ်တာတွေ များစွာရှိချင် ရှိနေပါလိမ့်မယ် ဒါပေမဲ့လည်း နတ်တို့ထွင်းတဲ့ ခံတွင်းဆိုသလိုပါဘဲ ခံတွင်းလိုက်ကာ အရသာကောင်းပြီး စားလို့ကောင်းအောင်တော့ ပြင်ဆင်ပြီး ချက်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. မုန့်ဖတ် - 1000 g
  2. ငါးခူ - 500 g
  3. ဆား - ထမင်းစားဇွန်း တစ်ဇွန်း
  4. ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  5. စပါးလင် - ၃ချောင်း
  6. ချင်း -၂လက်မခန့်
  7. ငါးပိရည်ကျို အနှစ် - ထမင်းစားဇွန်း သုံးဇွန်း
  8. ပုဇွန်ငပိ - မင်းစားဇွန်း တစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်ဝက်ငါးပြုပ် တစ်ဝက်ငါးဆီသတ် )
  11. ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး (ငါးဆီသတ်ရန်)
  12. ကြက်သွန်နီ - အလုံးသေး အလုံး ၂၀ခန့် (ဆီချက်ချက်ရန်နှင့် ဟင်းရည်ထဲ ခတ်ပေးရန်)
  13. ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ ၂၀ခန့် (တစ်ဝက်ဆီချက် တစ်ဝက်ငါးဆီသတ်ရန် )
  14. ကောက်ညှင်းပေါက်ပေါက် ဆန်လှော်မှုန့် - လိုသလောက်
  15. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  16. ပဲကြော် - လိုသလောက်
  17. ပဲသီး - လိုသလောက်
  18. နံနံပင် - လိုသလောက်
  19. ခရမ်းချဉ်သီး - လိုသလောက်
  20. ငြုပ်သီးအလှော်မှုန့် - လိုသလောက်
  21. ကြက်ဥ - လိုသလောက် 
  22. သံပုရာသီး - လိုသလောက်
ငါးပြုပ်ရန် ပြင်ဆင်ပုံ

  • ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ ကလီစာများ ထုတ်ပေးပါ
  • ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ
  • ငါးအရည်ခွံတော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင်ဆေးပေးပါ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ရေဆေးထားသော ငါးခူ ပုဇွန်ငါးပိ ငါးပိရည်ကျိုအနှစ် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း နနွင်းမှုန့်  စပါးလင်၂ချောင်းနှင့် ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ငါးအသား နူလာတာနဲ့ အအေးခံပြီး အရိုးအသား သတ်သတ်စီ နွှင်ပေးထားပါ
  • အသားနွှင်ထားသော အရိုးနှင့် ထည့်ပြုပ်ထားသော စပါးလင်ချောင်းကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် အရည်ငင်ထားပါ
ငါးဆီသတ်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
  • ကြက်သွန်နီ အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါးလှီးကာ ညက်နေအောင် ထောင်းပေးပါ
  • ဒယ်အိုးထဲ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် ချင်းထောင်းတို့ကို ထည့်ပြီးဆီသတ်ပေးပါ 
  • ကြက်သွန်ဆီသတ်နံ့ မွှေးလာတာနဲ့ အရိုးထွင်ထားသော ငါးနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်ကို ထည့်မွှေပေးပါ
  • ဆီသတ်နံ့ သင်းလာပြီ ဆိုတာနဲ့ မီးပိတ်ပေးထားပါ။
ဟင်းရည်ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပြုပ်ရည် ငါးအရိုးကိုထောင်းပြီး အရည်ငင်ထားသော ငါးရိုးအရည် ငါးဆီသတ်များနှင့် ရေ ၃လီတာခန့်ထည့်ပြီး မီးအနေတော်နှင့် တည်ပေးပါ
  • ရေဆူလာတာနဲ့ ကြက်သွန်နီ ဥအသေးများကို ထည့်ပေးပါ
  • ကြက်သွန်နီဥထည့်ပြီး ရေပွက်ပွက် ဆူလာတာနဲ့ ဆား ငံပြာရည် အရသာမှုန့်တို့ကို သင့်သလိုထည့်ပြီး သမအောင် မွှေပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီး ကြက်သွန်များ နူးလာပြီ ဆိုရင်တော့ ထောင်းထားသော ကြက်သွန်ဖြူကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာကို မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပေးပြီးတာနဲ့ တောင်ငူမုန့်ဟင်းခါး ဟင်းရည်ကျဲ ပူပူလေး ရပါပြီ။
ကြက်သွန်ဖြူဆီချက် ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် ခပ်ပါးပါး လှီးပေးပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  • ကြက်သွန်များ အ၀ါရောင် သန်းလာပါက ဆီပြီးဆီစစ်ထားပါ
  • ဆီချက်အေးသွားတော့မှ ကြက်သွန်ကြော်နှင့် ပြန်ရောထားပေးပါ
ကောက်ညှင်းပေါက်ပေါက် ဆန်လှော်ထောင်းရန်
  • ကောက်ညှင်းစပါးကိုလှော်ပြီး ရလာသော ပေါက်ပေါက်ကို မညက်တစ်ညက်လေး ရလာအောင် ထောင်းထားပါ။
မုန့်ဟင်းခါးနှင့် တွဲဖက်စားရန်
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပူစီနံကို ရေဆေးပြီး ပြင်ထားပါ
  • ပဲတောင့်ရှည်ကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
  • ငရုတ်သီး အလှော်မှုန့် ပြင်ထားပါ
  • ကောက်ညှင်းဆန်လှော်မှုန့် ပြင်ထားပါ
  • ကြက်သွန်ဖြူဆီချက် ပြင်ထားပါ
  • မုန့်ဖတ်ကို ပြင်ထားပါ
  • ဘဲဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  • သံပုရာသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ဟင်းရည်ကို ပူပူလေး ဖြစ်အောင် ပြင်ထားပေးပါ
  • လိုအပ်သော ပါဝင်ပစ္စည်းများ ပြင်စဉ်ပြီးပါက မိမိတို့ နှစ်သက်သလို စားသုံးနိုင်မည့် တောင်ငူ မုန့်ဟင်းခါးကို ရပါပြီ။

Saturday 12 November 2016

ရွှေဖရုံသီး ပဲသီးကြော်




ရွှေဖရုံသီးဟင်းကို ကြိုက်လို့သာ စားရပေမဲ့ မြန်မာပြည်က ရွှေဖရုံသီးလို မစေးလေတော့ စားလို့ရယ်က သိပ်ပြီး မကောင်းလှပါဘူး ဒါပေမဲ့လဲ ရွှေဖရုံသီကိုး ကြိုက်တဲ့အတွက် ဒီတစ်ခါတော့ ရွှေဖရုံသီး ဖုံပွပွလေးကို ပဲသီးနဲ့ရောလို့ ကြော်စားဖြစ်ပြန်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရွှေဖရုံသီး - အနေတော် တစ်ခြမ်း 
  2. ပဲတောင့်ရှည် - ဆယ်တောင့်
  3. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ရွှေဖရုံသီးကို အစေ့များထုတ်၍ အခွံခွာပြီး လက်တလုံးလောက် အနေတော်လေးတွေ လှီးပေးပါ
  2. လှီးထားသော ရွှေဖရုံသီးများကို ရေဆေးပြီး ရေစစ်ထားပါ
  3. ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  4. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  5. ဒယ်အိုးတလုံးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  6. ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီကို နွမ်းရုံလေးကြော်ပေးပြီးမှ ရွှေဖရုံသီး ဆားနှင့် အရသာမှုန့်တို့ကိုထည့်ပြီး မွှေပေးပါ
  7. အရသာများ သမသွားအောင် မွှေပြီးတာနဲ့ ရွှေဖရုံသီးများကို နွမ်းသွားအောင် အဖုံးအုပ်ပြီး ခနထားလိုက်ပါ
  8. ရွှေဖရုံသီးများ မကပ်စေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  9. ရွှေဖရုံသီး အားလုံးနွမ်းတာနဲ့ ဘေးကို ခနတွန်းထားပြီး ပဲသီးကို ထည့်ပေးပါ
  10. ပဲသီးထည့်ပြီးတာနဲ့ ရွှေဖရုံသီးနှင့် ရောမွှေပေးပါ
  11. ၂ခုလုံးရောမွှေပြီးတာနဲ့ ရွှေဖရုံသီးပဲသီးကြော် ချိုချို မွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Thursday 10 November 2016

ကြာဇံသုပ်


ဒီကြာဇံသုပ်လေးက မာမာအရမ်းကြိုက်တဲ့ အသုပ်တစ်မျိုးပါ ကြာဇံကို ဖြစ်သလိုလေး သုပ်စားလဲ ကြိုက်မိသလို တစ်ခြားအစာတွေနဲ့ရောပြီးသုပ်လဲ အရမ်းနှစ်သက်ပြီး ကြာဇံသုပ်ဆို ထမင်းလွတ် စားတတ်တဲ့အတွက်  ဒီနေ့တစ်နေ့တာတော့ ချဉ်ငံစပ် ဆန်ကြာဇံ အသုပ်လေးနဲ့ တစ်နေ့တာတော့ ကုန်အုံးမှာပါ လွယ်ကူမြန်ဆန် အသုပ်တစ်မျိုး သုပ်စားချင်ရင်တော့ ပြင်ဆင်ပုံလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆန်ကြာဆန်အခြောက် - 50 g
  2. ပဲအကျက်မှုန့် - လိုသလောက်
  3. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ုး သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)
  5. နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ( ကြာဇံအရောင်အတွက် သုံးရန်)
  6. ဆီ - လိုသလောက်
  7. အရသာမှုန့် - လိုသလောက်
  8. ကြက်သွန်ဖြူ  ဆီချက် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
  9. မကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - လိုသလောက်
  11. နံနံပင် - လိုသလောက်
  12. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  13. ကြက်သွန်ဖြူ  - (၁၃မွှာ ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  14. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  15. ငရုတ်ကောင်းစေ့ - ငါးစေ့ခန့်
  16. ဂေါ်ဖီ - အနည်းငယ်


အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ
  • ဆီချက်
  • ငံပြာရည်
  • ပုဇွန်ခြောက်မှုန့်
  • ပဲအကျက်မှုန့်
  • ငရုတ်သီး အလှော်မှုန့်
  • ကြက်သားမှုန့်
  • မကျည်းသီးမှည့်
  • နံနံပင်
ကြာဇံပြုပ်ရန်
  • ဆန်ကြာဇံကို ရေ တစ်နာရီလောက် စိမ်ထားပါ
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ရေစိမ်ထားသော ကြာဇံကို ရေသွန်ပြီး ကြာဇံအရောင်လှစေရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ကာ ရေနွေးကို လောင်းထည့်ပေးပါ
  • ရေနွေးစိမ်ချိန် သုံးမိနစ်လောက်ကြာတာနဲ့ ရေနွေးစိမ်ထားသော ကြာဇံကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
  • တစ်ခါတစ်လေ ရေနွေးစိမ်ရန် အသုံးပြုသော ကြာဇံသည် ဆန်အပျော့ အမာပေါ် မူတည်သောကြောင့် အချိန်ကို လိုတိုးပိုလျှော့ လုပ်ပေးပါ
ဆီချက် ချက်ရန်
  • ကြက်သွန်ဖြူ ငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပေးပါ 
  • ပြီးတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူများ အ၀ါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  • ဆီချက်ကိုလဲ အအေးခံထားပါ ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးထားပါ

ဟင်းခါးချက်ရန်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ
အသုပ် တပွဲစာပြင်ရန်
  • အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာလောက်နဲ့ စိမ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ဆန်ြကာဇံ တစ်ပွဲစာ ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တ၀က်သာသာ နံနံပင်တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာ လိုသလို ပြင်ပေးပြီး စားပွဲပြင်ပေးပါ
  • ကြာဇံအသုပ်ပွဲ ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ

Sunday 6 November 2016

ငါးဥကြော်နှပ် မွှေးမွှေးလေး






ပင်လယ်စာ အရောင်းဆိုင်က ငါးသလောက်ဥလေးတွေ ရလာလေတော့ အရင်ဆုံး ဘယ်လိုချက်စားရမလဲ စဉ်းစားမိပြန်တယ်။

 နောက်တော့လဲ ထုံးစံအတိုင်း ကြော်ပြီးပြန်နှပ်ဖို့ စိတ်ကူးထဲမှာ ပေါ်လာပါလေရော ဒါကြောင့်မို့လို့ ချင်းနံ့သင်းသင်းလေးနဲ့ စားရလေအောင် ကြော်ပြီးပြန်နှပ်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးဥ - ဥကြီးကြီး ၄ခု
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးဥအရသာနယ်ရန်နှင့် ငါးဥကြော်ဆီထဲထည့်ရန်)
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  6. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  7. ချင်း - လက်တစ်ဆစ်ခန့်
  8. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ငါးဥကို ရေစင်အောင် ဆေးပေးထားပါ
  • ပြီးတာနဲ့ ငါးဥကိုဆား နနွင်းနှင့် အချိုမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီးရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ အသားထူသော ဒယ်အိုးထဲ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • အိုးအသားပါးသော ဒယ်အိုးကို သုံးပါက ငါးဥအပြင်ခွံ ခနလေးနဲ့ ကျွမ်းတတ်တဲ့အတွက် အိုးအသား ထူတာကိုဘဲ သုံးပါ
  • ဆီပူလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပြီးမှ ငါးဥကိုထည့်ကြော်ပါ
  • ငါးဥရဲ့အပြင်ခွံက ပါးလွန်းတဲ့အတွက် မီးပြင်းလွန်းရင် ခနလေးနဲ့မည်းပြီး ကျွမ်းသွားတတ်ပါတယ်
  • ကြော်နေစဉ် တဖက်ကျက်မှ တဖက်ကို လှန်ပေးပါ မကျက်သေးဘဲ လှန်ပါက ဥများ ပဲ့ကုန်ပြီး အပြင်ကို ဖွာထွက်ကုန်တတ်ပါတယ်
  • ငါးဥတစ်ခုလုံး ရွှေအိုရောင်သန်းလာပြီး ကျက်တာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ဆီစစ်ထားသော ငါးဥကို အနေတော်လေးတွေ ပိုင်းပေးထားပါ
  • အိုးထဲမှာ ဆီဟင်းခတ်ဇွန်းကြီး တစ်ဇွန်းစာသာချန်ထားပြီး ကျန်ပိုနေတဲ့ ဆီများကို ခပ်ထုတ်ပေးပါ
  • မီးကို ခပ်အေးအေးထားပြီး ဆီပူထဲမှာချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အရင်ဆုံး ထည့်ကြော်ပါ
  • ကြော်နေစဉ် မကြာမကြာ မွှေပေးပါ ကြက်သွန်များ ရွှေဝါရောင်လေး သန်းလာတာနဲ့ ငါးဥနှင့် ငံပြာရည်ကို ထည့်ပြီးမွှေကာ မီးပိတ်ပေးပါ
  • လက်ကျန်အပူရှိန်ဖြင့် ချင်းနှင့် ကြက်သွန်ကြော်များ ကြွတ်လာအောင် ကြော်ပေးပြီး ငါးဥကြော်ကို ပန်းကန်ထဲ ထည့်ပေးပါ
  • မွှေးပြီးစိမ့်နေတဲ့ ငါးဥကြော်ကို ထမင်းပူပူလေးနှင့် သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

Saturday 5 November 2016

ငါးလေးဟင်းရှမ်းရှမ်းနံအုပ် အိုးကပ်ချက်







ငါးသားပေါက်လေးတွေ ၀ယ်လို့ရလာတော့ အိမ်မှာစိုက်ထားတဲ့ ရှမ်းနံနံလေးတွေခူးကာ အိုးကပ်ချဉ်ငံစပ်လေး ချက်ဖြစ်ဖြစ်ပါတယ်။

ပုဇွန်အကွေး ငါးအနွေး ဆိုသလိုပါဘဲ ငါးမြုပ်ရုံ ရေတရည်လောက် ထည့်ချက်ပြီး ဆီပြန်အိုးကပ်တာနဲ့ ကျက်တဲ့ဟင်းလေးဖြစ်လို့ လွယ်ကူမြန်ဆန် ချက်ရလွယ်ကာ ထမင်းမိန်စေတဲ့အတွက် မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးလေးသားပေါက် - 500 g
  2. ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  3. ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ထောင်းထားသော ချင်း - လက်တစ်ဆစ်ခန့်
  5. ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. မကျီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ရှမ်းနံနံ - နှစ်သက်သလောက်
  8. ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  10. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ငါးအရသာနယ်ရန်နှင့်ပါဝင်ပစ္စည်းများ ပြင်ထားရန်

  • ငါးလေးသားပေါက်များကို ဗိုက်ထဲမှ မလိုတာတွေ ဖယ်ပေးပါ
  • ပြီးတာနဲ့ ငါးများကို ရေစင်အောင် ဆေးပေးပါ
  • သန့်စင်ပြီး ရေစင်အောင်ဆေးထားသော ငါးလေးသားပေါက်များကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
  • ဆား ငံပြာရည် နနွင်းမှုန့်အရသာမှုန့်တို့ထည့်ပေးပြီး အရသာဝင်စေရန် ငါးကိုဆုတ်ပြီးနယ်ပေးပါ
  • မကျည်းသီးမှည့်အနှစ်ကို ပြင်ထားပါ
  • ရှမ်းနံနံကို ရေစင်အောင်ဆေးထားပါ
  • ငရုတ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ပြင်ထားပါ

ဟင်းချက်ရန်

  • အရင်ဆုံးဆီကို ပူအောင်တည်ပေးပါ
  • ဆီပူလာပါက ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို တမိနစ်လောက် မွှေးလာတဲ့ထိထည့်မွှေပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ အရသာနယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသားများ မာလာတဲ့ထိ အိုးကိုလှုပ်ပေးပါ
  • ငါးအသားမာတာနဲ့ရေမြုပ်အောင်ထည့်၍ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေဆူလာတာနဲ့မကျီးမှည့်အနှစ်ထည့်ပြီး ရေမခမ်းခင် အချိန်လေးမှာ ရှမ်းနံနံအုပ်ကာ ဆီပြန်ပြီး အိုးကပ်လာတဲ့အထိ တည်ပေးပါ
  • ဆီပြန်ကာ အိုးမကပ်ခင်  အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • ငါးလေးဟင်း အိုးကပ်ပြီး ဆီပြန်လာပါက ချဉ်ငံစပ် အရသာကောင်းတဲ့ ငါးသားလေးအိုးကပ် ဆီပြန်ဟင်းမွှေးမွှေးလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Thursday 3 November 2016

မျှစ် ချဉ်ပေါင်ဟင်း





ထမင်းမိန်စေမဲ့ ချဉ်ပေါင်ဟင်းကို မျှစ်ပေါက်လေးတွေနဲ့ ချက်မိလေတော့ မြန်မာပြည်ကို လွမ်းလိုက်တဲ့ ဖြစ်ချင်းပေါ့နော် ဒီနေ့တော့ အိမ်ကချဉ်ပေါင်ပင်လေးက အနုလေးတွေရော အရင့်လေးတွေပါ ရောသွမ်းပြီး ဘိုးသိုးဘတ်သတ်ချက်ပြီး ငါးပိရည်ကျိုလေးနဲ့ နယ်ဖတ်ပြီး စားလိုက်တာ ကောင်းလွန်းတာမို့လို့ လွယ်ကူမြန်ဆန် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ချဉ်ပေါင်နီအရွက် - အနေတော် ဇကာတလုံး
  • ပြုပ်ပြီးသား မျှစ်ပေါက်အနု - ၁၅ခုခန့်
  • ပုဇွန်ထုတ် - ၁၀ ကောင်
  • ကြက်သွန်နီ - အနေတော် တခြမ်း
  • ကြက်သွန်ဖြူ -၂မွှာ
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • ပုဇွန်ငါးပိ - ကွမ်းသီးဆံလုံးလောက်
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
  1. ချဉ်ပေါင်ရွက်များကို အညှာဖက်မှ ခြွေပေးပြီး သန့်စင်သွားအောင် ရေနိုင်နိုင်ဆေးချပါ
  2. ရေဆေးပြီး ဇောက်နက်သော အိုးတလုံးထဲမှာ ထည့်ပေးပါ
  3. ပြုပ်ပြီးသား မျှစ်ပေါက်အနုကို ထက်ဝက်ခြမ်းကာ အနေတော် လှီးပေးထားပါ
  4. ကြက်သွန်ဖြူ ကြက်သွန်နီကို ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းပေးပါ
  5. ပုဇွန်ငါးပိကို ရေလက်ဖက်ရည်ပန်းကန်လုံး တလုံးသာသာနှင့် စိမ်ထားပါ
  6. ပုဇွန်ထုတ်ကို ရေဆေးပြီး ကြောဖက်မှ အမည်းကြောင်း ထုတ်ကာ အခွံမခွာဘဲ ခေါင်းဖြုတ်ပေးထားပါ
  7. ချဉ်ပေါင်ရွက် ထည့်ထားသော ဇာက်နက်သော အိုးတလုံးထဲမှာ ရေလက်ဖက်ရည်ပန်းကန်လုံး တလုံးလောက်နှင့် နနွင်းမှုန့်ထည့်ပြီး မီးပြင်းပြင်းနှင့် တည်ပေးပါ
  8. ရေပွက်ပွက်ဆူလာပါက ချဉ်ပေါင်ရွက်များကို ကျေသွားအောင် သစ်သားယောင်းမနှင့် ချဉ်ပေါင်ရွက်များ ဘိုးသိုးဘတ်သတ် ကျေလာတဲ့အထိ မွှေပြီးချေပေးပါ
  9. သန့်စင်ထားသော ပုဇွန်ကို ဆား ငံပြာရည် ငရုတ်သီးထောင်း ဆီ အချိုမှုန့်တို့ကို ရောပြီး နယ်ပေးထားပါ
  10. ချဉ်ပေါင်ရွက်များ ဘိုးသိုးဘတ်သတ် ကျေလာပါက လှီးထားသော မျှစ်ပေါက်များ အရသာ နယ်ထားသော ပုဇွန်များကို ချဉ်ပေါင်ရွက် ချေထားသော အိုးထဲသို့ရောထည့်ပြီး တည်ပေးပါ
  11. ရေဆူလာပြီး ပုဇွန်များ အရောင်ပြောင်းလာပါက ရေလိုသလောက်ထည့်ပြီး တည်ထားပါ
  12. ရေပွက်ပွက်ဆူလာမှ အရည်ဖျော်ထားသော ပုဇွန်ငါးပိအရည်ကို လောင်းထည့်ပြီး ဆူအောင်တည်ပါ
  13. ရေဆူလာတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ချဉ်ပေါင်မျှစ်ပေါက်ဟင်းကို နှစ်သက်ရာ တို့စရာ ငါးပိရည်တို့နှင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Wednesday 2 November 2016

ပန်ထွေဖျော်







ခရမ်းချဉ်သီးမျိုးနွယ်လို့ ဆိုပေမဲ့ ခရမ်းချဉ်သီးနဲ့ နည်းနည်းလေးမှမတူဘဲ အချဉ်စူးပြီး အရောင်က အရမ်းရဲပါတယ် မြန်မာပြည်မှာတော့ အရမ်းပေါပြီး ကျမနေတဲ့ နိုင်ငံမှာတော့ ဈေးကြီးတယ်လို့ ပြောရမှာပါ တလုံးကို ၂ဒေါ်လာနီးပါး ပေးရပါတယ်။

ဒီခရမ်းချဉ်သီးလေးကို အချဉ်စူးစူးလေးမို့လို့ အရမ်းကြိုက်မိတယ် ဘာလုပ်စားရင် ကောင်းမလဲ စဉ်းစားရင်းက နောက်ဆုံးတော့ ထမင်းမိန်စေတဲ့ ပန်ထွေဘဲ ဖျော်ဖြစ်သွားပါတော့တယ် ။

ပါဝင်ပစ္စည်းများ

  1. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  2. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  5. ပူစီနံ - နှစ်သက်သလောက်
  6. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  7. ငရုတ်သီးအကျက်မှုန့် - ထမင်းစားဇွန်း တဇွန်း
  8. ပဲဆီ - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းချဉ်သီးကို မီးဖိုပေါ်တင်ပြီး အပြင်ခွံ ကျွမ်းတဲ့အထိ ကင်ပေးပါ
  • အခွံများ အနည်းငယ် ကျွမ်းလာပြီ ဆိုတာနဲ့ အအေးခံကာ အခွံများခွာပေးပါ
  • ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းထားပါ
  • ပူစီနံကို ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို လှီးထားပြီး ငရုတ်သီး အကျက်မှုန့်ကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ခရမ်းချဉ်သီးကို ကျေသွားအောင် ချေပေးပါ
  • ခရမ်းချဉ်သီးမှ ထွက်လာသော အရည်ထဲမှာ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ဆား အချိုမှုန့် ပူစီနံ ဆီတို့ထည့်ပြီး မွှေပေးပါ
  • အားလုံးသမအောင် မွှေပေးပြီးတာနဲ့ ခရမ်းချဉ်သီး ချဉ်ငံစပ် ပန်ထွေဖျော်ကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။