အလုပ်မအားတဲ့ရက်တွေ များလာလေတော့ အဆင်ပြေမယ် ထင်တာလေးတွေ များများချက်ပြီး သိမ်းတန်တာသိမ်း ခဲထားတန်တာ ခဲထားပြီး စားလို့မိန်စေမဲ့ ငါးလေးသားပေါက်ဟင်းကို ဇီးဖြူသီးနဲ့ ချဉ်ငံစပ်လေး ချက်ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးလေးသားပေါက် - 500 g
- ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ထောင်းထားသော ချင်း - လက်တစ်ဆစ်ခန့်
- ငရုတ်သီး အရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဇီးဖြူသီး - အလုံးကြီးကြီး ၅လုံး
- ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပင်စိမ်းရွက် - လက်တစ်ဆုပ်စာ
- ငါးလေးသားပေါက်များကို ဗိုက်ထဲမှ မလိုတာတွေ ဖယ်ပေးပါ
- ပြီးတာနဲ့ ငါးများကို ရေစင်အောင် ဆေးပေးပါ
- သန့်စင်ပြီး ရေစင်အောင်ဆေးထားသော ငါးသံချိတ်များကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
- ဆား ငံပြာရည် နနွင်းမှုန့်အရသာမှုန့်တို့ထည့်ပေးပြီး အရသာဝင်စေရန် ငါးကိုဆုတ်ပြီးနယ်ပေးပါ
- ငါးအရသာနယ်ပြီးသားကို ပြင်ထားပါ
- ကြက်သွန်အဖြူ အနီ ချင်း ငရုတ်သီးမှုန့်တို့ကို အဆင်သင့် ပြင်ထားပါ
- ပင်စိမ်းရွက်ကို ရေဆေးထားပါ
- ဇီးဖြူသီးကို အနေတော် ခပ်ပါးပါး လှီးထားပေးပါ
- အရင်ဆုံး အိုးထဲမှာ ဆီထည့်ပြီး ဆီကိုပူအောင် တည်ပေးပါ
- ဆီပူလာပါက ထောင်းထားသော ချင်း ကြက်သွန်ဖြူ နီနှင့် ငရုတ်သီးမှုန့်တို့ကို တမိနစ်လောက် မွှေးလာတဲ့ထိထည့်မွှေပါ
- ဆီသတ်နံ့မွှေးလာတာနဲ့ အရသာနယ်ထားတဲ့ ငါးကိုထဲ့ပြီး ငါးအသားများ မာလာတဲ့ထိ အိုးကိုလှုပ်ပေးပါ
- ငါးအသားမာတာနဲ့ ဇီးဖြူသီးနှင့် ရေမြုပ်အောင်ထည့်၍ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
- ရေဆူလာတာနဲ့ဟင်းအိုးဆီမပြန်ခင် ပင်စိမ်းရွက်များ အုပ်ပေးကာ ဆီပြန်ပြီး အိုးကပ်လာတဲ့အထိ တည်ပေးပါ
- ဆီပြန်ကာ အိုးကပ်လာပါက အရသာမြည်းပြီး လိုသလိုပြင်ပေးပါ ချဉ်ငံစပ် အရသာကောင်းတဲ့ ငါးသားလေး အိုးကပ်ဆီပြန်ဟင်း မွှေးမွှေးလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment