ဒီနေ့တော့ ခရီးသွားဟန်လွဲ စားခဲ့ဖူးတဲ့ တောင်ငူမုန့်ဟင်းခါးကို အခြေခံပြီး ချက်ထားတဲ့ မုန့်ဟင်းခါး ဟင်းရည်ကျဲလေး ချက်ဖြစ်ပါတယ်။
တောင်ငူသူ စစ်စစ်ချက်တာ မဟုတ်တဲ့အတွက် လိုအပ်တာတွေ များစွာရှိချင် ရှိနေပါလိမ့်မယ် ဒါပေမဲ့လည်း နတ်တို့ထွင်းတဲ့ ခံတွင်းဆိုသလိုပါဘဲ ခံတွင်းလိုက်ကာ အရသာကောင်းပြီး စားလို့ကောင်းအောင်တော့ ပြင်ဆင်ပြီး ချက်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မုန့်ဖတ် - 1000 g
- ငါးခူ - 500 g
- ဆား - ထမင်းစားဇွန်း တစ်ဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
- စပါးလင် - ၃ချောင်း
- ချင်း -၂လက်မခန့်
- ငါးပိရည်ကျို အနှစ် - ထမင်းစားဇွန်း သုံးဇွန်း
- ပုဇွန်ငပိ - မင်းစားဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်ဝက်ငါးပြုပ် တစ်ဝက်ငါးဆီသတ် )
- ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး (ငါးဆီသတ်ရန်)
- ကြက်သွန်နီ - အလုံးသေး အလုံး ၂၀ခန့် (ဆီချက်ချက်ရန်နှင့် ဟင်းရည်ထဲ ခတ်ပေးရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ ၂၀ခန့် (တစ်ဝက်ဆီချက် တစ်ဝက်ငါးဆီသတ်ရန် )
- ကောက်ညှင်းပေါက်ပေါက် ဆန်လှော်မှုန့် - လိုသလောက်
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
- ပဲကြော် - လိုသလောက်
- ပဲသီး - လိုသလောက်
- နံနံပင် - လိုသလောက်
- ခရမ်းချဉ်သီး - လိုသလောက်
- ငြုပ်သီးအလှော်မှုန့် - လိုသလောက်
- ကြက်ဥ - လိုသလောက်
- သံပုရာသီး - လိုသလောက်
- ငါးခူကို ဘေးဆူးတောင်များ ခုတ်ပြီး ဗိုက်ထဲမှ ကလီစာများ ထုတ်ပေးပါ
- ပြီးတာနဲ့ ဆား ထမင်းစားဇွန်း တဇွန်းထည့်ပြီး ပွတ်တိုက်ဆေးပေးပါ
- ငါးအရည်ခွံတော်တော်လေး ဖြူလာတာနဲ့ ရေစင်အောင်ဆေးပေးပါ
- ဇောက်နက်သော အိုးတလုံးထဲမှာ ရေဆေးထားသော ငါးခူ ပုဇွန်ငါးပိ ငါးပိရည်ကျိုအနှစ် ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း နနွင်းမှုန့် စပါးလင်၂ချောင်းနှင့် ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
- ငါးအသား နူလာတာနဲ့ အအေးခံပြီး အရိုးအသား သတ်သတ်စီ နွှင်ပေးထားပါ
- အသားနွှင်ထားသော အရိုးနှင့် ထည့်ပြုပ်ထားသော စပါးလင်ချောင်းကို ကြေအောင်ထောင်းပြီး ရေအနည်းငယ်နှင့် အရည်ငင်ထားပါ
ငါးဆီသတ်ရန်
- ကြက်သွန်ဖြူကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
- ကြက်သွန်နီ အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ကြမ်းကြမ်း ထောင်းထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
- စပါးလင် အရင်းပိုင်းကို ရေဆေးပြီး ခပ်ပါးပါးလှီးကာ ညက်နေအောင် ထောင်းပေးပါ
- ဒယ်အိုးထဲ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ထည့်ပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် ချင်းထောင်းတို့ကို ထည့်ပြီးဆီသတ်ပေးပါ
- ကြက်သွန်ဆီသတ်နံ့ မွှေးလာတာနဲ့ အရိုးထွင်ထားသော ငါးနှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်ကို ထည့်မွှေပေးပါ
- ဆီသတ်နံ့ သင်းလာပြီ ဆိုတာနဲ့ မီးပိတ်ပေးထားပါ။
ဟင်းရည်ချက်ရန်
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
- ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
- ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပြုပ်ရည် ငါးအရိုးကိုထောင်းပြီး အရည်ငင်ထားသော ငါးရိုးအရည် ငါးဆီသတ်များနှင့် ရေ ၃လီတာခန့်ထည့်ပြီး မီးအနေတော်နှင့် တည်ပေးပါ
- ရေဆူလာတာနဲ့ ကြက်သွန်နီ ဥအသေးများကို ထည့်ပေးပါ
- ကြက်သွန်နီဥထည့်ပြီး ရေပွက်ပွက် ဆူလာတာနဲ့ ဆား ငံပြာရည် အရသာမှုန့်တို့ကို သင့်သလိုထည့်ပြီး သမအောင် မွှေပေးပါ
- ဟင်းရည်အိုး ပွက်ပွက်ဆူလာပြီး ကြက်သွန်များ နူးလာပြီ ဆိုရင်တော့ ထောင်းထားသော ကြက်သွန်ဖြူကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ အရသာကို မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ ပြင်ပေးပြီးတာနဲ့ တောင်ငူမုန့်ဟင်းခါး ဟင်းရည်ကျဲ ပူပူလေး ရပါပြီ။
ကြက်သွန်ဖြူဆီချက် ချက်ရန်
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် ခပ်ပါးပါး လှီးပေးပါ
- ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
- ကြက်သွန်များ အ၀ါရောင် သန်းလာပါက ဆီပြီးဆီစစ်ထားပါ
- ဆီချက်အေးသွားတော့မှ ကြက်သွန်ကြော်နှင့် ပြန်ရောထားပေးပါ
ကောက်ညှင်းပေါက်ပေါက် ဆန်လှော်ထောင်းရန်
- ကောက်ညှင်းစပါးကိုလှော်ပြီး ရလာသော ပေါက်ပေါက်ကို မညက်တစ်ညက်လေး ရလာအောင် ထောင်းထားပါ။
မုန့်ဟင်းခါးနှင့် တွဲဖက်စားရန်
- ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- ပူစီနံကို ရေဆေးပြီး ပြင်ထားပါ
- ပဲတောင့်ရှည်ကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
- ငရုတ်သီး အလှော်မှုန့် ပြင်ထားပါ
- ကောက်ညှင်းဆန်လှော်မှုန့် ပြင်ထားပါ
- ကြက်သွန်ဖြူဆီချက် ပြင်ထားပါ
- မုန့်ဖတ်ကို ပြင်ထားပါ
- ဘဲဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
- သံပုရာသီးကို ရေဆေးပြီး အနေတော် လှီးထားပါ
- ဟင်းရည်ကို ပူပူလေး ဖြစ်အောင် ပြင်ထားပေးပါ
- လိုအပ်သော ပါဝင်ပစ္စည်းများ ပြင်စဉ်ပြီးပါက မိမိတို့ နှစ်သက်သလို စားသုံးနိုင်မည့် တောင်ငူ မုန့်ဟင်းခါးကို ရပါပြီ။
No comments:
Post a Comment