ဒီနေ့တော့ ခြံထွက်ဓါတ်ချဉ်ပေါင် အဖြူလေးတွေနဲ့ ချဉ်ရည်ဟင်းလေး တစ်မယ်ချက်ဖို့ ပြင်ဆင်နေရင်း ဟိုရောဒီရော ပင်စိမ်းရွက်လေးခပ်လို့ တောချက်ချဉ်ပေါင်ဟင်းလေး ချက်ဖို့ ပြင်မိပြန်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ချဉ်ပေါင်ဖြူအရွက် - အနေတော် ဇကာတစ်လုံး
- ပြုပ်ပြီးသား မျှစ်ပေါက်အနု - ၁၅ခုခန့်
- ရုံးပတေသီး - ၇တောင့်
- ပင်စိမ်းရွက် - လက်တစ်ဆုတ်စာ
- ပုဇွန်ခေါင်းချိုး - ၁ဆယ်သား
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ -၂မွှာ
- ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ပုဇွန်ငါးပိ - ကွမ်းသီးဆံ တစ်လုံးစာလောက်
- ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
- ချဉ်ပေါင်ရွက်များကို အညှာဖက်မှ ခြွေပေးပြီး သန့်စင်သွားအောင် ရေနိုင်နိုင်ဆေးချပါ
- ရေဆေးပြီး ဇောက်နက်သော အိုးတစ်လုံးထဲမှာ ထည့်ပေးပါ
- ပြုပ်ပြီးသား မျှစ်ပေါက်အနုကို ထက်ဝက်ခြမ်းကာ အနေတော် လှီးပေးထားပါ
- ရုန်းပတေသီးကို အတောင့်လိုက် ရေဆေးပြီး အညှာကို လှီးပေးထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းပေးပါ
- ပုဇွန်ငါးပိကို ရေ လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးသာသာနှင့် စိမ်ထားပါ
- ပုဇွန်ခေါင်းချိုးကို ရေဆေးပြီး ကြောဖက်မှ အမည်းကြောင်း ထုတ်ကာ အခွံမခွာဘဲ ခေါင်းဖြုတ်ပေးထားပါ
- ချဉ်ပေါင်ရွက် ထည့်ထားသော ဇာက်နက်သော အိုးတစ်လုံးထဲမှာ ရေ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးလောက်နှင့် နနွင်းမှုန့်ထည့်ပြီး မီးပြင်းပြင်းနှင့် တည်ပေးပါ
- ရေပွက်ပွက် ဆူလာပါက ချဉ်ပေါင်ရွက်များကို ကျေသွားအောင် သစ်သားယောင်းမနှင့် ချဉ်ပေါင်ရွက်များ ဘိုးသိုးဘတ်သတ် ကျေလာတဲ့အထိ မွှေပြီးချေပေးပါ
- သန့်စင်ထားသော ပုဇွန်ကို ဆား ငံပြာရည် ငရုတ်သီးထောင်း ဆီ အချိုမှုန့်တို့ကို ရောပြီး နယ်ပေးပါ
- ချဉ်ပေါင်ရွက်များ ကျေလာပါက လှီးထားသော မျှစ်ပေါက်များ အရသာ နယ်ထားသော ပုဇွန်များကို အိုးထဲသို့ရောထည့်ပြီး တည်ပေးပါ
- ရေဆူလာပြီး ပုဇွန်များ အရောင်ပြောင်းလာပါက ရေလိုသလောက်ထည့်ပြီး တည်ထားပါ
- ရေပွက်ပွက်ဆူလာမှ အရည်ဖျော်ထားသော ပုဇွန်ငါးပိအရည်ကို လောင်းထည့်ပြီး ဆူအောင်တည်ပါ
- ရေဆူလာတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ရုန်းပတေသီးနှင့် ပင်စိမ်းရွက်အုပ်ကာ တောချက်ချဉ်ပေါင်ဟင်းကို အသားကင် ငါးပိထောင်းတို့နှင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment