Monday 31 October 2022

မုန့်လက်ဆောင်း





မာမာဒီနေ့တော့ မုန့်လက်ဆောင်း သောက်ချင်တာနဲ့ မုန့်လက်ဆောင်း အဖတ်လေးတွေ လုပ်ဖြစ်ပါတယ် လက်ဝင်တယ်လို့ မဆိုသာပေမဲ့ အိုးခွက်တွေ ဆေးရတာတော့ ပင်ပန်းပါတယ်။

ဒါ​ပေမဲ့လဲ မုန့်လက်ဆောင်းဖတ် ဝယ်လို့မရတဲ့ သူတွေအတွက် ကိုယ်တိုင်လုပ်နိူင်အောင်လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
မုန့်လက်ဆောင်းဖတ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ
  1. ဆန်မှုန့် - 150 g
  2. ရေ -  400 ml
  3. ကော်မှုန့် - 35 g
  4. ထုံးရည်ကြည် -  100 ml
  5. ဆွမ်းမွှေးအရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. food color အစိမ်းရောင် - နှစ်စက်ခန့်
  7. မုန့်ဖတ်ညှစ်မည့်မိုလ် - တစ်ခု
  8. ရေ - လိုသလောက် သုံးပေးပါ
  9. ရေခဲတုံးလေးများ - လိုသလောက် သုံးပေးပါ
  10. နို့စိမ်း - 750ml
ထုံးရည်ကြည် ပြုလုပ်ရန်
  • ထုံး - ထမင်းစားဇွန်း နှစ်ဇွန်း
  • ရေ - 500 မီလီမီတာ
  • ဇလုံတစ်လုံးထဲမှာ ထုံးနှင့်ရေကိုထည့်ပြီး တစ်ညသိပ် ထားပေးပါ
  • မုန့်လက်ဆောင်းဖတ် ပြုလုပ်ရာမှာ တစ်ညသိပ်ထားပြီး ရလာတဲ့ ထုံးရည်ကြည်ကိုဘဲ သုံးပေးပါ။
မုန့်လက်ဆောင်းဖတ် ပြုလုပ်ရန် ပြင်ဆင်ပုံ
  • ဇောက်နက်ပြီး အောက်ချေမကပ်သော အိုးထဲမှာ ဆွမ်းမွှေးရည် food color  ဆန်မှုန့် ကော်မှုန့် ထုံးရည်ကြည်နှင့် ရေတို့ထည့်ပေးပါ
  • ပြီးတာနဲ့ အမှုန့်များ ပျော်သွားအောင် မွှေတံဖြင့်မွှေပေးပါ
  • အားလုံးအရည်ပျော်ပြီး အရောင်များ သမသွားတာနဲ့ မီးဖိုပေါ်တင်ပြီး မီးအေးအေးနဲ့ ကျိုပေးပါ
  • အရည်များ ပျစ်လာပြီး ကြည်လဲ့လဲ့ အရောင်လေး သန်းလာတာနဲ့ မီးပိတ်ပေးပါ
  • ဇလုံတစ်လုံးထဲမှာ ရေခဲနှင့် ရေတို့ကို ထည့်ထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ မိုလ်ထဲကို ကျိုထားသော ဆန်နှစ်များ ထည့်ပေးပါ
  • ပြီးတာနဲ့ မိမိလိုချင်တဲ့ ပုံစံလေးတွေ ရလာအောင် ညှစ်ချပေးပါ
  • မုန့်နှစ်အားလုံး ကုန်အောင် ညှစ်ချပြီးတာနဲ့ ရေစစ်ပြီး ဗူးထဲထည့်ကာ ရေခဲသေတ္တာထဲ ထည့်ထားပေးပါက သုံးရက်လောက် အထားခံပါတယ်။
မုန့်လက်ဆောင်းပွဲ ပြင်ဆင်ပုံ
  • နို့စိမ်းတစ်ဗူးကို အိုးထဲကိုထည့်ကာ ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပြီး အအေးခံထားပါ
  • မိမိက အချိုကြိုက်ပါက သကြားထည့်ပြီး ကြိုပေးပါ
  • အဆင်သင့် ဖြစ်ပါက မိမိအဆင်ပြေသော ခွက်တစ်ခုထဲမှာ မုန့်လက်ဆောင်းဖတ် ထည့်ပေးပါ
  • ပြီးတာနဲ့ နို့စိမ်းဆမ်းပေးကာ သုံးဆောင်နိူင်ပါပြီ။
  • မိမိက ထန်းလျှက်ရည် အုန်းနို့တို့နဲ့ နှစ်သက်ပါကလဲ မိမိနှစ်သက်တဲ့ အရသာကို ဆမ်းပေးပြီးတော့လဲ သုံးဆောင်နိူင်ပါသေးတယ်။

Sunday 30 October 2022

ရွှေရင်အေး

 











အချိုပွဲအတွက် ဒီနေ့တော့ စပါကလင်ကျောက်ကျော သာကူ ကန်စွန်းဥတို့နဲ့ အုန်းနို့ ချိုစိမ့်စိမ့်လေး လုပ်စားဖြစ်ပါတယ် လုပ်နည်းလေးက အရမ်းကို လွယ်ပါတယ်။
ဒါပေမဲ့ ကိုယ်အသုံးပြုမဲ့ ကန်စွန်းဥများက နူးချိန်မတူနိူင်တဲ့အတွက် ကန်စွန်းဥ ပြုပ်ချိန် အပေါ်မှာ မူတည်ပြီး ချင့်ချိန်ကာ ပြုပ်စေချင်ပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကန်စွန်းဥ - အရောင် သုံးမျိုး
  2. အုန်းနို့ - ၄၀၀ မီလီမီတာ (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
  3. သကြား - ထမင်းစားဇွန်း ၆ဇွန်းမောက်မောက် (အချိုကြိုက်လျှင် ပိုထည့်ပါ)
  4. စပါကလင်ကျောက်ကျော - မိမိနှစ်သက်သလောက်
  5. သာကူကျိုပြီးသား - မိမိနှစ်သက်သလောက်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ရေ - ၁၂၀၀ မီလီမီတာ (အုန်းနို့နှင့်ရောကျိုရန်)

ပြင်ဆင်ပုံ
  • ကန်စွန်းဥများကို အခွံခွာပြီး ရေဆေးထားပါ
  • ရေဆေးပြီးတာနဲ့ ပုံပါအတိုင်း အတုံးလေးတွေ တုံးပေးထားပါ
  • ပေါင်းခံဇကာထဲမှာ ကန်စွန်းဥများကိုထည့်ပြီး ပေါင်းအိုးထဲမှာ ထည့်ကာ နူးတဲ့အထိ ပေါင်းပေးထားပါ
  • သာကူကိုကျိုပြီး အအေးခံထားပါ
  • စပါကလင် ကျောက်ကျောကိုကျိုပြီး အအေးခံကာ လှီးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ အုန်းနို့ သကြား ဆားနှင့်ရေတို့ထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
  • အုန်းနို့များ ပွက်ပွက်ဆူလာတာနဲ့ မီးပိတ်ကာ အအေးခံထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့  မိမိနှစ်သက်သလို ပြင်ပေးပြီးပါက ကန်စွန်းဥ အုန်းနို့ကျို ချိုချိုစိမ့်စိမ့်လေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

မန်ကျည်းရွက် ချဉ်ရည်ဟင်း

 


ဒီနေ့တော့ မန်ကျည်းရွက် ပေါင်းပြီးသား ပုလင်းလေး ဝယ်လာပြီး ချဉ်ရည်ဟင်းလေး ချက်ဖြစ်ပါတယ်  ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မန်ကျည်းရွက်  - တစ်ပုလင်း
  2. ပုဇွန်အကောင်သေး - ဆယ့်ငါးကောင်ခန့်
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • မန်ကျည်းရွက်ပုလင်းကိုဖွင့်ပြီး ရေစစ်ထားပါ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာကာ မလိုတာတွေဖယ်ပြီး  အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့်ရောပြီး  ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ မန်ကျည်းရွက်များ  နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီ ငရုတ်သီး ထောင်းတို့ကိုထည့်ပြီး အရသာဝင်သွားအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ပုဇွန်နှင့် ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ
  • အရင်ဆုံး ဟင်းအိုး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အရွက်များ တော်တော်လေး နွမ်းလာတာနဲ့  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူလာတာနဲ့  သုံးမိနစ်လောက် ထပ်ဆူအောင် တည်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ  မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့ မန်ကျည်းရွက် ချဉ်ရည်ဟင်း ပူပူလေးကို  စားသုံးရန်င် ပြင်ဆင်ပေးနိူင်ပါပြီ။

Sunday 23 October 2022

ဆယ်လ်မွန်ငါးကင်

 


 အလုပ်မအားတဲ့ ရက်တွေဆို အမြန်ဟင်းလေးတွေ ချက်ဖြစ်တာ များပါတယ် ဒီတခါတော့ လွယ်ကူ မြန်ဆန် ဆယ်လ်မွန်ငါး ကင်စားဖြစ်လို့ ကင်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆယ်လ်မွန်ငါး - အနေတော် တစ်တုံး
  2. ဆား - အနည်းငယ်
  3. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  4. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ

ပြင်ဆင်ပုံ
  • ငါးကိုရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသောငါးကို ဆား ငရုတ်ကောင်းမှုန့်တို့ဖြင့် ခပ်ဖွဖွ နယ်ပေးပါ
  • အသားငါးကင်သော အကင်အိုးကို အသုံးမပြုပါက အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ
  • အိုးပူလာပါက ဆီထည့်ပြီး မီးကိုအနည်းငယ်လျှော့ပြီးမှ အရသာ နယ်ထားသော ငါးကို အရည်ခွံဘက်မှ စပြီးထည့်ပေးပါ
  • ငါးရဲ့အရည်ခွံဖက်ကို ၃မိနစ်လောက် ကင်ပေးပြီးမှ နောက်တဖက်ကို လှန်ပေးပြီး ဆက်ကင်ပါ
  • အသားဖက်အခြမ်းကို နှစ်မိနစ်လောက်ဘဲ ကင်ပေးပါ
  • ငါးအသား ကျက်ပြီဆိုတာနဲ့ ဆယ်လ်မွန်ဘငါးကင် မွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် သုံးဆောင်နိူင်ပါပြီ။

Wednesday 19 October 2022

ဝက်သားသုပ်

 

ဒီနေ့တော့ ဝက်သား သုံးထပ်သား ဝယ်လာဖြစ်တာနဲ့ ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် ဒါ​ကြောင့်မို့လို့ အရမ်းစပ်ပြီး စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်း နောက်တစ်နည်းကို ထပ်မံပြီး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်သား သုံးထပ်သား - 350 g
  2. ဗီနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ဆား  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4.  ချင်း - လက်တစ်ဆစ်ခန့်


ဝက်သားပြုပ်ပုံ

  • ဝက်သားကို ရေဆေးပြီး ဆား အရသာမှုန့်နှင့် ဗီနီကာတို့ထည့်ကာ နယ်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ထောင်းထားပါ
  • ပြီးတာနဲ့ အိုးထဲမှာ ရေထည့်ပြီး ထောင်းထားသော ချင်းကိုထည့်ပြီး ပြုပ်ပေးပါ
  • ရေများ ပွက်ပွက်ဆူလာပါက အရသာ နယ်ထားသော ဝက်သားတုံးကို ထည့်ပြုပ်ပေးပါ
  • ဝက်သားများ အနေတော် နူးလာပါက ဆယ်ပြီးရေစစ်ထားပါ။
အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ
  1. ဝက်သားပြုပ်ပြီးသား
  2. အရသာမှုန့်
  3. ငါးငံပြာရည်
  4. ငရုတ်ဆီ
  5. ဂေါ်ဖီ
  6. ကြက်သွန်နီ 
  7. ကြက်သွန်ဖြူ 
  8. သခွားသီး 
  9. နံနံပင်
  10. သံပုရာသီး
  11. ငရုတ်သီးစိမ်း

အသုပ်သုပ်ရန် ပြင်ဆင်ပုံ

  • ရေစစ်ထားသော ဝက်သားတုံးကို မထူမပါးလေးတွေ လှီးထားပါ
  • ငရုတ်ဆီ အရသာမှုန့်နှင့် ငါးငံပြာရည်တို့ကို အဆင်သင့် ပြင်ထားပါ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • သခွားသီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးဆွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ဓါးပြားရိုက်ထားပါ
အသုပ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ဝက်သား ငရုတ်ဆီ ဂေါ်ဖီ ကြက်သွန်နီ ကြက်သွန်ဖြူ သခွားသီး နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ ထည့်ပေးပါ
  • ပြီးတာနဲ့ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ  သံပုရာရည်ညှစ်ပြီး နယ်ပေးပါ
  • အရသာ သမအောင် နယ်ပြီးတာနဲ့ အရသာ မြည်းပေးကာ မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ သမသွားတာနဲ့ အရမ်းစပ်ပြီး စားလို့ကောင်းလွန်းတဲ့ ဝက်သားသုပ်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday 17 October 2022

ဇီးသီးနဲ့မရမ်းယို


 




ဒီနေ့တော့ ​အေးရှန်းဆိုင်က အစေ့ထုတ်ပြီးသား ဇီးသီးအခြောက်လေးတွေရယ် သားသား အလည်လာတုန်းက ဝယ်လာတဲ့ မရမ်းပြားလေးတွေရယ်ကို ယိုထိုးဖြစ်ပါတယ်။ 

ဒါကြောင့်မို့လို့ လိုတာလေးတွေ ပြင်ဆင်ကာ ချိုချဉ်စပ်နေတဲ့ ယိုစုံ ယိုထိုးနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. တရုတ်ဇီးသီးခြောက် - 300 g
  2. မရမ်းပြားအခြောက် - 200 g
  3. ထန်းလျှက်ခဲ - 350 g
  4. ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် သုံးဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. လေးညှင်း - ၆ပွင့်
  7. သစ်ဂျပိုးခေါက် - ၂လက်မခန့် နှစ်ခု
  8. ဖာလာ - ငါးစေ့
  9. နာနတ်ပွင့် -သုံးပွင့်
  10. ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ

ပြင်ဆင်ပုံ
  • တရုတ်ဇီးသီးခြောက်ကို ရေတစ်နာရီလောက် စိမ်ထားပြီး အသီးများ ပျော့လာပါက ရေစစ်ထားပါ
  • မရမ်းပြားကို ရေတစ်နာရီလောက် စိမ်ထားပြီး အသာများ ပွလာပါက ရေစစ်ထားပါ
  • ရေစစ်သွားပါက ပေါင်းဇကာထဲကို ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးကို ရေတစ်ဝက်သာသာ ဖြည့်ပြီး ဆူအောင်တည်ပေးကာ ပေါင်းဇကာကိုတင်ကာ မိနစ်၂၀လောက် ပေါင်းပေးပါ
  • ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ခပ်ကျဲကျဲ ကျိုပေးပါ
  • ထန်းလျှက်ခဲများ ပျော်လာတာနဲ့ ထန်းလျှက်ရည်ထဲမှ  အမှိုက်များကို အဝတ်ပါးနှင့်စစ်ပြီး ထန်းလျှက်ရည်ကို ဇောက်နက်ပြီး အိုးအသားထူသော အိုးထဲပြန်ထည့်ပေးပါ
  • ထန်းလျှက်ရည်ထဲသို့ ငရုတ်သီးမှုန့် ဆား သစ်ဂျပိုးခေါက် လေးညှင်း ဖာလာ စမုံစပါး ဇီးသီးတို့ထည့်မွှေပေးပြီး ရေခမ်းအောင် မီးအေးအေးနှင့်မွှေပေးပါ
  • ရေခမ်းပြီး ထန်းလျှက်ရည် ပေါက်စေးကျလာပါက မီးပိတ်ပြီး အအေးခံထားပါ
  • ပြီးတာနဲ့ တရုတ်ဇီးသီးနဲ့ မရမ်ပြားယို ချိုချဉ်စပ် မွှေးမွှေးလေးကို စားသုံးနိူင်ပါပြီ။

Sunday 16 October 2022

ကြက်သွန်ဖြူ ငရုတ်သီးကြော်


ဒီနေ့တော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီး လုံးခြမ်းကွဲတို့ကို ခပ်စပ်စပ်လေးကြော်ပါတယ် ထမင်းကြော်နဲ့ တွဲဖက်ပြီး စားလို့အရမ်းကောင်းသလို ချဉ်ရည်ဟင်း ပဲဟင်းချိုနဲ့ လိုက်ဖက်လွန်းပါတယ်။
စားချင်တဲ့အချိန် အလွယ်တစ်ကူ ရလေအောင် ငရုတ်သီးကြော်လေးကို ခပ်များများလေး ကြော်ဖြစ်သွားခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ကြက်သွန်ဖြူ - အမွှာကြီး အမွှာသုံးဆယ်ခန့်
  2. ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း ငါးဇွန်း
  3. ဆီ - ဟင်းခတ်ဇွန်းကြီး နှစ်ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း ငါးဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • ကြက်သွန်ကိုဖြူ အခွံခွာပြီး အလုံးလိုက်ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီလာပါက  နနွင့်းမှုန့်ထည့်ကာ ကြက်သွန်ကိုဖြူ ထည့်ကြော်ပေးပါ
  • ကြက်သွန်များဖြူ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ
  • ငရုတ်သီးနံ့ မွှေးလာပါက မီးကိုအနေတော် လျော့ပေးပြီး ရေစစ်ထားသော ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ 
  • မကြာမကြာ မွှေပေးပြီး  ကြော်ပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • ငံပြာရည်နံ့ သင်းလာပါက မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ကြက်သွန်ဖြူ ငရုတ်သီး ငံပြာရည်ချက် စပ်စပ်မွှေးမွှေးလေး ရပြီဆိုတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

Saturday 15 October 2022

ငါးခူ ငါးဆားနယ်ဟင်း

 



မာမာဒီနေ့တော့ ငါးခူလေးတွေ ဝယ်လာပြီး ငါးဆားနယ်လေးလုပ်ကာ အချဉ်ဆီလည်ရေလည်ဟင်းလေး ချက်ဖြစ်ပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ ဟင်းလေးဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးဆားနယ် ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးခူ - အကောင်ကြီးကြီး နှစ်ကောင်
  2. ဆား - ထမင်းစားဇွန်း သုံးဇွန်း (ငါးဆားနယ်လုပ်ရန်)
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် ( ဟင်းချက်ရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ (ဟင်းချက်ရန်)
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  13. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
ပြင်ဆင်ပုံ

  • ငါးကို ဆူးတောင်များ ခုတ်ပေးပြီး ဗိုက်ခွဲကာ မလိုတာတွေ ဖယ်ပေးပြီး သန့်စင်ကာ ရေဆေးပြီး ရေစစ်ပေးပါ
  • ရေစစ်သွားတာတဲ့ ဆားများများနှင့် နယ်ပေးကာ လေလုံရေလုံသော အိတ်ထဲမှာ ထည့်ပေးကာ တစ်ညသိပ် ထားထားပေးပါ
  • နောက်နေ့ ဟင်းမချက်ခင် ငါးမှာကပ်နေသော ဆားများကုန်သွားအောင် ရေ လေးငါးထပ်လောက် ဆေးပေးပါ
  • အားလုံးပြီးပါက ငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်း နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာတို့နဲ့ နယ်ကာ နာရီဝက်လောက် နှပ်ထားပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေနွေးနှင့် စိမ်ထားပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့် ငရုတ်သီးအရောင်တင်မှုန့်ရောပြီး ထောင်းထားတို့ကို အတူထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာပါက ငရုတ်သီး ထောင်းထားသော ငရုတ်ဆုံကို ရေအနည်းငယ်နှင့် ကျင်းကာ ဆီသတ်တဲ့ အိုးထဲကို ထည့်ပေးပါ
  • ပြီးတော့မှ ငါးကိုထည့်ပြီး ငါးအသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက မန်ကျည်းသီးမှည့် အရည်ကို ငါးထဲမြုပ်အောင် ထည့်ပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ နံနံပင် အုပ်ပေးပါ
  • ငါးဆားနယ် ငါးဟင်း အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

Wednesday 12 October 2022

က ကတစ်ငါးကင်

 


ဒီနေ့တော့ က ကတစ်ငါး တစ်ကောင် ဝယ်လာပြီး ငါးအသားလွှာကာ အကင်အိုးလေးနဲ့ ကင်ပါတယ် စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. က ကတစ် - အကောင်ကြီးကြီး တစ်ကောင်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. သံပုရာသီး - တစ်လုံး
  8. နံနံပင် - မိမိနှစ်သက်သလောက်
  9. အကင်အိုး 
ပြင်ဆင်ပုံ
  • ငါးကို မလိုတာတွေ ဖယ်ပေးပြီး သန့်စင်ပေးပါ
  • ပြီးတာနဲ့ ရေစင်အောင်ဆေးပြီး အရည်ခွံများ ဖယ်ပေးပြီး ငါးအသားကို လွှာပေးကာ အရိုးများကို ဖယ်ပေးပါ
  • ရေစစ်ထားသော ငါးကို နနွင်းမှုန့် ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ နာရီဝက်လောက် နှပ်ပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ငါးကင်ရန်အတွက် အကင်အိုးကို အပူပေးပါ
  • အိုးပူလာပါက ဆီထည့်ပြီး အိုးအဖုံးနှင့် အိုးအ​ပြားကို ဆီနှင့် လိုက်သုတ်ပေးပါ
  • ပြီးတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ငါးအသားပြားများကို စပြီးထည့်ပေးပါ
  • ငါးရဲ့တစ်ဖက်ကို လေးမိနစ်လောက် ကင်ပေးပြီးမှ နောက်တစ်ဖက်ကို လှန်ပေးပြီး ဆက်ကင်ပါ
  • နောက်တစ်ဖက်ကိုလဲ လေးမိနစ်လောပ်ဘဲ ကင်ပေးပါ
  • သံပုရာသီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးပေးပါ
  • နံနံပင်ကို ရေဆေးထားပါ
  • ငါးကင် ကျက်သွားတာနှင့် နံနံပင်များနဲ့ သံပုရာသီး အစိတ်လေးများကို ပြင်ပေးပြီးတာနဲ့ ငါးကင် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိူင်ပါပြီ။

Sunday 2 October 2022

ကြက်ဥချဉ်ရည်ဟင်း

 


ဒီနေ့တော့ စိတ်ထဲက စားချင်လို့ ကြက်ဥချဉ်ရည်ဟင်းလေး ချက်ဖြစ်ခဲ့ပါတယ် 
ချက်နည်းလေးကတော့ မကြာမကြာ ချက်ဖြစ်တဲ့ ချက်နည်းလေး အတိုင်းဘဲ ချက်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ငါးလုံး
  2. အာလူး - အနေတော် ငါးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  5. ချင်း - လက်တစ်ဆစ်
  6. မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  • ကြက်ဥကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာကာ အပ်ထားခြည်ကြိုးနှင့် ထက်ဝက်ခြမ်းပေးထားပါ
  • အာလူးကို အခွံခွာပြီး လေးစိတ်စိတ်ကာ ရေဆေးထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့အာလူးကိုထည့်ပေးပြီး ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးပြီး ဆီသတ်ပေးပါ
  • ငံပြာရည်နံ့ သင်းလာပြီး အာလူးအရောင် ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ကာ အာလူးနူးအောင် တည်ပေးပါ
  • အာလူးနူးလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပေးကာ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာတာနဲ့ ကြက်ဥကို ထည့်ပေးကာ တည်ပေးပါ
  • ဆီကျန်ရေကျန် အနေအထားလေး ရလာတာနဲ့ မဆလာအုပ်ပေးကာ မီးပိတ်ပေးနိုင်ပါပြီ။