Sunday 31 January 2021

ထမနဲ အလွယ်ထိုးနည်း










ဒီနေ့တော့ လပြည့်နေ့က ဆွမ်းတော်ကပ်ချင်လို့ ထမနဲကို အမြန်ထိုးတဲ့နည်းနဲ့ ထိုးဖြစ်သွားပါတယ် ထမနဲကို အရောင်လေးနဲ့ လိုချင်တာနဲ့ ကောက်ညှင်းငချိတ်ရယ် ကောက်ညှင်းအဖြူရယ် ရောပြီး ထိုးထားပါတယ် ကောက်ညှင်းငချိတ်ကြောင့် အရောင်မဲတဲ့ဘက်ကို သွားတဲ့အတွက် နှမ်းကိုတော့ နှမ်းမည်းမသုံးဘဲ နှမ်းဖြူကိုဘဲ သုံးထားပါတယ်ရှင်။

ကောက်ညှင်းဆန်ကို မိုက်ကရိုဝေ့နဲ့ အရင်ဆုံး ကျက်သွားအောင် ချက်ထားတဲ့အတွက် ရိုးရိုးထမနဲထိုးသလို လက်အရမ်းမညောင်းဘဲ လက်ညောင်းတာတော့ တော်တော်လေး သက်သာပါတယ်။

ဒါကြောင့်မို့လို့ မိုက်ကရိုဝေ့နဲ့ ကောက်ညှင်းကို အရင်ချက်ပြီးမှ မာမာပြင်ဆင်ပြီး ထိုးထားတဲ့ ထမနဲ အမြန်ထိုးနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

နောက်တစ်ခုလေး မာမာမေတ္တာရပ်ခံချင်တဲ့ စကားလေးလဲ ပြောချင်ပါသေးတယ် မာမာ့ ဘလော့က ဟင်းချက်နည်း မုန့်လုပ်နည်းများကို လူတိုင်းကြည့်လို့ ရနေအောင် လုပ်ထားတဲ့အတွက် မည်သူမဆို copy ယူလို့ ရကြပါတယ်။

အဲဒီလို ယူသွားတဲ့ အခါတွေမှာလဲ ယူသွားကြောင်း ကျေးဇူးတင်စကားလေး တစ်ခွန်းမှ မပြောသွားကြပါဘူး မပြောချင်နေကြပါ ပုံတွေက ဘလော့စာတန်းကို မဖျက်ကြဖို့ တောင်းပန်သလို ကိုယ်တင်ချင်တဲ့ နေရာမှာ တင်ကြတဲ့အခါတိုင်းလဲ ဘလော့လင့်လေးတွေကို ပေးစေချင်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းဆန် အဖြူ  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ကောက်ညှင်းငချိတ် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  3. အုန်းသီးစိတ်အခြောက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  4. ချင်းတက် - ၂လက်မခန့်
  5. နှမ်းဖြူ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  6. ဆား - လဖက်ရည်ဇွန်း တစ်ဇွန်း
  7. မြေပဲလှော် - ထမင်းပေါင်းအိုး ဆန်ချင်ဗူးတစ်ဗူး
  8. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  9. မိုပ်ကရိုဝေ့သုံးဗူး - တစ်ဗူး
ပြင်ဆင်ပုံ
  • မြေပဲလှော် အခွံချွတ်ပြီးသားကို အဆင်သင့် ပြင်ထားပါ
  • နှမ်းဖြူကို မီးအနေတော်နှင့် မွှေးလာတဲ့အထိ လှော်ထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ် ရှည်ရှည်လေးတွေ လှီးထားပါ
  • အုန်းသီး ဆားနှင့်ဆီတို့ကို အဆင်သင့် ပြင်ထားပါ
  • ကောက်ညှင်းဆန်ကို နှစ်မျိုးလုံးကိုရောပေးကာ ရေသုံးထပ်လောက် ဆေးပေးပါ
  • ပြီးတာနဲ့ မိုက်ကရိုဝေ့ မီးဖိုထဲမှာ သုံးလို့ရတဲ့ ဗူးထဲမှာ ထည့်ပေးပါ
  • ကောက်ညှင်းဆန်များ ထည့်ပြီးတာနဲ့ ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူးကို ထည့်ပေးပါ
  • ရေထည့်ပြီးတာနဲ့ မိုက်ကရိုဝေ့ မီးဖိုထဲကို ထည့်ပေးကာ ငါးမိနစ် ချက်ပေးပါ
  • ငါးမိနစ်ပြည့်တာနဲ့ ဗူးကိုအပြင်ထုတ်ပြီး လေး ငါးချက်လောက် မွှေပေးပါ
  • ပြီးတာနဲ့ နောက်ထပ်ရေတစ်ဗူး ထပ်ထည့်ပြီး သမအောင် မွှေပေးကာ ငါးမိနစ် ထပ်ထည့်ပေးပါ
  • နောက်ထပ် ငါးမိနစ် ပြည့်တာနဲ့ ဗူးကိုအပြင် ထုတ်ပေးကာ လေးငါးချက်လောက် မွှေပေးပါ
  • အထက်ပါ နည်းအတိုင်း ရေတစ်ဗူး ထပ်ထည့်လိုက် မွှေပေးပြီး မိုက်ကရိုဝေ့ထဲ ပြန်ထည့်လိုက် စုစုပေါင်း ငါးခါလောက် လုပ်ပေးပြီးရင် ကောက်ညှင်း ချက်ထားတာ ရပါပြီ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ချင်းကိုအရင်ဆုံး ထည့်ကြော်ပေးပါ
  • ချင်းနံ့လေး သင်းလာတာနဲ့  အုန်းသီးကို ထည့်မွှေပေးပါ
  • အုန်းသီးနဲ့လေး မွှေးလာတာနဲ့ မြေပဲလှော်ပြီးသားကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ နှမ်းလှော်ကို ထည့်မွှေပေးပါ
  • အားလုံးသမသွားတာနဲ့ ချက်ထားသော ကောက်ညှင်းနှင့်ဆားတို့ကို ထည့်မွှေပေးပါ
  • အရသာ သမအောင် မွှေပြီးတာနဲ့ အပေါ့အငံ အရသာကို မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာတာနဲ့ မီးအနေတော်နဲ့ ဆယ့်ငါးမိနစ်လောက် တည်ပေးရင်း အထက်အောက် လှန်လှန်ပေးပြီးပါက ထမနဲ အလွယ်ထိုးနည်းလေး ရပါပြီ။

Saturday 30 January 2021

ကြက်ဆာတေးကင်






ဒီနေ့တော့ နွေခေါင်ခေါင်မှာ ရွာနေတဲ့မိုးက တပါတ်နီးပါး ရှိနေခဲ့ပါပြီ ဒီတော့လဲ အပြင်သွားဖို့ရာ စိုတိစိုဖတ်နဲ့မို့လို့ မသွားနိူင်လေတော့ သားအမိတစ်တွေ အိမ်မှာဘဲ မနေ့ကထဲက အရသာနယ်ကာ နှပ်ထားတဲ့ ကြက်သားလေးနဲ့ ကြက်ကင်လေး လုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ chicken satay ကင် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - မထူမပါး လှီးထားသော ကြက်သား ၆ခု
  2. ထောင်းထားသော ကြက်သွန်ဖြူ - ၂မွှာ
  3. ထောင်းထားသော နံနံပင်အမြစ် - ၈ခု
  4. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီအသေး ၂ဥ
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နံနံပင်အခြောက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  11. ဗနီကာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. အုန်းနို့ - ထမင်းစားဇွန်း လေးဇွန်း
  13. အသားကင်မည့် ဝါးချောင်း - ၈ခု
ပြင်ဆင်ပုံ
  • လှီးထားသော ကြက်သားကို ပြင်ထားပါ
  • ဇလုံတလုံးထဲမှာ ကြက်သွန်ဖြူ ကြက်သွန်နီ နံနံပင်အမြစ် ငရုတ်သီး အရောင်တင်မှုန့် ဆား သကြား နံနံပင်အခြောက် နံနွင်းမှုန့် ဆီ ဗနီကာနှင့် အုန်းနို့ ထမင်းစားဇွန်း နှစ်ဇွန်းတို့ကိုထည့်ပြီး မွှေပေးပါ
  • အရသာ နယ်ထားသော ဇလုံထဲမှာ လှီးထားသော ကြက်သားကို အရသာ သမသွားအောင် ထည့်မွှေပေးပါ
  • အရသာ နယ်ပြီးတာနဲ့ clean wrap နှင့် ဇလုံကို လုံအောင်ဖုံးပေးပါ
  • ပြီးတာနဲ့ ထိုဇလုံကို ရေခဲသေတ္တာထဲမှာ ၁၂နာရီခန့်ထည့်ပြီး နှပ်ထားပါ
  • အုန်းနို့ကိုလဲ ရေခဲသေတ္တထဲမှာ ထည့်ထားပါ
အသားကင်ရန် ပြင်ဆင်ပုံ
  • အရင်ဆုံ ဝါးချောင်းလေးများကို ရေမြုပ်အောင်ထည့်ပြီး တနာရီခန့်စိမ်ထားပါ
  • ရေစိမ်ထားသော ဝါးချောင်းတချောင်းစီမှာ အရသာနှပ်ထားသော ကြက်သားတခုစီကို ပုံပါအတိုင်း အတွန့်လေးများရအောင် ထိုးပေးပါ
  • အုန်းနို့ကို ပြင်ထားပါ
  • ကင်မည့်အိုးကို မီးအပူပေးပါ
  • အိုးပူလာတာနဲ့ အသားချောင်းကို အုန်းနို့သုတ်ပေးပြီး အကင်အိုးပေါ် တင်ပေးပါ
  • အသားကင် တူးကပ်မသွားစေရန် မကြာမကြာ တဖက်ဆီလှည့်ပေးပါ
  • အသားကင်ကို တခါလှည့်ပေးတိုင်း အုန်းနို့တခါ သုတ်ပေးပါ
  • လေးမိနစ်လောက် ကင်ပေးပြီးပါက ကြက်သားကင် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

Friday 29 January 2021

ကြာစွယ်ကြော်










ဒီနေ့တော့ ကြာစွယ်လေးတွေ ဝယ်လာပြီး အကြော်မှုန့်နဲ့ ကြော်စားပါတယ် နေ့လည်နေ့ခင်း အပျင်းပြေ စကားလေး ပြောကြရင်း ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်လွန်းပါတယ်။


ဒါကြောင့်မို့လို့ ကြော်ရတာ လွယ်သလောက် စားရတာ အရမ်းကောင်းတဲ့အတွက်  ကြာစွယ်လေးတွေ မိမိအိမ်မှာ အဆင်သင့် ရှိနေမယ် အချိန်လေးလဲ အားနေမယ် ဆိုရင်တော့ ကြော်စားကြည့်ရအောင် ကြော်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြာစွယ်  -  တစ်ခု
  2. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  3. တန်ပူရာမှုန့် - 150 g
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်မရှိတစ်ရှိ
  7. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • တန်ပူရာမှုန့်ကို ရေနည်းနည်းချင်းထည့်ကာ ရောပေးပြီး သမအောင်မွှေပေးကာ ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • ရေကိုတစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်းထည့်ပေးကာ လိုတိုးပိုလျော့ လုပ်ပေးပါ
  • မုန့်နှစ်ကို ခပ်ပြစ်ပြစ် အေနအထား ရအောင်ဖျော်ပေးပါ
  • ကြာစွယ်မှ အခွံကို ခွာပေးကာ မလိုအပ်တဲ့  အထက်အောက်ပိုင်းနေရာကို ဖြတ်ပေးပြီး ဖယ်ပေးကာ လွှင့်ပလိုက်ပါ
  • ကျန်နေသော အပိုင်းကို ရေဆေးကာ ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ အကွင်းလိုက်လှီးပြီး ခပ်သေးသေး အတုံးလေးတွေ တုံးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ပြီးတာနဲ့ ဖျော်ထားသော မုန့်နှစ်ထဲမှာ ဆား အရသာမှုန့် လှီးထားသော ကြာစွယ်နှင့် ကြက်သွန်နီတို့ကို ရောမွှေပေးပါ 
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုမီးအား ခပ်ပြင်းပြင်းနဲ့ အပူပေးပါ
  • ဆီပူလာပါက မီးကိုအလယ်လောက်အထိ လျှော့ပေးပြီးမှ ကြာစွယ်နှင့်မုန့်နှစ်ကို သမအောင် ခပ်ယူပြီး ထဲ့ကြော်ပေးပါ
  • မုန့်နှစ်လူးထားတဲ့ ကြာစွယ်ကို ဆီအိုးထဲ ထည့်ရာမှာ အထဲထိ ကျက်စေရန်အတွက် ဖြန့်ပြီးထည့်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • မီးအရမ်း များပါက ကြာစွယ်ရဲ့ အထဲဖက်မှာ မကျက်ဘဲ မာဆတ်ဆတ်ကြီး ဖြစ်နေတတ်ပါတယ်
  • ကြော်နေစဉ် တစ်ဖက်က ရွှေဝါရောင်သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါပြီး ကြွတ်ရွလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြာစွယ်ကြော် ကြွတ်ကြွတ်ရွရွ ချိုချိုလေးကို ဆလတ်ရွက် နှစ်သက်ရာ အချဉ်နဲ့ တွဲဖက်ကာ သုံးဆောင်လို့ရပါပြီ။

Thursday 28 January 2021

ပုဇွန်ခြောက် ငါးပိချက်






 ဒီနေ့တော့ သမီးငယ်လေး စားချင်တယ် ဆိုတာနဲ့  ထမင်းမြိန်မြိန် စားနိူင်စေမဲ့ ကြာဇံချက်လေးချက် တို့စရာလေးတွေ ပြင်ပေးကာ ပုဇွန်ခြောက် ငါးပိချက်လေး ချက်ပေးဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ စားမြိန်ငါးပိချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ခြောက် - အကောင်ကြီးကြီး နှစ်ဆယ်သား
  2. ကြက်သွန်နီ - ခပ်ကြီးကြီး ဆယ်လုံး
  3. ကြက်သွန်ဖြူ - အနေတော်အမွှာ နှစ်ဆယ်ခန့်
  4. ငရုတ်သီး လုံးခြမ်းကွဲ -  ထမင်းစားဇွန်း လေးဇွန်း
  5. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း (အငံကြိုက်ပါက ပိုထည့်ပေးပါ)
  8. ဆား - ထမင်းစားဇွန်း တစ်ဝက်အ
  9. ရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ပုဇွန်ခြောက်ကို ရေတစ်ထပ်ဆေးကာ ရေနာရီ၀က်လောက် စိမ်ထားပြီးမှ ညက်နေအောင် ထောင်းပေးပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ။
  • အားလုံးအဆင်သင့် ဖြစ်ပါက ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ။
  • အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ။
  • ဆီပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ။
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီး လုံးကြမ်းခွဲကို ထည့်ပြီး ၂မိနစ်လောက် ကြော်ပေးပါ။
  • ကြော်နေစဉ် ငရုတ်သီးများ အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  • ငရုတ်သီးနံ့ မွှေးလာပါက ပုဇွန်ခြောက်ထောင်း ဆား ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ။
  • မကြာမကြာ မွှေပေးပြီး ဆီပြန်ထွက်လာတဲ့အထိ မီးအေးအေးနဲ့  ကြော်ပေးပြီး အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးကာ ကြက်သွန်ဖြူကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ။
  • ပုဇွန်ခြောက် ငါးပိချက်ကို ခပ်ငံငံလေး ကြိုက်ပါက ငါးငံပြာရည်ကို ပိုထည့်ပေးပါ။
  • ပုဇွန်ခြောက် ငါးပိချက် မွှေးမွှေးလေး ရလာတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Wednesday 27 January 2021

ဆီးချိုဝေဒနာသည်တို့နှင့် သင့်တင့်သော ထမင်းတနပ်စာ


 ဒီနေ့တော့ ဆီးချိုရှိသူတွေအတွက် စားသုံးရန် သင့်တော်မဲ့ ထမင်းပွဲ ပြင်ဆင်ပုံလေးကို မျှဝေပေးချင်ပါတယ် မာမာကိုယ်တိုင်လဲ ဆီးချိုရှိတဲ့အတွက် ကိုယ်စားဖို့အတွက်ကို ကိုယ့်ဘာသာကို တွက်ချက်ပြီး ပြင်ဆင် စားသောက်ရပါတယ်။

ဆီးချိုရောဂါ ရှိသူတွေဟာ ဆီးချိုရောဂါ ရှိကြတယ်ဆိုတာ နံမည်သာ တူကြတာပါ အချိုဓါတ် အတက်အကျ အနည်းအများ အပေါ်မှာ မူတည်ပြီးတော့ ဆေးသောက်ကြရပုံခြင်း မတူကြတာတွေလဲ ရှိတတ်ကြပါတယ်။

ဒါကြောင့်မို့လို့ အခုမာမာ စားသလိုမျိုး နေ့စဉ်ပုံမှန် စားရင်တော့ မိမိရဲ့ ကလူးကို့စ် အချိုပမာဏကို ထိမ်းပေးနိူင်ပါတယ် ဒိထက် ပိုစားရင်တော့ အချိုဓါတ်က တက်နေမှာ သေချာပါတယ်။

ကျမတို့ မြန်မာလူမျိုးတွေက မွေးလာပြီး စားတတ်တဲ့အရွယ် ရောက်တာနဲ့ ထမင်းကိုဘဲ အဓိကထားပြီး စားသုံးကာ ကြီးပြင်းခဲ့ကြတာ ဖြစ်ပါတယ် ဒါကြောင့်မို့လို့ ဆီးချို ဝေဒနာ ခံစားလာရပြီဟေ့လို့ ဆိုလိုက်တာနဲ့ ထမင်းမစားနဲ့ အသီးတွေ မစားနဲ့ ဟိုဟာမစားနဲ့ ဒီဟာမစားနဲ့ ဟိုလိုမနေနဲ့ ဒီလိုမထိုင်နဲ့ ဆိုတာတွေကို တစ်ယောက်တစ်ပေါက် ပြောတတ်ကြပါတယ်။

အဲဒီလို ပြောလာကြတာနဲ့ ဝေဒနာရှင်က ကြောက်လန့်ပြီး စားနေကျ အစားအစာတွေကို ရှောင်ပါတော့တယ် တုံးတိကြီး ရှောင်တဲ့သူတွေက ရှောင်လိုက်ကြပါတယ် ဒီလိုရှောင်လိုက်တာနဲ့ အရင်ဆုံး ဝေဒနာရှင်ဟာ စားနေကျ အစားအစာတွေ မစားရတဲ့အတွက် စိတ်ဓါတ်တွေ ကျလာမယ် ကြာလာတဲ့အခါ အားအင်တွေ ချိနဲ့လာမယ်။

ဒီအခါမှာ မလိုလားအပ်တဲ့ ရောဂါတွေက ထပ်ပြီးဝင်လာတတ်ပါတယ် စားနေကျ ထမင်းကို မစားရတော့ဘူး ဆိုတာနဲ့ စိတ်ဓါတ်တွေလဲ ကျလာပါလိမ့်မယ်။

ဒါကြောင့်မို့လို့ ဆီးချိုရောဂါအတွက် နောက်ဆုံးပေါ် ကုထုံးတွေမှာ ထမင်းကို စားလို့ရသလို ပေါင်မုန့်လဲ စားလို့ရပါတယ် အသီးအရွက်တွေကိုလဲ အချိုပမာဏ အနည်းအများအပေါ် မူတည်ပြီး အချိုးအစား ချိန်တွယ်တွက်ဆကာ စားလို့ရပါတယ်။

ထိုနည်းတူပါဘဲ ဆရာဝန် ညွှန်ကြားတဲ့ ဆေးပမာဏကို နေ့စဉ်ပုံမှန်သောက်ပေးပါအစားအသောက်ကိုလဲ ဆရာဝန် တွက်ချက်ပေးထားတဲ့အတိုင်း စားသောက်ပေးပါ လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်လုပ်ပေးပါ။

ဆီးချိုရှိပြီ ဆိုတာနဲ့ တတ်ကျွမ်းတဲ့ သက်ဆိုက်ရာ ဆရာဝန်နဲ့ အရင်ဆုံး ပြသပေးပါ ပြီးတာနဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်ပေးပါ။

ပြီးတာနဲ့ တတ်သိနားလည်တဲ့ ဆရာဝန် တွက်ချက်ပေးတဲ့ ပုံစံအတိုင်း စားသောက် နေထိုင်ပြုမူ ပေးရင် အသက်ကို ဉာဏ်စောင့်တယ် ဆိုတာလေးလဲ ပြောလိုက်ပါတယ်ရှင်။

အခုပြထားတဲ့ ပုံလေးကတော့ မာမာရဲ့ နေ့လည်စာအတွက် ထမင်းကို မုန့်လုပ်ရာမှာ ချင်တွယ်တဲ့ခွက်ရဲ့ တစ်ဝက်ရယ် ငါးကင်ရယ် အသီးအရွက်လေးတွေရယ်ကို ပြင်ထားတာ ဖြစ်ပါတယ်ရှင်။

မာမာကတော့ မနက်စောစောစာကို ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်မီးကင် တစ်ချပ်စားပါတယ် ကော်ဖီဖျော်တဲ့အခါမှာ ကော်ဖီမှုန့်ရယ် မလိုင်မပါတဲ့ နွားနို့ရယ်နဲ့ ဖျော်ပါတယ်။

တစ်ခါတစ်ရံမှာ မနက်စောစောစာအတွက် ကွေကာအုပ်ကို ပျားရည်စစ်စစ်နဲ့ အသီးတမျိုးမျိုး ထည့်ပြီးစားပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ နေ့လည်စာအတွက် ထမင်းတစ်ပန်းကန်စာကို ငါးကင် ထမင်းနဲ့ အရန်ဟင်းလေးတွေ ပြင်ထားတာကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပြင်ဆင်ပုံ
  • ထမင်း - 1/2 cup
  • ငါးကင် - တစ်ကောင်
  • ဂေါ်ဖီကြော် - 1cup
  • ပဲနီလေးဟင်းချို - 1cup
  • ခရမ်းချဉ်သီး - မိမိနှစ်သက်သလောက် စားပါ
  • သံပုရာသီး - တစ်စိတ်

Tuesday 26 January 2021

ငါးကြင်း အချိုပေါင်း







ဒီနေ့တော့ ငါးကြင်းတစ်ကောင် ဝယ်လာပြီး အသားပိုင်း သုံးပိုင်းကို pressure cooker နဲ့ ပေါင်းဖြစ်သွားလို့ မာမာပေါင်းတဲ့ ငါးပေါင်းနည်းလေး မျှဝေလိုက်ပါတယ်။

pressure cooker ချက်တဲ့အခါ မိမိဟင်းချက်တဲ့အပေါ် လိုအပ်တဲ့ အချိန်အတိုင်း ပေါင်းပေးပြီးတာနဲ့ အိုးထဲက လေကုန်အောင် ထုတ်ပေးဖို့တော့ သတိထား စေချင်ပါတယ်ရှင်။

အိုးထဲက လေမကုန်ဘဲ အိုးအဖုံးကို ဖွင့်မိရင် အရမ်းဘဲ အန္တရာယ် များတတ်ကြောင်းလဲ သတိလေး ပေးပါရစေ။

ပါ၀င်ပစ္စည်းများ
  1. ငါးကြင်း - 500 g 
  2. သံပုရာသီး - တစ်လုံးနှင့်တစ်ခြမ်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ခရမ်းချဉ်သီး - အလုံးကြီးကြီး တစ်လုံး
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  9. ကြက်သွန်နီ - အနေတော် တစ်ဥ
  10. ချင်း - လက်တဆစ်ခန့်
  11. စပါးလင် အရိုးနှင့်အရွက် - ငါးပင်ခန့်
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကို ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးထားပါ
  • ငါးကို အကြေးခွံခွာပြီး အူကလီစာများ ထုတ်ပေးကာ ခပ်ထူထူပိုင်းပြီး ရေစင်အောင်ဆေးပါ
  • ငါးကို ဆား ငံပြာရည် အရသာမှုန့် နနွင်းမှုန့်နှင် သံပုရာရည်ညှစ်ကာ ဖိဖိပြီး ဆုတ်ဆုတ်နယ်ပေးပါ
  • Pressure Cooker အိုး အတွင်းအောက်ခြေမှာ စပါးလင် အရိုးနှင့် အရွက်များကို ဖြန့်ခင်းပြီး စပါးလင်အပေါ်မှာ ငါးများစီပြီး တင်ပေးပါ
  • Presser Cooker ခလုတ်ကို နာရီဝက် အချိန်ကို နှိပ်ပေးပါ
  • ပြီးတာနဲ့ ငါးအပေါ် ရေမြုပ်အောင်ထည့်ပြီး အဖုံအုပ်ကာ ခလုတ်နှိပ်ပြီး ချက်ပေးပါ
  • ချိန်ထားသော နာရီဝက်ပြည့်လို့ ခလုတ်တက်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပါ
  • လေကုန်တာနဲ့ အိုးအဖုံးဖွင့်ပြီး ရေ အနည်းငယ် ထပ်ထည့်ပေးပြီး နောက်ထပ် နာရီဝက် ထပ်ချိန်ပေးပြီး ပထမနည်းအတိုင်း ဆက်ချက်ပေးပါ
  • နောက်ထပ် နာရီဝက် ပြည့်သွားပြီး ခလုတ်တက်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးဖွင့်ပေးပါ
  • ပြီးတာနဲ့ ငါးအရိုး နူးမနူး စမ်းကြည့်ပါ 
  • ငါးအရိုးနူးလာပါက စပါးလင်ဖတ်များ ဖယ်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ လိုသလို ပြင်ပေးပြီး ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ခရမ်းချဉ်သီးတို့ကို ငါးအိုးထဲထည့်ကာ ၃မိနစ်ခန့် ပေါင်းပေးပါ
  • ပြီတာနဲ့ အိုးထဲမွ လေကုန်အောင် ထုတ်ပြီးမှ အိုးအဖုံး ဖွင့်ပေးပါ 
  • ဆီလုံးဝမပါဘဲ ပေါင်းထားတဲ့ ငါးကြင်းပေါင်း ဟင်းလေးကို စားသုံးရန် ပြင်နိူင်ပါပြီ။

Monday 25 January 2021

Lima Beans ပဲနှပ်


 






တစ်ပါတ်တစ်ရက် သတ်သတ်လွတ်စားတဲ့ အခါတိုင်း ဘာစားရရင်ကောင်းမလဲ မစဉ်းစားရလေအောင် ကိုယ်စားတတ်တဲ့ ပဲမျိုးစုံကို ဝယ်လာခဲ့ပါတယ်။

ဒီနေ့တော့ lima beans ပဲကိုရေစိမ်ပြီး အခွံခွာကာ ပဲနှပ်လေး လုပ်ထားပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ဒီအတိုင်းစားရင်လဲ စိမ့်ပြီးကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်လေးးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပဲပြုပ်ရန် ပါဝင်ပစ္စည်းများ

  1. Lima Beans - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ဇလုံ ခပ်ကြီးကြီး တစ်လုံးထဲမှာ ပဲကိုထည့်ပြီး ရေနှစ်ထပ်လောက် ဆေးပေးပါ
  • ပြီးတာနဲ့ ပဲများအားလုံး မြေုပ်အောင်ထည့်ပြီး တစ်ညသိပ်လောက် ရေစိမ်ပေးပါ
  • နောက်နေ့မနက် ရောက်တာနဲ့ ရေစိမ်ထားသော ပဲများပွလာတာနဲ့ တစ်စေ့ချင်း အခွံချွတ်ပေးပါ
  • အခွံအားလုံး ချွတ်ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ထည့်ပေးပါ
  • ပြီးတာနဲ့ နနွင်းမှုန့်ထည့်ကာ ပဲများကို ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပထမတစ်ရည်ခမ်းပြီး ပဲမနူးသေးပါက ရေထပ်ထည့်ပြီး ပဲများနူးတဲ့အထိ ပြုပ်ပေးပါ
  • ပဲများ နူးလာတာနဲ့ မီးပိတ်ပေးပါ။
ပဲနှပ်ရန် ပါဝင်ပစ္စည်းများ
  1. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  2. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာမညက်တစ်ညက် ထောင်းပေးပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီးအပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွ န်ကြော်များ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီအိုးထဲမှ ာဆီအနည်းငယ် ချန်ထားပြီး ထိုဆီထဲမှာ ပဲပြုပ်ကို ထည့်မွှေပေးပါ
  • ပဲပြုပ်နှင့်ဆီတို့ သမသွားတာနဲ့ အရသာမှုန့်ထည့်ပြီး မွှေပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ မြည်းကြည့်ကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးပြီး ပဲများအပေါ်မှ ကြက်သွန်ဖြူကြော်ဖြူးကာ ပဲနှပ် စိမ့်စိမ့်လေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

Saturday 23 January 2021

ပဲလိပ် မှိုခြောက် ပန်းခြောက် ကော်ရည်


 
ကော်ရည်ပူပူလေး ချက်တဲ့နေ့ကတော့ ထမင်းမြိန်စေတဲ့ နေ့လေးတစ်နေ့ပါဘဲ အသားမပါပေမဲ့ အချို  အငံအရသာ ပိုထားတဲ့အတွက် အရသာက ပြည့်စုံနေတာကြောင့် စားမြိန်ဖွယ်ရာ ဟင်းတစ်တယ်ဆိုလဲ မမှားပါဘူး ထမင်းပေါင်း လုပ်စားချင်ရင်လဲ ထမင်းပူပူလေးအပေါ် ဆမ်းပြီးစားနိုင်တဲ့ ဟင်းတစ်မျိုး ့ဖစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှေ၀လိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲလိပ်ချောင်း - တစ်ပေခန့် နှစ်ချောင်း
  2. ကြက်သွန်နီ - အလုံးသေး ငါးဥခန့်
  3. ရွှေပဲသီး  - အတောင့်နှစ်ဆယ်ခန့်
  4. မှိုခြောက် - ဆယ့်ငါးခုခန့်
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  6. ပန်းခြောက် - ဆယ့်ငါးခုခန့်
  7. တရုတ်နံနံ - အခက်ကြီးကြီး နှစ်ခက်
  8. ပြောင်းကော်မှုန့်. - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  9. သကြား - ထမင်းစားဇွန်း တစ်ဇွန်း 
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဇွန်း
  12. ကြက်ပြုပ်ရည် chicken stock - 2 cups
  13. ဆီ - ထမင်းစားဇွန်း သုံးဇွန်း 

ပြင်ဆင်ပုံ

  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ပဲလိပ်ချောင်းကို ရေမြုပ်အောင်ထည့်ပြီး နှစ်နာရီလောက် စိမ်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • မှိုခြောက်ကို ရေမြုပ်အောင်ထည့်ကာ နှစ်နာရီလောက် စိမ်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • ပန်းခြောက်ကို ရေမြုပ်အောင်ထည့်ကာ နာရီဝက်လောက် စိမ်ပေးပြီး ရေစစ်ထားပါ
  • ရွှေပဲသီးကို ရေဆေးပြီး အကြောသင်ကာ ထက်ဝက်ပိုင်းထားပါ
  • တရုတ်နံနံကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • အသီးအရွက် မကြော်ခင် ကော်ရည်ကို ဖျော်ထားပေးပါ
  • ပြောင်းကော်မှုန့် သကြား ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန် တစ်လုံးစာလောက်နဲ့ ဖျော်ထားပေးပါ။
အသီးအရွက် ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်း အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ ကြက်ပြုပ်ရည်ကို ထည့်ပေးပါ 
  • ကြက်ပြုပ်ရည် ပွက်ပွက်ဆူလာတာနဲ့  ရွှေပဲသီးနှင့် တရုတ်နံနံမှလွဲပြီး အားလုံးကို ထည့်ပေးပါ
  • ရေကို ဆယ်မိနစ်လောက် ပေးဆူပြီးမှ ဖျော်ထားသော ကော်ရည်ကို လောင်းထည့်ပြီး မွှေပေးပါ
  • ကော်ရည်ပျစ်လာပါက ပဲငံပြာရည်ကို ထည့်မွှေပေးပါ
  •  အရသာကို မြည်းပေးပြီး မိမိစိတ်ပြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ရွှေပဲသီး နှင့် တရုတ်နံနံကို ထည့်မွှေပြီးတာနဲ့ မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ပဲလိပ် မှိုခြောက်ပန်းခြောက် ကော်ရည်ပူပူလေးကို ထမင်းပူပူနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Friday 22 January 2021

ကြက်သားအာလူး ဆီလည်ရေလည်ဟင်း


 ဒီနေ့တော့ ကြက်သားနဲ့ အာလူးကို ပလာတာနဲ့ စားရလေအောင် အနှစ်များများနဲ့ ချက်ပါတယ် မဆလာလေးပါ အုပ်ထားတဲ့အတွက် ပိုပြီးတော့ စားလို့ကောင်းတယ်လို့ ပြောရမှာပါဘဲ။

ဒါကြောင့်မို့လို့ မာမာ့ရဲ့ ဟင်းချက်နည်းလေးတွေကို လာရောက်ကြည့်ပေးကြတဲ့ မိတ်ဆွေတွေလဲ ချက်စားနိူင်အောင် မာမာ ပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်သား - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  7. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. စပါးလင် - အရင်းပိုင်း နှစ်လက်မခန့်
  10. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားအရသာနယ်ရန်)
  11. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းအိုးထဲထည့်ရန်)
  12. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းသာသာ
  13. အာလူး - အနေတော် ဆယ်လုံးခန့်
င်ပြဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ကြက်သားကို တုံးပြီးတာနဲ့ ဆား ငံပြာရည် မဆလာ အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတိုကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထာပါ
  • ပြီးတာနဲ့ စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ထောင်းထားသော ငရုတ်သီးကို ထည့်ကြော်ပြီး ဆီသပ်ပေးပါ
  • ငရုတ်သီးနံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပေပါ
  • အထက်အောက် သမအောင် မွှေပေးပြီးတာနဲ့ ကြက်သားအသား မာလာအောင် ခနလောက် တည်ထားပေးပါ
  • ကြက်သားအသား မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာ မကြာ လှုပ်လှုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေခမ်းလာပြီး ကြက်သားအသားတွေ မာကျစ်လာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် သတိထားပြီး ကြည့်ကြည့်ပေးကာ ရေခမ်းကာနီးတာနဲ့ နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး အာလူးပါ တစ်ခါထဲထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ အာလူးနူးမနူး ကြည့်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  • အာလူးလဲနူးပြီး ဟင်းအိုးလဲ ဆီလည်ရေလည် အနေအထား ရလာကာ အရသာလဲ မိမိစိတ်ကြိုက် ရလာတာနဲ့ မဆလာထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းပျံ့နေတဲ့ ကြက်သား အာလူး ဆီလည်ရေလည်ဟင်းလေးကို ပလာတာနှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။



Thursday 21 January 2021

ကြက်သား ပုဇွန်ကြိတ်သားကြော်


 ဒီနေ့တော့ သားအမိတစ်တတွေ နေ့လည်ခင်း စကားပြောရင်း ဘာလုပ်စားရင် ကောင်းမလဲ တွေးမိသွားတယ် ရေခဲသေတ္တာထဲ ကြည့်လိုက်တော့ ပုဇွန်ထုတ်လေး ငါးကောင်ရယ် ကြက်ရင်ပုံသားလေး တစ်ခြမ်းရယ်  ထုတ်ပြီးသားလေး တွေ့တာနဲ့ နှစ်မျိုးလုံးကို ရောကြိတ်ပြီး ကြော်ဖြစ်သွားပါတယ်။


ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်ပြီး စကားလေး တပြောပြောနဲ့ သူ့ကျောင်းအကြောင်းတွေ ပြောလိုက်ကြ မိသားစု ကျန်းမာရေး အကြောင်းလေးတွေ ပြောလိုက်ကြ ကြက်သားလုံး ပုဇွန်ကြိတ်ကြော်လေး  စားလိုက်ကြနဲ့ မွရွပြီး စားလို့ကောင်းလွန်းလို့ မာမာပြင်ဆင်ပြီး ကြော်ထားနဲ့ နည်လေးးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ကြက်ရင်ပုံသား -200 g
  2. ပုဇွန်ထုတ် -150 g
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်နီ -အ​နေတော် တစ်လုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  7. နှမ်းဆီမွှေး -လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  9. အကြော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ကြက်ဥ - တစ်လုံး
  11. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  12. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးထားပါ
  • ပုဇွန်ထုတ်ကို ရေဆေးပြီး အခွံခွာထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်ဥကို ပန်းကန်ထဲ ဖောက်ထည့်ပြီး အကာကိုဘဲ သုံးပေးပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကြက်သား ပုဇွန်ထုတ် ဆား အရသာမှုန့် ခရုဆီ ကြက်သွန်ဖြူ နှမ်းဆီ ငရုတ်ကောင်းမှုန့် ကြက်ဥအကာနှင့် အကြော်မှုန့်တို့ကို ကြိတ်စက်ထဲမှာထည့်ပြီး ညပ်နေအောင် ကြိတ်ပေးပါ
  • ကြိတ်လို့ပြီးတာနဲ့ ဇလုံထဲကို ပြောင်းထည့်ပေးပြီး လှီးထားသော ကြက်သွန်နီနှင့် ရောနယ်ပေးပါ
  • နယ်ပြီးတာနဲ့ လက်ကိုရေစွတ်ပြီး မိမိစိတ်ကြိုက် အနေတော် အလုံးလေးတွေ လုံးပေးပါ
  • အနေတော် ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးပြီးမှ ကြက်သားလုံးလေးတွေကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  • ကြက်သားလုံး တစ်လုံးလုံး ရွှေအိုရောင်လေး သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ကြက်သားလုံးများ ကုန်တဲ့အထိ ကြော်ပေးပါ
  • အားလုံးကြော်ပြီးတာနဲ့ ရေနွေးကြမ်းလေးသောက်ရင်း စားဖို့အတွက် ပြင်ပေးနိူင်ပါပြီ။

Wednesday 20 January 2021

ငါးကင် မွှေးမွှေးလေး






ဒီနေ့တော့ ငါးပုတ်သင် အကောင်အကြီးကြီးတွေ တွေ့တာနဲ့ ဝယ်လာပြီး တစ်ချို့ကို အိုးကပ်လေး ချက်ပါတယ် ကျန်တဲ့ငါးတွေကိုတော့ အကင်အိုးလေးနဲ့ ကင်ဖြစ်ပါတယ် အကင်နံ့လေးမွှေးပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာကင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

မိမိအသုံးပြုတဲ့ ငါး အကြီးအသေး အပေါ်မူတည်ပြီး မိနစ်အနည်း အများကို လိုတိုးပိုလျှော့ လုပ်ပေးဖို့တော့ သတိလေး ပြုစေချင်ပါတယ်ရှင် စကားမစပ် မာမာက ဆီးချိုရှိတော့ ငါးကိုအခုလိုကင်ကာ ထမင်းနည်းနည်းလေးနဲ့ အသီးအရွက်လေးတွေထည့်ကာ စားပါတယ် အခုလို စားခြင်းက ဆီးချိုရောဂါ ရှိသူတွေ အတွက် အရမ်းကို အဆင်ပြေပါတယ်။

ဆီးချိုရှိတဲ့သူတွေက တစ်ချို့က အကြောက်လွန်ပြီး ထမင်းကို မစားကြပါဘူး ထမင်းစားနေကျသူက ထမင်းစားရမှ တင်းတိမ်တတ်ကြပါတယ် တန်ဆေးလွန်ဘေး ဆိုသလိုပေါ့ အနည်းအကျဉ်းတော့ စားလို့ရပါတယ် ဒါကြောင့်မို့လို့ ထမင်းကို မုန့်လုပ်မှာ ချင်တွယ်တဲ့ခွက်ရဲ့ တစ်ဝက်လောက်ရယ် အသားအသင့်အတင့်နဲ့ အသီးအရွက်များများတို့ကို  စားလို့ရပါတယ်။

ထမင်းကိုတော့ နေ့လည်တစ်ကြိမ် ညနေတစ်ကြိမ် စားနိူင်ပြီး မနက်စောစောနဲ့ ကျန်တဲ့အချိန်တွေမှာတော့ ဘီစကစ် ပေါင်မုန့်နှင့် အသီးအနှံတို့ကို အနည်းငယ်စီ စားလို့ ရပါတယ် နောက်ပိုင်းမှာ အလျှဉ်းသင့်သလို မျှဝေပေးသွားပါမယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးပုတ်သင် - အကောင်ကြီးကြီး သုံးကောင်
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. သံပုရာသီး - တစ်လုံး
  8. ချယ်ရီခရမ်းချဉ်သီး - မိမိနှစ်သက်သလောက်
  9. မုံလာဥနီ - မိမိနှစ်သက်သလောက်
  10. ပဲစိမ်းစေ့ - မိမိနှစ်သက်သလောက်
  11. အကင်ဒုတ်တံ - သုံးချောင်း
  12. အကင်အိုး 
ပြင်ဆင်ပုံ
  • အကင်ဒုတ်တံလေးများကို နာရီဝက် ရေစိမ်ထားပါ
  • မုံလာဥလေးတွေကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ချယ်ရီခရမ်းချဉ်သီးလေးတွေကို ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ပဲစိမ်းစေ့ကို ရေဆေးပြီး မိုက်ခရိုဝေ့ထဲမှာ သုံးမိနစ်လောက်ထည့်ပြီး အပူပေးထားပါ
  • အကင်ဒုတ်တံကို ရေနာရီဝက်လောက် ကြို ပြီးစိမ်ထားပါ
  • ငါးကို မလိုတာတွေ ဖယ်ပေးပြီး သန့်စင်ပေးပါ
  • ပြီးတာနဲ့ ရေစင်အောင်ဆေးပြီး ငါးတစ်ကောင်လုံးရဲ့ တစ်ဖက်တစ်ချက်စီကို သုံးလေးချက်လောက်စီ မွှန်းပေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသော ငါးကို နနွင်းမှုန့် ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အကင်ဒုတ်တံလေးတွေနဲ့ ထိုးပေးပါ 
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ငါးကင်ရန်အတွက် အကင်အိုးကို အပူပေးပါ
  • အိုးပူလာပါက ဆီထည့်ပြီး အိုးအဖုံးနှင့် အိုးအ​ပြားကို ဆီနှင့် လိုက်သုတ်ပေးပါ
  • ပြီးတာနဲ့ အရသာနယ်ကာ ဒုတ်ထိုးထားသော ငါးများကို စပြီးထည့်ပေးပါ
  • ငါးရဲ့တစ်ဖက်ကို ခွန်နှစ်မိနစ်လောက် ကင်ပေးပြီးမှ နောက်တစ်ဖက်ကို လှန်ပေးပြီး ဆက်ကင်ပါ
  • နောက်တစ်ဖက်ကိုလဲ ခွန်နှစ်မိနစ်လောက်ဘဲ ကင်ပေးပါ
  • ငါးကင် ကျက်သွားတာနှင့် ချယ်ရီခရမ်းချဉ်သီး ပဲစိမ်းစေ့များ မုံလာဥ အစိတ်လေးများနဲ့ သံပုရာသီး အစိတ်လေးများကို ပြင်ပေးပြီးတာနဲ့ ငါးကင် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိူင်ပါပြီ။

Tuesday 19 January 2021

မုန့်ပိန္နဲစေ့ အုန်းနို့ သာကူကျို


ဒီနေ့မနက်တော့ နေ့လည်ကျရင် သရည်စာမုန့်လေး ဘာလုပ်စားရင် ကောင်းမလဲ စဉ်းစားနေရင်းက လွယ်ကူမြန်ဆန် ဆွမ်းမွှေးနံ့လေး မွှေးနေတဲ့ မုန့်ပိန္နဲစေ့ သာကူကျို လေးဘဲ လုပ်စားဖြစ်သွားပါတယ်။

မုန့်သားစပ်ပုံကတော့ မုန့်ကြာစေ့နဲ့ အတူတူပါဘဲ မုန့်လုပ်ပုံ လုပ်နည်းလေးဘဲ ကွာသွားတာပါ သူကတော့ ပိန္နဲစေ့ ပုံစံ ခပ်ရှည်ရှည်လေး လုပ်တဲ့အတွက် မုန့်ပိန္နဲစေ့လို့ ခေါ်​ခြင်းဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်သာသာ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ( မုန့်သားနယ်ရန်)
  5. အုန်းနို့ - 350 ml
  6. အုန်းသီးမှုန့်- မိမိနှစ်သက်သလောက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. သကြား - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်သာသာ
  9. ဆွမ်းမွှေးရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  10. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး (သကြားရည်ကျိုရန်)
သာကူနှင့်သကြားရည်ကျိုရန်
  • အနေတော် အိုးလေးထဲမှာ အုန်းနို့၊ ရေ၊ဆား၊ ဆွမ်းမွှေးရေနှင့် သကြားတို့ကို ထည့်ပြီး သကြား များ ပျော်သွားအောင် ကျိုပေးပါ
  • သကြားများ ပျော်သွားတာနဲ့ သာကူစေ့များ ထည့်ပေးပြီး သာကူစေ့ မျက်စေ့ပျောက်လောက်တဲ့အထိ ကျိုပေးပါ
  • ပြီးတာနဲ့ မပျစ်မကျဲ အနေအထားလေး ရလာအောင် ကျိုထားပေးပါ
  • တစ်ခါတစ်ရံ အသုံးပြုကြသော သာကူစေ့များ မတူကြတဲ့အတွက် ကျိုချိန်ကွာခြားတတ်ပါတယ်။
မုန့်ပိန္နဲစေ့အတွက် ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ကောက်ညှင်းမှုန့် နှင့်ဆန်မှုန့်တို့ကို  သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ ရေကိုနည်းနည်းချင်း ထည့်ပြီး နယ်ပေးပါ
  • ကောက်ညှင်းသား ပျော့လာတဲ့အထိ နယ်ပေးရမှာဖြစ်လို့ ရေကိုတစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်းထည့်ကာ  လိုတိုး ပိုလျှော့ လုပ်ပေးပါ
  • ကောက်ညှင်းသား လုံးလို့ရတဲ့ အနေအထားလောက် ရလာတာနဲ့ မုန့်ပိန္နဲစေ့လောက် မကြီးပေမဲ့ အနေတော်လေးတွေ လုံးပေးပါ
  • မုန့်သားအားလုံး လုံးပြီးတာနဲ့ အိုးထဲကို ရေထည့်ပြီး ပွက်ပွက်ဆူအောက် တည်ပေးပါ
  • ရေပွက်ပွက်ဆူ အောင် တည်ပြီးတာနဲ့ လုံးထားသော မုန့်လေးတွေကို တစ်လုံးချင်း ထည့်ပေးပါ
  • ဇလုံတစ်လုံးထဲမှာ ရေခပ်များများလေးထည့်ပြီး အဆင်သင့် ပြင်ထားပါ
  • မုန့်လုံးလေးတွေ ရေပေါ်ပေါ်လာပြီး ငါးမိနစ်လောက်နေရင် ဆယ်ပေးပြီး ရေဇလုံထဲမှာ စိမ်ထားပေးပါ
  • အားလုံးပြီးသွားတာနဲ့ အုန်းသီးမှုန့်နဲ့အတူ အုန်းနို့သာကူရည် အိုးထဲမှာ ရောပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး မီးနွေးနွေးလေးနဲ့ သုံးလေးမိနစ်လောက် တည်ပေးပြီးရင် ရပါပြီ
  • ချိုစိမ့်နေတဲ့ မုန့်ပိန္နဲစေ့ အုန်းနို့ သာကူ ပူပူလေးကို စားသုံးရန် ပြင်ပေးလို့ ရပါပြီ။

Monday 18 January 2021

ကော်ဖီ သာကူကျို


ဒီနေ့မနက်ပိုင်း စိတ်ထဲမှာ ကော်ဖီသောက်ချင်သလိုလို သာကူနဲ့အုန်းနို့ ကျိုသောက်ချင်သလိုလိုနဲ့ စိတ်ထဲမှာ ကော်ဖီနဲ့ သာကူကို ရောပြီးကျိုကြည့်မယ်ဆိုပြီး ကျိုလိုက်ပါတယ်။

ကိုယ်ကဘဲ စားချင်နေလို့လား မသိပါဘူး ကျိုပြီးသောက်ကြည့်တဲ့ အခါမှာတော့ စိမ့်စိမ့်မွှေး မွှေးလေးနဲ့ တော်တော်လေးကို အဆင်ပြေသွားတာနဲ့ မာမာပြင်ဆင်ပြီး ကျိုထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သာကူစေ့ - ထမင်းစားဇွန်း နှစ်ဇွန်း
  2. သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ (အချိုကြိုက်ပါက ပိုထည့်ပါ)
  3. နွားနို့ - ကော်ဖီပန်းကန်လုံး နှစ်လုံးစာ
  4. ကော်ဖီမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  5. ဆား - လက်ဖက်ရည်ဇွန်းဖျား ပါတယ်ဆိုရုံလေး
  6. ရေ - ကော်ဖီပန်းပန်လုံး နှစ်လုံးစာ
ပြင်ဆင်ပုံ
  • ခပ်သေးသေး အိုးတစ်လုံးထဲမှာ ဆား နွားနို့ သကြားနှင့် ရေတို့ထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
  • ရေများ ပွက်ပွက်ဆူလာတာနဲ့ ကော်ဖီမှုန့်ကို ထည့်ပြီး မွှေပေးပါ
  • ကော်ဖီမှုန့်များ အရည်ပျော်သွားတာနဲ့ သာကူစေ့များကို ထည့်မွှေပေးပါ
  • သာကူစေ့များ မျက်စေ့ပျောက်လာ တဲ့အထိ မွှေပေးပါ
  • ပြီးတာနဲ့ အချိုအရသာကို မြည်းကြည့်ပြီး မိမိနှစ်သက်သလို ပြင်ပေးပြီးပါက ကေည်ဖီသာကူကျိုလေးကို စားသုံးနိူင်ပါပြီ။