Thursday 14 January 2021

ချဉ်ငံစပ် တို့ဟူးသုပ်



ဒီနေ့မနက်စောစော ဘာစားချင်မှန်း မသိဖြစ်နေတုန်း မနေ့က ကျိုထားတဲ့ တို့ဟူးတုန်းလေးကို သတိရတာနဲ့ ခြံထဲမှာ သံပုရာရွက်လေး ဆင်းခူးကာ ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် တို့ဟူးသုပ်က ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့အတွက် သံပုရာရွက်နံ့ မွှေးမွှေးလေးနဲ့ သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကျိုပြီးသား တို့ဟူး - သုံးလက်မပါတ်လည်စာ တစ်တုံး
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာ (ဆီချက်ချက်ရန်)
  3. ပဲအကျက်မှုန့် - လိုသလောက်
  4. အချိုမှုန့် - လိုသလောက်
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. သံပုရာရွက်အနု - နှစ်သက်သလောက်
  7. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ
  8. ငါးငံပြာရည် - လိုသလောက်
  9. ဆီ - လိုသလောက် သုံးပေးပါ
  10. ငရုတ်သီးအကျက်မှုန့် - နှစ်သက်သလောက် သုံးပေးပါ

ကြက်သွန်ဖြူဆီချက် ချက်ရန်
  • ကြက်သွန်ဖြူ  အမွှာကြီးကြီး ဆယ်မွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာဆီ ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူးစာနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော် လျှော့ပလိုက်ပြီးမှ ကြက်သွန်ဖြူကို ထည့်မွှေပါ
  • ကြက်သွန်ဖြူများ အဝါရောင် သန်းလာပြီး ကြွတ်လာတာနဲ့ ဆယ်ပေးကာ ပန်းကန်တစ်ခုထဲ ပြောင်းထည့်ထားပါ
  • ဆီကိုအအေးခံထားပြီးမှ ကြက်သွန်ဖြူကြော်များကို ရောပေးပါ

ပြင်ဆင်ပုံ
  • တို့ဟူးကို မထူမပါးလေးတွေ လှီးပေးကာ ဇလုံတစ်လုံးထဲမှာ ထည့်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • သံပုရာရွက်ကို ရေဆေးပြီး ပါးပါးရိပ်ရိပ်လေးတွေ လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ ရေစိမ်ထားပါ
  • လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ တို့ဟူးတစ်ပွဲစာကို ထည့်ထားပေးပါ
  • ထိုဇလုံထဲမှာ ကြက်သွန်နီ အနည်းငယ် သံပုရာရွက် အနည်းငယ် ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ဆီချက် ထမင်းစားဇွန်း နှစ်ဇွန်းခွဲ  အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း မန်ကျည်းမှည့်ရည် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အကျက်မှုန့် တို့ထည့်ကာ ခပ်ဖွဖွနယ်ပေးပါ
  • အရသာ သမသွားတာနဲ့ မြည်းပေးပြီး မိမိစိတ်ကြိုက် အပေါ့အငံ အရသာကို ပြင်ပေးကာ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ချဉ်ငံစပ် တို့ဟူးသုပ် အသုပ်ပွဲကို ပြင်ဆင်ပေးနိူင်ပါပြီ။

No comments:

Post a Comment