Saturday 9 January 2021

ကြက်အမြစ် နန်းကြီးသုပ်





ဒီနေ့တော့ ကြက်အမြစ်လေးတွေ ဝယ်လာပြီး ထမင်းနဲ့ စားဖို့အတွက် ဆီပြန်ဟင်းလေး ချက်လိုက်ပါတယ် အစကတော့ အသုပ်သုပ်စားဖို့ စိတ်ကူးမရှိပေမဲ့ ဟင်းကျက်တော့မှ အသုပ်လေး စားချင်စိတ်ပေါက်လာခဲ့တဲ့အတွက် နန်းကြီးသုပ်လေး သုပ်စားရလေအောင် ပြင်ဖြစ်သွားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ထားတဲ့ ကြက်အမြစ် နန်းကြီးသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

အုန်းဆီချက်ရန် ပါဝင်ပစ္စည်းများ
  1. အုန်းနို့ - 400 ml (cream ဗူးကိုသုံးပေးပါ)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆီ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် တစ်ခွက်
အုန်းဆီချက်ပုံ
  • အိုးတစ်လုံးထဲမှာ အုန်းနို့ဗူးကို ဖောက်ထည့်ပေးပါ
  • ပြီးတာနဲ့ ဆားထည့်ပြီး မီးဖိုပေါ် တင်ပေးပါ
  • အိုးနို့အိုး တည်ထားစဉ် ဝေကျတတ်တဲ့အတွက် မကြာမကြာ မွှေပေးပါ
  • အုန်းနို့အိုးထဲမှ အုန်းနို့များ အတော်လေး ခမ်းလာတာနဲ့ ဆီထည့်ပြီး မွှေပေးပါ
  • အုန်းနို့များ တဖြေးဖြေး ဥလာတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်က ဖယ်ထားပါ
ကြက်အမြစ်ချက်ရန် ပါဝင်ပစ္စည်းများ
  1. ကြက်အမြစ် - 200 g
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ရေ - ကြက်သားမြုပ်အောင် ထည့်ပေးပါ
  7. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်အမြစ်ဆေးရန်)
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်အမြစ်ဆေးရန်)
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ (ဟင်းချက်ရန် ခပ်နုတ်နုတ် စင်းထားပါ)
  10. ကြက်သွန်နီ - အနေတော် ငါးလုံး (ဟင်းချက်ရန် ခပ်နုတ်နုတ် လွီးထားပါ)
  11. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း သုံးဇွန်း (ကြက်သားဆီသတ်ရန်)
  12. နနွင်းမှုန့် - လက်ဖက်ည်ဇွန်း တစ်ဝက်
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  14. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  15. ဆီ - 3 cups မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  16. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကြက်အမြစ်ချက်ပုံ
  • ကြက်အမြစ်များကို အထဲမှ မလိုတာတွေ ဖယ်ပေးပါ
  • ပြီးတာနဲ့ ဇလုံထဲမှာ ကြက်အမြစ်များ ဆားနှင့် နနွင်းမှုန့်ထည့်ပြီး နယ်ပေးပါ
  • ကြက်အမြစ်ထဲမှ အယိအရွဲများ ထွက်လာတာနဲ့ ရေ လေးငါးခါလောပ် ဆေးပေးပါ
  • ပြီးတာနဲ့ ဆား နနွင်းမှုန့် အရသာမှုန့် ငံပြာရည်တို့ ထည့်ပေးကာ ခပ်နာနာ  နယ်ပေးပါ
  • ကြက်သားဆီသတ်ရန် ပါဝင်ပစ္စည်းများကို ပြင်ထားပေးပါ
  • ကြက်သွန်နီ ငါးလုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်အမြစ်များကို ထည့်မွှေပေးပါ
  • ကြက်အမြစ်များ ထည့်ပြီးတာနဲ့ ထွက်လာတဲ့ ရေတွေ ခမ်းလာအောင် တည်ပေးပါ
  • ရေခမ်းသွားတာနဲ့ ရေမြုပ်အောင် ထည့်ပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ထည့်ထားသော ရေများခမ်းလာတာနဲ့ အရသာကို မြည်းပေးကာ မိမိစိတ်ကြိုက် အရသာရအောင် ပြင်ပေးပါ
  • ဟင်းအိုးဆီပြန်လာတာနဲ့ မီးပိတ်ထားပါ
နန်းကြီးဖတ်ပြုပ်ရန် ပါဝင်ပစ္စည်းများ
  1. နန်းကြီးဖတ် - 400 g တစ်ထုတ်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
နန်းကြီးဖတ်ပြုပ်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေတစ်ဝက်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူလာတာနဲ့ ဆားနှင့်ဆီတို့ကိုထည့်ပေးပါ
  • င်္ပြးတာနဲ့ နန်းပြီးဖတ် အခြောက်ထုတ်ကို ဖောက်ပြီး ထည့်ပေးပါ
  • ပြုပ်နေစဉ် နန်းကြီးဖတ်များ ပွလာပါပြီး ရေလိုပါက ရေနွေးပူပူကို ထပ်ထပ်ပြီး ထည့်ပေးပါ
  • မုန့်ဖတ်ပြုပ်ချိန် အနည်းငယ် ကြာနိုင်တဲ့အတွက် မုန့်ဖတ်အနေတော် ရလာပါက ဆယ်ပေးပြီး လက်နှင့်စမ်းကြည့်ပါ
  • မုန့်ဖတ်အနေတော် ရလာပါက ဇကာထဲသို့ သွန်ချပေးပြီး ရေအေးနှင့် ဆေးချပေးပါ
  • ရေအေးနှင့် ဆေးပြီးတာနဲ့ ဇကာထဲမွာဘဲ ရေစစ်ထားပါ
ပဲဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများ
  1. ပဲအစိမ်းမှုန့် -ထမင်းစားဇွန်း ရှစ်ဇွန်း 
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ကြက်သွန်နီ - အလုံးသေး ဆယ်လုံးခန့်
  5. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အုန်းဆီချက်ပြီးသား - ထမင်းစားဇွန်း သုံးဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ရေ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် ငါးခွက်
ပဲဟင်းရည်ချက်ပုံ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးမှုန့်နှင့်ရောကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကိုထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ သင်းလာတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်က ဖယ်ထားပါ
  • ဇောက်နက်သော အနေတော် အိုးထဲမှာ ရေနှင့် ပဲမှုန့်တို့ထည့်ပြီး ပဲမှုန့်များ ပျော်သွားအောင် ဖျော်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တင်ပြီး အဆက်မပြတ် မွှေပေးပါ
  • ပဲများပျစ်လာတာနဲ့ ငရုတ်သီးဆီသတ် ဆား အရသာမှုန့် ကြက်သွန်နီနှင့် အုန်းနို့တို့ထည့်ပြီး တည်ပေးပါ
  • ကြက်သွန်နီများ နူးလာတာနဲ့ ဟင်းရည်အရသာကို မြည်းပေးပါ
  • ဟင်းရည်အရသာကို မိမိစိတ်ကြိုက် ပြင်ပေးပြီး ဟင်းရည်အပျစ်အကျဲကိုလဲ  မိမိစိတ်ကြိုက် ပြင်ပေးပါ။
မုန့်ပွဲပြင်ရန်
  1. နန်းကြီးဖတ်
  2. အုန်းဆီချက်ပြီးသား
  3. ဂေါ်ဖီ
  4. မုံလာဥနီ
  5. သံပုရာသီး - လိုသလောက် သုံးပေးပါ
  6. နံနံပင် - လိုသလောက် သုံးပေးပါ
  7. ကြက်သွန်နီ - အနေတော် နှစ်လုံး
  8. ငရုတ်သီး အလှော်မှုန့် - လိုသလောက် သုံးပေးပါ
  9. ကြက်သားချက်ပြီးသား
  10. ပဲဟင်းရည်
  11. ငံပြာရည်
  12. ပဲအကျက်မှုန့်
  13. ငရုတ်သီး အလှော်မှုန့်
နန်းကြီးသုပ်ပွဲပြင်ရန်
  1. နန်းကြီးဖတ်များကို ပြင်ထားပါ
  2. ပဲဟင်းရည်ကို ပြင်ထားပါ
  3. ကြက်သား ဆီသတ်ထားတာကို ပြင်ထားပါ
  4. ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  5. သံပုရာသီးကို ရေဆေးပြီး အစိတ်တွေ လှီးထားပါ
  6. နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးထားပါ
  7. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
  8. အရသာမှုန့် ပဲအကျက်မှုန့်နှင့် ငရုတ်သီး အလှော်မှုန့်တို့ကို ပြင်ထားပါ
  9. ငါးဖယ်ကြော်ကို ပြင်ထားပါ
  10. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ မိမိစားနိူင်သလောက် နန်းကြီးဖတ် အရသာမှုန့် ကြက်သားဟင်း ငါးဖယ်ကြော် ပဲအကျက်မှုန့် အုန်းဆီချက် ငရုတ်သီး အလှော်မှုန့် နံနံပင် ကြက်သွန်နီ ငါးငံပြာရည် သံပုရာရည်နှင့် ပဲဟင်းရည်တို့ကို သင့်သလို ထည့်ပေးပြီး နယ်ပေးပါ
  11. အရသာ သမသွားတာနဲ့ အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပြီး နန်းကြီးသုပ် စိမ့်စိမ့်လေးကို ပဲဟင်းရည်နှင့် တွဲဖက်ကာ စားသုံးနိူင်ပါပြီ။

No comments:

Post a Comment