Wednesday, 5 August 2026

မှိုအစပ်ဟင်း

 

မနေ့က ဈေးကိုသွားတော့ Oyster Mushrooms မှိုလေးတွေ ဝယ်လာခဲ့တယ်။


အိမ်ရောက်တော့ မှိုကြိုက်တဲ့ သမီးကို ဘယ်လိုလေး စားချင်လဲလို့ မေးလိုက်တယ် ငရုတ်သီးလေးနဲ့ အစပ်လေး ချက်စားရင် ကောင်းမယ်တဲ့။


ဒါနဲ့ဘဲ ဝါးလိုက်ရင် ဝါးလို့ကောင်း စားလို့ကောင်းတဲ့ မှိုလေးတွေကို ခပ်စပ်စပ်လေး ချက်ပေးလိုက်မိပါတယ်။


စားပြီးတဲ့ အခါမှာတော့ လျှာတွေလဲ ဂျွမ်းထိုးကုန်ပါပြီ မေမေရေတဲ့။


သတ်သတ်လွတ် ဟင်းလေးဖြစ်သလို့ စားလို့အရမ်းကောင်းပြီး လွယ်ကူမြန်ဆန်စွာ ချက်လို့ရတဲ့အတွက် မာမာ ချက်တဲ့နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်၊၊


ပါဝင်ပစ္စည်းများ

****************


၁။ Oyster Mushrooms - 500g

၂။အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ

၃။ ဆား - လက်ဖက်ရည်ဇွန်း တဝက်

၄။ ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

၅။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ

၆။ ကြက်သွန်ဖြူ အမွှာကြီးကြီး -‌ လေးမွှာ

၇။ ကြက်သွန်နီ - အနေတော် တခြမ်း

၈။ ငရုတ်သီးစိမ်း အနီရောင် - မိမိစားနိုင်သလောက်သုံးပါ


ပြင်ဆင်ပုံ

**********

၁ ။ မှိုကို ရေဆေးပြီး မထူမပါးလေးတွေ မွှာထားပါ။

၂။ ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီးမှ ခပ်ပါးပါးလှီးပါ။

၃။ ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ။

၄။ ငရုတ်သီးစိမ်းကို ရေဆေးကာ မညက်တညက်လေး ထောင်းထားပါ။

၅။ ဒယ်အိုးတလုံးကို အပူပေးကာ ဆီထည့်ပါ

၆။ ဆီပူလာပါက နနွင်းမှုန့် ထည့်ပေးပါ

၇။ ပြီးတာနဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို နွမ်းရုံလေး ဆီသတ်ပါ

၇။ ကြက်သွန်များ နွမ်းတာနဲ့ ငရုတ်သီးစိမ်း ထောင်းထားတာကို ထည့်ကြော်ပါ။

၈။ ငရုတ်သီးနံ့ သင်းလာတာနဲ့ ဆားနှင့် မှိုကိုထည့်ကြော်ပါ။

၉။ မှိုများနွမ်းလာတာနဲ့ အရည်အနည်းငယ်နှင့် အချိုမှုန့်တို့ထည့်ကာ ရေဆူအောင် တည်ပေးပါ။

၁၀။ ရေပွက်ပွက် ဆူလာတာနဲ့ ကိုယ်လိုချင်သလောက် ရေထည့်ကာ အရသာမြည်း၍ လိုတဲ့အရသာ အချိုနဲ့အငံကို ပြင်ပေးပါ။

၁၁။ ရေပွက်ပွက် ဆူလာပြီး အရသာလဲ အနေတော်ရပြီ ဆိုတာနဲ့ မှိုအစပ်ဟင်းကို ထမင်းပူပူလေးနဲ့ တွဲဖက်ကာ သုံးဆောင်နိူင်ပါပြီရှင်။


#မှိုအစပ်ဟင်း #အရသာလျှာကသိ #လျှာဂျွမ်းထိုးဟင်း #မာအာ့လက်ရာစားဖွယ်ရာများ #မာမာ့ရဲ့မီးဖိုဆောင် #စားကြပါအုံးရှင့်