Wednesday, 9 September 2026

အမဲအကြောဟင်း

 

မာမာဒီနေ့တော့ အမဲသား အကြောလေးတွေ ဝယ်လာဖြစ်တဲ့အတွက် ငရုတ်သီး အကြမ်းဖတ်နဲ့ ခပ်စပ်စပ် ဆီလည်ရေလည်လေး ချက်ဖြစ်ပါတယ်။

အမဲအကြော တို့ရဲ့ သဘာဝက မာတဲ့အတွက် ချက်ရတာ နည်းနည်းတော့ ကြာတတ်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ အမဲအကြောဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
အမဲအကြော - 500 g
ကြက်သွန်နီ - အနေတော် တစ်ဥ
ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
ငရုတ်သီး အကြမ်းဖတ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ဗနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
အမဲ အကြောများကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
တုံးထားသော အမဲအကြောများကို ဗနီကာနှင့်နယ်ကာ ငါးမိနစ်ခန့် နှပ်ထားပြီးမှ ရေစင်အောင် ဆေးပေးလိုက်ပါ
ရေဆေးပြီးသော အမဲအကြော ဆား ကြက်သားမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
ချက်ပြုပ်ပုံ
ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော အမဲ အကြောများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
အမဲ အကြောများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ရေဆူအောင် ထပ်တည်ပေးပါ
အမဲ အကြောများ နူးတဲ့အထိ ရေထပ်ထပ်ထည့်ပြီး တည်ပေးပါ
ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ မဆလာ အုပ်ပေးပြီး အမဲ အကြောဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။