Wednesday 29 December 2021

ကြက်သားကြာစေ့ အချိုနှပ်

 

ဒီနေ့တော့ ကြာစေ့လေးတွေ ဝယ်လာဖြစ်တာနဲ့ ကြက်သားနဲ့ ကြာစေ့ကို အချိုနှပ်လေး ချက်ဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 400 
  2. ကြာစေ့ - မိမိနှစ်သက်သလောက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. Cooking wine - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ချင်းတက် - လက်တစ်ဆစ်ခန့်
  7. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည်အကြည် -ထမင်းစားဇွန်း တစ်ဇွန်း
  9. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  10. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ရေ - လိုသလောက် သုံးပေးပါ (ဟင်းချက်ရန်)
  12. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး (အရသာစပ်ရန်)
  13. ဆီ - ထမင်းစားဇွန်း လေးဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်သားကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ တုံးပေးပါ
  • တုံးထားသော ကြက်သားကို cooking wine ဆား ငရုတ်ကောင်းမှုန့်တို့နှင် ့ အရသာဝင်အောင် နယ်ထားပါ
  • ကြာစေ့များကို အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများ ထည်ပေးပြီး နူးနေအောက် ပြုပ်ပေးထားပါ
  • ချင်းတက်ကို အခွံခွာပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ပန်းကန်လုံး တစ်ခုထဲမှာ ပဲငံပြာရည်အကြည် ပဲငံပြာရည်အပျစ် နှမ်းဆီမွှေး ခရုဆီနှင့် ရေ တို့ထည့်ပြီး သမအောင် မွှေထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ချင်းပြားလေးတွေကို မွှေးလာတဲ့အထိ ထည့်ကြော်ပေးပါ
  • ချင်းနံ့လေး သင်းလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်ကြော်ပေးပါ
  • ကြက်သား အသားလေးတွေ မာတင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ တည်ပေးပါ
  • ရေခမ်းတာနဲ့ အရသာ စပ်ထားသော ပဲငံပြာရည်ကို ထည့်မွှေပေးပါ
  • အဲငံပြာရည်များ ပွက်ပွက်ဆူလာတာနဲ့ ကြာစေ့များကို ထည့်မွှေပေးပြီး အရသာ မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ ထမင်းပူပူလေးနဲ့ စားသုံးရန် ကြက်သားကြာစေ့နှပ်ကို ပြင်ပေးနိူင်ပါပြီ။

Tuesday 28 December 2021

မှို မာလာဟင်း

 

ဒီနေ့တော့ oyster မှိုလေးတွေ ဝယ်လာပြီး မာလာအနှစ်လေးနဲ့ ချဉ်ငံစပ်လေး ချက်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားနဲ့ နည်းလေးပို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. Oyster mushrooms - 400 g
  2. မာလာအနှစ် - ထမင်းစားဇွန်း သုံးဇွန်း
  3. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  4. ရေနွေး - အနည်းငယ် (မန်ကျည်းသီးမှည့် ရေစိမ်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း - တစ်ဝက်
ပြင်ဆင်ချက်ပြုပ်ပုံ
  • မှိုများမှ မလိုတာတွေ ဖယ်ပေးပြီး ရေစင်အောင်ဆေးကာ မထူမပါးလေးတွေ လှီးပေးထားပါ
  • မန်ကျည်းသီးမှည့် အနှစ်ကို ရေတစ်ထပ် ဆေးပေးပြီး ရေနွေးပူပူနဲ့ စိမ်ထားပေးပါ
  • အိုးတစ်လုံးထဲမှာ မှိုများကို ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပထမ တစ်ရည် မခမ်းခင်း မာလာအနှစ်ကို ထည့်မွှေပေးကာ မန်ကျည်းနှစ် အရည်နှင့် ဆားတို့ကို  ထပ်ထည့်ပေးပြီး တည်ပေးပါ
  • အရသာ သမသွားအောင် သုံးလေးခါလောက် မွှေပေးပြီး အရသာမြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီး ရေခမ်းတဲ့အထိ တည်ပေးပါ
  • ရေခမ်းတာနဲ့ မှိုမာလာဟင်းကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday 18 December 2021

ပြောင်းဖူးဟင်းချို

 

ဒီနေ့တော့ ပြောင်းဖူး လတ်လတ်ဆတ်ဆတ်လေးတွေ ဝယ်လာပြီး ဟင်းချိုရည်လေး ချက်ပါတယ် သောက်လို့ ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ပြောင်ဖူး - အဖူးကြီးကြီး နှစ်ဖူး (လတ်လတ်ဆတ်ဆတ်ကို သုံးပေးပါ)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  5. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ရာတွင် သုံးသောဗူး နှစ်ဗူး
  6. ရေ - ဟင်းရည်ချက်ရန် လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ဇလုံပန်းကန် တစ်လုံးထဲမှာ ရေနှ င့်ပြောင်းကော်တို့တို အရည်ပျော်အောင် ဖျော်ထားပေးပါ
  • ပြောင်းဖူးကို အခွံခွာပြီး မလိုတာတွေ ဖယ်ကာ အဖူးလိုက် ရေဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ဓါးနှင့် မထူမပါးလေးတွေ လှီးချပေးပါ
  • ဇောက်နကိသော အနေတော် အိုးထဲမှာ ပြောင်းဖူးများကို ရေမြုပ်တဲ့အထိ ထည့်ပေးပြီး ပြုပ်ပေးပါ
  • ပထမ တစ်ရည် မခမ်းခင် နောက်ထပ် ပြောင်းဖူးမြုပ်အောင် ရေထပ်ထည့်ပြီး ဆက်တည်ပေးပါ
  • ဒုတိယ ရေမခမ်းခင် တရုတ်ဟင်းရည်သောက် ပုံမှန် ပန်းကန်းလုံး တစ်လုံးခွဲစာ ထည့်ပေးပြီး တည်ပေးပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့ ဆား အရသာမှုန့်နှင့် ဖျော်ထားသော ကော်ရည်တို့ကို ထည့်မွှေပေးပါ
  • ကော်ရည်များ မပျစ်လာမချင်း ဆက်တိုက်မွှေပေးပါ
  • ကော်ရည်များ ပျစ်လာတာနဲ့ အရသာ မြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ပြောင်းဖူးဟင်းချို ပူပူလေးကို သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။ 

Wednesday 15 December 2021

Black Bean Sauce ဆမ်း ခေါက်ဆွဲ

 


ဒီနေ့တော့ သတ်သတ်လွတ် စားဖွယ်ရာ တစ်မျိုးကို အမြန်ချက်ဖြစ်ပါတယ် စားလို့ကောင်းပြီး ပြင်ဆင်ရတာ မြန်တဲ့အတွက် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ခေါက်ဆွဲအစို - 500 g
  2. ကြယ်​သီးမှို - အနေတော် ဆယ်ပွင့်
  3. Black bean sauce (hot) - ထမင်းစားဇွန်း လေးဇွန်း
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲ
  5. ကိုက်လံ - လေးပင်
ပြင်ဆင်ပုံ
  • ခေါက်ဆွဲအစိုကို အဆင်သင့် ပြင်ထားပါ
  • ကိုက်လံကို ရေဆေးပြီး ရေနွေးဆူဆူမှာ သုံးမိနစ်ခန့် ပြုပ်ကာ ရေအေးနှင့် စိမ်ထားပေးပါ
  • မှိုကိုရေဆေးပြီး ခပ်နူတ်နူတ်လေးတွေ လှီးထားပါ
  • အိုးတစ်လုံးထဲမှာ လှီးထားသော မှိုများ black bean sauce နှင့် ရေတို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ခေါက်ဆွဲအစိုကို ရေနွေးဆူဆူထဲမှာ တစ်မိနစ်ခန့် ထည့်ပေးကာ ရေစစ်ပေးပါ
  • ပြီးတာနဲ့ ပန်းကန်ပြား တစ်ချပ်ထဲမှာ ခေါက်ဆွဲကို တစ်ပွဲစာ ထည့်ပေးပါ
  • ခေါက်ဆွဲထည့် ပြီးတာနဲ့ မှိုနှင့် black bean saue တို့ ရောကျိုထားတာကို သင့်တော်သလို ဆမ်းပေး ပြုပ်ထားသော ကိုက်လံကို ထည့်ပေးကာ သုံးဆောင်နိူင်ပါပြီ။

Tuesday 14 December 2021

မျှစ်ကြွတ် အချိုနှပ်

 


ဒီနေ့တော့ မျှစ်အကြွတ်လေးတွေ ဝယ်လာပြီး မျှစ်ချိုနှပ်လေး ချက်ဖြစ်ပါတယ် ဒီမျှစ်ကြွတ်နှပ်လေးက ထမင်းနဲ့ စားရင်လဲ အရမ်းကောင်းသလို သူ့ချည်းသက်သက် စားရင်လဲ စားလို့ကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ မျှစ်ချိုနှပ် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မျှစ်ကြွတ် - ၈ခု
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  4. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • မျှစ်ကြွတ်ကို ရေဆေးပြီး ထက်ဝက်ပိုင်းကာ ပုံပါအတိုင်း အစိတ်လေးတွေ ရလာအောင် လှီးပေးပါ
  • မကပ်သော ဒယ်အိုးထဲမှာ သကြားကိုထည့်ပြီး မီးအနေတော်နှင့် လှော်ပေးပါ
  • သကြားများ အရည်ပျော်လာပြီး နီညိုရောင်လေး သန်းလာတာနဲ့ ရေအနည်းငယ်ထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ မျှစ်များနှင့် ဆားများထည့်ပေးကာ မွှေပေးကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ပထမ တရည်ခမ်းသွားတာနဲ့ နောက်ထပ် မျှစ်များရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ဒုတိယတစ်ရည် ခမ်းကာနီးတာနဲ့ ခရုဆီကို ထည့်မွှေပေးပြီး ရေခမ်းတဲ့အထိ ဆက်တည်ပေးပါ
  • ရေခမ်းသွားတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ စားသုံးရန် မျှစ်အချိုနှပ်ကို ပြင်ပေးနိူင်ပါပြီ။

Monday 13 December 2021

ပဲဖတ်ချဉ်သုပ်

 




မာမာဒီနေ့တော့ သိပ်ပြီးပြန်ချင်နေတဲ့ မြန်မာပြည်ကို ပြန်လို့မရတော့ မြန်မာပြည် အလွမ်းပြေ ပဲဖတ်ချဉ်နဲ့ အရသာ တစ်ထပ်ထဲကျတဲ့ အသုပ်လေး သုပ်စားဖြစ်ပါတယ်။

နိူင်ငံရပ်ခြားမှာ ရောက်နေတဲ့သူတွေ မြန်မာပြည် နေစဉ်အခါတုန်းက ပဲဖတ်ချဉ်သုပ်ကို ကြိုက်နှစ်သက်ခဲ့ဖူးတယ်ဆိုရင် မာမာအခု ပြထားတဲ့ ဘူးလေးကို ရှာဝယ်ပြီး သုပ်စားကြည့်စေချင်ပါတယ်။

ဒါကြောင့်မို့လို့ ရှောက်ရွက်နံ့လေး မွှေးပြီး ငရုတ်သီးစိမ်း ခပ်စပ်စပ်လေးနဲ့ အရသာ ကောင်းလွန်းတဲ့ အသုပ်တစ်ပွဲအတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 


ပါဝင်ပစ္စည်းများ
  1. Smokey Chipotle - ထမင်းစားဇွန်း လေးဇွန်းမောက်မောက်
  2. ကြက်သွန်နီ ခရမ်းရောင် - အနေတော် တစ်လုံး
  3. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  4. ငရုတ်သီး အကျက်မှုန့် - စားနိူင်သလောက်
  5. ရှောက်ရွက် - ဆယ်ရွက်
  6. ပဲဆီစိမ်း - ထမင်းစားဇွန်း သုံးဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ရှောက်ရွက်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • Smokey Chipotle နဲ့အတူ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲမှာထည့်ပြီး အရသာ သမအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ မိမိစိတ်ပြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ အဲဖတ်ချဉ်သုပ်နဲ့ အရသာ တစ်ထပ်ထဲ တူလွန်းတဲ့ အသုပ်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday 11 December 2021

ပုဇွန်ပေါင်း

 


ဒီနေ့တော့ ပုဇွန်ထုတ်လေးတွေ ဝယ်လာပြီး ပုဇွန်ပေါင်းလေး ပေါင်းစားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ပုဇွန်ပေါင်း ပေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး ၁၇ကောင်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပုဇွန် အရသာနယ်ရန်)
  3. ဆား - ထမင်းစားဇွန်း တစ်ဇွန်း ( ပုဇွန်ဆေးရန်)
  4. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  5. ပြောင်းဖူးကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ 
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နေကြာဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  11. မုံလာဥနီ - အနေတော် တစ်ဥ
  12. ကြက်သွန်မိတ် အနေတော် တစ်ပင်
  13. ကြွေပန်းကန်လုံး - တစ်လုံး
  14. ပေါင်းအိုး - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
  • ပုဇွန်ထုတ်များကို ရေစင်အောင်ဆေးပြီး ခေါင်း အခွံနှင့် ကြောဖက်မှ အမည်းကြောင်းများ ဖယ်ပေးပါ
  • ပြီးတာနဲ့ ဆားနှင့်နယ်ပေးကာ ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • ပုဇွန်များ ရေစစ်သွားတာနဲ့ ခပ်နုတ်နုတ် စင်းထားပေးပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ နေကြာဆီမှလွဲပြီး အားလုံးကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် နယ်ပေးပါ
  • ကြွေပန်းကန်လုံးကို နေကြာဆီ သုတ်ပေးပြီး အရသာ နယ်ထားသော ပုဇွန်များကို ထည့်ပေးပါ
  • ပေါင်းအိုး အောက်ခံအိုးထဲမှာ ရေတစ်ဝက်လောက် ထည့်ပေးကာ ပေါင်းခံခုံကို ထည့်ပေးပါ
  •  ထို ပေါင်းခံခုံပေါ်မှာ ဇကာကိုတင်ပြီး ပုဇွန်ထည့်ထားသော ပန်းကန်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးကို အဖုံး အုပ်ပေးပြီး steam ခလုတ်ကို နှိပ်ကာ ၁၅မိနစ် ခန့် ပေါင်းပေးပါ
  • ပေါင်းချိန်ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကုန်အောင် ထုတ်ပေးကာ ပေါင်းအိုးမဖုံးကို ဖွင့်ပြီး ပုဇွန်ပေါင်း ပန်းကန်ကို ထုတ်ပေးပါ
  • ပြီးတာနဲ့ ပုဇွန်ပေါင်း မွှေးမွှေး ပူပူလေးကို မိမိနှစ်သက်သလို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Friday 10 December 2021

ငါးရံ့အချဉ်ဆီပြန်

 


မာမာ ငါးရံ့ကို ခရမ်းချဉ်သီး အနှစ်များများနဲ့ အချဉ်ဆီလည်ရေလည်လေး ချက်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းကိုဘဲ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးရံ့ - 500 gm (အကောင်ကြီးကြီးကိုသုံးပါ)
  2. ခရမ်းချဉ်သီး - အလုံးကြီးကြီး လေးလုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. စပါးလင် အရင်းပိုင်း - တစ်လက်မခန့်
  6. ချင်း - လက်တစ်ဆစ်
  7. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ 
  8. ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း - တစ်ဇွန်း
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ငါးငံပြာရည် - ထမင်းစားဇွန်း ( ငါးအရသာနယ်ရန်)
  12. ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း( ဟင်းအိုးထဲထည့်ရန်)
  13. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  14. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ငါးအရသာနယ်ရန်နှင့် ဆီသတ်ရန်)
  15. နံနံပင် - မိမိနှစ်သက်သလောက်

ငါးအရသာနယ်ရန်
  • ငါးကိုအရင်ဆုံး ငါးရဲ့အမြှီး ဆူးတောင်များနှင့် ခေါင်းတို့ကို ဖယ်ပေးပါ 
  • ပြီးတာနဲ့ ဗိုက်ထဲမှ မလိုတာတွေ ထုတ်ပေးပါ
  • ပြီးတော့မှ အကောင်လိုက်ကို ရေနှင့် ခြောက်ထပ်လောက် ဆေးပေးပါ
  • ငါးကို ရေဆေးပြီးတာနဲ့ ငါးကိုအကွင်းလိုက် လက်တစ်လုံးလောက် အထူရအောင် တုံးပေးပါ
  • ငါးတစ်ကောင်လုံး ခုတ်ပြီးတာနဲ့ ရေနှစ်ထပ်လောက် ဆေးပေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပြီးတာနဲ့ ချင်း စပါးလင် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းပေးပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးအနည်းငယ်နှင့် စိမ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေစင်အောင်ဆေးပြီး အနေတော်လေးတွေ ပိုင်းဖြတ်ထားပါ
  • ပြီးတာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ငါးရံ့တုံးများ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း  ဆား လက်ဖက်ရည်ဇွန်း တစ်၀က်နှင့် ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းသာသာထည့်ပေးကာ အရသာဝင်အောင် နယ်ပေးပါ
ဟင်းချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအရင်ဆုံး အပူပေးပါ
  • ဆီပူလာမှ နနွင်းမှုန့်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ထည့်မွှေပေးပါ
  • ငရုတ်သီး ဆီသတ်တာ မွှေးလာပြီး ငရုတ်သီးများ မွလာပါက ခပ်ပါးပါး လှီးထားသော ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေပြီးအခွံများ လိတ်လာတဲ့အထိ အိုးအဖုံးအုပ်လိုက် မွှေလိုက် လုပ်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာတဲ့ အရသာ နယ်ထားသော ငါးကိုထည့်ပြီး အသာအယာလေး မွှေပေးကာ အဖုံးအုပ်ပေးပါ
  • ယောင်းမနှင့် အရမ်းကြီး ထိုးမွှေပါက ငါးအသားက နူးညံ့လွန်းတဲ့အတွက် ကျေမွကုန်တတ်ပါတယ်
  • အိုးမကပ်စေရန် အိုးကိုကိုင်ပြီး လှုပ်လှုပ်ပေးပါ
  • ငါးအသားလေးတွေ ငရုတ်သီးရောင် တက်လာတာနဲ့ ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး အရသာညီအောင် အိုးကိုလှုပ်ပေးပါ
  • ငါးအသားများ မာပြီးတင်းသွားမှ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေဆူလာပြီး ထိုအရည် မခမ်းတစ်ခမ်း အနေအထားရအောင် တည်ပေးပါ
  • ရေအရမ်း မခမ်းခင် မန်ကျည်းမှည့်အရည် ထပ်ထည့်ပြီး အဖုံးအုပ်ကာ ဆက်ချက်ပေးပါ
  • ဆီလည်ရေလည် အရည်လေး ရလာချိန်မှာ နံနံပင်အုပ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပြီး မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ငါးရံ့ အချဉ်ဆီလည်ရေလည် ဟင်းမွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday 9 December 2021

ချဉ်ငံစပ် သံပုယိုသီးသုပ်

 



အခုရက်ထဲ မာမာခရီးသွားနေတာရယ် မာမာ့ရဲ့အဖေ နေမကောင်းပြီး ဆုံးသွားတဲ့အတွက် အလုပ်တွေများခဲ့တဲ့အတွက် ဘလော့လေးဆီ မရောက်ဖြစ်ခဲ့ပါဘူး။
ဒီနေ့တော့ အရင်တစ်ပါတ်က ဝယ်လာတဲ့ သံပုယိုသီးတွေ မကုန်သေးတဲ့အတွက် ချဉ်ချဉ်ငံငံ စပ်စပ်လေး သုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ ထမင်းပူပူလေးနဲ့ စားရလေအောင် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သံပုယိုသီး - ခပ်ကြီးကြီး တစ်လုံး
  2. ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
  3. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်
  4. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငါးငံပြာရည် - ထမ်းစားဇွန်း တစ်ဇွန်း
  7. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်၀က်သာသာ
  9. ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ 

သံပုယိုသီး အချဉ်ပေါ့ပြီး မခါးစေရန် ဆားရည်စိမ်နည်း
  • ဇလုံတစ်လုံးထဲမှာ ဆားထမင်းစားဇွန်း တစ်ဇွန်းကို ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးနှင့်ဖျော်ပေးပါ
  • သံပုယိုသီးကို အခွံခွာပြီး အမွှာလေးများ ထွင်ပေးကာ ဆားရည်ထဲမှာ နာရီ၀က်လောက် စိမ်ပေးထားပါ
ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • အသုပ်သုပ်ရန် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ငရုတ်သီးစိမ်း ကြက်သွန်နီ ပဲအကျက်မှုန့် ငံပြာရည် ပုဇွန်ခြောက်မှုန့် ဟင်းချိုမှုန့် ဆီချက် ငရုတ်သီးမှုန့်တို့နှင့်အတူ ဆားရည်စိမ်ထားသော သံပုယိုသီးအဖတ်လေးများကို ရေညှစ်ပြီးထည့်ကာ အားလုံးကို ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးပါက အရသာမြည်းပြီး  မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးကာ ချဉ်ငံစပ် သံပုယိုသီးသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Wednesday 1 December 2021

ပဲဟင်းရည်ဆမ်း နံပြား

 



ဒီနေ့တော့ အသားငါးတွေ မချက်ချင်တာနဲ့ ပလာတာကြော်ပြီး ပဲဟင်းလေးချက်ကာ စားဖို့ပြင်လိုက်ပါတယ်။
တစ်ခါတစ်လေ အခုလိုလေး စားရတာကို အရသာ တွေ့တတ်တာမို့လို့ အလွယ်ချက်တဲ့ ပဲဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (ပလာတာ တစ်ဆယ့်ငါးချပ်စာအတွက်)
  1. ပလာတာ - တစ်ဆယ့်ငါးချပ်
  2. ကုလားပဲခြမ်း - နှစ်ဆယ်သား
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပဲပြုပ်သည့် အထဲထည့်ရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်သား အရသာနယ်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  7. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ကြက်သား အရသာနယ်ရန်)
  8. ငရုတ်ပွခြောက် - ခြောက်တောင့် (သို့မဟုတ်)
  9. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  10. ကြက်သွန်နီ - အနေတော် လေးလုံး (ငရုတ်သီးနှင့် ရောထောင်းရန်)
  11. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ကိုးမွှာ (ငရုတ်သီးနှင့် ရောထောင်းရန်)
  12. ချင်း - လက်တစ်ဆစ်ခန့် (ငရုတ်သီးနှင့် ရောထောင်းရန်)
  13. အာလူး - ကီလိုဝက်
  14. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူးအရသာနယ်ရန်)
  15. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အာလူး အရသာနယ်ရန်)
  16. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (အာလူး အရသာနယ်ရန်)
  17. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း (အာလူးကြော်ရန်နှင့် ဆီသတ်ရန်)
  18. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
  19. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်အိုးထဲ ထည့်ရန်)
  20. ကရဝေးရွက် -နှစ်ရွက်
  21. ပဲနံ့သာစေ့ - လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
  22. ဂေါ်ဖီထုပ် - တစ်စိတ်
  23. ကြက်သွန်နီ - အနေတော် ငါးလုံး
  24. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  25. သံပုရာသီး - ငါးလုံး
  26. ပူစီနံ - မိမိနှစ်သက်သလောက်
ပဲပြုပ်ရန် ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းကို ရေနှစ်ထပ်လောက် ဆေးပေးပြီး ဇောက်နက်သော အိုးထဲမွာ ထည့်ပေးပါ
  • ကုလားပဲခြမ်းကို ရေမြုပ်အောင်ထည့်ပြီး နနွင်းမှုန့်ထည့်ကာ ပြုပ်ပေးပါ
  • ပဲပြုပ်တဲ့အခါ ပဲအိုးထဲမွ ရေများဝေမကျအောင် အိုးအဖုံးကို ဟပြီးပြုပ်ပေးပါ
  • ပဲများကို နူးတဲ့အထိ ပြုပ်ပေးပြီး ပဲများနူးပါက အအေးခံထားပါ
ငရုတ်သီးထောင်းရန်
  • ငရုတ်ပွတောင့်ကို နာရီဝက်လောက် ရေစိမ်ပေးပြီး အညှာခြွေကာ ရေဆေးပေးပါ
  • မာမာကတော့ ငရုတ်ပွတောင့် မရှိတဲ့အတွက် ငရုတ်သီး အရောင်တင်မှုန့်ကို သုံးထားပါတယ်ကြ
  • က်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပေးပါ
  • ကြက်သွန်ဖြူ  နှင့် ချင်းကို အခွံခွာပြီး ရေဆေးပေးပါ
  • ပြီးတာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်ပွတောင့် (သို့မဟုတ်) ငရုတ်သီး အရောင်တင်မှုန့် ချင်း ကြက်သွန်ဖြူ နှင့် ကြက်သွန်နီတို့ကို ညက်နေအောင် ရောပြီး ထောင်းပေးထားပါ
အာလူးကြော်ရန်
  • အာလူးများကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးစိတ်စိတ်ထားပါ
  • ပြီးတာနဲ့ အာလူးများကို နနွင်းမှုန့် အရသာမှုန့်နှင့် ဆားတို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ အာလူးကို ထည့်ကြော်ပေးပါ
  • အာလူးတစ်တုံးလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပေးထားပါ
ဟင်းချက်ရန်
  • အာလူးကြော်ထားသော ဆီအိုးထဲမွာ ပဲနံ့သာစေ့နှင့် ကရဝေးရွက်တို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ထောင်းထားသော ငရုတ်သီးအနှစ်များကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အာလူးကို ထည့်ပေးပြီး ရေကို နည်းနည်းချင်း ထည့်ပေးပြီး ချက်ပေးပါ 
  • အာလူး နူးတဲ့အထိ ရေကိုနည်းနည်းချင်း ထည့်ပေးပြီး ချက်ပေးပါ
  • အာလူး နူးလာပါက ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းပြီးထည့်ကာ တည်ပေးပါ
  • ရေကိုမပျစ်မကျဲ  အေနအထား ရလာအောင် ထည့်ပေးပြီး ဆားနှင့် အရသာမှုန့်တို့ ထည့်ပြီး မွှေပေးကာ အရသာကို မြည်းပေးပြီး ပြင်ပေးပါ
  • မိမိနှစ်သက်တဲ့ အရသာ ရလာတာနဲ့ ပဲဟင်းရည် ရပြီဖြစ်တဲ့မတွက် မီးပိတ်ပေးထားပါ
ပလာတာကြော်ရန်
  • ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ပလာတာကို တစ်ချပ်ချင်း ထည့်ကြော်ပေးပါ
  • တစ်ဖက်ကျက်တာနဲ့ တစ်ဖက်ကို လှန်ပေးပြီး နောက်တစ်ဖက် ကျက်ပါက ဆယ်ပြီးဆီစစ်ပေးထားပါ
စားပွဲပြင်ရန်
  • ကြော်ထားသော ပလာတာများကို ကပ်ကျေးဖြင့် အနေတော် ညှပ်ပေးထားပါ
  • ပဲဟင်းရည် ပူပူနွေးနွေးကိုလဲ ပြင်ထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  • ပူစီနံကို ရေဆေးပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး လေးစိတ်စိတ်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ပန်းကန်ပြား တစ်ချပ်ထဲမှာ ပလာတာ ထည့်ပေးပြီး ပဲဟင်းရည်ဆမ်းကာ ဂေါ်ဖီ ပူစီနံ ငရုတ်သီးစိမ်းနှင့် သံပုရာရည်တို့ကို ထည့်ပေးကာ ပလာတာ ပဲရည်ဆမ်း ပူပူလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။