Saturday 11 December 2021

ပုဇွန်ပေါင်း

 


ဒီနေ့တော့ ပုဇွန်ထုတ်လေးတွေ ဝယ်လာပြီး ပုဇွန်ပေါင်းလေး ပေါင်းစားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ပုဇွန်ပေါင်း ပေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး ၁၇ကောင်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ပုဇွန် အရသာနယ်ရန်)
  3. ဆား - ထမင်းစားဇွန်း တစ်ဇွန်း ( ပုဇွန်ဆေးရန်)
  4. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  5. ပြောင်းဖူးကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ 
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နေကြာဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  11. မုံလာဥနီ - အနေတော် တစ်ဥ
  12. ကြက်သွန်မိတ် အနေတော် တစ်ပင်
  13. ကြွေပန်းကန်လုံး - တစ်လုံး
  14. ပေါင်းအိုး - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
  • ပုဇွန်ထုတ်များကို ရေစင်အောင်ဆေးပြီး ခေါင်း အခွံနှင့် ကြောဖက်မှ အမည်းကြောင်းများ ဖယ်ပေးပါ
  • ပြီးတာနဲ့ ဆားနှင့်နယ်ပေးကာ ရေလေးထပ်လောက်ဆေးပြီး ရေစစ်ထားပါ
  • ပုဇွန်များ ရေစစ်သွားတာနဲ့ ခပ်နုတ်နုတ် စင်းထားပေးပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ နေကြာဆီမှလွဲပြီး အားလုံးကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် နယ်ပေးပါ
  • ကြွေပန်းကန်လုံးကို နေကြာဆီ သုတ်ပေးပြီး အရသာ နယ်ထားသော ပုဇွန်များကို ထည့်ပေးပါ
  • ပေါင်းအိုး အောက်ခံအိုးထဲမှာ ရေတစ်ဝက်လောက် ထည့်ပေးကာ ပေါင်းခံခုံကို ထည့်ပေးပါ
  •  ထို ပေါင်းခံခုံပေါ်မှာ ဇကာကိုတင်ပြီး ပုဇွန်ထည့်ထားသော ပန်းကန်ကို ထည့်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးကို အဖုံး အုပ်ပေးပြီး steam ခလုတ်ကို နှိပ်ကာ ၁၅မိနစ် ခန့် ပေါင်းပေးပါ
  • ပေါင်းချိန်ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကုန်အောင် ထုတ်ပေးကာ ပေါင်းအိုးမဖုံးကို ဖွင့်ပြီး ပုဇွန်ပေါင်း ပန်းကန်ကို ထုတ်ပေးပါ
  • ပြီးတာနဲ့ ပုဇွန်ပေါင်း မွှေးမွှေး ပူပူလေးကို မိမိနှစ်သက်သလို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment