Saturday, 29 September 2018
မုန့်ဦးဏှောက်
ဆန်​မှုန့်​ ပလောပီနံမှုန့်​ အုန်းနို့
ရေထည့်ပြီး အားလုံးပျော်သွားအောင်
 မွှေတံဖြင့်ဖျော်ပေးပါ
ဆန်​မှုန့်​များ ရေပျော်​သွားပါက သာဂူစေ့ 
ထည့်​မွှေပေးထားပါ
အားလုံးသမသွားအောင်​ မွှေထားပါ
သကြားရည်ကို ပျော်အောင်​ကျိုပေးပါ
ဆီတို့ထည့်​ပေးပါ
 သကြားရည်​ ပွက်​ပွက်​ဆူအောင်​ တည်​ပေးပါ
 သကြားရည် ​ပွက်​ပွက်​ဆူလာတာနဲ့ ဆန်​မှုန့်ရည် 
ထည့်မွှေပေးပါ
 ထည့်မည့်ဗူးကို ဆီသုတ်​ထားပါ
 မုန့်​သားကြည်လာတာနဲ့ ဗူးထဲသို့ 
လောင်းထည့်​ပေးပါ
ဗူးထဲလောင်းထည့်​ပြီး အအေးခံပါ
မုန့်သားအေးတာနဲ့ ဗန်းတခုထဲ မှောက်​ချပေးပါ
မိမိနှစ်​သက်​သလို လှီးပေးပါ
 အုန်းနို့ကို အိုးထဲထည့်​ပေးပါ
 မီးအနေတော်​နှင့် အပူပေးပါ့
ပွက်​ပွက်​ဆူလာပြီဆိုရင်​ ဆီနှင့်​ဆားထည့်​ပေးပါ
 အုန်းနို့များ ဥတက်လာရင် အုန်းဆီချက်​ ရပါပြီ
ထုံးရည်ကြည်
ဒီနေ့တော့ မာမာတစ်ယောက် ခပ်ပျင်းပျင်း ရှိတာနဲ့ စားစရာ မုန့်လေးတွေလုပ်ရင် ကောင်းမယ်ဆိုပြီး တွေးနေတုံး စိတ်ထဲမှာ ပေါ်လာတဲ့ မုန့်ဦးနှောက်လေးကို တုံတုံအိအိ ချိုချိုစိမ့်စိမ့် အရသာလေး ရလာအောင် လုပ်ဖြစ်ပါတယ်။
တစ်ယောက်​ထဲဆိုတော့ မုန့်​လုပ်​ဖို့ပြင်​လိုက်​ လက်ဆေးလိုက် လက်သုတ်လိုက် ဓာတ်​ပုံရိုက်​လိုက်နဲ့ တော်​တော်​လေးတော့ ကသီလင်​တ နိုင်​ပါတယ်​။
ဒီမုန့်လေးက လက်​အားသန်​သန်​နဲ့ မုန့်​သားကြည်​လာတဲ့အထိ အဆက်​မပြတ်​ မွှေရတာမို့လို့ လက်​မောင်းလေ့ကျင့်​ခန်းလဲ ရသလို မုန့်​ကောင်းကောင်းလေးလဲ စားရမှာ ဖြစ်တဲ့အတွက် အားတဲ့ရက်​ကလေးမှာ လုပ်​စားကြည့်​စေချင်​ပါတယ်​။
အခုမာမာရေးပေးတဲ့ အချိုးအစားက အချိုအရသာ နည်းနည်းပိုပါတယ် အချိုအရသာ မကြိုက်ရင်တော့ ထမင်းစားဇွန်း နှစ်ဇွန်းလောက် လျှော့လုပ်နိုင်ပါတယ်။
မုန့်လုပ်တဲ့ အထဲမှာ သံပုရာရည် ထည့်တာကတော့ သံပုရာရည်ထည့်ရင် မုန့်ချဉ်သွားမလား ထင်မည့်သူတွေအတွက်ပါ တစ်ခါထဲ ပြောပြပါမယ် မုန့်အရသာ ချဉ်မသွားဘဲ သံပုရာရည် ထည့်ခြင်းကြောင့် မုန့်ထဲမှာ သကြားချိုးမကပ်အောင်ရယ် မုန့်ကိုအနည်းငယ် ကြာကြာထားနိုင်အောင်ရယ် ထည့်ခြင်းဖြစ်ပါတယ်။
ထုံးရည်ကြည် ထည့်ရတာကတော့ မုန့်သားမာမာ တင်းတင်းလေး ရလာအောင် ထည့်ပေးရခြင်း ဖြစ်ပါတယ် ထုံးအရည်ကြည် ခံထားတာ ပိုနေပါက သွန်ပပြစ်ဘဲ သိမ်းထားပါ နောက်တစ်ခါ မုန့်လုပ်စားတဲ့အခါ ပြန်သုံးလို့ရပါတယ်။
နောက်တစ်ခုက မုန့်လုပ်တဲ့အခါမှာ အောက်ခြေမကပ်ဘဲ အိုးအသားထူတဲ့ အိုးကိုသုံးပါ လက်အပူ မဟပ်အောင် မွှေလို့ကောင်းတဲ့ သစ်သားယောင်းမ အရှည်ကို သုံးပေးရင် မုန့်လုပ်ရတာ အရမ်းအဆင်ပြေပါတယ်ရှင်။
အခုမာမာ လုပ်ပြတဲ့ နည်းအတိုင်းလုပ်ပြီး အအေးခံကာ  ရေခဲသေတ္တာထဲမှာ ထားပြီးစားပါက တပါတ်မက အထားခံပါတယ်။
ပါဝင်ပစ္စည်းများ
  1. ဆန်မှုန့်  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  2. ပလောပီနံမှုန့် - ထမင်းစားဇွန်း ၄ဇွန်း
  3. အုန်းနို့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  4. သကြားဖြူ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူး
  5. ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  6. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  7. သာဂူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူး
  8. သံပုရာရည် - ထမင်းစားဇွန်း ၂ဇွန်း
  9. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁၂ဗူး
  10. အုန်းနို့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး ( အုန်းဆီချက်ရန် )
  11. ဆီ - ထမင်းစားဇွန်း ၅ဇွန်း ( အုန်းဆီချက်ရန် )
  12. ဆား - လက်ဖက်ရည်ဇွန်း တဝက် ( အုန်းဆီချက်ရန် )
  13. ထုံးရည်ကြည် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  14. အလျှား၈လက်မ အနံ၃လက်မရှိသော အပူခံနိုင်မည့် ပလပ်စတစ်ဗူး -၂ဗူး
  15. ဇောက်နက်ပြီး အိုးအသားထူကာ အောက်ခြေမကပ်သောအိုး - တစ်လုံး
  16. မွှေလို့ကောင်းသော သစ်သားယောင်းမ - တစ်ေချာင်း
  17. ဆီ - အနည်းငယ် (မုန့်ထည့်မည့်ဗူးကို သုပ်ရန်)
အုန်းနို့ကျိုပုံ
  1. ဇောက်နက်ပြီး အောက်ခြေမကပ်သော အိုးထဲကို အုန်းနို့ထည့်ပြီး မီးအနေတော်နှင့် တည်ပေးပါ
  2. အုန်းနို့က တည်ထားစဉ် ပွက်ပွက်ဆူလာပြီး ဝေကျတတ်တဲ့အတွက် ဇောက်နက်ပြီး မကပ်သောအိုးကို သုံးပေးပါ
  3. အုန်းနို့အိုး ပွက်ပွက်ဆူလာပြီး ရေအနည်းငယ် ခမ်းလာပါ ဆီနှင့်ဆားကိုထည့်ပြီး မွှေပေးပါ
  4. အိုးနို့များ ဥလာပါက မီးပိတ်ပြီး လက်ကျန်အပူရှိန်နဲ့ ဆက်တည်ထားပေးပါ
  5. ဆီသံကြားလာပြီး အုန်းနို့နံ့ သင်းလာတာနဲ့ အုန်းဆီချက် မွှေးမွှေးလေး ရပါပြီ
  6. လိုသလောက်သုံးပြီး ပိုနေပါက ထမင်းပူပူနှင့် နယ်စားနိုင်သလို အုန်းထမင်းချက်ရာမှာလဲ ပြန်သုံးလို့ရတဲ့အတွက် လိုတဲ့အခါ ပြန်သုံးနိုင်အောင် ရေခဲသေတ္တာထဲမှာ  ထည့်ခဲထားနိုင်ပါတယ်။
ထုံရည်ကြည်စိမ်ရန်
  1. ကွမ်းစားထုံး ထမင်းစားဇွန်း တစ်ဇွန်းကို ဗူးတစ်ခုထဲထည့်ပြီး ရေထမင်းစားဇွန်း ၅ဇွန်းနှင့်ဖျော်ထားပါ
  2. တစ်ညသိပ်လောက် ထားပြီးပါက အပေါ်ယံ အရည်ကြည် တက်လာသော ထုံးရည်ကြည်ကို သုံးပါမယ်။
ပြင်ဆင်ပုံ
  • အပူခံနိုင်သော ပလပ်စတစ်ဗူး နှစ်ဗူးကို ဆီအနည်းငယ် သုတ်ပေးထားပါ
  • ဇလုံကြီးကြီး တစ်လုံးကို ပြင်ထားပါ
  • ထိုဇလုံထဲမှာ ဆန်မှုန့် နှင့် ပလောပီနံမှုန့်တို့ကိုထည့်ပြီး သမအောင် ရောမွှေပေးပါ
  • သမသွားတာနဲ့ အုန်းနို့ ပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူးနှင့်  ရေ ပေါင်းအိုးဆန်ချင်ဗူး ၇ဗူးကိုထည့်ပြီး သမအောင် မွှေပေးပါ
  • အမှုန့်များ အရည်ပျော်သွားတာနဲ့ ထိုအထဲကို သာဂူစေ့ထည့်ပြီး မွှေပေးထားပါ
  • ဇောက်နက်ပြီး အိုးအသားထူကာ အောက်ချေမကပ်သောအိုးကို မီးဖိုပေါ် တင်ပေးပါ
  • ထိုအိုးထဲကို  ရေ ပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူးနှင့်သကြား ဆား ဆီနှင့် သံပုရာရည်တို့ကို ထည့်ပေးကာ တည်ပေးပါ
  • သကြားရည် အရသာအိုးကို မီးအလယ်လောက်နှင့် တည်ပေးရင်း သကြားပျော်အောင် မွှေပေးပါ
  • သကြားအိုး ရေပွက်ပွက် ဆူလာတာနဲ့ ရေဖျော်ထားသော ဆန်မှုန့်ရည်ကို လောင်းထည့်ပေးပါ
  • ဆန်မှုန့်ရည် ထည့်ပြီးတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပြီး ထိုအိုးကို အဆက်မပြတ် မွှေပေးပါ
  • မွှေနေရင်းက မုန့်နှစ်ရည် စပြီးပျစ်လာပြီ ဆိုတာနဲ့ လက်အားသန်သန်နဲ့ အဆက်မပြတ် မွှေပေးပါ
  • မွှေနေရင်း ရေခမ်းလာပါက ဆန်ချင်ဗူး တစ်ဗူးစာ ရေတစ်ခွက် ထပ်ထည့်ပေးပြီး ဆက်မွှေပေးပါ
  • သိပ်မကြာခင်မှာ မုန့်သားထပ်ပြီး ပျစ်လာပါက နောက်ထပ် ရေတစ်ဗူး ထပ်ထည့်ပြီး မွှေပေးပါ
  • မုန့်နှစ်ရည် နောက်တစ်ကြိမ် ရေပျစ်ချိန်မှစပြီး မုန့်သားကြည်ကာ ရေကုန်လာတဲ့အထိ ၈မိနစ်မှ ဆယ်မိနစ်အတွင်း မွှေပေးပါ
  • မွှေနေတာကို မရပ်ပါနဲ့ ဆက်တိုက် မွှေပေးပါ
  • သာဂူစေ့များလဲ မွှေနေရင်းက အရောင် ကြည်လာပါလိမ့်မယ်
  • တစ်ဖြည်းဖြည်းနဲ့ မုန့်အိုးထဲမှာ ရေမပေါက်တော့ဘဲ မုန့်သားကြည်လာပြီ ဆိုလာပါက ဆီသုတ်ထားသော ဗူး၂ဗူးထဲသို့ ခပ်မြန်မြန် လောင်းထည့်ပေးပါ
  • မုန့်သားညီညီလေးရအောင် သစ်သားယောင်းမဖြင့် အသာလေး ညှိပေးပြီး မျက်နှာပြင်ကို လိုက်ဖိပေးပါ
  • ပြီးတာနဲ့ မုန့်ဗူးကို အခန်းအတွင်းမှာဘဲ၂နာရီလောက် အအေးခံပေးပါ
  • မုန့်သားပူနေချိန် ရေခဲသေတ္တာထဲမှာထည့်ပြီး အအေးမခံမိဖို့ အထူးသတိထားပေးပါ
  • မုန့်သားအေးသွားမှ ရေခဲသေတ္တာထဲမှာ ထည့်ထားနိုင်ပါတယ်
  • ဆန်နှင့်လုပ်သော မုန့်ဖြစ်တဲ့အတွက် ရေခဲသေတ္တာထဲမှာ တစ်ပါတ်လောက်အထိထားပြီး စားနိုင်ပါတယ်
  • မုန့်ဦးနှောက်ဗူး အေးပြီးခဲသွားမှ ဗန်းတစ်ခုထဲကို ဗူးထဲမှ မှောက်ချပေးပြီး မိမိနှစ်သက်သလို လှီးပေးပါ
  • ပြီးတာနဲ့ အဆင်သင့် ကျိုထားသော အုန်းနို့ဆမ်းကာ ချိုစိမ့်စိမ့် အိအိတုံတုံ မုန့်ဦးနှောက် အုန်းဆီဆမ်းတဲ့ မုန့်ပွဲကို ပြင်ပေး နိုင်ပါပြီ။
Friday, 28 September 2018
ဒညင်းသီး ဆားရည်စိမ်
ဒညင်းသီးလေးတွေ ဝယ်လာပြီး အစိမ်းတို့လိုက် ပြုပ်တို့လိုက် မီးအုံးပြီးတို့လိုက်နဲ့ ပါတ်ချာလည်ရိုက်နေခေဲ့တယ် ဒါကြောင့်မို့လို့ ဒီတခါတော့ ဆားရည်စိမ်လေးလုပ်ကာ တို့စရာလုပ်ဖို့ ပြင်ထားအတွက် မာမာဆင်ဆင်ထားတဲ့ ပြင်ဆင်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ဒီမှာကတော့ အေးရှန်းဆိုင်​က အခွံချွတ်​ပြီးသား ခဲထားတာတွေဘဲ ရတဲ့အတွက်​ အဲဒီအသီးတွေကိုဘဲ ရေ၂ရက်​လောက်​စိမ်​ကာ ဆားရည်​စိမ်​ထားပါတယ်​။
ဒညင်းသီး လတ်​လတ်​ဆတ်​ဆတ်လေးတွေ ​ရခဲ့ရင်​လဲ ရေ၂ရက်​လောက်​ စိမ်​ပြီးမှ ဆားရည်​စိမ်​ဖို့ ပြင်​ဆင်​ပေးနိုင်​ပါတယ်​။
ဆားရည်​အပေါ့အငံ ပြင်​တဲ့အခါမှာ ရေကျက်​အေးကို ပုလင်းထဲထည့်​ ဆားထည့်​ပြီး အပေါ့အငံ မြည်းကြည့်ပါ ဆားရည်​ငံနေပြီဆိုရင်​ ရပါတ​ယ်​ ဆားရည်​စိမ်​နည်းက အရမ်းလွယ်​တဲ့အတွက်​ ဒညင်းသီး ပေါ်ချိန်​မှာ စိမ်​ထားလိုက်​ရင် နှစ်ပါတ်လည်အောင် ထားနိုင်ပါတယ် စားချင်​တဲ့အချိန်​ ယူစားလိုက်​ယုံပါဘဲရှင်​။
ပါဝင်ပစ္စည်းများ
  1. အခွံချွတ်ထားသော ဒညင်းသီး - 300 g နီးပါး
  2. ဆားကြမ်း - 25 g
  3. ရေကျက်အေး - လိုသလောက်
  4. ဖန်ပုလင်း သန့်သန့် - တစ်လုံး
ပြင်ဆင်ပုံ
  1. ဒညင်းသီးများကို ရေနှစ်ရက်လောက် စိမ်ပေးထားပါ
  2. အခွံပါသော ဒညင်းသီးကိုလဲ အထက်​ပါနည်းအတိုင်း ရေစိမ်​ထားပါ
  3. ဒညင်းသီး ရေစိမ်​ပြီးတာနဲ့ ရေကိုပွက်ပွက်ဆူအောင်တည်ပြီး အအေးခံထားပါ
  4. ဆားကြမ်းကို ပြင်ထားပါ
  5. ဖန်ပုလင်းကို ရေစင်အောင်ဆေးပြီး ရေခြောက်အောင် နေလှန်းထားပါ
  6. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုလင်းထဲကို ဒညင်းသီးနှင့် ဆားကြမ်းများကို အရင်ဆုံး ထည့်ပေးပါ
  7. ပြီးတာနဲ့ ဒညင်းသီးများ မြုပ်အောင် ရေကျက်အေးကို ထည့်ပေးပါ
  8. ပုလင်းအဖုံးကို လုံအောင်ပိတ်ပြီး ရိုးရိုးအခန်း အပူချိန်ထဲမှာဘဲ ထားပေးပါ
  9. ၃ရက်လောက် ရလာတာနဲ့ ငါးပိရည်ဖျော်နှင့် တို့စရာလုပ်ကာ မိမိနှစ်သက်သလို စားသုံးရန် ပြင်နိုင်ပါပြီ
  10. ဆားရည်​စိမ်​ ယူတဲ့အချိန်​ ဇွန်းသန့်​သန့်​နဲ့ယူပြီး ပုလင်းအဖုံးကို သေသေချာချာ ပြန်​ပိတ်​ထားပါက တနှစ်​ပါတ်​လည်​ အထားခံပါတယ်​။
Thursday, 27 September 2018
ဇီးယို
ဒီတခါတော့ နိုင်ငံရပ်ခြားမှာ ရောက်နေပြီး ဇီးယိုလေး စားချင်လိုက်တာလို့ လာလာပြောကြတဲ့ မိတ်ဆွေတွေအတွက် ဇီးသီးအစို ဇီးသီးအခြောက်လေးတွေ မရတဲ့အခါမှာ အလွယ်တစ်ကူ ယိုထိုးစားနိုင်မဲ့ နည်းလေး မာမာကိုယ်တိုင် စမ်းသပ်ထားလို့  အောင်မြင်တဲ့အတွက် ပြောပြချင်ပါတယ်။
ဈေးကိုသွားတော့ ဒီနိုင်ငံကလူတွေ အစာပြေ စားတတ်တဲ့ ဇီးယိုထုတ်လေး တွေ့တာနဲ့ စိတ်ထဲမှာ  ပေါ်လာတာက ဒီဇီးယိုထုတ်လေးကို အမွှေးအရသာ အစပ်အရသာ အငံအရသာလေးတွေ ထပ်ထည့်ပြီး ဇီးယိုလေးထိုးရင် ကောင်းမယ်ဆိုပြီး စိတ်​ကူးရသွားခဲ့ပါတယ်။
အချိုအရသာကလွဲပြီး လိုတာလေးတွေပြင်ဆင်ကာ ချိုချဉ်ငံပြီး စပ်နေတဲ့ ဇီးယိုလေး ထိုးဖြစ်တဲ့အတွက် မာမာကိုယ်တိုင် စိတ်ကူးအကောင်အထည် ဖော်ထားတဲ့ ဇီးယိုထိုးနည်းလေး ထပ်မံပြီး မျှဝေလိုက်ပါတယ်။
ဒီအထုတ်​လေးကိုတော့ Woolworths & Coles တို့မှာ အလွယ်​​တကူ ဝယ်​လို့ရပါတယ်​ ဈေးလဲအရမ်းမများပါဘူး 500 g တထုတ်​ကို $6 လောက်​ဘဲ ပေးရပါတယ်​။
ပါဝင်ပစ္စည်းများ
  1. အစေ့ထုတ်ထားသော ဇီးယိုတထုတ် - 500 g
  2. ငရုတ်သီးအစပ် အကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၂ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. လေးညှင်း - ၃ပွင့်
  5. ဖာလာ - ၂စေ့
  6. နာနတ်ပွင့် -၂ပွင့်
  7. ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
ပြင်ဆင်ပုံ
  1. အစေ့ထုတ်ထားသော မက်မန်းဇီးယိုထုတ်ကို ဖောက်ထားပါ
  2. ရေနှင့် ပါဝင်ပစ္စည်းများကို ဇောက်နက်သော အိုးထဲကို ထည့်ပေးပါ
  3. မီးအနေတော်နှင့် ကျိုပေးပါ
  4. ရေခမ်းပြီး ဇီးယိုအရသာ အနံ့လေး မွှေးလာပါက မီးပိတ်ပြီး အအေးခံထားပါ
  5. ပြီးတာနဲ့ မြန်မာဇီးသီး ဇီးယိုလိုဘဲ အရသာ ရှိလွန်းတဲ့ မက်မန်းဇီးယို ချိုချဉ်ငံစပ် မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။
Wednesday, 26 September 2018
အာလူးထောင်း
ဒီတခါတော့ စားလို့အရမ်းကောင်းလွန်းတဲ့ အာလူးထောင်းနည်းလေး မှြှဝပေေးခငြျပါတယျ နာဂတောင်တန်းမှာနေစဉ်တုန်းက နေ့စဉ်ထမင်းဝိုင်းမှာ မပါမဖြစ်တဲ့ အရံဟင်းတမယ်ပါ။
မြန်မာမိသားစု ထမင်းဝိုင်းမှာ မပါမဖြစ် ငါးပိရည် ငါးပိထောင်းတို့ မပါရင် မစားတတ်သလိုဘဲ အေးလွန်းတဲ့ တောင်တန်းပေါ်မှာလဲ ရွှေလံဘိုငရုတ်သီးစပ်စပ်လေးနဲ့ အာလူးထောင်းလေးပါမှ ထမင်းစားလို့ ​ြမိန်တတ်ကြပါတယ်။
မာမာအခု ရေးပေးထားတဲ့အထဲမှာ နံနံပင်နဲ့ မုန့်ညှင်းချဉ်ပါပါတယ် မိတ်ဆွေတို့မှာ အလွယ်တစ်ကူ မရှိရင်လဲ မထည့်လဲ ရပါတယ် မာမာလဲ နံနံပင်ကုန်နေလို့ မထည့်ထားပါဘူး မုန့်ညှင်းချဉ်အစား သံပုရာရည်ရည်လေး အနည်းငယ် ထည့်ပေးရင်ရပါတယ် အစပ်မစားတဲ့ သူတွေကလဲ အစပ်ကို လျှော့ပြီးမှ ထည့်ထောင်းစေချင်ပါတယ်။
ပါဝင်ပစ္စည်းများ
  1. အာလူး - အနေတော် ၅လုံး
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၂မွှာ
  5. ကြက်သွန်နီ - အနေတော် တစ်ဥ
  6. ချင်း -လက်တစ်ဆစ် မရှိတစ်ရှိ
  7. နံနံပင် - မိမိနှစ်သက်သလောက်အ
  8. ရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်င
  9. ရုတ်သီးအစပ် အခြောက်တောင့် - ၆တောင့်ခန့်
  10. ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း ၃ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (၂မျိုးသုံးရန်)
  12. ဆီ - ထမင်းစားဇွန်း ၃ဇွန်း (အာလူးထောင်း ကြော်ရန်)
  13. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး သာသာ (ငရုတ်သီးကြော်နှင့် ကြက်သွန်ဖြူကြော်ရန် )
  14. မုန့်ညှင်းချဉ် - လှီးပြီးသာ ထမင်းစားဇွန်း သုံးဇွန်း
  15. နံနံပင် - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • အာလူးကို ရေမြုပ်အောင်ထည့်ပြီး နူးအောင်ပြုပ်ပေးပါ
  • အာလူးနူးပါက ရေစိမ်ပြီး အေအးခံကာ အခွံခွာပေးပါ
  • အခွံခွာပြီးပါက ငရုတ်ဆုံထဲထည့်ကာ ကြေညက်သွားအောင် ထောင်းပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်ဖြူ ၁၂မွှာခန့်ကို အခွံခွာပြီး ရေဆေးကာ မညက်တညက် အ​ေနအထားရအောင် ထောင်းပေးပါ
  • ကျန်နေသောကြက်သွန်ဖြူ ၃မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ချင်းကိုအခွံခွာကာ ရေဆေးပြီး ညက်နေအောင် ထောင်းပေးပါ
  • ငရုတ်သီး အခြောက်တောင့်ကို အညှာခြွေကာ ရေဆေးပြီး ခက်ကြမ်းကြမ်း ထောင်းပေးထားပါ
  • မုန့်ညှင်းချဉ်ကို ခပ်သေးသေးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးထားကာ အနေတော် လှီးထားပါ
  • ငရုတ်သီးလုံးခြမ်းခွဲ မုန့်ညှင်းချဉ် အရသာမှုန့် ငံပြာရည် ဆား နနွင်းမှုန့် နှင့်ဆီတို့ကို အဆင်သင့် ပြင်ထားပါ
ငရုတ်သီးကြော်နှင့် ကြက်သွန်ဖြူကြော်ရန်
  • ဆီကိုဒယ်အိုးထဲထည့်ပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီး မညက်တညက် ထောင်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
  • ကြော်နေစဉ် မကြာမကြာ မွှေပေးပါ
  • ရွှေဝါရောင်လေး သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • အိုးထဲမွ ဆီချက်များကို ထမင်းစားဇွန်း ၃ဇွန်းလောက် ခပ်ထားကာ ကြွေပန်းကန်ထဲသို့ ပြောင်းထည့်ပေးထားပါ
  • ဆီအိုးကို ပြန်အပူပေးပြီး ဆီပူတာနဲ့ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ ထိုဆီအိုးထဲကို ငရုတ်သီးလုံးခြမ်းခွဲ မိနစ်ဝက်လောက် ထည့်မွှေကာ ပန်းကန်ထဲ ပြောင်းထည့်ပေးပါ 
အာလူးထောင်း ကြော်ရန်
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံခန့်ကို ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် ငရုတ်သီးထောင်းတို့ကို ထည့်ကြော်ပါ
  • ငရုတ်သီးကြော် ဆီသတ်နေစဉ် မကြာမကြာ မွှေပေးပါ
  • ငရုတ်သီးနံ့လေး သင်းလာတာနဲ့ မုန့်ညှင်းချဉ်ကို ထည့်ကြော်ပါ
  • မုန့်ညှင်းချဉ်နံ့လေး သင်းလာတာနဲ့ ထောင်းထားသော အာလူးထောင်းကို ထည့ျမှေှပေေးပါ
  • တချိန်ထဲမှာဘဲ ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ မွှေပေးပါ
  • အာလူးထောင်းထည့်ပြီး ကြော်ချိန် ၂မိနစ်လောက်ဆို အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
စားပွဲပြင်ရန်
  • မိမိနှစ်သက်ရာ ပန်းကန်တချပ်ထဲမှာ အာလူးထောင်းကို ထည့်ပေးပါ
  • အာလူးထောင်းအပေါ်မှာ ကြက်သွန်ဖြူဆီချက်ဖတ် ငရုတ်သီးဆီချက်ဖတ်နှင့် နံနံပင်တို့ကို ထည့်ပေးပါ
  • အဆင်သင့်ဖြစ်တာနဲ့ ရေနွေးကြမ်းလေးနဲ့ဘဲ သုံးဆောင် သုံးဆောင် ထမင်းပူပူလေးနဲ့ဘဲ စားစား အရမ်းကို စားလို့ကောင်းတဲ့ အာလူးထောင်း စပ်စပ်လေး ရပါပြီ။
Monday, 24 September 2018
Broad Bean (ပဲသုပ်)
အေးရှန်းဆိုင်က ဝယ်လာတဲ့ တောင်ကြီးပဲစေ့လေးတွေကို ဒီနေ့တော့ ပြုပ်ပြီးအခွံခွာကာ ပဲသုပ်လေးလုပ်ထားတဲ့အတွက် ဝါတွင်းကာလဘဲဖြစ်ဖြစ် သတ်သတ်လွတ် စားသုံးသူများအတွက် ပြင်ဆင်နည်းလေး မျှဝေလိုက်ပါတယ်။
တောင်ကြီးပဲ အထုတ်က ရယ်ဒီမိတ် အထုတ်လေးကို ပြုပ်ထားတာမို့ ပဲပြုပ်ချိန် အရမ်းမြန်ပါတယ် ပဲကိုရေမြုပ်အောင်ထည့်ပြီး ၅မိနစ်လောက်ဘဲ ပြုပ်ပေးရပါတယ်။
ပါဝင်ပစ္စည်းများ
  1. ရယ်ဒီမိတ် ပဲအထုတ် - 400 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  3. ပဲဆီစိမ်း - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ပဲထုတ်ကိုဖောက်ကာ ရေဆေးပြီး ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ 
  • ပဲပြုပ်ချိန် ၅မိနစ်လောက်ဆို ရပါပြီ
  • ပြုပ်ထားသော ပဲပြုပ်ထဲက ရေကိုသွန်ပေးပြီး အအေးခံထားပါ
  • ပဲများအေးပြီဆိုတာနဲ့ ပဲစေ့မှ အခွံများကို တစေ့ခြင်းစီ စိတ်ရှည်လက်ရှည်နဲ့ ချွတ်ပေးပါ
  • ပဲစေ့အားလုံး အခွံချွတ်ပြီးတာနဲ့ ဇလုံထဲမှာ ဆားနှင့်ဆီတို့နဲ့အတူ ထည့်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲထည့်ပြီး ဇွန်းနှင့်ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလို ပြင်ပေးကာ စားသုံးရန် ပန်းကန်တခုထဲ ပြောင်းထည့်၍ ပြင်ပေးကာ သတ်သတ်လွတ် တောင်ကြီးပဲသုပ် စိမ့်စိမ့်မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
Saturday, 22 September 2018
Pineapple Smoothie
တခါတလေကျတော့ ဒီဘလော့လေး ရေးမိတာ နောင်တတွေရသလို စိတ်တွေလဲ ညစ်ရပါတယ် အစထဲကလဲ မာမာပြောဖူးပါတယ် မာမာချက်တဲ့ ဟင်းတွေက ရိုးပါတယ် လူတိုင်းစားလို့ရအောင် ချက်ထားသလို အရသာ ရှိရှိလေးတွေဘဲ ချက်တာပါ အလွယ်တကူလဲ ချက်လို့ရအောင် ချက်ထားတဲ့နည်းလေးတွေပါဆိုတာ ခနခနလဲ ပြောဖူးပါတယ်။
မနေ့ညနေပိုင်းက တယောက်က မာမာနံမည်တော့ မပြောတော့ပါဘူး မက်ဆင်ဂျာကနေ လာပြောပါတယ် အမ ချက်နည်းတွေသာတင်နေတာ ကြည့်သူရော ရှိရဲ့ လားတဲ့ တယောက်မှလဲ ကော်မန့်ဝင်မရေးကြဘူးတဲ့။
ကော်မန့်ဝင်ရေးခြင်း မရေးခြင်းက ကျမအတွက် အရေးမကြီးပါဘူး ကြည့်သူ တယောက်မှ မရှိလဲ ကျမကတော့ အမှတ်တရအနေနဲ့ ရေးနေမှာဘဲလို့ ပြန်ပြောလိုက်ပါတယ် တခါတလေ ကြုံရတဲ့ စိတ်ညစ်စရာလေးပေါ့ရှင်။
ဒီနေ့တော့ နာနတ်သီး အစိမ်းလေး ဝယ်ထားတာ မှည့်လာလို့ ရေခဲတုန်းလေးတွေနဲ့ ရောကြိတ်​ကာ အရသာတမျိုး ရစေမဲ့ Pineapple Smoothie လုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
  1. နာနတ်သီး - အနေတော် တစ်စိတ်
  2. သကြား - ထမင်းစားဇွန်း တဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပေးပါ)
  3. ရေ - 1 cup
  4. ရေခဲတုန်း - 1 cup
  5. ဘလင်ဒါ
ပြင်ဆင်ပုံ
  1. နာနတ်သီးကို အခွံခွာကာ ရေဆေးပြီး အလယ်မှ အူတိုင်ထုတ်ကာ အနေတော် အတုံးလေးတွေ တုံးပေးထားပါ
  2. သကြား ရေနှင့် ရေခဲတုန်းတို့ကို ပြင်ထားပါ
  3. အားလုံးအဆင်သင့်ဖြစ်တာနဲ့ ရေခဲတုန်း ရေ သကြားနှင့် နာနတ်သီးတို့ကို ဘလင်ဒါထဲထည့်ပေးပါ
  4. အားလုံးကို ကျေပြီးသမသွားအောင် ကြိတ်ပေးပါ
  5. ပြီးတာနဲ့ Pineapple  Smoothie ချိုချဉ်အေးမွှေးလေးကို မိမိနှစ်သက်သော ဖန်ခွက်ထဲ ထည့်ပေးကာ ရွှေရင်အေးမြသွားအောင် သုံးဆောင်နိုင်ပါပြီ။
Friday, 21 September 2018
သတ်သတ်လွတ် ခရမ်းသီးကြော်ချက်
ဝါတွင်းအခါ သမယမှာဘဲဖြစ်ဖြစ် အသားမစားချင်လို့ အသီးအရွက်လေးတွေဘဲ စားချင်ရင်ဘဲဖြစ်ဖြစ် သတ်သတ်လွတ် စားနေတဲ့ သူတွေအတွက် အဆင်ပြေစေမဲ့ ဟင်းတမယ်အတွက် ခရမ်းသီး ကြော်ချက် ချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
  1. ခရမ်းသီးအရှည်သီး - အလုံးသေး 350 g
  2. ကြက်သွန်နီ - အနေတော်တဥ
  3. အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ဆားကြမ်း - ထမင်းစားဇွန်း  တစ်ဇွန်း ခရမ်းသီး နယ်ရန်
  5. ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  7. ဂျုံမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  8. ဆီ - ထမင်းစားဇွန်း ၆ဇွန်း
ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်လှီးပြီး လေးစိတ်လှီးပေးပါ
  • ပြီးတာနဲ့ ခရမ်းသီးနှင့် ဆားကြမ်းကို ဇလုံတလုံးထဲထည့်ပြီး နယ်ထားကာ နာရီဝက်လောက် ထားထားပါ
  • နာရီဝက်လောက် ရတာနဲ့ အညိုရောင်အရည်များ ထွက်သွားအောင် ရေစင်အောင်ဆေးပါ
  • ၃ထပ်လောက် ရေဆေးပြီးတာနဲ့ ခရမ်းသီးကို လက်နှစ်ဖက်နှင့် အားပါပါ ညှစ်ပေးကာ ရေစစ်ထားပေးပါ
  • ရေစစ်ပြီးတာနဲ့ ဇလုံတလုံးထဲမှာ ခရမ်းသီးနှင့် ဂျုံမှုန့်တို့ကို ခပ်ဖွဖွလေး နယ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးထားပါ 
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဆား ဆီ အရသာမှုန့် တို့ကို ပြင်ထားပေးပါ
  • ဒယ်အိုးတလုံးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ကို ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ခရမ်းသီကို ထည့်ကြော်ပေးပါ 
  • အိုးမကပ်စေရန် မကြာမကြာ မွှေပေးပါ 
  • ခရမ်းသီးများ အနည်းငယ် မာလာတာနဲ့ ဘေးမှာ ခနတွန်းထားပြီး ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို နွမ်းရုံလေး ကြော်ပေးပါ
  • ပြီးတာနဲ့ ဘေးမှာတွန်းထားတဲ့ ခရမ်းသီးကြော်နှင့် ရောမွှေပေးပါ
  • ဆားနှင့် အရသာမှုန့်ကို ရောမွှေပေးပြီး မမာ မပျော့  အနေအထားလေးရအောင် ကြော်ပေးပါ
  • အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ခရမ်းသီးကြော် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ။