Wednesday 19 September 2018

အိန္နိယစတိုင်လ် ထမင်းကြော်











ဒီနေ့တော့ အသားမပါပေမဲ့ စားလို့ကောင်းလွန်းတဲ့ သတ်သတ်လွတ် အိန္ဒိယ စတိုင်လ် ထမင်းကြော် ကြော်ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်တဲ့နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. Basmati Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ဆယ့်ငါးဗူး
  3. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (အာလူးအရသာနယ်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ထမင်းချက်သည့်အထဲထည့်ချက်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ထမင်းကြော်ထဲထည့်ရန်)
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. မုံလာဥနီ - အနေတော် တစ်ဥ
  9. တရုတ်မုန့်ညှင်းဖြူ - အရွက်ကြီးကြီး နှစ်ရွက်
  10. ပဲတောင့်ရှည် - သုံးတောင့် 
  11. ကြက်သွန်မိတ် - နှစ်ပင်
  12. အာလူး - အနေတော် ငါးလုံး
  13. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  15. ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဇွန်း
  16. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  17. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း(ထမင်းချက်သည့်အထဲ ထည့်ရန်)
  18. ဆီ - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်(အာလူးကြော်ရန်)
  19. ဆီ - ထမင်းစားဇွန်း လေးဇွန်း (ထမင်းကြော်ရန်)

ထမင်းချက်ရန်
  1. ဆန် ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးကို ရေဆေးပြီး ရေတစ်နာရီလောက် စိမ်ပေးကာ  ရေစစ်ထားပါ
  2. ဇောက်နက်သော အိုးထဲမှာ ရေကိုထည့်ပြီး တည်ပေးပါ
  3. ရေပွက်ပွက် ဆူလာတာနဲ့ ရေထဲကို ဆီထမင်းစားဇွန်း တဇွန်းနှင့်ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ပေးပါ
  4. ပြီးတာနဲ့ ရေဆေးပြီး ရေစစ်ထားသောဆန်ကို ရေနွေးအိုးထဲ ထည့်ပေးပါ
  5. ဆန်ပျော့လာပြီး ထမင်းကျက်တာနဲ့ ရေစစ်ဇကာထဲ ရေသွန်ပြီး ရေစစ်ထားပါ
အာလူးပြင်ဆင်ပုံ
  1. အာလူးကို အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  2. လှီးထားသော အာလူးကို နနွင်းမှုန့် ငရုတ်သီးအရောင်တင်မှုန့်နှင့် ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံထည့်ကာ နယ်ပေးပါ
  3. ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  4. ဆီပူလာတာနဲ့ အာလူးကို ထည့်ကြော်ပါ
  5. အာလူး ရွှေအိုရောင်သန်းလာပြီး ကြွတ်လာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
ပြင်ဆင်ပုံ

  • ချက်ပြီး ရေစစ်ကာ အအေးခံထားသော ထမင်းကို ဖွထားပါ
  • အာလူးကြော်ကို ပြင်ထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • တရုတ်မုန့်ညှင်းဖြူကို ရေဆေးပြီး လက်တစ်လုံးခွဲလောက်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးပေးပါ

ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
  • ဒယ်အိုး တစ်လုံးကို အပူပေးပြီး ဆီထည့်ကာ အပူပေးလိုက်ပါ
  • ဆီပူလာတာနဲ့ ကြော်ထားသော အာလူးကို မိနစ်ဝက်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ မုံလာဥနီ တရုတ်မုန့်ညှင်းဖြူ  ပဲသီးနှင့်  ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို တစ်မိနစ်လောက် ထည့်မွှေပေးပါ
  • အသီးအရွက်များ  ထည့်မွှေပေးပြီးတာနဲ့ ချက်ပြီးအအေးခံကာ ဖွထားသော ထမင်းဖြူနှင့်အတူ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ပဲငံပြာရည်အနောက်ရည် နှမ်းဆီ ငရုတ်ကောင်းမှုန့်နှင့် အချိုမှုန့်တို့ကိုထည့်ပြီး အရသာ သမအောင် ကြော်ပေးပါ 
  • အရသာ သမသွားတာနဲ့ မြည်းပေးပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော ကြက်သွန်မိတ်ကို ထည့်ပေးပြီး တစ်မိနစ်လောက် မွှေပေးပါ
  • ထမင်းကြော် ရပြီဆိုတာနဲ့သတ်သတ်လွတ် အာလူး ထမင်းကြော်ကို ပန်းကန်လုံး တစ်ခုမှာ ဖိထည့်ပေးပါ
  • ထမင်းကြော်ပွဲ ပြင်ဆင်ရန် ပန်းကန်ပြား တစ်ချပ်ပေါ်မှာ အာလူးထမင်းကြော်ကို မှောက်တင်ပေးပြီး မိမိနှစ်သက်သလို ပြင်ဆင်ပေးနိုင်ပါပြီ။
မှတ်ချက် ။။ အရသာမှုန့်ကို မိမိနှစ်သက်သော အချိုမှုန့် ကြက်သားမှုန့် အသီးအရွက် အရသာမှုန့် အစရှိသည်တို့ကို အစားထိုးပြီး သုံးပေးပါ။

1 comment:

  1. You are amazing! Thank you for your recipes. They are very easy to follow and a great help for those who want to prepare them at home.

    ReplyDelete