Tuesday 4 September 2018

ခရမ်းသီး ကြက်သားဟင်း


ဒီနေ့တော့ ခရမ်းသီးကို ကြက်သားနဲ့ အစပ်ချက်ကာ နှမ်းဆီမွှေးမွှေးလေး အုပ်ပေးထားပြီး ချက်ထားတဲ့ ခရမ်းသီးဟင်း အစပ်ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းသီး - 500 g
  2. ကြက်ရင်ပုံသား - 200 g
  3. မညက်တညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တဥ
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  5. ညက်နေအောင် ထောင်းထားသော ငရုတ်သီးစိမ်း အစပ်တောင့် - ၁၀တောင့်
  6. ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  7. brown sugar - လက်ဖက်ရည်ဇွန်း ၂ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  9. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  10. ငရုတ်သီးအစပ်မှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  11. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  12. နှမ်းဆီ - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာပြတ်အောင်လှီးပြီး ထက်ဝက်ခြမ်းပြီး လေးစိတ်စိတ်ကာ ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ကြက်သားကို အတုံးလိုက် ရေဆေးကာ ခပ်ပါးလေးတွေ လှီးထားပေးပါ
  • ပါဝင်ပစ္စည်းများ ပြင်ထားပါ
  • ဇောက်နက်သောအိုးကို အပူပေးပြီး ဆီထည့်ကာ brown sugarကို အရင်ဆုံး ပျော်သွားအောင် ထည့်ကြော်ပေးပါ
  • သကြားများ အရည်ပျော်လာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးစိမ်းထောင်း ဆား  ငရုတ်သီးအစပ်မှုန့် ငရုတ်သီး အရောင်တင်မှုန့်နှင့် နနွင်းမှုန့်များကိုထည့်ပြီး ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ သင်းလာတာနဲ့ ကြက်သားထည့်ပြီး မွှေပေးပါ
  • ကြက်သားအသား မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အသားကျက်အောင် တည်ပေးပါ
  • ရေမခမ်းခင် လှီးထားသော ခရမ်းသီးများထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး ခရမ်းသီး မနူးသေးပါက ရေနွေးပူပူ အနည်းငယ်ထည့်ပေးပြီး အထက်အောက် သမသွားအောင် အိုးကို လှုပ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • အရသာ အနေတော် ဖြစ်ပါက အရည်အနည်းငယ်ချန်ကာ နှမ်းဆီအုပ်ပေးပြီး အိုးကိုလှုပ်ပေးကာ မီးပိတ်ပေးပါ 
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေး ရအောင်တည်ပေးပြီးတာနဲ့ စပ်ပြီးမွှေးနေသော ခရမ်းသီးနှပ် စပ်စပ်မွှေးမွှေးလေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment