Monday 17 September 2018

ကြက်သားစင်းကော ထမင်းကြော်



တခါတလေ ဟင်းတွေနဲ့ စားရတာ မစားချင်တော့ စိတ်ပြောင်း စိတ်လွဲလေး ဖြစ်ရလေအောင် ဒီနေ့တော့ ကြက်သားစင်းကောလေးနဲ့ ထမင်းကြော်လေး ကြော်ပါတယ်။

ထမင်းကြော်ကို ဘယ်အချိန်စားစား အမြဲတမ်း စားနေရလဲ မမုန်းတဲ့ အထဲမှာ ပါတဲ့အတွက် မကြာမကြာ ဆိုသလို ကြော်စားဖြစ်တဲ့အတွက် ဒီနေ့ကြော်ဖြစ်တဲ့ ထမင်းကြော်နည်းကို မျှဝေလိုက်ပါတယ်။

မာမာကတော့ ကြက်သားကို စင်းကောလေးလုပ်ကာ ကြော်ထားပါတယ် တစ်ခြားအသားလေးတွေနဲ့ စားချင်တယ် ဆိုရင်တော့ မိမိနှစ်သက်ရာ အသားလေးတွေ ထည့်ကြော်လို့ ရပါတယ်။

ပါဝင်ပစ္စည်းများ
  1. Jasmine Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး တန်ချင်ဗူး သုံးဗူး (ထမင်းချက်ရန်)
  3. ကြက်ရင်ပုံသား - 150 g
  4. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း  တစ်ဇွန်း 
  8. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ခရုဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ကြက်ဥ - တစ်လုံး 
  12. ကြက်သွန်နီ - အနေတော် တစ်ဥ
  13. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  14. မုံလာဥနီ - အနေတော် တစ်ဥ
  15. တရုတ်မုန့်ညှင်းဖြူ - အရွက်ကြီးကြီးနှစ်ရွက်
  16. ပဲတောင့်ရှည် - သုံးတောင့် 
  17. ကြက်သွန်မိတ် - နှစ်ပင်
  18. ကြက်ဥ - တစ်လုံး
  19. ချင်း - လက်တဆစ်ခန့်
  20. ငရုတ်ကောင်းမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက် 
  21. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  22. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  23. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  24. ထောပါတ်ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
  1. ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲထည့်ပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
  2. ထမင်းအိုး ကျက်တာနဲ့ အအေးခံကာ ဖွထားပါ
  3. ကြက်သားကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ စင်းထားပါ
  4. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  6. ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေးလေးတွေ လှီးထားပါ
  7. ပဲတောင့်ရှည်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  8. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  9. ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးပေးပါ
  10. ဇလုံတစ်လုံးထဲမှာ ကြက်ဥကို ဖောက်ထည့်ပြီး  ပွလာတဲ့အထိ ခလောက်ထားပါ
  11. တရုတ်မုန့်ညှင်းဖြူ ကို ရေဆေးပြီး လက်တစ်လုံးခွဲလောက်လေးတွေ လှီးထားပါ

ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ထမင်းကြော်ပါမယ်
  • ဒယ်အိုး တစ်လုံးကို အပူပေးပြီး ထောပါတ်ခဲကိုထည့်ကာ ပျော်သွားအောင် အပူပေးလိုက်ပါ
  • ထောပါတ်ခဲ ပျော်လာတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပါ
  • ကြက်ဥကြော်နေစဉ် ငရုတ်ကောင်းမှုန့် ထည့်မွှေပေးပါ
  • ကြက်ဥကျက်တာနဲ့ ပန်းကန်တစ်ခုထဲ ပြောင်းထဲ့ပေးပြီး ဖယ်ထားပါ
  • ထိုဒယ်အိုးထဲမှာ ဆီထမင်းစားဇွန်း နှစ်ဇွန်းထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ချင်းတို့ကို နွမ်းလောက်အောင် တစ်မိနစ်လောက် ကြော်ပေးပါ
  • ပြီးတာနဲ့ စင်းထားသော ကြက်သားကို ထည့်ကြော်ပါ 
  • ကြက်သားအိုးထဲကို ဆားထဲ့ပြီး နှစ်မိနစ်လောက် မွှေပေးကာ ရေအနည်းငယ်ထည့်ပြီး ကြော်ပေးပါ
  • ရေခမ်းလာတာနဲ့ မုံလာဥနီ တရုတ်မုန့်ညှင်းဖြူ  ပဲသီးတို့ကို ထည့်မွှေပေးပါ
  • အသီးအရွက်များ ထည့်မွှေပေးပြီးတာနဲ့ ချက်ပြီးအအေးခံကာ ဖွထားသော ထမင်းဖြူ နှင့်အတူ ငါးငံပြာရည် သကြား ပဲငံပြာရည်အနောက် နှမ်းဆီ ဆား ပဲငံပြာရည် အကြည်နှင့် ခရုဆီတို့ကိုထည့်ပြီး အရသာ သမအောင် ကြော်ပေးပါ 
  • အရသာ သမသွားပြီ ဆိုတာနဲ့ ကြော်ပြီးဖယ်ထားသော ကြက်ဥကို ထည့်ပြီးမွှေပေးပါ
  • ပြီးတာနဲ့ လှီးထားသော ကြက်သွန်မိတ်ကို ထည့်ပေးပြီး တစ်မိနစ်လောက် မွှေပေးပါ
  • စိတ်ကြိုက်အနေအထား ရတာနဲ့ အရသာ မြည်းကာ လိုသလို ပြင်ပေးပါ
  • ထမင်းကြော် ရပြီဆိုတာနဲ့ကြက်သား ထမင်းကြော်ကို ပန်းကန်လုံး တစ်ခုမှာ ဖိထည့်ပေးပါ
  • ထမင်းကြော်ပွဲ ပြင်ဆင်ရန် ပန်းကန်ပြား တစ်ချပ်ပေါ်မှာ ကြက်သားစင်းကော ထမင်းကြော်ကို မှောက်တင်ပေးပြီး မိမိနှစ်သက်သလို ပြင်ဆင်ပေးနိုင်ပါပြီ။
မှတ်ချက် ။။ အရသာမှုန့်ကို မိမိနှစ်သက်သော အချိုမှုန့် ကြက်သားမှုန့် အသီးအရွက် အရသာမှုန့် အစရှိသည်တို့ကို အစားထိုးပြီး သုံးပေးပါ။

No comments:

Post a Comment