Saturday, 30 December 2017

ခရမ်းသီးနှပ် အိအိလေး





ထောပါတ်ခရမ်းသီးလေးတွေ ရလာတော့ ပုဇွန်ထုတ်လေးတွေနဲ့ နှပ်ဖို့ပြင်ပြန်ပါတယ် ခရမ်းသီးနှပ်က မာမာ့အကြိုက်ဆုံး အစားအစာ တစ်ခုဖြစ်လို့ မကြာခန ချက်ဖြစ်နေတဲ့ ဟင်းတစ်မယ်ပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင် ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ထောပါတ်ခရမ်းသီး - အလုံးကြီးကြီး တစ်လုံး
  2. ပုဇွန်ထုတ် - ဆယ်ကောင်ခန့်
  3. မညက်တညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  9. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်လှီးပြီး အခွံခွာပေးကာ ထက်ဝက်ခြမ်း ရေနာရီဝက်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
  • ပုဇွန်ထုတ်ကို အခွံမခွာဘဲ ခေါင်းခွံဘဲခွာကာ ကြောဘက်မှ အမည်းကြောင်းကို ဖယ်ပေးပါ
  • ခရမ်းသီး ကြက်သွန်ဖြူ ကြက်သွန်နီ ဆား အရသာမှုန့် ငရုတ်သီး အရောင်တင်မှုန့် ဆီ နနွင်းမှုန့်နှင့် ပုဇွန်ထုတ်များကို ဇောက်နက်သော အိုးထဲထည့်ပြီး  အရသာဝင်အောင် နယ်ပေးပါ
  • အိုးထဲမှာ အရသာနယ်ထားသော ခရမ်းသီးကို ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပြီး လုံးရည်ခမ်းကာနီးတာနဲ့ ရေလိုသလောက် ထပ်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • အိုးထဲမှာ ဆီကျန်ရေကျန် အနေအထားလေးရအောင်တည်ပေးပါ
  • ခရမ်းသီးနူးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိအိမွှေးမွှေး ခရမ်းသီးနှပ် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။

Sunday, 24 December 2017

ရွှေကြည် အလှော်မှုန့်




အလုပ်အားတဲ့ရက်ဆိုရင် မီးဖိုဆောင်ထဲမှာ လိုအပ်တာလေးတွေ ကြော်ဟယ် လှော်ဟယ် သိမ်းဟယ်နဲ့ အချိန်ကုန်တတ်ပါတယ် ဒီနေ့တော့ ရွှေကြည်ဆနွင်းမကင်း လုပ်ချင်ရင် အဆင်သင့် လုပ်နိုင်အောင်ရယ် မုန့်ဟင်းခါးထဲ ထည့်ချက်လို့ရအောင်အတွက် ရွှေကြည်လှော်နည်းလေး မျှဝေလိုက်ပါတယ်။

ပြင်​ဆင်​ပုံ

  1. ပုံတွင်ပြထားသည့် ရွှေကြည်မှုန့်ကို ပြင်ထားပါ
  2. မာမာက​တော့ လိုချင်တဲ့အခါ အဆင်သင့်ရအောင် တခါ​လှော်​ရင်​ ၅၀၀ ဂရမ် အထုတ်၂ထုတ်ကို လှော်​ပါတယ်
  3. စတင်ပြီး လှော်ဖို့ပြင်ပြီဆိုတာနဲ့ အသားထူတဲ့ ဒယ်အိုးကို အပူပေးပါ
  4. အသားပါးတဲ့ ဒယ်အိုးဆိုရင် ရွှေကြည်မှုန့်က နူးညံ့လွန်းတဲ့အတွက် ခနလေးနဲ့ ကျွမ်းသွားတတ်ပါတယ်
  5. ဒယ်အိုး ပူလာတာနဲ့ မီးကိုအနေတော် လျှော့​ပေးပါ
  6. မီးပြင်းရင်​ အ​ရောင်​မည်းပြီး ကျွမ်းလွယ်​တဲ့အတွက်​ မီးအ​နေ​တော်​နဲ့ ​လှော်​တာ အ​ကောင်းဆုံးပါ
  7. ​လှော်​​နေစဉ်​ အကျက်​ညီ​စေရန် သစ်သားယောင်းမဖြင့်​ အဆက်မပြတ်  ​မွှေ​မွှေ​ပေးပါေ
  8. ရွှကြည်မှုန့်အားလုံး ​ရွှေအို​ရောင်​ သန်းလာပြီး မွှေးလာပြီဆိုရင်တော့​ ဇလုံကျယ်ကျယ် (သို့မဟုတ်​) လင်​ဗန်း ( သို့မဟုတ်) စ​ကောထဲကို သွန်ထည့််ပြီး အ​အေးခံပါ
  9. အအေးခံ​ထား​သော ရွှေကြည်အ​လှော်မှုန့်များကို ဆနွင်းမကင်းလုပ်ရန်နှင့် မုန့်ဟင်းခါးထဲ ထည့်ချက်ရန်အတွက် ​လေလုံပြီး ​ခြောက်​​သွေ့​သော ဖန်​ပုလင်းထဲမှာထည့်​ပြီး လိုအပ်​​သောအချိန်​ သုံးနိုင်​ရန်​ သိမ်းထားနိုင်​ပါတယ်။

Friday, 22 December 2017

မှိုအရည်သောက်ဆမ်း



မှိုဆိုရင် အရမ်းကြိုက်တဲ့ သမီးလေး အတွက် ဒီနေ့တော့ မှိုအရည်သောက်လေးတမယ် ချက်ဖြစ်ပြန်ပါတယ် ဒီတခါတော့ ကြက်သွန်ဖြူထောင်းလေးထည့်ပြီး ငရုတ်ကောင်းမှုန့်ခပ်ကာ သံပုရာရည်လေးညှစ်ထားတဲ့ လွယ်ကူမြန်ဆန် အရည်သောက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မှို- 250 g
  2. ကြက်သွန်ဖြူ ၂မွှာ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ငရုတ်ကောင်းမှုန့် - စားနိုင်သလောက်
  6. သံပုရာသီး - စာနိုင်သလောက်

ပြင်ဆင်ပုံ
  1. မှိုကို ရေဆေးပြီး အမွှာလေးများ ထွင်ပေးကာ အိုးတလုံးထဲ ထည့်ပေးပါ
  2. မှိုနှင့်အတူ ရေအနည်းငယ် ဆား နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
  3. ငရုတ်ကောင်းမှုန့်ကို ပြင်ထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ပြီးပါ
  5. မှိုဟင်းရည် ပွက်ပွက်ဆူလာတာနဲ့ အထက်အောက် သမအောင် မွှေပေးပါ
  6. ရေကို မိမိလိုချင်သလောက် အနေတော်ထည့်ပြီး ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ထည့်ကာ ဟင်းရည်ဆူအောင် ထပ်တည်ပေးပါ
  7. ဟင်းရည် ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  8. ပြီးတာနဲ့ မှိုဟင်းရည်ထဲကို သံပုရာ မိမိသောက်နီူင်သလောက် အချဉ်ညှစ်ကာ သုံးဆောင်နိုင်ပါပြီ။

Tuesday, 19 December 2017

ကြက်သားဆုတ်ကြော်







တကယ်တမ်းကျတော့ အိမ်လုပ်ဟမ်ဘာဂါလေး လုပ်စားချင်တာနဲ့ ကြက်သားကို နုတ်နုတ်စင်းကာ ကြက်သားဆုတ်ကြော်လေး လုပ်ဖြစ်ပါတယ် လုပ်ရတာ လွယ်ကူသလောက် စားလို့ကောင်းတဲ့ အသားဆုတ်ကြော်လေးမို့လို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ

  1. ကြက်သား- 600 g
  2. ပေါင်မုန့်ခြောက် အမှုန့် - ထမင်းစားဇွန်း လေးဇွန်း
  3. ကြက်ဥ - နှစ်လုံး 
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်လုံး 
  8. ကြက်သွန်ဖြူ -  လေးမွှာ
  9. ကြက်သွန်မိတ် - နှစ်ပင်
  10. Baking paper - နှစ်လက်မပါတ်လည်အရွယ် လေးရွက်
  11. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို အရိုးများဖယ်ပြီး နုတ်နုတ်စင်းပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်ဥကို ဇလုံတစ်လုံးထဲ ဖောက်ထည့်ပြီး အမြုပ်ထလာတဲ့ထိ ခလောက်ထားပါ
  • Baking paper ကို ပုံပါအတိုင်း ပြင်ထားပါ
  • ဇလုံတစ်ခုထဲမှာ ကြက်သား ပေါင်မုန့်ခြောက်အမှုန့် အရသာမှုန့် ကြက်ဥ ကြက်သွန်မိတ် ဆား ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီ အားလုံးကို သမအောင် ရောနယ်ပေးပါ
  • ပြီးပါက နှစ်လက်မ အရွယ်လောက် အသားအ၀ိုင်းပြား လေးပြားလုပ်ပေးပါ
  • အသားပြားကို လက်ဝါးပေါ်တင်ပြီး ခပ်ဝိုင်းဝိုင်း ခပ်ထူထူ အနေအထားရအောင် လုပ်ပေးပါ
  • တစ်ခုပြီးတာနဲ့ baking paper ပေါ်တင်ထားပါ
  • အားလုံးပြီးတာနဲ့ ရေခဲသေတာ မခဲသော အကန့်ထဲမှာ ၄နာရီလောက် ထည့်ပေးထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးကို မီးအနေတော်နှင့် အပူပေးပြီး အိုးပူလာမှ ဆီထည့်ကာ အသားပြားများကို ထည့်ပေးပါ
  • အသားပြားများ ထည့်ပြီးတာနဲ့ ဒယ်အိုးကို အဖုံးအုပ်ပေးထားပါ
  • မကြာ မကြာ အိုးအဖုံးဖွင့်ပေးပြီး တစ်ဖက်တစ်ခါ လှည့်ပေးကာ အညှိရောင် သန်းလာသည် အထိ ကြော်ပေးပါ
  • အညိုရောင် သန်းလာပါက မိမိနှစ်သက်သလို ဟမ်ဘာဂါသော်လည်းကောင်း ဒီအတိုင်းသော်လည်းကောင်း စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Friday, 15 December 2017

သရက်သီးစိမ်း အရိုင်းသုပ်



ထမင်းစားရတာ အချဉ်သုပ်လေး တခုခုပါလေလေ ထမင်းက စားလို့မြိန်လေလေပါဘဲ ဒီနေ့တော့ သရက်သီးစိမ်းကို ဖိုးသိုးဖတ်သပ်လေး အရိုင်းသုပ်ကာ ကြက်သားကို ပြုပ်ပြီး ပဲကြာဇံနဲ့ ဟင်းခါးလေးချက်ကာ ထမင်းမြိန်မြိန် စားနိုင်ဖို့ ပြင်ဖြစ်တဲ့အတွက် သရက်သီး အရိုင်းသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်​ပစ္စည်းများ

  1. သရက်သီးစိမ်း - ခပ်ကြီးကြီး တစ်လုံး
  2. အရသာမှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငရုတ်သီး အလှော်မှုန့် -  စားနိုင်သလောက်
  4. ပုဇွန်ခြောက် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • သရက်သီးစိမ်းကို အညှာဖက်မှလှီးပြီး ရေနိုင်နိုင်ဆေးကာ အစေးထုတ်ပေးပါ
  • ပြီးတာနဲ့ အခွံခွာကာ အခွံခွာသောဓါးနှင့် သရက်သီးကို ခြစ်ချကာ လှီးပေးပါ
  • ပုဇွန်ခြောက်ကို ညက်နေအောင် ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်​ပစ္စည်းများ အားလုံးကို ဇလုံတစ်လုံးထဲထည့်ကာ ဖွဖွလေးရောနယ်ပေးပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးကာ စားပွဲပြင်ပေးပါ
  • ကြက်သား ပဲကြာဇံဟင်းခါးနှင့် တွဲဖက်စားရန် ချဉ်ငံစပ်ပြီး အရသာ ရှိလှသော သရက်သီး အရိုင်းသုပ်လေးကို စားသုံးရန်အသင့် ပြင်ပေးနိုင်ပါပြီ။

Sunday, 10 December 2017

ကြက်ဟင်းခါးသီး ဆီပြန်














ဈေးအရမ်းကြီးလို့ အမြဲတမ်း မစားဖြစ်ပေမဲ့ ရံဖန်ရံခါမှ စားတတ်တဲ့ ကြက်ဟင်းခါးသီး ဆီပြန်ဟင်းလေး ဒီနေ့ တော့ နောက်ထပ်တစ်ခါ ချက်ဖြစ်ပြန်တာမို့လို့ မာမာချက်ထားတဲ့ ကြက်ဟင်းခါးသီး ဆီပြန်ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ဟင်းခါးသီး - အနေတော် လေးလုံး
  2. ပုဇွန်ခြောက် - ထောင်းပြီးသား ထမင်းစားဇွန်း လေးဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  8. ညက်အောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ညက်အောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ဆီ - ထမင်စားဇွန်း ငါးဇွန်း

ပြင်ဆင်ချက်ပြုပ်ပုံ
  1. ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ ခပ်ထူထူ လှီးပေးပါ
  2. အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  3. ဖယ်ထားသော အစေ့များကို အသုံးမလိုသောကြောင့် ဖယ်ထားလိုက်ပါ
  4. ကြိတ်ထားသော ပုဇွန်ခြောက်မှုန့်ကို ပြင်ထားပါ
  5. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ်လှီးပါ
  6. ကြက်သွန်ဖြူကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
  7. ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ငရုတ်သီးမှုန့်ထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
  8. အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  9. ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးထောင်းကို နွမ်းပြီး မွှေးသွားအောင် ကြော်ပေးပါ
  10. ငရုတ်သီးနံ့ သင်းလာတာနဲ့ ငံပြာရည် ထည့်မွှေပေးပါ
  11. ပြီးတာနဲ့ ပုဇွန်ခြောက်ကို မိနစ်ဝက်လောက်ထည့်ကြော်၍ ကြက်ဟင်းခါးသီး ထည့်ကြော်ပါ
  12. ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တစ်မိနစ်လောက်ပြည့်တာနဲ့ ရေ ထမင်းစားဇွန် ၇ ဇွန်းလောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးအုပ်ပြီး ချက်ပေးပါ
  13. ဟင်းအိုးမကပ်စေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  14. ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြက်ဟင်းခါးသီးဟင်း စပ်စပ်လေးကို စားဖို့ပြင်ဆင်နိုင်ပါပြီ။

Tuesday, 5 December 2017

ထောပါတ်နံ့သင်းနေတဲ့ ဂဏန်းဟင်း







အခုရက်ထဲ အလုပ်တွေများနေတာရယ် စာမေးပွဲတွေ ရှိနေတာရယ်ကြောင့် ဘလော့ဆီမှာ ဘာမှမတင်ဖြစ်ခဲ့တာ ကြာသွားပါတယ် ဒီနေ့တော့ ထောပါတ်နဲ့ ချက်ထားတဲ့ ဂဏန်းဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ် ချက်နည်းကတော့ အရင်ချက်နည်းတွေနဲ့ အတူတူပါဘဲရှင်။

ပါဝင်ပစ္စည်းများ

  1. ဂဏန်း  - ကီလိုဝက်သာသာ၂ ကောင် 
  2. ငရုတ်သီး အရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ 
  4. ကြက်သွန်နီ - အနေတော် တစ်ဥ 
  5. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. မကျည်းသီးမှည့် - အနည်းငယ် 
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ  
  10. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  11. ထောပါတ်ခဲ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ

  1. ဂဏန်းများကို ရေစင်အောင်ဆေးပြီး အပြင်ခွံနှင့်အတူ အပေါ်အခွံအောက်မှ ပါးဟက်များနှင့် မလိုသော နေရာများကို ဖယ်ပေးပါ
  2. ဂဏန်းကို ပက်လက်လှန်လိုက်ကာ ရေယက်သော ဘတ်လတ်လေးကို လှန်လိုက်ပြီး ကပ်ကြေးနှင့် ညှပ်ကာ ဖယ်ပေးပါ
  3. ဂဏန်းကို မှောက်ခုံပြန်ထားပြီးပါက အရှေ့ဖက်မှာ မျက်လုံးနေရာကို ကပ်ကြေးနှင့်ညှပ်ပြီး ဖယ်ပေးပါ
  4. အပေါ်ခွံကို လှန်ပေးပြီး အောက်ဖက်မှ ပါးဟက်ဖြူဖြူများကို ဖယ်ထုတ်ပေးပါ
  5. အားလုံး သန့်စင်ပေးပြီးပါက ဂဏန်းများကို အနေတော် ခုတ်ပိုင်းပေးကာ ဇလုံတလုံးထဲ ထည့်ပေးပါ
  6. သန့်စင်ထားသော ဂဏန်းများကို ဇလုံတလုံးထဲထည့်ပြီး ဆား ငံပြာရည် နနွင်း အချိုမှုန့်တို့ကို ပြင်ထားပါ
  7. ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လှီးပေးပါ
  8. ငရုတ်သီးမှုန့်ကို ပြင်ထားပါ
  9. မကျည်းသီးမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
  10. ထောပါတ်ခဲနှင့်အတူ ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ချက်ပြုတ်ရန် ပြင်ဆင်ပုံ

  1. ဒယ်အိုးကို အပူပေးပါ
  2. ဒယ်အိုးပူလာတာနဲ့ ထောပါတ်ခဲကိုထည့်ပါ
  3. ထောပါတ်ဆီ ပူလာတာနဲ့ နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးဆီသတ်ပါ
  4. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ဂဏန်းကို ထည့်ပြီးမွှေပေးပါ 
  5. ပြီးတာနဲ့ ဇောက်အနည်းငယ်နက်သော အိုးထဲသို့ ဆီသတ်ထားသော ဂဏန်းကို ပြောင်းထည့်ပေးပါ
  6. အိုးထဲကို ထည့်ပေးကာ အထက်အောက် သမအောင် ၃ချက်လောက် ထည့်မွှေပါ
  7. ပြီးတာနဲ့ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်၍ တည်ပေးပါ
  8. ရေမခမ်းခင် မကျည်းမှည့် အရည်ထည့်၍ သမအောင် မွှေပေးပြီး အရသာမြည်းကာ မဆလာ အုပ်ပေးပါ
  9. အရသာ လိုသလို ပြင်ပေး၍ ရေမခမ်းခင် မီးပိတ်ပေးပြီး ဂဏန်းထောပါတ် မဆလာဟင်း မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ

Thursday, 23 November 2017

ထောပါတ်နံ့သင်းနေတဲ့ ကြက်သားကင်









ဒီနေ့တော့ butter chickenအနှစ်နဲ့ အရသာသွင်းကာ ကြက်သားလေး ကင်ဖြစ်တဲ့အတွက် ထမင်းကတော့ စားလို့ကောင်းခဲ့ပြန်ပါတယ် အရသာကမွှေးပြီး စပ်စပ်လေးမို့လို့ butter chicken အရသာ ရယ်ဒီမိတ် ပုလင်းလေး ရခဲ့ရင်တော့ ကြက်ကင်လေး ကင်စားကြည့်စေချင်ပါတယ်ရှင်။

 အရသာစပ်နည်း ပုံတွေကိုတော့ အရင်တခါက ချက်နည်းတင်ထားတဲ့ ပုံတွေကိုဘဲ သုံးထားပါတယ် ကင်တဲ့အခါ အသားများတူးပြီး မကပ်သွားစေရန် baking paper ကိုသုံးပြီး ကင်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား  - 350 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. Butter chicken - ထမင်းစားဇွန်း ၃ဇွန်း
  4. သံပုရာရည် ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ထောပါတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. အကင်အိုး သို့မဟုတ် အောက်ခြေထူသော - ဒယ်အိုး
  7. ဝါးဒုတ်ချောင်း - လိုသလောက်
  8. Baking paper - လိုသလောက်


ပြင်ဆင်ပုံ
  1. ကြက်ရင်ပုံသားကို ရေဆေးပြီး ပုံပါအတိုင်း အမြှောင်းရှည်ရှည်လေးတွေ တုံးပေးပါ
  2. တုံးထားသော ကြက်သားကို ဆား butter chicken အနှစ်တို့နှင့်ရောနယ်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၅နာရီလောက် နှပ်ထားပေးပါ
  3. မကင်ခင် ရေ၃နာရီလောက် စိမ်ထားသော အကင်ဝါးချောင်းလေးတွေမှာ အသားတုံးလေးတွေကို ထိုးပေးပါ
  4. ဘာဘီကျူး အကင်အိုးနှင့် ကင်ပါက အကင်အိုးကို အပူပေးပြီး ဆီအနည်းငယ်သုပ်ပေးပါ
  5. အကင်အိုး မရှိပါက အောက်ခြေထူပြီး မကပ်သော အိုးတလုံးကို အသုံးပြုပြီး ကင်ပေးပါ
  6. မာမာကတော့ ဆေးရတာလွယ်ကူတဲ့ အောက်ခြေထူသော ဒယ်အိုးကိုသုံးပြီး ကင်ထားပါတယ်
  7. ဒယ်အိုးပေါ်မှာ baking paper ကို ဖြန့်ခင်းပေးပြီး အိုးကို low heat နှင့်  အပူပေးပါ
  8. အပူပေးထားသော ဒယ်အိုးထဲမှာ Baking paper ဖြန့်ခင်းပြီး ထောပါတ်ခဲကိုထည့်ပြီး အပူပေးပါ
  9. ထောပါတ်ခဲ ပူလာတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ကြက်သားကို အကင်အိုးထဲထည့်ပြီး ကင်ပေးပါ
  10. ကင်နေစဉ် အကျက်ညီစေရန် အိုးအဖုံးကို ဖုံးထားပေးပါ
  11. ကြက်သားကင် တဖက်ကို ၃မိနစ်လောက် အပူပေးပြီး ကြက်သား အပေါ်ယံကို အိုးထဲမှ ထောပါတ်ဆီအနည်းငယ် သုတ်ပေးကာ တဖက်ကို လှည့်ပေးပြီး ကင်ပေးပါ
  12. နောက်တဖက်ကိုလဲ ၃မိနစ်လောက်ကင်ပေးပြီးရင် ထောပါတ်နံ့သင်းနေသော ကြက်သားကင် မွှေးမွှေးလေး ရပါပြီ။

Wednesday, 22 November 2017

Teriyaki Chicken အစိမ်းကြော်








ကျောင်းတစ်ဖက် အိမ်အလုပ်တစ်ဖက်နဲ့ တစ်ခါတစ်လေ ဟင်းချက်တာတောင် ကရောသောပါး ချက်ရတဲ့ရက်လေးတွေ ရှိပါတယ် အဲဒီလို ရက်မျိုး ဆိုရင်တော့ အသားနဲ့ အသီးအရွက် တစ်ခါထဲ ရောချက်ပြီး ထမင်းစားမြိန်အောင် ဖန်တီးရပြန်တာဘဲ ဒီနေ့တော့ အသားနဲ့ အသီးအရွက် တစ်ခါထဲ ရောကြော်ဖို့ Teriyaki Chicken အစိမ်းကြော် ကြော်နည်းလေး တင်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ပေါင်သား - 200 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. ဇူကီးနီ - တစ်တောင့်
  6. ပဲတောင့်ရှည် - ဆယ့်ငါးတောင့်
  7. ဘလိုကိုလီ - အနေတော် သုံးခက်
  8. မှို - ခွန်နှစ်ပွင့်
  9. ချင်း - ခပ်ပါးပါး နှစ်ပြား
  10. Teriyakiအနှစ် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ငါးဇွန်း 




ပြင်ဆင်ပုံ
  • ကြက်သားကို အရိုးထုတ်ကာ အနေတော် အတုံးလေးတွေတုံးပြီး ဆားအနည်းငယ် အချိုမှုန့်အနည်းငယ်တို့နှင့် အရသာ အနည်းငယ်နယ်ကာ Teriyaki အနှစ်နှင့်နယ်ပေးပြီး နာရီဝက်လောက် နှပ်ထားပေးပါ
  • ကြက်သွန်နီကို လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  • အခြားအသီးအနှံတွေကိုလည်း ရေဆေးကာ အနေတော် လှီးထားပါ
  • ချင်းကိုလဲ အခွံခွာကာ ညက်နေအောင် ထောင်းထားပါ
  • ဒယ်အိုးတစ်လုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ချင်းကို ဆီသတ်ပြီး အရသာ နယ်ထားသော ကြက်သားကို ထည့်ကြော်ပါ
  • ကြက်သားအသား မာလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ ရေခမ်းအောင် တည်ပေးပါ
  • ရေခမ်းတာနဲ့ အသီးအရွက်များကို ထည့်ပေးပါ
  • အသီးအရွက်များကို အရမ်းမကျက်စေဘဲ  အနည်းငယ် နွမ်းသွားပါက မီးပိတ်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • အလွန်စားကောင်းလို့ကောင်းတဲ့Teriyaki ကြက်သား အသီးအရွက် အစိမ်းကြော်လေး ရပါပြီ။
  • ၀က်သားစားပါက ကြက်သားအစား ဝက်သားအစားထိုးပြီး ကြော်နိုင်သလို အချိုမှုန့် မစားပါက ကြက်သားမှုန့် သကြားတို့တို့ကို အစားထိုးပြီး ကြော်ပေးပါ