Sunday 31 July 2022

ဝက်သားနီချက်

 


ဒီနေ့တော့ ကလေးတွေ လာတုန်းက ဝက်သားကို မျှစ်ချဉ်နဲ့တစ်ဖုံ လက်ဖက်နဲ့တစ်မျိုး ချက်ဖြစ်ခဲ့တဲ့ အထဲက ဒီနေ့တော့ ဝက်သားနီချက် ချက်နည်းလေးကို မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်သား - သုံးထပ်သား 500 g
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  7. ကြက်သွန်နီ - အနေတော် နှစ်လုံး
  8. ချင်း - ခပ်ပါးပါး သုံးပြားစာ
  9. နေကြာဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • အရင်ဆုံး ဝက်သားကို အတုံးလိုက် ရေဆေးပြီးမှ အနေတော် အတုံးလေးတွေ တုံးထားပါ
  • အတုံးလေးတွေ တုံးပြီးတာနဲ့ ဆား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ခပ်ပါးပါး အမြှောင်းလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ သကြားကို ထည့်ကြော်ပေးပါ
  • သကြားကြော်နေစဉ် အဆက်မပြတ် မွှေပေးပြီး သကြားများ ပျော်လာပြီး ညိုရောင်သန်းလာတဲ့အထိ ကြော်ပေးပါ
  • သကြားများ ညိုရောင်သန်းလာတာနဲ့ အရသာ နယ်ထားသော ဝက်သားကို ထည့်မွှေပေးပါ
  • ဝက်သားအပေါ်ယံများ မာတင်းလာတဲ့ပြီး နီရောင်သန်းလာတဲ့အထိ မွှေပေးပါ
  • ပြီးတာနဲ့ ဝက်သားကို ရေမြုပ်တဲ့အထိ ထည့်ကာ မီးအနည်းငယ် လျှော့ပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေမခမ်းခင် ချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကိုထည့်ပြီး မွှေပေးကာ အရသာ မြည်းပေးပါ
  • အရသာအတွက် မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ အိုးကို အဖုံးအုပ်ပြီး တည်ထားပါ
  • အိုးထဲမှ ရေများခမ်းလာပြီး ဟင်းအိုးဆီပြန်လာရင်တော့ ဝက်သားနီချက်ဟင်းလေး ရပါပြီ။

Saturday 30 July 2022

ဝက်သားစင်းကော အချိုကြော်

 



ဒီနေ့တော့ အသားများတဲ့ ဝက်သားကို ဝယ်လာဖြစ်ပါတယ် အသားများတဲ့ ဝက်သားဖြစ်တဲ့အတွက် ဆီပြန်ဟင်း မချက်တော့ဘဲ စင်းကောအချိုကြော်လေး ကြော်ဖြစ်ပါတယ်။

ဒီအကြော်လေးမှာ ထည့်ကြော်မဲ့ အရသာ စပ်ထားတဲ့ ဆော့စ်ရည်က အရမ်းစားလို့ ကောင်းလွန်းတဲ့အတွက် စားမြိန်ဟင်းလေး တစ်မယ် ဖြစ်စေခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဝက်သား - 330 g 
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ကြက်သွန်မိတ် - အနေတော် တစ်ပင်
  5. ပင်စိမ်းရွက် - မိမိနှစ်သက်သလောက် သုံးပေးပါ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  8. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. ချင်း - ခပ်ပါးပါး သုံးပြား
  12. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ရေ - လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာ (အရသာစပ်ရန်)
  14. ရေ - လိုသလောက် သုံးပေးပါ (အသားကျက်စေဖို့ သုံးရန်)
  15. ဆီ - ထမင်းစားဇွန်း ၅ဇွန်း 
အရသာစပ်ရန်
  1. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  2. ပဲငံပြာရည် အနောက်- ထမင်းစားဇွန်း တစ်ဇွန်း
  3. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲစာ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ
  • ဝက်သားကို ရေစင်အောင်ဆေးပြီး နုတ်နုတ်စင်း ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ပင်စိမ်းရွက်ကို ရေဆေးကာ အရွက်လေးတွေ ခြွေထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလှီးပြီး အမြှောင်းလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ နုတ်နုတ်စင်းထားတဲ့ ဝက်သားကို အရင်ဆုံး ထည့်ကြော်ပေးပါ
  • ဝက်သား အသားလေးတွေ မာတင်းလာပါက အသားမြုပ်တဲ့အထိ ရေထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းသွားပြီး အသားကျက်သွားပါက အသားများကို အိုးဘေးဘက် ခနတွန်းထားကာ ချင်း ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို ထည့်မွှေပေးပါ
  • ကြက်သွန်များ အနည်းငယ် နွမ်းသွားပါက အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးကာ အရသာ အရည်များ ခမ်းတဲ့အထိ တည်ပေးပါ
  •  အရသာ အရည်များ ခမ်းလာပြီး သမလောက်ပြီ ဆိုတာနဲ့ ပင်စိမ်းရွက် ကြက်သွန်မိတ်နှင့် ငရုတ်ကောင်မှုန့်တို့ ထဲ့မွှေပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဝက်သားစင်းကော အချိုကြော်လေး ရပါပြီ။

Friday 29 July 2022

ဇလားဗီးယား ငါးကြော်

 





ဒီနေ့တော့ မာမာတစ်ယောက် ဈေးသွားရင်းက ဇလားဗီးယားငါးလေးတွေ ဝယ်လာခဲ့တာနဲ့ ငါးကြော်ကြွတ်ကြွတ်လေးတွေ ကြော်ဖြစ်ပါတယ်။

တစ်ကောင်ကိုတော့ ကြက်သွန်နီကြော်လေးဖြူးပြီး တစ်ကောင်ကိုတော့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့နဲ့ ကြော်ပြီးနှပ်ပါတယ်။

ဒါကြောင့်မို့လို့ ငါးကြော်ကို ဒီအတိုင်း စားမဲ့အစား ကြက်သွန်နီကြော် မွှေးမွှေးလေးနဲ့ စားရတာ အရသာ ပိုကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဇလားဗီးယား - တစ်ကောင်
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးအရသာနယ်ရန်)
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ကြက်သွန်နီကြော်ရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးကြော်မည့်ဆီထဲထည့်ရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  10. ဆီ - လိုသလောက် သုံးပေးပါ
ကြက်သွန်နီကြော်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးပါ
  • ပြီးတာနဲ့ ကြက်သန်နီကို ထက်ဝက်ခြမ်းပြီး ခပ်ပါးပါးလေးတွေ လှီးပေးပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  • ကြက်သွန်များ နီရောင်လေး သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
ပြင်ဆင်ချက်ပြုပ်ပုံ
  •  အရင်ဆုံး ငါးကိုမလိုတာတွေဖယ်ပြီး သန့်ရှင်းပေးကာ ရေစင်အောင် ဆေးပေးပါ
  • ငါးကိုရေဆေးပြီးတာနဲ့ ငါးတစ်ကောင်လုံးကို အရသာ ဝင်စေရန်နှင့် ကြော်တဲ့အခါ ငါးအသားအထဲထိ ကျက်စေရန် ပုံပါအတိုင်း ခပ်စောင်းစောင်းလေးတွေ မွှန်းပေးပါ
  • ဇလုံထဲမှာ ငါး နနွင်းမှုန့် ဆား အရသာမှုန့် ချင်းမှုန့် ကြက်သွန်ဖြူမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ငါးကို အကောင်လိုက် ကြော်မှာဖြစ်တဲ့အတွက် ဒယ်အိုးကြီးကြီးထဲမှာ ဆီခပ်များများလေး ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပေးကာ အရသာ နယ်ထားသောငါးကို ထည့်ပေးပါ
  • ငါးထည့်ပြီးတာနဲ့ မီးကိုအနေတေ ာ် လျှော့ပေးပြီးမှ ကြော်ပေးပါ
  • ကြော်ထားသောငါး တစ်ဖက်ကျက်မှ တစ်ဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
  • ငါးတစ်ကောင်လုံး ကျက်ပါက ဆယ်ပြီးဆီစစ်ပေးထားပါ
  • ဆီစသ်ထားသော ငါးကြော်ကို ပန်းကန်ပြားထဲမှာ ထည့်ပေးပါ
  • ထိုငါးကြော်အပေါ်မှ ကြော်ထားသော ကြက်သွန်နီကြော်များကို ဖြူးပေးပြီးပါက စားသုံးရန် အဆင်သင့် ရပါပြီ။

Wednesday 27 July 2022

ဂဏန်းကြော်

 









နေ့လည်နေ့ခင်းဆို အိမ်မှာ အိမ်မှာတစ်ယောက်ထဲ ရှိနေတာက များတတ်တော့ အပင်လေးတွေ စိုက်ချင်စိုပ် အပင်လေးတွေ မစိုက်ဖြစ်တဲ့နေ့ဆို ဘာလေးလုပ်စားရရင် ကောင်းမလဲလို့ တွေးနေမိသူကြီးပါ။

ဒီနေ့တော့ blue crabs လေးတွေ ဝယ်ထားတာ အဆင်သင့် ရှိနေတာနဲ့ တန်ပူရာမှုန့်လေးနဲ့ ကြော်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. Blue Crabs - အကောင်ကြီးကြီး နှစ်ကောင်
  2. တန်ပူရာမှုန့် - ထမင်းစားဇွန်း ခြောက်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ရေ - လိုသလောက် သုံးပေးပါ
  5. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ဆီ - လိုသလောက် သုံးပေးပါ
  12. ပျဉ်းတော်သိမ်းရွက် - မိမိနှစ်သက်သလောက်
ဂဏန်းသန့်စင်ပုံ
  • ဂဏန်းများကို ရေစင်အောင်ဆေးပြီး ဂဏန်းအပေါ်ခွံကို ခွာပေးပါ
  • ဂဏန်းမှ ပါးဟက်များနှင့် အစာအိတ်များကို ဖယ်ပေးပါ
  • ​ပြီးတာနဲ့ ဂဏန်းတစ်ကောင်ကို လေးပိုင်းပိုင်းပေးထားပါ
ဂဏန်းကြော်ရန်ပြင်ဆင်ပုံ
  • ပျဉ်းတော်သိမ်းရွက်များကို ရေဆေးပြီး အရွက်ခြွေကာ ရေစစ်ထားပါ
  • ဂဏန်းကြော်ရန် အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ နနွင်းမှုန့် တန်ပူရာမှုန့် ဆား အရသာမှုန့် ချင်းမှုန့် ကြက်သွန်ဖြူမှုန့် ငရုတ်သီး အရောင်တင်မှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ အရသာ သမအောင် မွှေပေးပါ
  • ထိုအမှုန့်များထဲကို ရေနည်းနည်းချင်း ထည့်ပေးကာ မုန့်နှစ်ခပ်ပျစ်ပျစ် အနေအထား ရလာအောင် မွှေပေးပါ
  • မုန့်နှစ် ခပ်ပျစ်ပျစ် အနေအထား ရလာတာနဲ့ သန့်စင်ထားသော ဂဏန်းကို မုန့်နှစ်နှင့် လူးပေးပါ
  • ဇောက်အနည်းငယ် နက်သော ဒယ်အိုးထဲမှာ ဆီကိုခပ်များများလေးထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ မုန့်နှစ်လူးထားသော ဂဏန်းများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ဂဏန်းကြော်နေစဉ် တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
  • နှစ်ဖက်လုံး ကျက်သွားအောင် ကြော်ပေးပြီးတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ထိုဆီထဲမှာဘဲ ပျဉ်းတော်သိမ်း ရွက်များကို ကြွတ်ရွလာအောင် ကြော်ပေးပြီး ဆီစစ်ထားပါ
  • ဆီစစ်သွားတာနဲ့ ကြော်ထားသော ပျဉ်းတော်သိမ်းရွက်ကို ဂဏန်းကြော် အပေါ်မှာ ဖြူးပေးပြီး စားသုံးနိူင်ပါပြီ။

Sunday 24 July 2022

ရုန်းပတေသီးနှပ်

 

 

ဒီနေ့တော့ ရုန်းပတေသီးလေးတွေ ဝယ်လာပြီး အရန်ဟင်း တစ်မယ်အတွက် ပြင်ဆင်ဖြစ်ခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ရုန်းပတေသီး - အတောင့်နှစ်ဆယ်ခန့်
  2. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  4. ပဲငံပြာရည်အကြည် - ထမက်းစားဇွန်း နှစ်ဇွန်း
  5. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ရေ - ထမင်းစားဇွန်း ဆယ်ဇွန်း (အရသာစပ်ရန်)
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ရှစ်မွှာ
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (ကြက်သွန်ဖြူ ဆီသတ်ရန်)
  10. ရေ - ရုန်းပတေသီးပြုပ်ရန် လိုသလောက် သုံးပေးပါ
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ရုန်းပတေသီးပြုပ်ရန်)
  12. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (ရုန်းပတေသီးပြုပ်ရန်)
ပြင်ဆင်ချက်ပြုပ်ပုံ
  • ရုန်းပတေသီးကို ရေဆေးပြီး ရေစစ်ကာ ထိပ်ဖက်နှင့် အမြှီးပိုင်းကို ဖြတ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပြီး ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ဇလုံတစ်လုံးထဲမှာ ပဲငံပြာရည်အပျစ် ပဲငံပြာရည်အကြည် ခရုဆီ နှမ်းဆီ အရသာမှုန့်နှင့် ရေတို့ကိုထည့်ပြီး သမအောင် မွှေထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့  ဇောက်နက်သော အနေတော် အိုးထဲမှာ ရေ ဆားနှင့်ဆီတို့ထည့်ကာ ပွက်ပွက်ဆူအောက် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ရုန်းပတေသီးကို တစ်မိနစ်ခွဲလောက် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားတဲ့ ရေများကို သွန်ပေးပြီး ရေအေးနှင့် သုံထပ်လောက် ဆေးပေးကာ ရေစစ်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူကို ထည့်မွှေပေးပါ
  • ကြက်သွန်ဖြူ အနည်းငယ် နူးလာတာနဲ့ အရသာ စပ်ထားသော အရည်များကို ထည့်မွှေပေးပါ
  • အရသာ အရည်များ ပွက်ပွက်ဆူလာတာနဲ့ မီးပိတ်ပေးကာ ရေစစ်ထားသော ရုန်းပတေသီးကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့  ချက်ချင်းဘဲ ဟင်းပွဲပြင်ရန် ပန်းကန်ထဲကို ပြောင်းထည့်ပေပြီးပါက ရုန်းပတေသီးနှပ် ပူပူလေးကို စားသုံးနိူင်ပါပြီ။

Saturday 23 July 2022

ငါးရေချိုဟင်း

 









မာမာ ဒီနေ့တော့ ကကတစ်ငါး ရေချိုဟင်းလေး ချက်ပါတယ် ရေချိုဟင်းလို့ ဆိုတဲ့အတိုင်း အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ဆီအများကြီး ထည့်စရာမလိုပါဘူး။ 

ငါးရေချိုဟင်း ဖြစ်တဲ့အတွက် ဆီများလွန်းရင် ဟင်းအရသာ ပျက်ပြီး အာရှတတနဲ့မို့ သောက်လို့ မကောင်းသလို ငရုတ်သီးကိုလဲ ကြိတ်ထားတဲ့ ငရုတ်သီးကို မသုံးဘဲ ငရုတ်သီး အခြောက်တောင့်ကို မညက်တစ်ညက် ဖိုးသိုးဖတ်သတ်ထောင်းပြီး ချက်တာက ပိုပြီးစားလို့ကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးရေချိုဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ရပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကကတစ်ငါး - အနေတော် နှစ်ကောင်
  2. ငရုတ်သီး အခြောက်တောင့် - ၁၅ တောင့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  4. ချင်းတက် - လက်တစ်ဆစ်ခန့်
  5. ကြက်သွန်နီ - အနေတော် နှစ်လုံး
  6. စပါးလင် - တစ်ပင်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. နံနံပင် - မိမိနှစ်သက်သလောက်
  12. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်
  13. ပဲတောင့်ရှည် - ငါးတောင့်ခန့်
ပြင်ဆင်ချက်ပြုပ်ပုံ
  • ငါးကို အကြေးခွံထိုးကာ မလိုတာတွေ ဖယ်ပြီး အနေတော် မတုံးလေးတွေတုံးကာ ရေစင်အောင် ဆေးပေးပါ
  • ငါးကို ရေဆေးပြီးတာနဲ့ ငါးငံပြာရည် ဆား နနွင်းမှုန့်နှင့် အရသာမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ထားပါ
  • ငရုတ်သီးတောင့်များကို အညှာခြွေပြီး ရေဆေးထားပါ
  • စပါးလင် အဖျားပိုင်းကို ရေဆေးပြီး ခပ်နာနာလေး ထုပေးကာ အထုံးလေး ထုံးထားပါ
  • စပါးလင် အရင်းပိုင်းကို ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အခြောက်တောင့်နှင့် လှီးထားသော စပါးလင်တို့နှင့် ရောပြီး ဖိုးသိုးဖတ်သတ် အနေအထားလေး ထောင်းပေးပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
ဟင်းချက်ပုံ
  • အိုးထဲမှာ အရသာ နယ်ထားသော ငါးကို ထောင်းထားသော ငရုတ်သီး​နှင့် ရောနယ်ပေးပါ
  • ပြီးတာနဲ့ ထုံးထားသော စပါးလင်နှင့် ရေအနည်းငယ်ထည့်ကာ မီးဖိုပေါ်တင်ပြီး မီးခပ်မျှင်းမျှင်းနဲ့ တည်ပေးပါ
  • ငါးအသားများ မာတင်းလာစေရန် ဟင်းအိုးတည်ထားစဉ် အိုးမကပ်စေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  • ငါးအသားများ မာတင်းလာတော့မှ ရေကို မိမိလိုချင်တဲ့ အနေအထားလောက် ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ဟင်းအိုးထဲကရေ ပွက်ပွက်ဆူလာတာနဲ့ ဟင်းရည်အရသာကိုမြည်းကာ မိမိစိတ်ကြိုက် အရသာရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော ပဲတောင့်ရှည်ကို ထည့်ပေးကာ ဟင်းရည်အိုးကို ငါးမိနစ်လောက် ဆူအောင်တည်ပေးကာ ငရုတ်သီးစိမ်းနှင့် နံနံပင် အုပ်ပေးပြီးတာနဲ့ ပူပူစပ်စပ် ငါးရေချိုဟင်းကို ရပါပြီ။

Wednesday 20 July 2022

ငါးပိကောင်လုပ်နည်း

 








မာမာဒီနေ့တော့ က ကတစ်ငါးလေးတွေ ဝယ်လာပြီး တစ်ဝက်ကို ငါးဆားနယ်လုပ်ကာ တစ်ဝက်ကို ငါးပိကောင် လုပ်ဖို့ ပြင်ဆင်ပါတယ်။

ငါးဆားနယ်နဲ့ ငါးပိကောင် လုပ်နည်းကတော့ အတူတူပါဘဲ ဘာကွာသွားလဲဆိုတော့ ငါးဆားနယ်က နှစ်ရက်သုံးရက်လောက်ဘဲထားကာ ချက်စားလို့ရပြီး ငါးပိကောင်ကတော့ ရက်ကြာကြာထားပြီး စားရတာဘဲ ကွာပါတယ်။

ငါးဆားနယ် လုပ်နည်းလေးကိုတော့ ရေးပေးပြီးပြီ ဖြစ်တဲ့အတွက် အခုတစ်ခါတော့ ငါးပိကောင် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. က ကတစ်ငါး - တစ်ကီလိုခန့်
  2. ဆား ထမင်းစားဇွန်း လေးဇွန်း (ငါးဆားနယ်ရန်)
  3. ဆား - ထမင်းစားဇွန်း နှစ်ဇွန်း (ငါးပိကောင်လုပ်ရန် ထပ်ပြီးဆားနယ်ရန်)
ငါးပိကောင်လုပ်ရန်
  1. ငါးတစ်ကီလိုကို မလိုတာတွေ ဖယ်ပေးပြီး ရေစင်အောင်ဆေးပေးပါ။
  2. ရေဆေးပြီးတာနဲ့ ရေစစ်သွားအောင် ဇကာထဲထဲ့ပြီး ရေစစ်ထားပါ
  3. ရေစစ်သွားတာနဲ့ ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲထဲ့ပြီး နှံ့အောင်မွှေပေးကာ ငါးဗိုက်ပါထဲကိုလဲ ဆားသိပ်ပေးပါ။
  4. ပြီးတာနဲ့ သန့်ပြန့်သော ပလပ်စတစ် အိတ်ထဲကို ဆားနယ်ထားသော ငါးများကို စီပြီးထဲ့ပေးပါ။
  5. ငါးထဲ့ထားသော ပလပ်စတစ်အိတ်ကို လုံနေအောင်ပိတ်ပြီး အပေါ်မှ လေးသောအရာဝတ္ထု တစ်ခုခုနဲ့ ဖိထားပါ။
  6. ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ကျမလာစေရန် အောက်မှ ဇလုံတစ်ခု ခံပေးထားပါ။
  7. ထိုငါးဇလုံကို အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  8. ၂ရက် ၃ရက်အတွင်း ထားလိုက်ရင် မာတင်းနေသော ငါးဆားနယ် ရလာပါက ထွက်လာသော သွေးရည်များကို သွန်ပြစ်လိုက်ပါ။
  9. မာမာကတော့ ခပ်ကြာကြာလေး ထားချင်တာနဲ့ ထိုငါးဆားနယ်ကို ငါးပိကောင် လုပ်ပါမယ်။
  10. မာမာ့မှာ ငါးအကောင်လိုက်ဆန့်မဲ့ ပုလင်းမရှိတဲ့အတွက်  ပုလင်းထဲ ထည့်လို့ရမဲ့ အနေအထားလေးတွေ တုံးပေးပါတယ်။
  11. အတုံးလေးတွေ တုံးပြီးတာနဲ့ ဆားနှင့်ထပ်ပြီး နယ်ပေးကာ ပုလင်းထဲမှာ စီပြီးထည့်ပေးကာ ယင်ကောင်မနားအောင် အဖုံးဖုံးထားပါ
  12. ထိုငါးကို နှစ်ပါတ်ထက်ကျော်ပြီး ထားစားမည်ဆိုပါက ငါးပိကောင် ဖြစ်သွားပါပြီ။
  13. ငါးပိကောင်က ဆားတွေနဲ့ ရက်ကြာကြာ ထားတဲ့အတွက် အရမ်းငံပါတယ်။
  14. ထိုငါးပိကောင်ကို ချက်စား ကြော်စားခါနီးမှာ ဆန်ဆေးရည်နှင့် နှစ်နာရီလောက် စိမ်ထားပြီး ရေ ငါးထပ်လောက် ဆေးပြီးမှ ကြော်စား ချက်စားစေချင်ပါတယ်။

Tuesday 19 July 2022

ဝက်သား လက်ဖက်နှပ်ဟင်း

 


ဒီနေ့တော့ ဝက်သားကို လက်ဖက်နှပ်လေးနဲ့ အချိုချက်လေး ချက်ပါတယ် မာမာတို့ကတော့ ဝက်သားမစားပေမဲ့ မာမာ့ကလေးလေးတွေက စားကြတဲ့အတွက် ချက်ဖြစ်ပါတယ်။

မာမာကတော့ ဘက်ဖက်အသား နှပ်ပြီးသားလေး အဆင်သင့် ရှိတာနဲ့ လက်ဖက်နှပ်ပြီးသားလေးနဲ့ ချက်ပါမယ် မိမိတို့မှာ လက်ဖက်အသား နှပ်ပြီးသား အဆင်သင့် မရှိပါက လက်ဖက်အညွန့်ကို ရေဆေးပြီး ချက်လို့ရပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်သား - ကီလိုဝက်
  2. လပ်ဖက်နှပ်ပြီးသား - ထမင်းစားဇွန်း လေးဇွန်း
  3. ကြက်သွန်ဖြူ -  အမွှာကြီးကြီး ၁၀ မွှာ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ချင်းတက် - လက်တစ်ဆစ်ခန့်
  6. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး 
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ပဲငံပြာရည်အပျစ်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၈ ဇွန်း

ပြင်ဆင်ချက်ပြုပ်ပုံ
  • ဝက်သားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ပြီးတာနဲ့ ဝက်သားကို နနွင်းမှုန့် ဆား ပဲငံပြာရည်အပျစ် ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ အရသာဝင်အောင်  နယ်ထားပါ
  • ချင်းနှင့်ကြက်သွန်ဖြူတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  •  ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ 
  • ဟင်းချက်မည့် အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ညက်နေအောင် ထောင်းထားသော ချင်းနှင့် ကြက်သွန်ဖြူထောင်း ခပ်ထူထူ လှီးထားသော ကြက်သွန်နီနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ကိုထည့်ပြီး ဆီသတ်ပေးပါ  
  • ဆီသတ်နေစဉ် မကြာမကြာ မွှေပေးကာ ဆီသတ်ထားတာ မွှေးလာပါက အရသာ နယ်ထားသော ဝက်သားကို ထည့်မွှေပေးပါ
  • ဝက်သား အသားများ မာတင်းလာတဲ့အထိ ဆီသတ်ပေးပါ
  • ပြီးတာနဲ့ ဝက်သားမြုပ်တဲ့အထိ ရေထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ပထမ တစ်ရည် ခမ်းတာနဲ့ ဝက်သားအသားများ မနူးသေးပါက ရေမြုပ်အောင် ထပ်ထည့်ပြီး လက်ဖက်အသားများကို ထည့်ပေးပြီး တည်ပေးပါ
  • ဝက်သား အသားများ နူးလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီပြန်တဲ့မထိ ဆက်တည်ပေးပါ
  • ဝက်သားလက်ဖက်နှပ် ဆီပြန်ဟင်း မွှေးမွှေးလေးကို ထမင်းပူပူလေးနှင့် တွဲဖက်ကာ သုံးဆောင်နိူင်ပါပြီ။

Sunday 17 July 2022

ဆိတ်သားကင်


ဒီနေ့တော့ အသီးအရွက်တွေနဲ့ ရောပြီး salad လုပ်ရလေအောင် ဆိတ်သား ကင်ပါတယ် အရင်တုန်းကလို အကင်အိုးနဲ့ မကင်ဘဲ air fryer အိုးနဲ့ ကင်ဖြစ်တဲ့အတွက် အိမ်ထဲမှာ ဆီညှော်နံ့တွေလဲ ကင်းသလို မီးဖိုခန်းလေးလဲ သန့်သန့်ပျံ့ပျံ့ သုံးလို့ရသွားပါတယ်။

နေက်တစ်ခုက အသားထဲက အဆီတွေ အကုန်နီးပါး ထွက်ကုန်တဲ့အတွက် ကျန်းမာရေးနဲ့လဲ ပိုပြီးတော့ ညီပါတယ် ဒါကြောင့်မို့လို့ air fryer အိုးနဲ့ မာမာကင်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ကင်တဲ့ အခါမှာတော့ မိမိအသုံးပြုမဲ့ အသားတုံး အထူအပါး အပေါ်မူတည်ပြီး အသားကို ကင်တဲ့အချိန် မိနစ်အနည်း အများကို လိုတိုးပိုလျှော့ လုပ်ပေးဖို့တော့ သတိလေး ပြုစေချင်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ဆိတ်သား - နှစ်တုံး (500 g)
  2. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း ( ဆိတ်သားဆေးရန်)
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း  ငါးပုံတစ်ပုံ
  5. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

  • ဆိတ်သားကို ပဲအစိမ်းမှုန့်နှင့်နယ်ကာ နာရီဝက်လောက် နှပ်ထားပါ
  • နှပ်ထားချိန် ပြည့်တာနဲ့ ရေ ငါးထပ်လောက်ဆေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသော ဆိတ်သားကို ဆီ ချင်းမှုန့် ကြက်သွန်ဖြူမှုန့် နနွင်းမှုန့် ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် ခပ်ဖွဖွ နယ်ပေးပါ
  • အသား ကင်အရန်သားအတွက် အရသာ နယ်ထားသော ဆိတ်သားကို air fryer အိုးထဲမှာ ထည့်ပေးပါ
  • ပြီးတာနဲ့ 160*c နှင့် ပထမတစ်ကြိမ် ၁၅မိနစ် ထည့်ပေးပါ
  • ၁၅မိနစ်ပြည့်တာနဲ့ ဆိတ်သားကို နောက်တစ်ဖက်ကို လှန်ပေးကာ ၁၅မိနစ် ထပ်ထည့်ပေးပါ
  • ကင်ချိန် ပြည့်တာနဲ့ အိုးထဲမှ ထုတ်ပေးကာ မိမိနှစ်သက်သလို စားသုံးရန် ဆိတ်သားကင် မွှေးမွှေးလေး ရပါပြီ။

Friday 15 July 2022

အသားတုဟင်း

 

အသားမစားချင်ဘူးလို့ ပြောလိုက်တာနဲ့ ဒီအမေက ထုံးစံအတိုင်း အသီးအရွက်တွေ ဟိုကဆွဲထုတ် ဒီကဆွဲထုတ် ဘယ်လိုများ ချက်ပေးရင် ကောင်းမလဲလို့ စဉ်းစားရင်း အိမ်ရှေ့လျှောက် အိမ်နောက်လျှောက်နဲ့ ခေါင်းတွေခြောက်ရတာလဲ အကြိမ်ကြိမ်ပါဘဲ။

အဲဒီလိုနဲ့ဘဲ ဒီနေ့တော့ အသီးအရွက်တွေအစား အသားတုကို ခရမ်းချဉ်သီးဗူးဖောက်ပြီး ဆီပြန်ချက်ပေးဖြစ်တာမို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. အသားတု - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ခရမ်းချဉ်းသီး အနှစ်ဗူး - ready made 400 g တစ်ဗူး
  3. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ (အသားတု အရသာနယ်ရန်)
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ (အသားတု အရသာနယ်ရန်)
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အသားတု အရသာနယ်ရန်)
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်
  8. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  9. ကြက်သွန်နီ - အနေတော် တစ်လုံး
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ဟင်းအိုးထဲထည့်ရန်)
အသားတု အရသာနယ်ရန်
  • အသားတုကို ရေမြုပ်အောင်ထည့်ပြီး နာရီ၀က်လောက်စိမ်ထားပါ
  • ရေစိမ်ပြီး ပွလာပါက ရေများကုန်သလောက်ရှိအောင် ညှစ်ပေးကာ ဇလုံထဲ ထည့်ထားပါ
  • နနွင်းမှုန့်
  • ဟင်းချိုမှုန့်န
  • နွင်းမှုန့် 
  • ဆား အားလုံးတို့ကို အသားတု ဇလုံထဲထည့်ပြီး အရသာ၀င်အောင် နယ်ထားပါ
ပြင်ဆင်ပုံ
  • အသားတုနှင့်ချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးအရောင်တင်မှုန့်နှင့် ရောပြီး ညက်အောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းတို့ကို မွှေးလာအတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးဗူးကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော အသားတုနှင့် ဆားတို့ကိုထဲ့ပြီး မွှေပေးပါ
  • ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ မခမ်းခင် အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက ချဉ်ဖြုံ့ဖြုံ့ အရသာနဲ့ မွှေးလွန်းတဲ့ အသားတု အချဉ်ဆီပြန်ဟင်းကို စားသုံးနိူင်ပါပြီ။