Saturday 23 July 2022

ငါးရေချိုဟင်း

 









မာမာ ဒီနေ့တော့ ကကတစ်ငါး ရေချိုဟင်းလေး ချက်ပါတယ် ရေချိုဟင်းလို့ ဆိုတဲ့အတိုင်း အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ဆီအများကြီး ထည့်စရာမလိုပါဘူး။ 

ငါးရေချိုဟင်း ဖြစ်တဲ့အတွက် ဆီများလွန်းရင် ဟင်းအရသာ ပျက်ပြီး အာရှတတနဲ့မို့ သောက်လို့ မကောင်းသလို ငရုတ်သီးကိုလဲ ကြိတ်ထားတဲ့ ငရုတ်သီးကို မသုံးဘဲ ငရုတ်သီး အခြောက်တောင့်ကို မညက်တစ်ညက် ဖိုးသိုးဖတ်သတ်ထောင်းပြီး ချက်တာက ပိုပြီးစားလို့ကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးရေချိုဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ရပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကကတစ်ငါး - အနေတော် နှစ်ကောင်
  2. ငရုတ်သီး အခြောက်တောင့် - ၁၅ တောင့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  4. ချင်းတက် - လက်တစ်ဆစ်ခန့်
  5. ကြက်သွန်နီ - အနေတော် နှစ်လုံး
  6. စပါးလင် - တစ်ပင်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. နံနံပင် - မိမိနှစ်သက်သလောက်
  12. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်
  13. ပဲတောင့်ရှည် - ငါးတောင့်ခန့်
ပြင်ဆင်ချက်ပြုပ်ပုံ
  • ငါးကို အကြေးခွံထိုးကာ မလိုတာတွေ ဖယ်ပြီး အနေတော် မတုံးလေးတွေတုံးကာ ရေစင်အောင် ဆေးပေးပါ
  • ငါးကို ရေဆေးပြီးတာနဲ့ ငါးငံပြာရည် ဆား နနွင်းမှုန့်နှင့် အရသာမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ထားပါ
  • ငရုတ်သီးတောင့်များကို အညှာခြွေပြီး ရေဆေးထားပါ
  • စပါးလင် အဖျားပိုင်းကို ရေဆေးပြီး ခပ်နာနာလေး ထုပေးကာ အထုံးလေး ထုံးထားပါ
  • စပါးလင် အရင်းပိုင်းကို ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အခြောက်တောင့်နှင့် လှီးထားသော စပါးလင်တို့နှင့် ရောပြီး ဖိုးသိုးဖတ်သတ် အနေအထားလေး ထောင်းပေးပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
ဟင်းချက်ပုံ
  • အိုးထဲမှာ အရသာ နယ်ထားသော ငါးကို ထောင်းထားသော ငရုတ်သီး​နှင့် ရောနယ်ပေးပါ
  • ပြီးတာနဲ့ ထုံးထားသော စပါးလင်နှင့် ရေအနည်းငယ်ထည့်ကာ မီးဖိုပေါ်တင်ပြီး မီးခပ်မျှင်းမျှင်းနဲ့ တည်ပေးပါ
  • ငါးအသားများ မာတင်းလာစေရန် ဟင်းအိုးတည်ထားစဉ် အိုးမကပ်စေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  • ငါးအသားများ မာတင်းလာတော့မှ ရေကို မိမိလိုချင်တဲ့ အနေအထားလောက် ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ဟင်းအိုးထဲကရေ ပွက်ပွက်ဆူလာတာနဲ့ ဟင်းရည်အရသာကိုမြည်းကာ မိမိစိတ်ကြိုက် အရသာရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော ပဲတောင့်ရှည်ကို ထည့်ပေးကာ ဟင်းရည်အိုးကို ငါးမိနစ်လောက် ဆူအောင်တည်ပေးကာ ငရုတ်သီးစိမ်းနှင့် နံနံပင် အုပ်ပေးပြီးတာနဲ့ ပူပူစပ်စပ် ငါးရေချိုဟင်းကို ရပါပြီ။

No comments:

Post a Comment