Sunday 31 July 2022

ဝက်သားနီချက်

 


ဒီနေ့တော့ ကလေးတွေ လာတုန်းက ဝက်သားကို မျှစ်ချဉ်နဲ့တစ်ဖုံ လက်ဖက်နဲ့တစ်မျိုး ချက်ဖြစ်ခဲ့တဲ့ အထဲက ဒီနေ့တော့ ဝက်သားနီချက် ချက်နည်းလေးကို မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဝက်သား - သုံးထပ်သား 500 g
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  7. ကြက်သွန်နီ - အနေတော် နှစ်လုံး
  8. ချင်း - ခပ်ပါးပါး သုံးပြားစာ
  9. နေကြာဆီ - ထမင်းစားဇွန်း ၇ဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • အရင်ဆုံး ဝက်သားကို အတုံးလိုက် ရေဆေးပြီးမှ အနေတော် အတုံးလေးတွေ တုံးထားပါ
  • အတုံးလေးတွေ တုံးပြီးတာနဲ့ ဆား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ချင်းကို အခွံခွာပြီး ခပ်ပါးပါး အမြှောင်းလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ သကြားကို ထည့်ကြော်ပေးပါ
  • သကြားကြော်နေစဉ် အဆက်မပြတ် မွှေပေးပြီး သကြားများ ပျော်လာပြီး ညိုရောင်သန်းလာတဲ့အထိ ကြော်ပေးပါ
  • သကြားများ ညိုရောင်သန်းလာတာနဲ့ အရသာ နယ်ထားသော ဝက်သားကို ထည့်မွှေပေးပါ
  • ဝက်သားအပေါ်ယံများ မာတင်းလာတဲ့ပြီး နီရောင်သန်းလာတဲ့အထိ မွှေပေးပါ
  • ပြီးတာနဲ့ ဝက်သားကို ရေမြုပ်တဲ့အထိ ထည့်ကာ မီးအနည်းငယ် လျှော့ပေးပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေမခမ်းခင် ချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကိုထည့်ပြီး မွှေပေးကာ အရသာ မြည်းပေးပါ
  • အရသာအတွက် မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ အိုးကို အဖုံးအုပ်ပြီး တည်ထားပါ
  • အိုးထဲမှ ရေများခမ်းလာပြီး ဟင်းအိုးဆီပြန်လာရင်တော့ ဝက်သားနီချက်ဟင်းလေး ရပါပြီ။

No comments:

Post a Comment