Wednesday 20 July 2022

ငါးပိကောင်လုပ်နည်း

 








မာမာဒီနေ့တော့ က ကတစ်ငါးလေးတွေ ဝယ်လာပြီး တစ်ဝက်ကို ငါးဆားနယ်လုပ်ကာ တစ်ဝက်ကို ငါးပိကောင် လုပ်ဖို့ ပြင်ဆင်ပါတယ်။

ငါးဆားနယ်နဲ့ ငါးပိကောင် လုပ်နည်းကတော့ အတူတူပါဘဲ ဘာကွာသွားလဲဆိုတော့ ငါးဆားနယ်က နှစ်ရက်သုံးရက်လောက်ဘဲထားကာ ချက်စားလို့ရပြီး ငါးပိကောင်ကတော့ ရက်ကြာကြာထားပြီး စားရတာဘဲ ကွာပါတယ်။

ငါးဆားနယ် လုပ်နည်းလေးကိုတော့ ရေးပေးပြီးပြီ ဖြစ်တဲ့အတွက် အခုတစ်ခါတော့ ငါးပိကောင် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. က ကတစ်ငါး - တစ်ကီလိုခန့်
  2. ဆား ထမင်းစားဇွန်း လေးဇွန်း (ငါးဆားနယ်ရန်)
  3. ဆား - ထမင်းစားဇွန်း နှစ်ဇွန်း (ငါးပိကောင်လုပ်ရန် ထပ်ပြီးဆားနယ်ရန်)
ငါးပိကောင်လုပ်ရန်
  1. ငါးတစ်ကီလိုကို မလိုတာတွေ ဖယ်ပေးပြီး ရေစင်အောင်ဆေးပေးပါ။
  2. ရေဆေးပြီးတာနဲ့ ရေစစ်သွားအောင် ဇကာထဲထဲ့ပြီး ရေစစ်ထားပါ
  3. ရေစစ်သွားတာနဲ့ ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲထဲ့ပြီး နှံ့အောင်မွှေပေးကာ ငါးဗိုက်ပါထဲကိုလဲ ဆားသိပ်ပေးပါ။
  4. ပြီးတာနဲ့ သန့်ပြန့်သော ပလပ်စတစ် အိတ်ထဲကို ဆားနယ်ထားသော ငါးများကို စီပြီးထဲ့ပေးပါ။
  5. ငါးထဲ့ထားသော ပလပ်စတစ်အိတ်ကို လုံနေအောင်ပိတ်ပြီး အပေါ်မှ လေးသောအရာဝတ္ထု တစ်ခုခုနဲ့ ဖိထားပါ။
  6. ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ကျမလာစေရန် အောက်မှ ဇလုံတစ်ခု ခံပေးထားပါ။
  7. ထိုငါးဇလုံကို အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  8. ၂ရက် ၃ရက်အတွင်း ထားလိုက်ရင် မာတင်းနေသော ငါးဆားနယ် ရလာပါက ထွက်လာသော သွေးရည်များကို သွန်ပြစ်လိုက်ပါ။
  9. မာမာကတော့ ခပ်ကြာကြာလေး ထားချင်တာနဲ့ ထိုငါးဆားနယ်ကို ငါးပိကောင် လုပ်ပါမယ်။
  10. မာမာ့မှာ ငါးအကောင်လိုက်ဆန့်မဲ့ ပုလင်းမရှိတဲ့အတွက်  ပုလင်းထဲ ထည့်လို့ရမဲ့ အနေအထားလေးတွေ တုံးပေးပါတယ်။
  11. အတုံးလေးတွေ တုံးပြီးတာနဲ့ ဆားနှင့်ထပ်ပြီး နယ်ပေးကာ ပုလင်းထဲမှာ စီပြီးထည့်ပေးကာ ယင်ကောင်မနားအောင် အဖုံးဖုံးထားပါ
  12. ထိုငါးကို နှစ်ပါတ်ထက်ကျော်ပြီး ထားစားမည်ဆိုပါက ငါးပိကောင် ဖြစ်သွားပါပြီ။
  13. ငါးပိကောင်က ဆားတွေနဲ့ ရက်ကြာကြာ ထားတဲ့အတွက် အရမ်းငံပါတယ်။
  14. ထိုငါးပိကောင်ကို ချက်စား ကြော်စားခါနီးမှာ ဆန်ဆေးရည်နှင့် နှစ်နာရီလောက် စိမ်ထားပြီး ရေ ငါးထပ်လောက် ဆေးပြီးမှ ကြော်စား ချက်စားစေချင်ပါတယ်။

No comments:

Post a Comment