Sunday 31 October 2021

ပုန်းရည်ကြီး

 










မနေ့က ပုန်းရည်ကြီး လုပ်ဖြစ်ပါတယ် မဆိုသလောက်လေး လက်ဝင်တယ်လို့ ပြောလို့ရပါတယ် ဒါပေမဲ့လဲ အိမ်မှာလုပ်တဲ့အတွက် လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်းတော့ စားရပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ပုန်းရည်ကြီး လုပ်နည်းကို အားလပ်တဲ့အခါ လိုက်လုပ်နိူင်အောင်လို့ မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းမျာူ
  1. ပဲပိစပ် - တစ်ကီလို(Horse - gram)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပြုလုပ်ပုံ
  • ပဲများကို ရေခပ်များများနဲ့ ရေစင်အောင်ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ဇလုံထဲမှာထည့်ပြီး ရေခပ်များများထည့်ကာ တစ်ညသိပ် စိမ်ထားပေးပါ
  • ရေစိမ်ချိန် ပြည့်တာနဲ့ စိမ်ထားသော ရေများသွန်ကာ ဇောက်နက်သော အိုးထဲကို ထည့်ပေးပါ
  • ပဲများမြုပ်အောင် ရေထည့်ပြီး ပြုပ်ပေးပါ
  • ပဲများ အကျက်ညီစေရန် မကြာမကြာ မွှေမွှေပေးပါ
  • ပဲပြုပ်နေစဉ် ပဲများ နူးမနူး စမ်းစမ်းကြည့်ပေးပါ
  • ပဲမနူးသေးပါက ရေထပ်ထပ်ထည့်ပြီး ပဲနူးတဲ့အထိ ပြုပ်ပေးပါ
  • ပဲများနူးလာတာနဲ့ ဆားထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့  ပဲပြုပ်နဲ့ ပဲပြုပ်ရည်တွေကို ဇကာခံပြီး စစ်ပေးပါ
  • မာမာကတော့ ပဲအနှစ်ရအောင် ဇကာစိတ်စိတ်လေးထဲမှာထည့်ပြီး တိုက်ယူပါတယ်
  • ပဲပြုပ်ရည်နဲ့ ပဲအနှစ်တိုက်ထားတာကို ဇလုံထဲမှာထည့်ပြီး လေလုံအောင်ပိတ်ကာ အခန်းအပူချိန်အတိုင်း သုံးရက်နီးပါး အချဉ်ဖောက်ပေးပါ
  • ပဲအနှစ်များ အချဉ်ဖောက်လာတာနဲ့ ပုန်းရည်ကြီးကျိုဖို့ ပြင်ဆင်ပေးပါ
  • အိုးထဲမှာ ပဲအနှစ်များထည့်ပြီး မီးအနေတော်နှင့် ကျိုပေးပါ
  • စိတ်ရှည်လက်ရှည် မွှေ​ပေးနေရင်းက ပဲများ ပြစ်ခဲလာတဲ့အိ ကျိုပေးပါ
  • ပဲရည်များ ရေခမ်းပြီး ပြစ်ခဲလာပါက ချဉ်ဖြုံ့ဖြုံ့ ခပ်စိမ့်စိမ့် အရသာ ပုန်းရည်ကြီးကို ရပါပြီ။

Saturday 30 October 2021

ကြက်သား ဘူးသီးဟင်း

 

ဒီနေ့တော့ ဘူးသီးအလုံး ရှည်ရှည်လေးတွေ ၀ယ်လာကာ ကြက်သားနဲ့ရောပြီး ဆီလည်ရေလည်လေး ချက်ထားတဲ့ စားမြိန်ဟင်းတမယ်အတွက် မာမာချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်သား -  ၃ဆယ်သားခန့်
  2. ဘူးသီး - တစ်ဝက် (တစ်လုံးကို ထက်ဝက်ပိုင်းပေးပါ)
  3. ကြက်သွန်နီ - အနေတော်တစ်လုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. စပါးလင် - နှစ်လက်မခန့်
  11. ချင်း - လက်တစ်ဆစ်ခန့်
  12. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  13. ရေ - လိုသလောက်

ပြင်ဆင်ပုံ
  • ကြက်သားကို  ရေဆေးပေးပြီးမှ နှစ်သက်သလို ခုတ်ပေးကာ ငံပြာရည် ဆား နနွင်း အချိုမှုန့်တို့ထည့်ကာ နယ်ထားပါ
  • ဘူးသီးကို အခွံခွာပြီး တစ်၀က်ခြမ်း၍ ရေဆေးပေးကာ  ခပ်ထူထူ အတုံးလေးတွေ တုံးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ခပ်ပါးပါးလှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငရုတ်သီးထောင်းနှင့်အတူ အရသာနယ်ထားသော ကြက်သားကိုထည့်ပြီး ငရုတ်သီး အရသာ၀င်အောင် ရောပြီးနယ်ပေးပါ
  • အရသာနယ် ပြီးတာနဲ့ရေအနည်းငယ်ထဲ့ကာ မီးအားအနေတော်ဖွင့်ပြီး လုံးချက်ချက်ပေးပါ
  • ချက်နေစဉ် အိုးမကပ်စေရန် မကြာမကြာ အိုးကိုလှုပ်ပေးပြီး အထက်အောက် သမအောင် မွှေပေးပါ
  • ၁၀မိနစ်ခန့် လုံးချက် ချက်ပေးပြီးပါက ဘူးသီးနှင့် ရေထည့်ပြီး အဖုံးအုပ်ကာ ဘူးသီးနူးအောင် တည်ပေးပါ
  • ဘူးသီးနူးတာနဲ့ မီးပိတ်ပြီး အရသာမြည်း၍ လိုသလို ပြင်ပေးကာ စားသုံးရန် ပြင်ဆင်နိူင်ပါပြီ
  • ငါးပိထောင်း ချဉ်ငံစပ်လေးနှင့် လိုက်ဖက်လွန်းသော ကြက်သားဘူးသီး အရည်သောက်ဆမ်းဟင်းကို နှစ်သက်သလို သုံးဆောင် နိူင်ပါပြီ။

Thursday 28 October 2021

သံပုယိုသီး ဆားစိမ်

 





ဒီနေ့တော့ ကျန်ခဲ့တဲ့ သောကြာနေ့က သံပုယိုသီးလေးတွေ ဝယ်လာပြီး ဆားစိမ်ဖြစ်ပါတယ် သမီးငယ်လေး ကျောင်းပိတ်တဲ့အခါ အိမ်ကိုခန ပြန်လာပါမယ်။

သူအိမ်ကို ပြန်ရောက်တာနဲ့ ဒံပေါက်စားချင်တယ်လို့ ပူဆာတဲ့အခါ ဒီမေမေက အဆင်သင့် ချက်ကျွေးလို့ရလာအောင် သံပုယိုသီး သနပ်လေး လုပ်ထားပါမယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ သံပုယိုသီးဆားစိမ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သံပုယိုသီး - ၇ လုံး
  2. ဆား - လက်ဖက်ရည်ဇွန်း ၇ဇွန်း
  3. ဖန်ပုလင်းသန့်သန့် - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
  • ဖန်ပုလင်းကို ပြောင်စင်နေအောင် ဆပ်ပြာနှင့် တိုက်ခြွတ်ဆေးကြောပေးပါ
  • ​ဖန်ပုလင်းကို ရေဆေးပြီးတာနဲ့ နေပုပူမှာ ခြောက်သွေ့နေအောင် နေလှန်းပေးပါ
  • သံပုယိုသီးကို ရေဆေးပြီး ရေခြောက်အောင် သုတ်ပေးပါ
  • အညှာဘက်မှ ထိပ်ကလေးကို လှီးပေးကာ အောက်ချေအထိ မပြတ်အောင် လေးစိန်ခြမ်းပေးပါ
  • ပြီးတာနဲ့ သံပုယိုသီး တစ်လုံးကို ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာစီ သိပ်ပေးပါ
  • သံပုယိုသီးများ ဆားသိပ်ပေးပြီးတာနဲ့ ဖန်ပုလင်းထဲမှာ ဆန့်သလောက် ဖိသိပ်ထည့်ပေးပါ
  • ကျန်နေတဲ့ သံပုယိုသီးတွေကို ဒီအတိုင်းလေးဘဲ ထားပေးထားပါ
  • သံပုယိုသီး ပုလင်းကို အဖုံးအုပ်ပေးပြီး နေပူပူမှာ တစ်နေကုန် လှန်းပေးပါ
  • တစ်နေလောက် လှမ်းပြီးတာနဲ့ သံပုယိုသီး အချဉ်နဲ့ ဆားထိတွေ့ချိန်မှာ အချဉ်ရည်များ ထွက်လာပြီး ပုလင်းထဲမှာ ချောင်လာပါလိမ့်မယ်
  • ချောင်နေသော နေရာအတွက် ပိုနေသော သံပုယိုသီးများကို ဆန့်သလောက် ဖိသိပ်ထည့်ပေးကာ အဖုံးအုပ်ပြီး နေထပ်လှန်းပေးပါ
  • အထက်ပါ နည်းအတိုင်း နေငါးရက်လောက် လှန်းပေးပြီးပါက သံပုယိုသီး ဆားစိမ်လေး ရပါပြီ။

Wednesday 27 October 2021

ပဲကပ်ကြော်






မာမာဒီနေ့တော့ ပဲကပ်ကြော်လေး ကြော်ထားပါတယ် ပြင်ရဆင်တာလေး အချိန်ပေးရပေမဲ့ ကြော်ရတာတော့ အရမ်းကိုဘဲ လွယ်ပါတယ်။

ချင်းနှင့် ကြက်သွန်ဖြူနံ့ မွှေးမွှေးလေးနဲ့ စားလို့အရမ်းကောင်းပါတယ် နောက်တစ်ခုက ပဲကပ်ကြော် ကြော်တဲ့အခါ ကုလားပဲဆံကို ရေစိမ်ပြီး ပွလာတဲ့အတိုင်းဘဲ ကြော်ပေးပါ ပဲကိုပြုပ်ပြီး ကြော်လိုက်ပါက ကောက်ညှင်း ပဲကပ်ကြော်မှာ ကပ်ပြီးကြော်တဲ့ ပဲတွေက မာကျစ်ကျစ်ကြီးတွေ ဖြစ်သွားတတ်ပါတယ်။

 ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ (မုန့်၇ခုစာအတွက်)

  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ခွက် နှစ်ခွက်
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  3. ရေကျက်အေး - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်နှင့် လက်တစ်လုံးစာ
  4. ကုလားပဲခြမ်း - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်
  5. ချင်း - တစ်လက်မ မရှိတစ်ရှိ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  8. ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  10. ဆီ - လိုသလောက် သုံးပေးပါ
  11. ကောက်ညှင်းမှုန့် - အနည်းငယ် (ဘန်းမှာဖြူးပေးရန်)
ပြင်ဆင်ပြုလုပ်ပုံ
  • ကုလားပဲဆံကို ရေသုံးထပ်လောက် ဆေးပေးပြီး ရေခပ်များများလေးထည့်ကာ အနည်းဆုံး ခြောက်နာရီလောက် စိမ်ထားပေးပါ
  • ကောက်ညှင်းတို့ရဲ့ သဘာဝ ကြော်တဲ့အခါမှာ ပေါက်ထွက်တတ်ပါတယ်
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပြီး အအေးခံပေးထားပါ
  • ဇလုံ တစ်လုံးထဲမှာ ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်ကို ရောကာ ရေကျက်အေးကို နည်းနည်းချင်း ထည့်ပေးကာ မုန့်သား ပျော့လာတဲ့အထိ နယ်ပေးပါ
  • မိမိတို့ အသုံးပြုကြတဲ့ ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်များ မတူညီနိူင်တဲ့အတွက် ရေကျက်အေးကို နည်းနည်းချင်း ထည့်နယ်ပေးပါ
  • မုန့်သား အပျော့အမာအတွက် ရေကျက်အေးကို လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • မုန့်သားအနေအထားကို လက်ထဲမှာယူပြီး လေးငါးဆယ်ချက်လောက် ဆုတ်ကြည့်လိုက်တဲ့အခါမှာ မုန့်သားများ ကွဲမထွက်တော့ဘူးဆိုရင် မုန့်ညှက်အတွက် ရပါပြီ
  • ပြီးတာနဲ့ ဗူးထဲထည့်ကာ အဖုံးအုပ်ပေးပြီး အနည်းဆုံး ခြောက်နာရီလောက် ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ထည့်ထားပေးပါ
  • မာမာကတော့ မနက်စောစောလေး ကြော်မှာ ဖြစ်တဲ့အတွက် ညထဲက မုန့်သားနပ်အောင် နယ်ထားပါတယ်။
အကြော်ကြော်ရန်
  • နောက်နေ့မနက် အကြော် မကြော်ခင်မှာ အကြော်ကြော်ဖို့အတွက် ပြင်ပါမယ်
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ အမျှင်ဖတ်လေးများ ကျန်တဲ့အထိ ထောင်းပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ညကနယ်ပြီး နှပ်ထားသော မုန့်ညှက် အရသာမှုန့် ကြက်သွန်ဖြူ ချင်း ဆိုဒါနှင့် ဆားတို့ထည့်ပြီး အရသာ သမအောင် ထည့်နယ်ပေးပါ
  • ညထဲက မုန့်ညှက်ရအောင် နယ်ထားတဲ့အတွက် အနည်းငယ် ခြောက်သယောင် ဖြစ်နေပါက ရေကျက်အေး နည်းနည်းထပ်ထည့်ပြီး နယ်ပေးပါ
  • ပြီးတာနဲ့ ၁၅မိနစ်လောက် နှပ်ထားပေးပါ
  • ရေစိမ်ထားသော ကုလားပဲဆံကို ရေတစ်ထပ်ဆေးပြီး ရေစစ်ထားပါ
  • ပန်းကန်ပြား တစ်ချပ်ထဲမှာ ကောက်ညှင်းမှုန့် အနည်းငယ် ဖြူးထားပေးပါ
  • မုန့်ညှက် နှပ်ထားတာ ရတာနဲ့ ပဲကပ်ကြော် တစ်ချပ်စာ ယူပေးပြီး လက်ထဲမှာ အရင်ဆုံး ဆုတ်ဆုတ်ပြီး လုံးပေးပါ
  • မုန့်သားလေး ညက်လာပြီဆိုရင် လက်ဝါးနှစ်ဖက်ကြားမှာ ညှပ်ပေးကာ မထူမပါး အနေအထား ခပ်ပြားပြားလေး ရလာအောင် ပြားပေးထားပါ
  • မုန့်ညှက်ကလေး တစ်ခုရတိုင်း ရေစစ်ထားသော ကုလားပဲဆံထဲမှာ ပဲများကပ်သွားအောင် နှစ်ဖက်လုံးမှာ ကပ်ပေးပါ
  • ပြီးတာနဲ့ လက်ဝါးနှစ်ဖက်ကြားမှာ ထည့်ပြီး မုန့်ညှပ်မှာ ပဲများကပ်သွားအောင် အသာလေး ဖိပေးပါ
  • ပြီးတာနဲ့ ကောက်ညှင်းမှုန့် ့ဖြူးထားသော ပန်းကန်ပြားထဲမှာ တစ်ခုနှင့်တစ်ခု မထိအောင် ထည့်ပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီခပ်များများ ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်လောက်ထိ လျှော့ပြီးမှ ပဲကပ်ထားသော မုန့်ညှက်ကိုယူကာ တစ်ခုချင်း ထည့်ပေးပါ
  • မီးအရမ်း ပြင်းပါက ပဲလေးတွေ မကျက်ဘဲ ဖြစ်တတ်အတွက် မီးအရမ်း မပြင်းစေရန် သတိထားပြီး ကြော်ပေးပါ
  • ထိုနည်းအတိုင်း ဆီအိုးထဲမှာ အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • တစ်ဖက် ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်းပေးကာ ဆက်ကြော်ပေးပါ
  • ပဲကပ်ကြော် တစ်ချပ်လုံး ရွှေဝါရောင်လေး သန်းလာပါက ဆယ်ပြီးဆီစစ်ပေးထားကာ ကျန်နေသော မုန့်ညှက်များ ကုန်တဲ့အထိ ဆက်ကြော်ပေးပါ
  • အားလုံး ကြော်ပြီးတာနဲ့ စိမ့်ပြီးမွှေးနေတဲ့ ပဲကပ်ကြော်လေးတွေကို မိမိတို့ နှစ်သက်သလို စားသုံးရန် အဆင်သင့် ဖြစ်ပါပြီ။
  • အားလုံးကြော်ပြီးတဲ့ အခါမှာ ရေစိမ်ပြီးသား ပဲအနည်းငယ် ကျန်ပါတယ် အကြော်ကြော်လို့ပိုတဲ့ ဆီထဲမှာ ထည့်ကြော်လို့ရပါတယ်။

Sunday 24 October 2021

ရွှေဖရုံသီးမုန့်ပေါင်း


 













ဒီနေ့တော့ ဆောင်းအကုန် နွေအကူး ရာသီဥတု အကူးအပြောင်းလေးမှာ လျှပ်စီးတွေလက် မိုးတွေခြိမ်း မိုးကြိုးတွေပြစ် မိုးသီးတွေကြွေနေပါတယ်။

မိုးကိုနှစ်သက်ပေမဲ့ လျှပ်စီးလက်ပြီး မိုးခြိမ်းတာကို ကြောက်တတ်တဲ့ မာမာတစ်ယောက် အကြောက်တရားကို အာရုံလွှဲရင်း  ဒီနေ့တော့ ရွှေဖရုံသီး မုန့်ပေါင်းလေး လုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်လုပ်နည်းကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ရွှေဖရုံသီး - 250 g
  2. သကြား - 100 g (အချိုမကြိုက်ပါက လျှော့ထည့်ပေးပါ)
  3. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (မုန့်လုပ်သည့်အထဲထည့်ရန်)
  4. အုန်းနို့ - 200 g
  5. ဆန်မှုန့် - 20 g
  6. ပီလောပီနံမှုန့် - 120 g
  7. အုန်းသီးခြစ်ပြီးသား - 50 g
  8. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (အုန်းသီးခြစ်ပြီးသားနှင့်နယ်ပေးရန်)
  9. ဆီ - ထမင်းစားဇွန်း တစ်ဝက်ခန့် (မုန့်ပေါင်းမည့် ဘန်းကိုသုတ်ရန်)
  10. Baking paper - လိုသလောက် (မုန့်ပေါင်းမည့် ဘန်းထဲထည့်ရန်)
  11. မုန့်ပေါင်းမည့် ဘန်း - တစ်ခု (အလျှား 6လက်မ  အနံ၆လက်မ) မိမိ အဆင်ပြေတာနဲ့ သုံးပေးပါ
  12. အိုးအဖုံးကို ထုတ်ပေးရန် အဝတ်စ သန့်သန့် - တစ်စ
  13. မုန့်ပေါင်းရန် အိုး - တစ်လုံး
အုန်းသီးမှုန့်ပေါင်းရန်
  • အုန်းသီးမှုန့်နှင့်ဆားတို့ကို သမအောင် နယ်ပေးပြီး ကြွေပန်းကန်ပြား တစ်ချပ်ထဲ ထည့်ပေးပါ
  • ရွှေဖရုံသီး ပေါင်းတဲ့အိုးထဲကို ရေအနည်းငယ် ထပ်ထည့်ပေးပါ
  • ပြီးတာနဲ့ ပေါင်းခံခုံပေါ်မှာ အုန်းသီးပန်းကန်ကိုတင်ပြီး အိုးအဖုံးအုပ်ကာ ဆယ်မိနစ် ပေါင်းပေးပါ
  • ပေါင်းချိန်ပြည့်တာနဲ့ မီးပိတ်ပေးကာ အုန်းသီးပန်းကန်ကို အပြင်မှာ ထုတ်ထားပေးပါ
ပြင်ဆင်ပြုလုပ်ပုံ
  • ပါဝင်ပစ္စည်း အားလုံးကို အဆင်သင့် ပြင်ထားပါ
  • မုန့်ပေါင်းမည့် ဘန်းကိုဆီသုတ်ကာ baking paper ထည့်ပြီးခင်းပေးထားပါ
  • ရွှေဖရုံသီးကို အခွံခွာပြီး ရေဆေးကာ အတုံးလေးတွေ လှီးပေးပါ
  • ရွှေဖရုံသီးပေါင်းမည့် ကြွေပန်းကန်ထဲမှာ ထည့်ပေးပါ
  • ပေါင်းမည့် အောက်ခံအိုးထဲမှာ ရေအနည်းငယ် ထည့်ပေးပြီး ပေါင်းခံခုံလေး ထည့်ပေးပါ
  • ထိုခုံလေး အပေါ်မှာ ရွှေဖရုံသီး ပန်းကန်ကို တင်ပေးပြီး အဖုံးအုပ်ပေးကာ မီးအနေတော်နှင့် ဆယ်မိနစ် ပေါင်းပေးပါ
  • ပေါင်းပြီးတာနဲ့ နူးအိနေသော ရွှေဖရုံးသီးများကို ဇရင်းဖြင့် ဖိဖိပြီး ကျေညက်သွားအောင် ချေပေးပါ
  • ရွှေဖရုံသီးများ ကျေညက်သွားတာနဲ့ အုန်းနို့ထည့်ကာ သမသွားအောင် မွှေပေးပါ
  • ဇလုံတစ်လုံးထဲမှာ ဆား သကြား ဆန်မှုန့် ပီလောပီနံမှုန့်နှင့် ရွှေဖရုံသီး အုန်းနို့ရည်တို့ကို ထည့်ကာ သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ မုန့်ပေါင်းရန် ပြင်ထားသည့် ဘန်းထဲမှာ ထည့်ပေးကာ ရွှေဖရုံသီး ပေါင်းတုန်းက ပေါင်းအိုးထဲကို ရေအနည်းငယ် ထပ်ထည့်ပြီး မုန့်ပေါင်းမည့် ဘန်းကို တင်ပေးပါ
  • မုန့်ပေါင်းတဲ့ အခါမှာ ချွေးများမကျစေရန် အဝတ်စ သန့်သန့်နှင့် အိုးအဖုံးကို ထုတ်ထားပေးပါ
  • ပြီးတာနဲ့ အိုးအဖုံး အုပ်ပေးပြီး မီးအနေတော်နှင့် မိနစ်လေးဆယ် ပေါင်းပေးပါ
  • မုန့်ပေါင်းချိန် ပြည့်တာနဲ့ မီးပိတ်ပေးပြီး မုန့်ဘန်းကို အပြင်ထုတ်ကာ အအေးခံပေးထားပါ
  • မုန့်ပေါင်းထားတဲ့ ဘန်းလေး အေးတာနဲ့ ပန်းကန်တစ်ခုထဲ မှောက်ပြီး သွန်ချပေးကာ baking paper ကို ခွာပေးပါ
  • ပြီးတာနဲ့ ရွှေဖရုံသီး မုန့်ပေါင်းကို မိမိနှစ်သက်တဲ့ ပုံစံလေးတွေ လှီးပေးကာ အုန်းသီးမှုန့်နှင့် လူးပေးပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Friday 22 October 2021

ဘူးသီးကြော်

 









ဒီနေ့တော့ စားလို့ကောင်းလွန်းတဲ့ ဘူးသီးကြော်ပြီး ပန်ထွေဖျော် အချဉ်ရည်နဲ့ စားဖို့ ပြင်ထားပါတယ် ကြော်ချိန် မကြာသလို ကြွတ်ကြွတ်ရွရွလေးနဲ့ စားကောင်းလွန်းတဲ့အတွက် နေ့လည်နေ့ခင်း အပျင်းပြေ စားရအောင် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘူးသီး  -  လက်မလောက်အထူ လှီးထားသော အစိတ် ၁၅ စိတ်
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်ခွဲ
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်၀က်သာသာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် 
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - လိုသလောက် သုံးပေးပါ
ပန်ထွေဖျော်ရန် ပါဝင်ပစ္စည်းများ
  • ခရမ်းချဉ်သီး အလုံးကြီးကြီး တစ်လုံးကို နူးအိနေအောင် ပြုပ်ပေးပြီး အခွံများ ခွာထားပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • ပဲဆီ ထမင်းစားဇွန်း တစ်ဇွန်း
  • ရေကျက်အေး မိမိနှစ်သက်သလောက်
  • ပါဝင်ပစ္စည်း အားလုံးကို ဇလုံတစ်လုံးထဲမှာ ထည့်ပေးပြီး သမသွားအောင် မွှေပေးပါ

ကြော်ဖို့ပြင်ရန်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီး ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
  • ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • ဘူးသီးကို ရေဆေးကာ ပုံပါအတိုင်း အကွင်းလိုက် လှီးပေးပြီး ကန့်လန့်ဖြတ် လက်တလုံးလောက် အနေလေးတွေ လှီးထားပါ
  • အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ ဘူးသီးစိတ်ကို နှစ်ပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက ဘူးသီး မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဘူးသီးကြော် ကြွတ်ကြွတ် ချိုချိုလေးကို ပန်ထွေဖျော်လေးနဲ့ တွဲဖက်ကာ စားလို့ရပါပြီ။

Thursday 21 October 2021

ငှက်ပျောကြော်

 








အခုရက်ထဲ အကြော်လေးတွေ တစ်နေ့တစ်မျိုး မရိုးရလေအောင် ကြော်စား ဖြစ်နေပါတယ် ဒီနေ့တော့ သီးမွှေးငှက်ပျောသီးနဲ့ ကြော်မှာ ဖြစ်ပါတယ်။

သီးမွှေးငှက်ပျောသီးက တစ်လုံးကို ဆယ်လက်မ ကျောကျော် ရှိတဲ့အတွက် မာမာကတော့ သုံးပိုင်း ပိုင်းပြီးမှ ကြော်လိုက်ပါတယ်။

အကြော် ကြော်တဲ့ နေရာမှာ မာမာကတော့ tempura batter mix အကြော်မှုန့်နဲ့ ကြော်ထားပြီး မိတ်ဆွေတို့မှာ မာမာပြောတဲ့ အကြော်မှုန့်  မရှိပါက နှစ်သက်ရာ အကြော်မှုန့်တို့နဲ့ ကြော်ပေးရင် ရပါတယ်။

အကြော်  ကြော်ရတာ အရမ်းကို လွယ်ပါတယ် စားလို့လဲ ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့  ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. သီးမွှေး ငှက်ပျောသီး - နှစ်လုံး (တစ်လုံးကို ဆယ်လက်မကျော်ခန့် ရှိပါတယ်)
  2. Tempura batter mix - 140 g
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်၀က်သာသာ
  4. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ tempura batter mixကို ထည့်ပေးကာ ရေကို နည်းနည်းချင်းထည့်ပြီး ခပ်ပျစ်ပျစ်လေး ဖျော်ထားပေးပါ
  • ငှက်ပျောသီးကို အခွံခွာပြီး တစ်လုံးကို သုံးပိုင်း ပိုင်းပေးပါ
  • ပြီးတာနဲ့ ဖျော်ထားသော မုန့်နှစ်မှာ ငှက်ပျောသီး တစ်ပိုင်းချင်းကို မုန့်နှစ်နှင့် ခပ်ဖူထူလေး လူးပေးပါ
  • ဒယ်အိုးထဲမှာ ဆီခပ်များများထည့်ပြီး ဆီကိုမီးပြင်းပြင်းနှင့် အပူပေးပါ 
  • ဆီပူလာပါက မီးကိုအနေတော် လျှော့ပေးပြီးမှ  မုန့်နှစ်လူးထားသော ငှက်ပျောသီး တစ်ပိုင်းချင်းကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ငှက်ပျောကြော် တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ငှက်ပျောသီးများကုန်အောင် ကြော်ပေးပါ
  • ကြော်ပြီးသားများ ဆီစစ်သွားပါက အရသာချိုချိုလေးနဲ့ ကောင်းလွန်းတဲ့ သီးမွှေး ငှက်ပျောကြော် မွှေးမွှေးလေးကို ရပါပြီ။

Sunday 17 October 2021

ကန်စွန်းဥ ခေါက်ဆွဲကြော်

 


ဒီတစ်ခါတော့ အသားမပါပေမဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့ ကန်စွန်းဥ ခေါက်ဆွဲကို ခပ်ချိုချိုလေး ကြော်စားဖြစ်ပါတယ်။

အရသာ အချိုအစိမ့်လေး ရပြီး စားလို့ကောင်း တဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ကန်စွန်းဥခေါက်ဆွဲအစို - သုံးဆယ်သား
  2. ပဲသီး - မိမိနှစ်သက်သလောက်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ပန်းဂေါ်ဖီ - အခက်ကြီးကြီး လေးခက်
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  6. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  10. ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
  11. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  12. ကြက်သွန်မိတ် - အနေတော် နှစ်ပင်
  13. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့ နယ်ပေးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးကာ ခပ်ရှည်ရှည်လေးတွေရအောင် လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ ပန်းဂေါ်ဖီနှင့် မုံလာဥနီတို့ကို နှစ်မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲနှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသော ကြက်ပြုပ်ရည်ကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးပါ
  • ပြီးတာနဲ့ ကြက်သွန်မိတ်နှင့် တရုတ်နံနံတို့ကို ထည့်မွှေပေးပါ
  • အားလုံးသမသွားတာနဲ့ ကန်စွန်းဥ ခေါက်ဆွဲကြော် ချိုစိမ့်စိမ့်လေးကို သုံးဆောင်နိူင်ပါပြီ။