Wednesday 6 October 2021

ခေါက်ဆွဲကြော်


ဒီနေ့တော့ ဟင်းချက်ရမှာ အင်မတန် ပျင်းတဲ့နေ့လေး တစ်နေ့မို့လို့ တစ်မယ်ထဲနဲ့ ဗိုက်ဝစေမဲ့ အရမ်းစားလို့ကောင်းလွန်းတဲ့ ခေါက်ဆွဲကြော်လေး ကြော်စားဖြစ်ပါတယ်။

မာမာက ခေါက်ဆွဲတွေ ကြာဇံတွေ ကြော်တဲ့အခါမှာ အသားတွေ ထည့်ကြော်ရတာကို သိပ်မကြိုက်တဲ့အတွက် အသားတွေ ထည့်ကြော်တာ နည်းပါတယ်။

အသီးအရွက် ခပ်များများနဲ့ ကြော်ပြီးစားရတာကို ပိုပြီးကြိုက်တဲ့ အတွက်လဲ အသီးအရွက် ခပ်များများလေးနဲ့ ကြော်တတ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာကြော်သလိုလေး ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. ကြက်ဥခေါက်ဆွဲအစို - လေးဆယ်သား
  2. တရုတ်မုန့်ညှင်းဖြူ - လေးရွက်ခန့်
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ပဲတောင့်ရှည် - ငါးတောင့်
  5. မုံလာဥနီ - အနေတော် တစ်ဥ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  9. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  13. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  14. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ နှမ်းဆီမွှေး ဆား ပဲငံပြာရည် အပျစ်တို့နဲ့ နယ်ပေးထားပါ
  • တရုတ်မုန့်ညှင်းကို ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ ပဲသီး ဂေါ်ဖီ တရုတ်မုန့်ညှင်းနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာနယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ အရသာ မြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ တရုတ်နံနံကိုထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment