Saturday 2 October 2021

ပဒဲကောအမှုန့်







ဒီတစ်ခါတော့ မာမာတို့တွေ မုန့်တီချက်တဲ့ အခါရယ် တစ်ချို့အသားငါးဟင်းတွေ ချက်တဲ့အခါတို့ရယ်မှာ အလွယ်တစ်ကူ အသုံးပြုရအောင် ပဒဲကောမှုန့်လေးတွေ လုပ်ထားပါတယ်။

တစ်ခါတစ်လေ ပဒဲကော အတက်လေးတွေရလို့ ဝယ်လာပြီးရင် တစ်ခါချက်စားစာ သုံးပြီးတာနဲ့ ပိုနေတတ်ပါတယ်။

ပိုနေတဲ့ အခါမျိုးမှာ အကြာကြီး သိမ်းထားဖို့ရန်အတွက် မာမာကတော့ ခပ်ပါးပါးလေးတွေလှီးကာ ခြောက်သွေ့နေအောင် နေလှန်းပြီး ကော်ဖီစေ့ကြိတ်တဲ့ စက်ကလေးနဲ့ ညက်ပြီးမှုန့်နေအောင် ကြိတ်ပေးကာ ဖန်ပုလင်း သန့်သန့်လေးထဲမှာ သိမ်းထားတတ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပြင်ဆင်ပြုလုပ်ပုံ
  1. ပဒဲကော အတက်များကို ရေစင်အောင်ဆေးပြီး ရေခြောက်အောင် သုတ်ထားပါ
  2. ပဒဲကော အတက်လေးတွေက စိုနေတုန်းမှာ ခပ်ပါးပါး လှီးပါမှ လှီးရတာ ပိုပြီးလွယ်ပါတယ်
  3. ဒါကြောင့်မို့လို့ ရေဆေး ရေသုတ်ပြီးတာနဲ့ ဓါးပြတ်ပြတ်နဲ့ ခပ်ပါးပါးလေးတွေ လှီးပေးပါ
  4. ပြီးတာနဲ့ ဗန်းထဲမှာ ဖြန့်ထည့်ပြီး နေပူပူမှာ လှန်းပေးပါ
  5. ခြောက်သွေ့နေအောင် နေလှန်းပြီးတာနဲ့ အမှုန့်ကြိတ်ဖို့ ပြင်ပေးပါ
  6. မာမာကတော့ ကော်ဖီစေ့ကြိတ်တဲ့ စက်ကလေးထဲကို နည်းနည်းချင်းထည့်ပြီး ညက်အောင်ကြိတ်ပေးပါတယ်
  7. အားလုံးကြိတ်ပြီးတာနဲ့ ဖန်ပုလင်း သန့်သန့်လေးထဲမှာ ထည့်ပြီးတော့ သိမ်းထားပါတယ်
  8. မိမိလိုချင်တဲ့ အချိန်မှာ အလွယ်တစ်ကူ ရစေမဲ့ ပဒဲကော အမှုန့်လေးတွေ ရပါပြီ။

No comments:

Post a Comment