Friday 1 October 2021

မုန့်ကျွဲသည်း










မာမာ ဒီနေ့တော့လေ အချိုပွဲအတွက် မုန့်ကျွဲသည်းလေး ကျိုပါတယ် အခုတစ်ခါ ကျိုနည်းလေးက ဗီယက်နမ် လူမျိုးတွေ မုန့်လုပ်တဲ့ နည်းလေးကို အခြေခံကာ ပြောင်းကော်မှုန့်နဲ့ ကျိုထားပါတယ်။

ကျိုရတာ ပိုပြီးလွယ်ပေမဲ့ စားရတဲ့ အရသာကတော့ မြန်မာပြည်က မုန့်ကျွဲသည်း အရသာအတိုင်း ရပါတယ် နောက်တစ်ခုက မုန့်အရောင် ညိုညိုလေး ရချင်ရင်တော့ ထန်းလျှက်ခဲ အရောင်ရင့်ရင့်ကို သုံးစေချင်ပါတယ်။

မာမာက မုန်လုပ်ထန်းလျှက်ခဲ အရောင်အနည်းငယ် ဖျော့တာနဲ့ လုပ်တဲ့အတွက် အရောင်က မဆိုသလောက်လေး ဖျော့ချင်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကျိုထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပြောင်းကော်မူန့်  - 100 g (corn starch)
  2. နွားနို့  - 1000 ml ( milk)
  3. ထန်းလျှက်ရည် ကျိုပြီးသား ခပ်ပျစ်ပျစ် - 200 ml
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အုန်းသီးမှုန့် - မိမိနှစ်သက်သလောက်
  6. မကပ်သောအိုး - တစ်လုံး
  7. ကျိုပြီးသား မုန့်နှစ်ထည့်ရန် - ဗူးတစ်ခု (သို့မဟုတ်) ဘန်းတစ်ခု
  8. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (ကျိုပြီးသား မုန့်နှစ်ထည့်မည့် ဘန်း သုတ်ရန်)
ထန်းလျှက်ရည်ကျိုရန်
  • ထန်းလျှက်ခဲ 150 g ရေ150 g နှင့် ရောပြီးကျိုပေးပါ
  • ထန်းလျှက်ရည် ခပ်ပျစ်ပျစ်လေး ရပါက မီးပိတ်ပြီး အဝတ်ပါးစလေးခံကာ အမှိုက်များ စစ်ပေးပါ
  • မုန့်လုပ်ရာမှာ လိုသလောက်ဘဲ သုံးပေးပြီး ကျန်ထန်းလျှက်ရည်ကို ဗူးထဲမှာထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားပါ

မုန့်ကျိုပြီးထည့်ရန်
  1. အလျှား 195 cm အမြင့် 3 5cm  အကျယ် 110cm  ရှိသော အပူခံနိူင်မည့် ပလပ်စတစ်ဗူး - တစ်ဗူး (သို့)
  2. မိမိဆီမှာ အဆင်ပြေမည့် ဗန်း သို့ ခွက် တို့ကို သုံးပေးပါ
  3. ဇောက်နက်ပြီး အိုးအသားထူကာ အောက်ခြေမကပ်သောအိုး - တစ်လုံး
  4. မွှေလို့ကောင်းသော ယောင်းမ - တစ်ချောင်း
  5. ဆီ - အနည်းငယ် (မုန့်ထည့်မည့်ဗူးကို သုပ်ရန်)

ပြုလုပ်နည်း

  • မုန့်မကျိုခင် မုန့်ကျိုပြီးသားထည့်မည့် ဘန်းကို ဆီနှင့် သုတ်ထားပါ
  • မုန့်ကျိုမည့် အိုးထဲမှာ ပါဝင်ပစ္စည်းများ အားလုံးကို ထည့်မွှေပေးပါ
  • မီးကို အနေတော်နှင့် အပူပေးပြီးမှ မုန့်ကျိုမည့်အိုးကို မီးဖိုပေါ် တင်ပေးပါ
  • ပြီးတာနဲ့ မုန့်နှစ်ရည်ကို အဆက်မပြတ် မွှေပေးပါ
  • မီးအရမ်း ပြင်းလွန်းပါက မုန့်နှစ်ရည် တူးလွယ်တဲ့အတွက် မီးအနေတော်နှင့် ကျိုပေးပါ 
  • သုံးလေး မိနစ်လောက်ဆို မုန့်နှစ်ရည် ပျစ်လာပါပြီ
  • ပြီးတာနဲ့ နောက်ထပ် သုံး လေး မိနစ်လောက် ထပ်ပြီးမွှေပေးပါ
  • ပြီးတာနဲ့ ကျိုထားသော မုန့်နှစ်ရည်ကို ဆီသုတ်ထားသော ဘန်းထဲကို  လောင်းထည့်ပေးပါ
  • မုန့်နှစ်ရည် ထည့်ပြီးတာနဲ့ အအေးခံပေးပါ
  • မုန့်နှစ်ရည် ခဲသွားပါက ဓါးကိုဆီသုတ်ပေးပြီး မိမိနှစ်သက်သလို လှီးပေးပါ
  •  လှီးပြီးတာနဲ့ အုန်းသီးမှုန့် ဖြူးပြီး စားနိူင်ပါပြီ
  •  ရေခဲသေတ္တာ မခဲတဲ့ အထပ်ထဲမှာ အအေးခံရင် မုန့်သား ပိုကောင်းပါတယ်။

No comments:

Post a Comment