ဒီနေ့တော့ အာလူးကပ်တလိတ် ထမင်းပူပူလေးကို စားချင်တဲ့အတွက် အာလူးကပ်တလိတ်လေးတွေ ကြော်စားပါတယ်။
အာလူးကတ်တလိပ်ဆိုရင် မိမိတို့ နှစ်သက်ကြသလို အရသာ အမျိုးမျိုးထည့်၍တစ်မျိုး သတ်သတ်လွတ်တစ်သွယ် အသားများ ထည့်ပြီးသော်၎င်း မျိုးစုံအောင် ကြော်တတ်ကြပါတယ်။
ဒါကြောင့်မို့လို့ ဒီတစ်ခါတော့ မဆလာနံ့ သင်းသင်းလေးနဲ့ စားချင်စဖွယ် ကောင်းလွန်းအောင် ကြော်ထားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- မြေနီအာလူး - 700 g
- တန်ပူရာမှုန့် - 100 g
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ကြက်ဥအကာ - တစ်လုံး
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးအိနေအောင် ပြုပ်ပေးပါ
- မိုက်ခဝေ့ မီးဖိုနှင့် ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
- အာလူးနူးပါက အအေးခံပြီး အခွံများ ခွာပေးပါ
- အခွံခွာပြီးသား အာလူးကို စတီးဇလုံ တစ်လုံးထဲထည့်ပြီး ဆား အရသာမှုန့် တန်ပူရာမှုန့် မဆလာ နနွင်းမှုန့်နှင့် ကြက်ဥအကာတို့ကိုထည့်ပြီး အာလူးများကို ကျေအောင်ချေကာ နယ်ပေးပါ
- အာလူးများ ကျေသွားပါက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ နယ်ပေးပါ
- အာလူးများ စေးပိုင်လာပါက ထမင်းစားဇွန်း တစ်ဇွန်းစာယူပြီး လက်နှင့်ဆုတ်လုံးပေးပါ
- အားလုံးကို အလုံးလေးများ ဆုတ်လုံးပေးပြီးပါက လက်ကိုဆီသုတ်ပေးပါ
- ပြီးတာနဲ့ တစ်လုံးချင်းကိုယူကာ လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ဝိုင်းသွားအောင် လုံးပေးကာ ခပ်ပြားပြားလေး ဖိပေးပြီး ဆယ်ပ့်ငါးမိနစ်လောက် ထားပေးပါ
- အာလူးလုံးများ အဆင်သင့် ဖြစ်ပါက ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
- ဆီပူလာပါက အာလူးမထည့်ခင် မီးကို အလယ်လောက်ထိ လျော့ပေးပါ
- မီးလျော့ပြီးမှ အာလူးလုံးများကို တစ်လုံးချင်းယူပြီး ဆီအိုးထဲကို ထည့်ပြီးကြော်ပေးပါ
- တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
- အာလူးကတ်တလိတ်ကြော် တစ်လုံးလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
- ဆီစစ်သွားပါက မဆလာနံ့ မွှေးမွှေးလေးနဲ့ အာလူးကတ်တလိတ်လေးကို စားသုံးနိုင်ပါပြီ။
- အာလူးကတ်တလိတ်ရဲ့ အပြင်ခွံကို ခပ်ကြွတ်ကြွတ်လေး စားချင်ပါက ဆီအိုးကို အပူပေးပြီး မီးအနေတော်နှင့် နောက်တစ်ခါ ထပ်ကြော်ပေးပါ
- အာလူးကတ်တလိတ် အပြင်ခွံလေးတွေ ကြွတ်လာတာနဲ့ ဆယ်ပြီးဆီစစ်ကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment