Friday 15 October 2021

ရှမ်းခေါက်ဆွဲအတွက် ကြက်သားဟင်းချက်နည်း

 







မာမာ ဒီနေ့တော့ ရှမ်းခေါက်ဆွဲထဲမှာ ထည့်စားဖို့အတွက် ကြက်သားဟင်း သီးသန့်ချက်နည်းလေး တင်ပေးချင်ပါတယ် စားမဲ့သူ နည်းပေမဲ့ တစ်ခါထဲ ခပ်များများလေး ချက်လိုက်ပါတယ်။

နောက်တစ်ခါ စားချင်ရင် အဆင်သင့် ရအောင်လို့  အခုစားဖို့အတွက် ဖယ်ထားပြီး ကျန်တဲ့ ကြက်တွေသားဟင်းတွေကို လေလုံအိတ်လေးတွေနဲ့ ထည့်ပေးပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီး ခဲထားပါမယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို ရှမ်းခေါက်ဆွဲ စားချင်တဲ့သူတွေ စားလို့ရလေအောင် မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 500 g
  2. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ခရမ်းချဉ်သီး - အလုံးခပ်ကြီးကြီး ငါးလုံး
  4. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ - အနေတော် သုံးလုံး
  6. ပဲငပိ - ထမင်းစားဇွန်း လေးဇွန်း
  7. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ဟင်းချက်ရန် ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ခပ်သေးသေး အတုံးလေးတွေ တုံးပေးကာ ဆား နနွင်းမှုန့် အရသာမှုန့်နှင့် တရုတ်မဆလာတို့ထည့်ပေးကာ အရသာဝင်အောင် နယ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အတုံးလေးတွေ တုံးပေးကာ ကြိတ်စက်ထဲမှာ ညက်နေအောင် ကြိတ်ပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့  အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြိတ်ထားသော ကြက်သွန်နီနှင့် ငရုတ်သီး အရောင်တင်မှုန့်ကို တစ်ခါထဲထည့်ပြီး ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီးကို ကျေလာတဲ့အထိ မွှေပေးပြီး ဆီသတ်ပါ
  • ခရမ်းချဉ်သီများး ကျေလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပြီး ဆီသတ်ပါ
  • ကြက်သားများ အသားများ မာတင်းလာပြီး အရောင်ပြောင်းလာမှ ပဲငပိကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး  ကြက်သားများ နူးလာအောင် တည်ပေးပါ
  • ကြက်သားများ နူးလာပြီး ရေမခမ်းခင် အချိန်မှာ အရသာမြည်းကာ လိုသလိုပြင်ပြီး မီးပိတ်ထားကာ လက်ကျန်အပူနှင့် ဟင်းအိုးကို မီးဖိုပေါ်မှာ ထားပေးပါ
  • ဒါဆိုရင်တော့ ရှမ်းခေါက်ဆွဲထဲ ထည့်စားဖို့အတွက် ကြက်သားဟင်း မွှေးမွှေးလေးကို ရပါပြီ။

No comments:

Post a Comment