Monday 30 November 2015

သရက်ချဉ်ထည့်နည်း











သရက်သီးစိမ်း ပေါ်ချိန်လေးမှာ သရက်သီးကို အမျိုးမျိုး လုပ်စားဖြစ်တဲ့ အထဲက ဒီနေ့တော့ သရက်ချဉ်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သရက်သီး လှီးပြီးသား - 1000 g
  2. ဆားကြမ်း - 100 g

ပြင်ဆင်ပုံ
  1. သရက်သီးများကို အညှာဖက်မှ အနည်းငယ်လှီးကာ အစေးများ ထွက်စေရန် ရေ ၃နာရီလောက် စိမ်ထားပါ
  2. ရေစိမ်ပြီးပါက သရက်သီးများကို အခွံမခွာဘဲ ခပ်ပါးပါး အချပ်လေးများရအောင် အရင်ဆုံး လှီးပေးပါ
  3. သရက်စေ့များကို ထည့်မသုံးပါ
  4. လှီးလို့ရလာသော အချပ်များကို အစိတ်အမြှောင်းလေးများရအောင် လှီးပေးပါ
  5. အားလုံးလှီးပြီးတာနဲ့ ဇလုံတစ်လုံးထဲထည့်ပြီး ဆားနှင့် ခပ်ဖွဖွနယ်ပေးပါ
  6. ဆားနှင့်နယ်နေစဉ် ထွက်လာသော အရည်များနှင့်အတူ ပလပ်စတိတ်အိတ် သန့်သန့်ထဲထည့်ပြီး ကျစ်နေအောင် လိမ်ပြီးထုတ်ပေးပါ
  7. ပြီးတာနဲ့ သွားထိုးတံ သန့်သန့်ဖြင့် အပေါက်လေးများ လိုက်ဖောက်ပေးကာ ဇလုံတစ်ခုထဲထည့်ပြီး အပေါ်မှ ခပ်လေးလေး အလေးတခုနှင့် ဖိထားပြီး တစ်ရက်ထားပေးပါ
  8. အလေးဖိထားစဉ် ထွက်လာသော အရည်များနှင့် သရက်သီးများကို တစ်ေနကုန် စိမ်ထားပေးပါ
  9. နောက်တစ်ေန့မှာ ထွက်လာသော အရည်များကိုသွန်ပြီး နောက်တစ်ရက် ထပ်ပြီး အလေးနှင့် ထပ်ဖိပေးထားပါ
  10. ထပ်ပြီးထွက်လာသော အရည်များ စစ်သွားစေရန် သရက်သီးထုတ်အောက်မှ ပန်းကန်ပြားတစ်ချပ်ကို မှောက်ပြီးခံကာ သရက်သီးထုတ်ကိုတင်ပြီး အပေါ်မှ အလေးဖြင့် ထပ်ဖိထားပေးပါ
  11. ထပ်ထွက်လာသော အရည်များကို သွန်ပြစ်ပြီး သရက်ချဉ်နှင့် မထိအောင် ထားပေးပါ
  12. ၂ရက်မြောက်နေ့မှာ ထွက်လာသော အရည်များစစ်သွားပြီး သရက်ချဉ်မွှေမွှေးလေး ရပါပြီ။

Sunday 29 November 2015

ကြက်သား ပျားရည်ကြော်


ကြက်သားနဲ့ပျားရည်ကြော်ရတာ စားလို့ကောင်းသလောက် ကြော်ရတာတော့ နည်းနည်းလေး လက်ဝင်ပါတယ် မီးအချိန်အစ တော်တော်လေး သတိထားရပြီး မီးများတာနဲ့ ပျားရည်အချို အရသာကြောင့် မည်းမည်းကြီး ဖြစ်သွားတတ်ပါတယ်။

မီးနည်းလွန်းရင်လဲ တော်တော်နဲ့အတွင်းသားက မကျက်နိုင်ပြန်ပါဘူး ဒါကြောင့်မို့ မာမာကြော်တဲ့နည်းကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ပေါင်ရင်းသား - လေးတုံး
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. ပျားရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆီ - လိုသလောက် သုံးပေးပါ

ကြက်သားအရသာနယ်ရန်
  1. ကြက်သားကို ရေဆေးပြီး ရေခြောက်အောင် paper towel နှင့် ခြောက်အောင် သုတ်ပေးပါ
  2. ဇလုံတစ်လုံးထဲမှာ နနွင်းမှုန့် ဆား ပျားရည်တို့နှင့် အရသာဝင်အောင် ဆုပ်ဆုပ်ပြီး နယ်ပေးပါ
  3. ရေခဲသေတ္တာ မခဲတဲ့ အထပ်မှာ တစ်ည သို့မဟုတ် ငါးနာရီလောက် နှပ်ထားပေးပါ
  4. ရေခဲသေတ္တာထဲမှာ မထားချင်လဲ ချက်ခြင်းကြော်နိုင်ပါတယ်။
ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို မီးအားပြင်းပြင်းနဲ့ အပူပေးလိုက်ပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိလျှော့ပြီး အငွေ့ငြိမ်အောင် ထားလိုက်ပါ
  • ဆီအငွေ့ငြိမ်တော့မှ ကြက်သားကို တစ်တုံးခြင်း အိုးဆန့်သလောက် ထည့်ကြော်ပါ
  • အရည်ခွံများ မည်းမသွားစေရန် မကြာမကြာ လှန်လှန်ပေးပြီး တစ်ဖက်ကို သုံးမိနစ်လောက်ဘဲ ကြော်ပေးပါ
  • ပျားရည်ကြောင့် ကြက်သားတုံးများ မည်းမသွားစေရန် အကြာကြီး မကြော်မိဖို့ သတိထားပါ
  • ကြက်သားကြော်ချိန် ခြောက်မိနစ်လောက် ရတာနဲ့ ဆယ်ပြီး ဆီစစ်ပေးပါ
  • အထဲမျ အသားများ ကျက်စေရန်အတွက် မိုက်ခရိုဝေ့ မီးဖိုထဲမှာ တစ်မိနစ်ဆီ နှစ်ခါ သုံးခါလောက် ဟိုဘက်ဒီဘက် လှန်ပေးပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ ထမင်းပူပူလေးနှင့် တွဲပြီး စားနိုင်တဲ့ ကြက်သားပျားရည်ကြော် မွှေးမွှေးလေး ရပါပြီ။

ပဲပင်ပေါက်ဖောက်နည်း အဆင့်ဆင့်











၂၀၁၃ခုနှစ်က ပဲပင်ပေါက် ဖောက်နည်း တခါတင်ပေးဖူးပါတယ် ပဲပင်ပေါက် ဖောက်ရတာ အရမ်းကိုလွယ်လွန်းပြီး အိမ်မှာဖောက်တဲ့ ပဲပင်ပေါက်က ပိုပြီးစားရတာ ကောင်းပြီး သန့်သန့်ပြန့်ပြန့် စားရတာမို့ ဖောက်ကြည့်စေချင်ပါတယ်။

အရင်တခါ တင်တုန်းက အပင်ပေါက်လာတာနဲ့ အခွံတွေကို ရေဆေးပြီးချွတ်တဲ့ နည်းလေးတင်ပေးထားတာပါ အခုတခေါက်တော့ အခွံတွေကို ရေမဆေးဘဲ ချွတ်တဲ့နည်းလေးက ပိုပြီးလွယ်လို့ ဒီနည်းကို ပြန်ပြီးတင်ပေးလိုက်ပါတယ်။

ပဲပင်ဖောက်နည်း

  1. ပဲတီစိမ်း ပဲစေ့ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးကို ရေမြုပ်အောင်ထည့်ပြီး ပဲများပွလာအောင် တညသိပ် ရေစိမ်ထားပေးပါ
  2. နောက်နေ့မနက် ပဲစေ့များ ပွလာပါက အပေါက်ခပ်စိပ်စိပ်ပါပြီး ဇောက်နက်သော ဇကာထဲ သွန်ချကာ ဇကာအပေါ်မှ အုပ်ပြီးထားပေးပါ
  3. သတိရရင် ရသလို ရေလောင်းပေးနိုင်စေရန်  ဘေစင်နားတွင်ထားပြီး ရေလောင်းလောင်းပေးပါ
  4. ဒုတိယမြောက်နေ့မှာ အပင်လေးများ စထွက်လာပြီး တတိယနေ့မှာ အပင်တော်တော်လေး ရှည်လာပါလိမ့်မယ်
  5. ရေကို မကြာမကြာ လောင်းပေးပြီး အဖုံးအုပ်ထားပါက အပင်ထွက်နူံး ပိုမြန်ပါတယ်
  6. တတိယမြောက် နေ့လည်လောက်ဆို ဇကာအပေါ်ကို မောက်တက်လာပါက ဗန်းကျယ်ကျယ် တခုထဲကို လက်တဆုတ်စာ စွဲယူပြီး အောက်ခြေအမြစ်များကို ကပ်ကြေးဖြင့် ညှပ်ချပြီး အပင်များကို ထည့်ပေးပါ
  7. အမြှစ်များ မဖယ်ချင်လဲ ဒီအတိုင်း ဗန်းကျယ်ကျယ်ထဲ ထည့်ကာ ပဲပင်များကို ဖွလိုက် ခါလိုက်လုပ်ကာ ယူပေးပါ
  8. အပင်များကို လက်နှစ်ဖက်ဖြင့် ဖွဖွပေးပြီး အခွံများကို ခါချပေးသလို ဖြစ်ပြီး အခွံများ အောက်ဖက်မှာ ကျန်ခဲ့ပါလိမ့်မယ်
  9. အမြှစ်များနှင့် ပဲအခွံများကို လွှင့်ပြစ်ပါ
  10. ပဲပင်ပေါက် ကုန်တဲ့ထိ ထိုနည်းအတိုင်း လုပ်ပေးပြီးပါက ပဲအခွံချွတ်ရတာ ပိုပြီးမြန်ပါတယ်
  11. အိမ်မှာဖောက်တဲ့ ပဲပင်ပေါက်လေးတွေ ရလာတာနဲ့ မိမိနှစ်သက်သလို သုံးဆောင်နိုင်ရန် ပြင်ဆင်ချက်ပြုပ်ပြီး ပြင်ပေးနိုင်ပါပြီ။

Saturday 28 November 2015

ဆင်ခေါင်းပဲ အာလူးအစပ်ချက်


ဆင်ခေါင်းပဲ ပြုပ်ပြီးသားကို ကြက်သွန်စိမ်းနဲ့ သုပ်စားရတာ ကြိုက်သလို ဆီစိမ်းလေးဆမ်းပြီး စားရတာကိုလဲ နှစ်သက်ပါတယ်။

ဒီတခါတော့ ချဉ်ငံစပ် ဟင်းလေးချက်ပြီး ပလာတာနဲ့တွဲပြီးစားဖို့ ပြင်ထားပါတယ် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ထားတဲ့ ပဲအစပ်ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပြုပ်ပြီးသား ဆင်ခေါင်းပဲ - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  2. အခွံခွာပြီး ရေဆေးကာ အနေတော်တုံးထားသောအာလူး - အနေတော် ၂လုံး
  3. ပျဉ်းတော်သိမ်းရွက် - အနေတော် ၂ခက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  7. ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆီ - ထမင်းစားဇွှန်း လေးဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ရေ လက်ဖက်ရည် အကြမ်းပန်းကန် တလုံးခွဲလောက်နှင့် စိမ်ထားသော မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်

ပြင်ဆင်ပုံ
  • ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးမှုန့်တို့ကို ထည့်မွှေပြီး မွှေးလာအောင်ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့အာလူးကို ထည့်မွှေပြီး ရေမြုပ်အောင်ထည့်ကာ အာလူးနူးအောင် ချက်ပေးပါ
  • အာလူးနူးတာနဲ့ ပြုပ်ပြီးသားပဲ ဆား အရသာမှုန့်တို့ ထည့်ပြီးမွှေပေးပါ
  • ပြီးတာနဲ့ မကျည်းမှည့်ရည် ထည့်ပေးကာ ရေခမ်းတဲ့အထိ ချက်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလိုပြင်ကာ ပျဉ်းတော်သိမ်းရွက်အုပ်ပြီး မီးပိတ်ပေးနိုင်ပါပြီ။
တွဲဘက်စားရန် 

  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အနေတော် စိပ်ထားပါ
  • သခွားသီးကို ရေဆေးပြီး အနေတော် လှီးထားပါ။

Friday 27 November 2015

ငရုတ်သီးအလှော်မှုန့် ဆားထောင်း


ချဉ်ရည်ဟင်း တစ်မယ်ချက်တိုင်း မပါမဖြစ်တဲ့ ငရုတ်သီးဆားထောင်းလေး ထောင်းဖြစ်တာမို့ ငရုတ်သီးဆားထောင်း ထောင်းနည်း အမျိုးမျိုးတွေထဲက ဒီတစ်ခါ ငရုတ်သီးအလှော်မှုန့်နဲ့ ထောင်းဖြစ်တဲ့ နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငရုတ်သီးအလှော်မှုန့် - လက်ဖက်ရည် ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၉မွှာ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ပဲဆီစိမ်း - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  1. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  2. ငရုတ်သီးမှုန့် ဆား အချိုမှုန့် ဆီတို့ပြင်ထားပါ
  3. အရင်ဆုံး ကြက်သွန်ဖြူကို ငရုတ်ဆုံထဲမှာ မညက်တညက် ထောင်းပေးပါ
  4. ပြီးတာနဲ့ ငရုတ်သီးမှုန့် အချိုမှုန့် ဆားတို့ထည့်ပြီး ၁၅ချက်လောက် ထောင်းပေးပါ
  5. ထောင်းပြီးတာနဲ့ ပန်းကန်တစ်ခုထဲပြောင်းပြီး ငရုတ်သီးဆားထောင်းကို ဆီစိမ်ပေးပါ
  6. ပြီးတာနဲ့ လိုက်ဖက်တဲ့ ချဉ်ရည်ဟင်းနဲ့ တွဲဘက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။


Thursday 26 November 2015

မယ်ဇလီဖူးသုပ်







ဒီနေ့က တန်ဆောင်မုန်းလပြည့်နေ့ပါ တန်ဆောင်မုန်းလပြည့်နေ့ ညအခါသမယတွင် မယ်ဇလီဖူးသုပ်ကို စားသုံးခြင်းဖြင့် ၉၆ပါးသောရောဂါကို ပျောက်ကင်းသက်သာစေပြီး အသက်ကို ရှည်စေပါတယ်လို့ သာရကောမုနိဆေးကျမ်းက ဆိုထားပါတယ်။

တန်ဆောင်မုန်းလပြည့်ည အခါသမယမှာ ဆေးပင်တို့ကိုစောင့်ရှောက်ကြတဲ့ နတ်အပေါင်းတို့က မယ်ဇလီပင်စောင့်နတ်မင်းကို တချိန်တည်းမှာ တညီတညွတ်တညွတ်ထဲ လာရောက်ခစားကြတဲ့အတွက် ဆေးပေါင်းခတယ်လို့လည်းဆိုပါတယ်။

တန်ဆောင်မုန်းလပြည့်ညက ကြယ်တာရာနတ္ခအစုံ ထွက်ပေါ်ချိန်လရိပ်က ရေရဲ့အလယ်ကျနေချိန် ဖြစ်တဲ့အတွက် အဲဒီအချိန်ခူးဆွတ်မိတဲ့ ဆေးပင်ဆေးရွက်တို့ဟာ ဆေးအာနိသင် အပြည့်အ၀ပြတယ်လို့လဲ ဆိုကြပါတယ်။

ညသန်းခေါင် မွန်းတည့်ချိန်ရောက်သောအချိန်မှာ ရရာသစ်မြစ်ကို နူတ်ယူသိမ်းဆည်းကာ ဆေးဝါးအဖြစ်သုံးစွဲတတ်ကြပါသေးတယ် ဤကဲ့သို့ဘဲ လက်လှမ်းမှီရာ အသီးအရွက်တ်ု့ကို ခူးယူကာ သုပ်စားခြင်းဖြင့်လဲ ဆေးပေါင်းခတယ်လို့ဆိုကြပါတယ်။

ဒီနေ့ည လမွန်းတဲ့ချိန်မှာ ဆေးပေါင်းခအောင်စားမဲ့ မယ်ဇလီဖူးသုပ် အကြောင်းလေးကို အရင်နှစ်က ရေးထားတဲ့စာလေးဘဲ ပြန်ကူးပြီး တင်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မယ်ဇလီဖူး - လက်တစ်ဆုတ်စာ နှစ်စည်း
  2. ကြက်သွန်နီ -အနေတော် တစ်လုံး
  3. ခရမ်းချဉ်သီး - အနေတော် တစ်လုံး
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အကျက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  10. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်း 
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးထဲမှာ မယ်ဇလီဖူးကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပထမ တစ်ရည်နှင့် ပြုပ်ပြီးပါက ရေကိုသွန်ပေးပြီး နောက်တရည် ထပ်ထည့်ပြီး ပြုပ်ပေးပါ
  • ရေပွက်ပွက်ဆူပြီး မယ်ဇလီဖူးများ နူးအောင်ပြုပ်ပေးကာ အိုးထဲမှာ ကျန်နေသော ရေကိုသွန်ပေးကာ
  • ပြီးတာနဲ့ ရေစစ်ပေးကာ ငရုတ်ဆုံထဲမှာထည့်ပြီး မညက်တစ်ညက် ထောင်းထားပါ
  • ကြက်သွန်နီကိုအခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ ဝင်အောင် ခပ်ဖွဖွ နယ်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ ပြင်ပေးပြီး ဆေးပေါင်းခမဲ့ မယ်ဇလီဖူးသုပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

ဆိတ်သား ဒံပေါက်




ဒီနေ့တော့ ဆိတ်သားနဲ့ ဒံပေါက် ချက်စားဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ် ဟင်းထဲကိုထည့်တဲ့ အစာတွေကတော့ အရင်တုံးက ကြက်သားဒံပေါက် ချက်သလိုဘဲ ထည့်ထားတဲ့ ပစ္စည်းများက အတူတူပါဘဲ။

ဆိတ်သားက ကြက်သားလို မနူးလွယ်တဲ့အတွက် ဟင်းကိုကျက်အောင် ချက်ပြီးမှ ထမင်းကိုထည့်ကာ ချက်ထားမို့ ချက်နည်းလေးတော့ မဆိုသလောက်လေး နည်းနည်းတော့ ကွာပါတယ်။

ပါဝင်ပစ္စည်းများ (ဒံပေါက် ၆ပွဲစာ )

ပါဝင်ပစ္စည်းများ (၆ပွဲစာအတွက်)
ကြက်သွန်နီကြော်ရန်

  1. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန်လုံး နှစ်လုံးစာ
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
  4. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  5. ဒယ်အိုးထဲမှာ ဆီထည့်ကာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကို ထည့်ပေးပါ
  6. ပြီးတာနဲ့ လှီးထားသော ကြက်သွန်နီကို ရွှေဝါရောင် သန်းလာအောင် ကြော်ပြီး ဆယ်ထားပါ
(ဆိတ်သားအရသာနယ်ရန် လိုအပ်သော ပစ္စည်းများ)
  1. ဆိတ်သား - တစ်ကီလို
  2. ကြက်သွန်နီကြော် - ထမင်းစားဇွန်း ၃ဇွန်းခန့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  4.  ချင်း - တစ်လက်မကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  5. ကရဝေးရွက် - ၄ရွက်
  6. ဖာလာစေ့ - ၄စေ့
  7. လေးညှင်း - ၄ပွင့်
  8. သစ်ဂျပိုးခေါက် - တစ်လက်မခွဲခန့် နှစ်ချောင်း
  9. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  10. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ကြိုက်လျှင်ထည့်ပါ)
  11. ဒိန်ချဉ် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ မောက်မောက်
  12. ဆီ - ထမင်းစားဇွန်း ၁၄ဇွန်းခန့်
  13. ငရုတ်သီး အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း သုံးဇွန်း
  14. အားလုံးကို ဇလုံတစ်လုံးထဲမှာထည့်ပြီး အရသာဝင်အောင် နယ်ပေးကာ cling wrap နှင့် လုံအောင်ပိတ်ပြီး ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ၁၂နာရီခန့် နှပ်ထားပေးပါ
  15. နောက်နေ့မနက်မှာ အရသာ နယ်ထားသော ဆိတ်သားကို အိုးတစ်လုံးထဲထည့်ပြီး ကျက်အောင် ချက်ထားပေးပါ
(ဒံပေါက်ထမင်း ၆ပွဲစာ ချက်ရန် လိုအပ်သော ပစ္စည်းများ)
  1. Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၆ဗူး
  2. ရေ - ၄လီတာ 
  3. ghee ထောပါတ် - ထမင်းစားဇွန်း ၂ဇွန်း
  4. ကရဝေးရွက် - ၄ရွက်
  5. ဖာလာစေ့ - ၄စေ့
  6. လေးညှင်း - ၆ပွင့်
  7. ငရုတ်ကောင်း - ၆စေ့
  8. ဆား - လက်ဖက်ရည်ဇွန်း ၆ဇွန်း

(ထမင်းချက်ရန် ပြင်ဆင်ပုံ)
  1. ဆန်ကို ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  2. ရေစိမ်ချိန် နာရီဝက် ပြည့်တာနဲ့ ရေစစ်ထားပြီး ထမင်းချက်ဖို့ စတင်ပြင်ဆင်ပေးပါ
  3. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေကိုဆူအောင်တည်ပြီး ဆား ghee ထောပတ် ကရဝေးရွက် ဖာလာစေ့ ငရုတ်ကောင်းစေ့တို့ထည့်ပြီး နှစ်မိနစ်လောက် ဆူအောင်ထားပါ
  4. ရေဆူချိန် နှစ်မိနစ်ပြည့်တာနဲ့ဆန်ထည့်ကာ မီးအားပြင်ပြင်းနဲ့ ဆူအောင် ဆက်တည်ပါ
  5. ဆန်တစ်ဝက်ကျက်ဖို့ ငါးမိနစ်လောက် တည်ပြီးတာနဲ့ အပေါက်စိတ်သော ဇကာထဲ သွန်ချပြီး ရေစစ်ထားပါ
(ဒံပေါက်ချက်ရန် ပါဝင်ပစ္စည်းများ)
  1. ရေစစ်ထားသော တစ်ဝက်ကျက်ထားသည့် ထမင်း
  2. ကျက်အောင် ချက်ထားသော ဆိတ်သား
  3. food coloring (Yellow) - လေးစက်ခန့်
  4. အရောင်ရေရောရန် ရေ - ထမင်းစားဇွန်း၎ဇွန်း
  5. နွားနို့ - ထမင်းစားဇွန်း ၄ဇွန်း 
  6. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  7. ထောပါတ်ခဲ - တစ်လက်မခန့်
(ပြင်ဆင်ပုံ)
  1. အောက်ခြေမကပ်ဘဲ အိုးအသားထူသော အိုးထဲမှာ ကျက်အောင် ချက်ထားသော ဆိတ်သားကို ဖြန့်ထည့်ပါ
  2. ပြီးလျှင် ထိုဟင်းပေါ်မှာ တစ်ဝက်ကျက်ထားသော ထမင်းကို အနည်းငယ်ချန်ကာ ဖြန့်ပြီးထည့်ပေးပါ 
  3. ထမင်းအပေါ်မှာ ဆီနှင့် နွားနို့ကို ဖြန့်ပြီး ထည့်ပေးပါ
  4. ကြက်သွန်ကြော် ထမင်းစားဇွန်း ၃ဇွန်းနှင့် စပျစ်သီးခြောက်ကို ဖြန့်ထည့်ပြီး ထိုအပေါ်မှာ ထမင်းအနည်းငယ် ဖြန့်ခင်းပေးပါ
  5. Food coloring ကို ရေ ထမင်းစားဇွန်း ၄ဇွန့်နှင့်ရောမွှေကာ ထမင်းပေါ်မှာ ဇွန်းနှင့်ခပ်ပြီး ဖြန့်လောင်းပေးပါ
  6. ထောပါတ်တုံးကို လေးတုံးရအောင် လှီးပေးကာ ထမင်းအပေါ်မှာ တင်ပေးပါ
  7. ပြီးတာနဲ့ အိုးကို လေလုံအောင် aluminum foil တစ်ထပ်ဖုံးပြီး အိုးအဖုံးကို ထပ်ဖုံးပေးပါ
  8. မီးအားပြင်းပြင်းနဲ့ အပူပေးထားသော ဒယ်ပြားပေါ်မှာ ထမင်းအိုးကိုတင်ပြီး ၅မိနစ်လောက် တည်ပေးပါ
  9. ၅မိနစ် ပြည့်တာနဲ့ မီးကို နံပါတ် ၂လောက်ထိလျှော့ပြီး နာရီဝက်လာက် ဆက်ပြီးနှပ်ထားပေးပါ
  10. ပြီးတာနဲ့ မီးပိတ်ပြီး မိနစ်၃၀လောက် မီးဖိုပေါ်မှာ ဆက်နှပ်ထားပြီးရင် ဆိတ်သားဒံပေါက်ထမင်း မွှေးမွှေးလေး ရပါပြီ။
  11. ဆိတ်သား ဒံပေါက်ထမင်းကို သံပုယိုသီးသနပ် ဂေါ်ဖီ မုံလာဥနီ ပူစီနံ ငရုတ်သီးစိမ်း ပဲနီလေးဟင်းချိုတို့နှင့် စားသုံးရန် ပြင်ဆင်ပေးနိုင်ပါပြီ။

Wednesday 25 November 2015

နာနတ်ယို






ဒီတခါတော့ နာနတ်သီး ယိုထိုးနည်းလေး မျှဝေပေးပါမယ် အချိုအချဉ်အရသာ အနေတော်လေးပေမဲ့ အချိုအရမ်းမကြိုက်ရင် သကြားနည်းနည်းလျှော့ပြီး ယိုထိုးနိုင်ပါတယ်။

အုန်းသီးမှုန့်ကို အစိုထည့်ပြီး ယိုထိုးနိုင်သလို အုန်းသီးမှုန့် အခြောက်ကိုလဲ သုံးနိုင်ပါတယ် မာမာကတော့ အုန်းသီးမှုန့် အခြောက်မှုန့်ကို သုံးပြီး ယိုထိုးထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. နာနတ်သီးအမှည့် - အခွံခွာပြီးသား  1000 g
  2. အုန်းသီးမှုန့် အခြောက် - 200 g
  3. သကြားအဖြူ - 100 g
  4. ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  5. ပျားရည် - ထမင်းစားဇွန်း မောက်မောက် ၂ဇွန်း



ပြင်ဆင်ပုံ

  1. နာနတ်သီးကို အခွံခွာပြီး မျက်စေ့ပေါက်လေးများထုတ်ကာ သရက်သီးပေါက်သလို ပေါက်ပြီး အစိတ်လေးများ ရအောင်လှီးပေးထားပါ 
  2. အုန်းသီးမှုန့် သကြား ဆား ပျားရည်တို့ကို အဆင်သင့် ပြင်ထားပါ
  3. ဇောက်နက်ပြီး အောက်ခြေမကပ်သော အိုးတလုံးထဲမှာ နာနတ်သီးနှင့်နာနတ်သီးမှ ထွက်လာသော အရည်များ ဆား သကြား အုန်းသီးမှုန့် ပျားရည်တို့ကိုထည့်ပြီး မီးအနေတော်နှင့် အဆက်မပြတ်မပြတ် မွှေပေးပါ
  4. မွှေနေရင်း နာနတ်သီးမှ ထွက်လာသော အရည်များခမ်းကာ သကြားနှင့် ပျားရည်တို့ ပေါက်စေးကျလာကာ အရောင်ပါ တဖြည်းဖြည်း ညိုလာပြီး နာနတ်ယိုနံ့သင်းလာပါလိမ့်မယ်
  5. ရေလဲခမ်း နာနတ်ယိုနံ့လဲ မွှေးလာပြီဆိုတာနဲ့ မီးပိတ် အအေးခံပြီး ချိုချဉ်အရသာကောင်းတဲ့ နာနတ်ယိုကို စားသုံးနိုင်ပါပြီ။

Tuesday 24 November 2015

ပင်လယ်စာသုပ်



အခုရက်ထဲ စားဖြစ်နေတဲ့ ပင်လယ်စာလေးတွေထဲကို ဒီနေ့တော့ ချဉ်ငံစပ်လေး သုပ်ဖြစ်လို့ သုပ်နည်းလေး မျှဝေလိုက်ပါတယ် ပင်လယ်စာတို့သဘာဝ အစုံပါတဲ့အတွက် တစ်ချို့က ပင်လယ်စာ အနံ့ကို မကြိုက်ကြပါဘူး။

မာမာကိုယ်တိုင်လဲ ပင်လယ်စာရဲ့ အနံ့ရရင် မကြိုက်လို့ ပင်လယ်စာအစုံရဲ့ အနံ့ပျောက်အောင် ကြက်သွန်ဖြူ   စပါးလင် ချင်းတို့နဲ့ သေသေချာချာ ပြုပ်ပြီးမှ သုပ်ထားတာမို့လို့ ပြုပ်နည်း ပင်လယ်စာ သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ပင်လယ်စာအစုံ ပြုပ်ရန်
  1. ပင်လယ်စာအစုံ - 350 g
  2. ချင်း - ခပ်ပါးပါး သုံးပြား (အခွံခွာပြီး လှီးထားပါ)
  3. စပါးလင် - တစ်လက်မသာသာ (လှီးပြီး ထုထားပါ)
  4. ကြက်သွန်ဖြူ  - သုံးမွှာ (အခွံခွာပြီး ဓါးပြားရိုက်ထားပါ)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ငါးဗူးစာ
  7. အရင်ဆုံး ဇောက်နက်သော အိုးထဲမှာ ရေ စပါးလင် ချင် ကြက်သွန်ဖြူ နှင့် ဆားတို့ထည့်ပြီး ရေမြုပ်အောင် ထည့်ပေးကာ ရေဆူအောင် တည်ပေးပါ
  8. ရေကို ၁၅မိနစ်လောက် ပေးဆူစေပြီးမှ ပင်လယ်စာများကို ထည့်ပေးပါ
  9. လေးမိနစ်လောက် ရေပွက်ပွက် ဆူပြီးတာနဲ့ ဇကာတစ်ခုထဲ သွန်ချပြီး ပင်လယ်စားများကို ယူထားကာ စပါးလင် ချင်း ကြက်သွန်ဖြူတို့ကို ဖယ်ထားပါ
အသုပ်သုပ်ရန် လိုအပ်သော ပစ္စည်းများ
  • ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ 
  • ခရမ်းချဉ်သီး  - အနေတော် သုံးလုံး 
  • ငရုတ်သီးစိမ်း - သုံးတောင့် 
  • နံနံပင် - နှစ်သက်သလောက် 
  • ငါးငံပြာရည် - ထမ်းစားဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်သာသာ
  • ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ 
  • သံပုရာသီး - တစ်စိတ်
ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်အါးပါး လှီးထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ပြုပ်ထားသော ပင်လယ်စာများ ကြက်သွန်နီ ငရုတ်သီးအလှော်မှုန့် ငရုတ်သီးစိမ်း  ငံပြာရည် ဟင်းချိုမှုန့် ဆီချက် ခရမ်းချဉ်သီး နံနံပင်တို့နှင့်အတူ သံပုရာရည်ညှစ်ပြီး ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးပါက အရသာမြည်းပြီး  လိုသလိုပြင်ကာ ချဉ်ငံစပ် ပင်လယ်စာ အစုံသုပ် မွှေးမွှေးလေးကို မိမိ နှစ်သက်သလို စားသုံးနိုင်ပါပြီ။

Monday 23 November 2015

စလဇေီးယို





နွေရာသီ ရောက်လာပြီဆိုတော့ အစားအသောက်က ပျက်ချင်လာသလိုလို ဖြစ်လာခဲ့တယ်ပေါ့နော် အဲဒါနဲ့ နေ့လည်နေ့ခင်း အပျင်းပြေလေး စားရအောင် မြန်မာပြည်က ယူလာတဲ့ စလေဇီးသီး အခြောက်လေးတွေကို ဇီးယိုထိုးဖြစ်သွားပါတယ်။

မာမာတို့၉တန်း ၁၀တန်းလောက်က အိမ်မှာ ယိုမျိုးစုံလုပ်ငန်း လုပ်လေတော့ ယိုထိုးရတာ ကိုယ့်လက် ကိုယ့်ခြေလို ဖြစ်ခဲ့ပါတယ် ဒါကြောင့်မို့ မြန်မြန်နဲ့ လွယ်လွယ်ပြီးစေမဲ့ ယိုထိုးနည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. စလေဇီးသီးခြောက် - 150 g
  2. ထန်းလျှက်ခဲ - 100 g
  3. ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၃ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. လေးညှင်း - ၂ပွင့်
  6. ဖာလာ - ၂စေ့
  7. စမုံစပါး - ၂၅စေ့ အစေ့၃၀ခန့်

ပြင်ဆင်ပုံ

  1. စလေဇီးသီးခြောက်ကို ရေတစ်နာရီလောက် စိမ်ထားပြီး အသီးများ ပျော့လာပါက ရေစစ်ထားပါ 
  2. ဒါမှမဟုတ် ပေါင်းအိုးထဲမှာ မိနစ်၂၀လောက် ပေါင်းပေးပါ
  3. ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ပေါက်စေးမကျတစ်ကျ ကျိုပေးပါ
  4. ထန်းလျှက်ရည် ပေါက်စေးမကျခင် အမှိုက်များကို ဇကာနှင့်စစ်ပြီး ထန်းလျှက်ရည်ကို အိုးထဲပြန်ထည့်ပေးပါ
  5. ထန်းလျှက်ရည်ထဲသို့ ငရုတ်သီးမှုန့် ဆား လေးညှင်း ဖာလာ စမုံစပါး ဇီးသီးတို့ကို တခါထဲ ထည့်မွှေပေးပြီး ရေခမ်းအောင် မီးအေးအေးနှင့် မွှေပေးပါ
  6. ရေခမ်းလာပြီး စလေဇီးယိုလေးလဲ မွှေးလာပြီဆိုပါက အအေးခံပေးပြီး ချိုချဉ်ငံစပ် အရသာစုံ ရနိုင်မဲ့ စလေဇီးယိုကို စားသုံးနိုင်ပါပြီ။

ပင်လယ်စာဟင်းချို


ဒီလိုအချိန်ဆို ပင်လယ်စာအစုံ ရောပြီးသားလေးတွေ အရမ်းပေါပါတယ် အရင်တစ်ကီလိုကို $13 လောက်ရောင်းရင် အခုလို အချိန်မျိုးမှာ $8 လောက်နဲ့ ရတတ်ပါတယ်။

ပင်လယ်စာအစုံကို စပါးလင်နိုင်နိုင်နဲ့ ပြုပ်ပြီး ချဉ်ငံစပ် ဒီအတိုင်း သောက်ရတာကို သဘောကျမိပါတယ် မြန်မာပြည်မှာ ခရုပြုပ်ပြီးသောက်တဲ့ အရသာလိုဘဲမို့ ပြုပ်နည်းလေးလွယ်ကူပေမဲ့ မသိသေးသူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရေဆေးသန့်စင်ထားသော  ပင်လယ်စာများ - 450 g
  2. စပါးလင် -၂ပင်
  3. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ မရှိတစ်ရှိ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ - အနည်းငယ်
  8. သံပုရာသီး - တစ်စိတ်
  9. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ပင်လယ်စာများ ဆား ကြက်သားမှုန့်တို့ကို ထည့်ပေးပါ
  • စပါးလင်အရွက်များကို ထုံးပြီး အရင်းပိုင်းကို ထုပြီးထည့်ပေးပါ
  • ရေကို အရင်ဆုံး မြုပ်တယ်ဆိုရုံလေးထည့်ပြီး အသားများ မာသွားအောင် ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေမခမ်းခင် နောက်ထပ်ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး ၂လုံးနီးပါးစာထည့်ပြီး ရေဆူအောင်တည်ပေးပါ
  • ရေသုံးမိနစ်လောက် ပွက်ပွက်ဆူလာတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ကိုထည့်ပြီး အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • အကြာကြီး ရေဆူအောင်တည်စရာမလိုဘဲ သုံးမိနစ်လောက်ဆူပြီးတာနဲ့ စားပွဲပြင်ဆင်နိုင်ပါပြီ
  • ဟင်းရည်ပန်းကန်ထဲ ငရုတ်သီးစိမ်း ကြက်သွန်နီနှင့် သံပုရာရည်ထည့်ကာ ဟင်းရည်ပူပူ မွှေးမွှေးလေး သောက်သုံးနိုင်ပါပြီ။

Sunday 22 November 2015

ပဲကြာဇံကြော်




သိပ်မထူးဆန်းတဲ့ အိမ်ကြော်နည်းလေးအတိုင်း ကြော်ဖြစ်တဲ့ ပဲကြာဇံကြော်နည်းလေး မျှဝေလိုက်ပါတယ် ဒီအတိုင်း စားလို့ကောင်းသလို ထမင်းနဲ့စားရင်လဲ လိုက်ဖက်တဲ့ ကြာဇံကြော်မို့လို့ ကြော်စားကြည့်စေချင်ပါတယ်။

ပဲကြာဇံကို ကြော်မယ်ဆိုရင် ရိုးရိုးရေနဲ့အနည်းဆုံး ၅နာရီလောက် စိမ်ထားပြီးမှကြော်တာ အကောင်းဆုံးပါ ရေနွေးနဲ့စိမ်ပြီးမှကြော်ရင် ပြစ်ခဲခဲကြီး ဖြစ်ပြီး ကြော်လို့မကောင်းပါဘူး မာမာကတော့ မနက်ကြော်မယ်ဆို ညထဲက ရေစိမ်ထားလိုက်ပါတယ် ကြော်ရတာ အရမ်းမြန်သလို ပြစ်ခဲမနေလို့ စားရတာလဲ ပိုပြီးကောင်းပါတယ်။

အသီးအရွက်များများ ပဲငံပြာရည်အနောက် များများနဲ့ကြော်နိုင်သလို အသီးအရွက် နည်းနည်းနဲ့ ပဲငံပြာရည်အနောက် နည်းနည်းနဲ့လဲ ကြော်နိုင်ပါတယ်။

တပွဲစာ ကြော်ရန်အတွက် လိုအပ်သောပစ္စည်းများ

  1. ၅နာရီခန့်ရေမြုပ်အောင် စိမ်ထားသော ပဲကြာဇံ - 100 g
  2. ပြုပ်ပြီးအသားထွင်ထားသော ကြက်သား - အနည်းငယ်
  3. အနေတော် လှီးထားသော ပဲသီး - ၅တောင့်
  4. ခပ်ထူထူ လှီးထားသောပန်းဂေါ်ဖီ - နှစ်သက်သလောက်
  5. အရှည်အမြှောင်း ရအောင် လှီးထားသော မုံလာဥနီ - အနေတော် တစ်ဥ
  6. တရုတ်နံနံ - အနည်းငယ်
  7. တလက်မလောက်အနေတော် လှီးထားသော ကြက်သွန်မိတ် - အနည်းငယ်
  8. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း  ၂ဇွန်း
  9. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  11. အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. ဆီ - ထမင်းစားဇွန်း ၄ဇွန်း

ပြင်ဆင်ရန်
  • ရေစိမ်ထားသော ကြာဇံကိုရေစစ်ပြီး ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် သကြားတို့နဲ့ရောပြီးနယ်ထားပေးပါ
  • ဆီကိုအပူပေးပြီး ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ 

    •  
  • ကြက်သွန်ဖြူနံ့ မွှေးလာပါက ပဲသီး မုံလာဥနီ ပန်းဂေါ်ဖီတို့ကို အရသာမှုန့်ထဲ့ပြီး အားလုံးကိုရောကာ နဲနဲနွမ်းအောင်မွှေပေးပါ
  • ပြီးတာနဲ့ ကြာဇံထဲ့ပြီး ရောကြော်၍ ကြာဇံ ပျော့လာပြီဆိုတာနဲ့ တရုတ်နံနံ ကြက်သွန်မိတ်တို့ထည့်ကာ အားလုံးကို ရောမွှေကာ အရသာမြည်းပေးပါ အရသာအနေတော်ဆိုရင် ပဲကြာဇံကြော်လေး ရပါပြီ။

Saturday 21 November 2015

ထောပါတ်ထမင်း



ဒီနေ့တော့ ရသာစုံ ထောပါတ်ထမင်းလေး ချက်ပါတယ် ဟင်းမလိုလောက်အောင်ကို စာလို့ကောင်းတဲ့ ထမင်ချက်နည်းလေးမို့လို့ မာမာပြင်ဆင်ပြီး ချက်ဖြစ်တဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်၊

ပါဝင်ပစ္စည်းများ
  1. Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ  - သုံးမွှာ
  4. သစ်ဂျပိုးခေါက် - တစ်လက်မ
  5. လေးညှင်း - နှစ်ပွင့်
  6. ဖာလာ - နှစ်ခု
  7. ကရဝေးရွက် - သုံးရွက်
  8. စပျစ်သီးခြောက် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်သာသာ
  9. မုံလာဥနီ - အနေတော် တစ်ဥ
  10. ထောပတ် - 30 g 
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်(သို့) သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ခြောက်ဗူး

ပြင်ဆင်ပုံ

  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးက အတုံးလေးတွေ ရလာအောင် လှီးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ထောပတ်ကို ထည့်ပေးပြီး အပူပေးပါ
  • ထောပါတ်များ  ပူပြီးပျော်လာပါက သစ်ဂျပိုးခေါက် ကရဝေးရွက် ဖာလာနှင့်လေးညှင်းပွင့်တို့ကိုထည့်ပြီး လေးငါးချက်လောက် ဆက်တိုက်မွှေပြီး ဆီသတ်ပေးပါ
  • ပြီးမှကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ပေးပြီး မိနစ်ဝက်လောက် ဆီသတ်ပေးပါ 
  • ပြီးတာနဲ့ မုံလာဥနီနှင့် စပျစ်သီးခြောက် တို့ထဲ့ကာ တစ်မိနစ်လောက် ဆီသတ်ပေးပါ
  • အားလုံးဆီသတ်ပြီးပါက ရေဆေးထားသော ဆန်အိုးထဲသို့ ဆီသတ်ထားသော ပစ္စည်းမျာကိုး ထည့်ပေးပါ
  • ဆန်အိုးထဲသို့ ရေ ငရုတ်ကောင်းမှုန့် ဆားနှင့်ဟင်းချိုမှုန့်တို့ ထည့်ပေးကာ ရိုးရိုးထမင်း ချက်သလိုဘဲ ထမင်းပေါင်းအိုး ခလုတ်နှိပ်ပြီး ချက်ပေးပါ
  • ပေါင်းအိုးခလုတ် တက်လာပြီး ထမင်းကျက်ပါက အရသာမွှေးမွှေးလေးနဲ့ ထောပါတ်ထမင်း အိအိလေးကို ရပါပြီ
  • ကြက်သားဟင်း ချဉ်ပေါင်ဟင်းချိုတို့နှင့် တွဲဖက်ပြီး စားပါက နတ်သုဒ္ဒါတစ်မျှ စားလို့ ကောင်းလွန်းလှပါတယ်။

Friday 20 November 2015

ဘဲဥ ဒံပေါက်


ဒီနေ့တော့ အသားမစားတဲ့ သူတွေအတွက် ကြံဖန်ပြီး ချက်ပေးဖြစ်တဲ့ ဘဲဥဒံပေါက် ထမင်းလေး ချက်ဖြစ်ပါတယ် ချက်နည်းကတော့ အရင်တုံးက တင်ပေးဖူးတဲ့ ဒံပေါက်ချက်နည်း အတိုင်းပါဘဲ။

အိမ်ချက် ဘဲဥဒံပေါက် ထမင်းလေး ချက်ရတာလွယ်ပြီး စားလို့ကောင်းလွန်းလို့ ချက်နည်းလေး မျှဝေချင်ပါတယ် မာမာချက်တဲ့ အစားအစာတွေထဲမှာ သဘာဝ အရောင်ကိုဘဲ ယူတာများပါတယ် food coloring တွေ သုံးခဲပါတယ်။

ဒီတခါတော့ food coloring အနည်းငယ်ထည့်ပြီး ချက်ထားပါတယ် တစ်ေယာက်နဲ့တစ်ေယာက် ချက်နည်းတွေ တူချင်မှ တူပါလိမ့်မယ် အဆင်ပြေစွာ ချက်နိုင်ဖို့ဘဲ လိုပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (၆ပွဲစာအတွက်)

ကြက်သွန်နီကြော်ရန်

  1. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန်လုံး နှစ်လုံးစာ
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ကြက်သွန်နီ - ခပ်ကြီးကြီး နှစ်လုံး
  4. ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  5. ဒယ်အိုးထဲမှာ ဆီထည့်ကာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကို ထည့်ပေးပါ
  6. ပြီးတာနဲ့ လှီးထားသော ကြက်သွန်နီကို ရွှေဝါရောင် သန်းလာအောင် ကြော်ပြီး ဆယ်ထားပါ
(ကြက်သားအရသာနယ်ရန် လိုအပ်သော ပစ္စည်းများ)
  1.  ဘဲဥ - ၁၂လုံး
  2. ကြက်သွန်နီကြော် - ထမင်းစားဇွန်း ၃ဇွန်းခန့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  4.  ချင်း - တစ်လက်မကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  5. ကရဝေးရွက် - ၄ရွက်
  6. ဖာလာစေ့ - ၄စေ့
  7. လေးညှင်း - ၄ပွင့်
  8. သစ်ဂျပိုးခေါက် - တစ်လက်မခွဲခန့် နှစ်ချောင်း
  9. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  10. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ကြိုက်လျှင်ထည့်ပါ)
  11. ဒိန်ချဉ် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ မောက်မောက်
  12. ဆီ - ထမင်းစားဇွန်း ၁၄ဇွန်းခန့်
  13. ငရုတ်သီး အရောင်တင်မှုန့်- လက်ဖက်ရည်ဇွန်း သုံးဇွန်း
  14. ဘဲဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
  15. အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဘဲဥနှင့်အတူ ပါဝင်ပစ္စည်းများကို ဇလုံတစ်လုံးထဲမှာထည့်ပြီး အရသာ သမအောင် နယ်ပေးထားပါ
  16. အရသာ နယ်ထားသော ဘဲဥများကို အိုးတစ်လုံးထဲမှာထည့်ပြီး ကျက်အောင် ချက်ထားပေးပါ
(ဒံပေါက်ထမင်း ၆ပွဲစာ ချက်ရန် လိုအပ်သော ပစ္စည်းများ)
  1. Basmati ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၆ဗူး
  2. ရေ - ၄လီတာ 
  3. ghee ထောပါတ် - ထမင်းစားဇွန်း ၂ဇွန်း
  4. ကရဝေးရွက် - ၄ရွက်
  5. ဖာလာစေ့ - ၄စေ့
  6. လေးညှင်း - ၆ပွင့်
  7. ငရုတ်ကောင်း - ၆စေ့
  8. ဆား - လက်ဖက်ရည်ဇွန်း ၆ဇွန်း

(ထမင်းချက်ရန် ပြင်ဆင်ပုံ)
  1. ဆန်ကို ရေဆေးပြီး ရေနာရီဝက်လောက် စိမ်ထားပါ
  2. ရေစိမ်ချိန် နာရီဝက် ပြည့်တာနဲ့ ရေစစ်ထားပြီး ထမင်းချက်ဖို့ စတင်ပြင်ဆင်ပေးပါ
  3. ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေကိုဆူအောင်တည်ပြီး ဆား ghee ထောပတ် ကရဝေးရွက် ဖာလာစေ့ ငရုတ်ကောင်းစေ့တို့ထည့်ပြီး နှစ်မိနစ်လောက် ဆူအောင်ထားပါ
  4. ရေဆူချိန် နှစ်မိနစ်ပြည့်တာနဲ့ဆန်ထည့်ကာ မီးအားပြင်ပြင်းနဲ့ ဆူအောင် ဆက်တည်ပါ
  5. ဆန်တစ်ဝက်ကျက်ဖို့ ငါးမိနစ်လောက် တည်ပြီးတာနဲ့ အပေါက်စိတ်သော ဇကာထဲ သွန်ချပြီး ရေစစ်ထားပါ
(ဒံပေါက်ချက်ရန် ပါဝင်ပစ္စည်းများ)
  1. ရေစစ်ထားသော တစ်ဝက်ကျက်ထားသည့် ထမင်း
  2. တစ်ဝက်ကျက်အောင် ချက်ထားသော ကြက်သား
  3. စပျစ်သီးခြောက် - လက်ဖက်ရည်အကြမ်းပန်းကန်လုံး တစ်လုံးစာ
  4. food coloring (Yellow) - လေးစက်ခန့်
  5. အရောင်ရေရောရန် ရေ - ထမင်းစားဇွန်း၎ဇွန်း
  6. နွားနို့ - ထမင်းစားဇွန်း ၄ဇွန်း 
  7. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  8. ထောပါတ်ခဲ - တစ်လက်မခန့်
(ပြင်ဆင်ပုံ)

  1. အောက်ခြေမကပ်ဘဲ အိုးအသားထူသော အိုးထဲမှာ တစ်ဝက်ကျက်အောင် ချက်ထားသော ဆန်တစ်ဝက်ကို ဖြန့်ထည့်ပါ
  2. ပြီးလျှင် ထိုထမင်းပေါ်မှာ ချက်ထားသော ဘဲဥဟင်းကို ဖြန့်ပြီးထည့်ပေးပါ 
  3. ဘဲဥဟင်း အပေါ်မှာ ကျန်နေသော ထမင်းများကို ဖြန့်ထည့်ပြီး ဆီနှင့် နွားနို့ကို ဖြန့်ပြီး ထည့်ပေးပါ
  4. ကြက်သွန်ကြော် ထမင်းစားဇွန်း ၃ဇွန်းနှင့် စပျစ်သီးခြောက်ကို ဖြန့်ခင်းပေးပါ
  5. Food coloring ကို ရေ ထမင်းစားဇွန်း ၄ဇွန့်နှင့်ရောမွှေကာ ထမင်းပေါ်မှာ ဇွန်းနှင့်ခပ်ပြီး ဖြန့်လောင်းပေးပါ
  6. ထောပါတ်တုံးကို လေးတုံးရအောင် လှီးပေးကာ ထမင်းအပေါ်မှာ တင်ပေးပါ
  7. ပြီးတာနဲ့ အိုးကို လေလုံအောင် aluminum foil တစ်ထပ်ဖုံးပြီး အိုးအဖုံးကို ထပ်ဖုံးပေးပါ
  8. မီးအားပြင်းပြင်းနဲ့ အပူပေးထားသော ဒယ်ပြားပေါ်မှာ ထမင်းအိုးကိုတင်ပြီး ၅မိနစ်လောက် တည်ပေးပါ
  9. ၅မိနစ် ပြည့်တာနဲ့ မီးကို နံပါတ် ၂လောက်ထိလျှော့ပြီး နာရီဝက်လာက် ဆက်ပြီးနှပ်ထားပေးပါ
  10. ပြီးတာနဲ့ မီးပိတ်ပြီး မိနစ်၃၀လောက် မီးဖိုပေါ်မှာ ဆက်နှပ်ထားပြီးရင် ဘဲဥ ဒံပေါက်ထမင်း မွှေးမွှေးလေး ရပါပြီ။
  11. ဘဲဥ ဒံပေါက်ထမင်းကို သံပုယိုသီးသနပ် ဂေါ်ဖီ မုံလာဥနီ ပူစီနံ ငရုတ်သီးစိမ်း ပဲနီလေးဟင်းချိုတို့နှင့် စားသုံးရန် ပြင်ဆင်ပေးနိုင်ပါပြီ။