Friday 26 March 2021

ကြက်သားကြော် မွမွရွရွလေး

 












ဒီနေ့တော့ ဘာချက်ရင် ကောင်းမလဲ စဉ်းစားပေမဲ့ အိမ်မှာစားတတ်တာဆိုလို့ ကြက်သားတစ်မျိုးဘဲ ရှိတာနဲ့ ကြက်ရင်ပုံသား တစ်တုံးထုတ်ပြီး ကြွတ်ကြွတ်မွမွလေး ကြော်ဖြစ်ပါတယ်။

အကြော်မှုန့်နဲ့ သုံးခါလောက် လူးပြီးမှ ကြော်တဲ့အတွက် အပြင်ခွံ ကြွတ်မွနေပြီး အတွင်းသား အိအိလေးနဲ့ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဟင်းချက်ဝိုင် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း နစိဇွန်းသာသာ
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ယိုးဒယား အကြော်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  9. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်ရင်ပုံသားကို ရေဆေးပြီး လေးထောင့် အတုံးလေးတွေ တုံးပေးပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ ကြက်သား ဆား အရသာမှုန့် ဟင်းချက်ဝိုင် ပဲငံပြာရည်အကြည် ငရုတ်ကောင်းမှုန့် ငရုတ်သီး အရောင်တင်မှုန့်တို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပြီး ဆယ့်ငါးမိနစ်ခန့် နှပ်ထားပေးပါ
  • ဇလုံတစ်လုံးထဲမှာ ရေထည့်ပြီး အဆင်သင့် ပြင်ထားပါ
  • ပန်းကန်ပြား တစ်ချပ်ထဲကို တန်ပူရာမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ အရင်ဖုံး ထည့်ပေးကာ အရသာ နှပ်ထားတဲ့ ကြက်သားတုံးများကိုထည့်ပြီး ခပ်ဖွဖွလေး လူးပေးပါ
  • ပထမတစ်ကြိမ် လူးပြီးတာနဲ့ အပေါက်ခပ်စိတ်စိတ်ပါသော ဇကာထဲကို ထည့်ပေးပါ
  • ထိုဇကာကို အဆင်သင့် ထည့်ထားသော ရေဇလုံထဲမှာ ခပ်မြန်မြန်လေး ထည့်ပေးပြီး ဆယ်လိုက်ပါ
  • ပြီးတာနဲ့ တန်ပူရာမှုန့် နောက်ထပ်ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာကို ပန်းကန်ထဲမှာ ထပ်ထည့်ပေးပြီး ကြက်သားတုံးများကို ထပ်လူးပေးပါ
  • အထက်ပါ နည်းအတိုင်း ကြက်သားကို ရေထဲခနထည့်လိုက် တန်ပူရာမှုန့်နဲ့ လူးလိုက် နောက်တစ်ကြိမ် လုပ်ပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီခပ်များများလေးထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားများကို တစ်တုံးချင်း အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  • ကြက်သားတုံးများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ ကြက်သားကြော် ကြွတ်ကြွတ်ရွရွ မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday 25 March 2021

ပဲပြားအပျော့ ကြက်ဥကြော်










ဒီနေ့တော့ ပဲပြားအပျော့ ဗူးလေးတွေ ဝယ်ထားပြီး ဟင်းချိုချက်လိုက် ပေါင်းစားလိုက်နဲ့ စားရတာ ရိုးလာတော့ နောက်ထပ် တစ်မျိုးလေး စမ်းပြီး လုပ်စားဖြစ်ပါတယ်။

ဒီကြော်နည်းလေးက ပဲပြားမြုပ်အောင် ဆီထည့်ရတဲ့အတွက် ဆီတော့ကုန်ပါတယ် ဒါပေမဲ့ ကြော်ပြီးကျန်နေတဲ့ ဆီတွေကို ထမင်းပူပူလေးနဲ့ ဆမ်းစားလို့ ရသလို နောက်တစ်ခါ ပြန်ကြော်လို့ ရတဲ့အတွက် ဗူးသန့်သန့်လေးနဲ့ ပြန်သိမ်းထားလို့ ရပါတယ် ဒါပေမဲ့ နောက်တစ်ခါ ပြန်ကြော်တဲ့အခါ ဆီတွေအရမ်းပူလာရင် ဝေကျတတ်တဲ့အတွက် သတိထားပြီးတော့ ကြော်စေချင်ပါတယ်။

ပဲပြားကို ကြက်ဥခလောက်ထားတာလေးနဲ့ ရောကြော်ပြီး ထမင်းပူပူလေးနဲ့ စားရတဲ့ အရသာကလဲ တစ်မျိုးလေး ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါဝင်ပစ္စည်းများ

  1. ပဲပြားအပျော့ - နှစ်တုံး
  2. ကြက်ဥ - သုံးလုံး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. နှမ်းဆီမွှေး-  လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆီ - ခပ်များများ သုံးပေးပါ
ပြင်ဆင်ပုံ
  • ပဲပြားကို ရေဆေးပြီး ရေစစ်ကာ ရွယ်တူ အတုံးလေး ကိုးတုံးရအောင် အောက်ခြေမပြတ်ဘဲ လှီးပေးပါ
  • ကြက်ဥကို ဇလုံတစ်လုံးထဲမှာ ဖောက်ထည့်ပြီး နှမ်းဆီမွှေး ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ခလောက်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီခပ်များများ ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ပဲပြားတုံးကို ထည့်ပေးပါ
  • ပဲပြားတုံး ထည့်ပြီးတာနဲ့ ပဲပြားလေးတွေ ကြားထဲကို ကြက်ဥအရသာ ဝင်သွားအောင် အနည်းငယ် လိုက်ဟပေးပါ
  • ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥအရည်ကို ပဲပြားနှစ်တုံးထဲမှာ မျှပြီး ထည့်ပေးပါ
  • အောက်ဖက်မှ ကြက်ဥများ အနည်းငယ် ကျက်လာတာနဲ့ အထက်အောက် လှန်ပေးပါ
  • အထက်ပါ နည်းအတိုင်း အထက်အောက် လှန်ပေးလိုက် ကြော်ပေးလိုက်ကို သုံးခါလောက် လုပ်ပေးပါ
  • ကြက်ဥများ ကြွတ်ရွလာပြီး မွလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ပဲပြားကြက်ဥကြော် ဆီစစ်သွားတာနဲ့ မိမိနှစ်သက်သလို စားဖို့ကို ပြင်ပေးနိူင်ပါပြီ။

Tuesday 23 March 2021

နာနတ်သီး ကြက်သားချိုချဉ်ကြော်

 



မာမာတို့နေတဲ့ NSW ပြည်နယ်မှာ နှစ်ပါတ်ဆက်တိုက် လေတွေမိုးတွေ အသားကုန် တိုက်နေတော့ ရေတွေကြီး အိမ်တွေမြုပ်တဲ့ နေရာတွေလဲ မြုပ်ကုန်ပါတယ် ကျောင်းတွေလဲ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပါပြီ။

မြန်မာပြည်က သတင်းတွေရယ် ကိုယ်တွေ နေတေဲ့ ပြည်နယ်က ရေကြီးလို့ အိမ်တွေမြုပ်နေတဲ့ သတင်းတွေရယ် စိတ်မကောင်းစရာ သတင်းတွေကြည့်ပြီး ချက်ချင်ပြုပ်ချင်စိတ်တွေ ကုန်ခမ်းနေပေမဲ့လဲ အလုပ်ကအပြန် ပင်ပန်းပြီး ဗိုက်ဆာလာမဲ့ အိမ်သားအတွက်တော့ ချက်ရပြုပ်ရပြန်တာပါဘဲ ဒီနေ့တော့ ဟင်းတစ်မယ်ထဲနဲ့ စားမြိန်ဟင်းလေး ဖြစ်ရလေအောင် ကြက်သားချိုချဉ်ကြော်လေးဘဲ ကြော်လိုက်ပါတော့တယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 300 g
  2. နာနတ်သီး - တစ်စိတ်
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ငရုတ်ပွ အနီရောင် - အလုံးကြီးကြီး တစ်ခြမ်း
  5. ငရုတ်ပွ အစိမ်းရောင် - အလုံးကြီးကြီး တစ်ခြမ်း
  6. ငရုတ်ပွ အဝါရောင် - အလုံးကြီးပြီး တစ်ခြမ်း
  7. ဟင်းချက်အရက် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ပြောင်းဖူးမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  10. ရေ - အနည်းငယ်
  11. ငရုတ်ဆီ - ထမင်းစားဇွန်း သုံးဇွန်းမောပ်မောက်
  12. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  13. ဗနီကာ - ထမင်းစားဇွန်း တစ်ဇွန်း
  14. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ (ချိုချဉ်အရသာဖျော်ရန်)
  15. ရေ - ထမင်းစားဇွန်း ဆယ်ဇွန်း ( ချိုချဉ်အရသာဖျော်ရန်)
  16. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် ( ကြက်သားအရသာနယ်ရန်)
  17. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (ကြက်သား အရသာနယ်ရန်)
  18. ဆီ - လိုသလောက် သုံးပေးပါ (ကြက်သား ကြော်ရန်)
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အတုံးလေးတွေ တုံးထားပါ
  • တုံးထားသော ကြက်သားကို ဇလုံထဲမှာထည့်ပြီး ဟင်းချက်အရက် ဆီ ဆား ပြောင်းဖူးမှုန့်နှင့် ရေအနည်းငယ်ထည့်ပြီး သမအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ မိနစ်နှစ်ဆယ်လောက် နှပ်ထားပေးပါ
  • နာနတ်သီးကို အခွံခွာပြီး အတုံးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အဖတ်လေးတွေ ရလာအောင် လှီးထားပါ
  • ငရုတ်ပွ သုံးမျိုးစလုံးကိုလဲ ရေဆေးပြီး လှီးထားပါ
  • ဇလုံတစ်လုံးထဲမှာ သကြား ရေ ငရုတ်ဆီ ဆားနှင့် ဗနီကာတို့ထည့်ပြီး သကြားပျော်အောင် မွှေထားပါ
  • ကြက်သားကြော်ရန် ဒယ်အိုးထဲမှာ ဆီခပ်များများထည့်ပြီး အပူပေးပါ
  • ဆီအနည်းငယ် ပူလာတာနဲ့ အရသာ နယ်ထားသော ကြက်သားများကို တစ်တုံးခြင်း အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြက်သားများ မာသွားတယ်ဆိုရုံလေး ကြော်ပေးပြီး ခနလေး ဆယ်ထားပါ
  • ဆီအရမ်း ပူလာပြီဆိုတော့မှ ကြက်သားတုံးများကို နောက်တခါ ထည့်ကြော်ပေးပါ
  • ကြော်ထားသော ကြက်သားတုံးလေးများ အနည်းငယ် ကြွတ်လာတာနဲ့ ထိုကြက်သားကြော် နှင့်အတူ နာနတ်သီးမှလွဲပြီး လှီးထားသော ငရုတ်ပွများနှင့်ကြက်သွန်များကို ဆယ့်ငါးစက္ကန့်လောက် ထည့်ကြော်ပေးပါ
  • ကြော်ပြီးတာနဲ့ဆယ်ပြီး ဆီစစ်ထားလိုက်ပါ
  • နောက်ထပ် ဒယ်အိုးတစ်လုံးထဲမှာ အရသာစပ်ထားသော ချိုချဉ်ရည်ကိုထည့်ပြီး အပူပေးပါ
  • ချိုချဉ်ရည် ပွက်ပွက် ဆူလာတာနဲ့ နာနတ်သီးကို အရင်ဆုံး တစ်မိနစ်လောက် ထည့်မွှေပြီးမှ ကြော်ထားသော ကြက်သားနှင့်အသီးအရွက်ကြော်များကို ထည့်မွှေပေးပါ
  • အရသာ သမသွားတာနဲ့ နာနတ်သီး ကြက်သား ချိုချဉ်ကြော်လေးကို စားသုံးနိူင်ပါပြီ။

Sunday 21 March 2021

ပဲစိမ်းမှုန့် ဗယာကြော်

 








မြန်မာပြည်က သတင်းတွေ ကြည့်ပြီးတိုင်း စိတ်ထဲမှာ ခံစားရတဲ့ ခံစားချက်က ဟာတာတာကြီးနဲ့ အသက်၈၅နှစ်ကျော် အိပ်ယာထဲမှာ လဲနေတဲ့ အဖေနဲ့လဲ စကားမပြောရတာ အင်တာနက်တွေ ဖြတ်တောက်လိုက်ထဲက ဆိုပါတော့လေ။

ဒီတော့လဲ စိတ်ညစ်တိုင်း ကိုယ်ပါနေမကောင်း ဖြစ်နေလေတော့ လုပ်စရာရှိတဲ့ အလုပ်တွေ လုပ်ပြီးတာနဲ့ စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ အာရုံပြောင်းပြီး မီးဖိုဆောင်ထဲ ဝင်ရတော့တာပါဘဲ။

ပဲအစိမ်းမှုန့်တွေ ဝယ်ထားတာ ရှိလေတော့ ဗယာကြော်လိုမျိုး ကြော်စားကြည့်ရင် ကောင်းမှာဘဲဆိုပြီး စမ်းသပ်ပြီး ကြော်ဖြစ်ခဲ့ပါတယ်။

မထင်မှတ်ဘဲ စားလို့အရမ်းကောင်းပြီး ပဲကိုရေစိမ်ရ ကြိတ်ရ ထောင်းရတာတွေ အရမ်းကို အချိန်ကုန် သ က်သာစေတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ပဲစိမ်းမှုန့်နဲ့ ဗယာကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ကြက်သွန်နီ - အနေတော် နှစ်လုံးခွဲ
  3. ရှမ်းနံနံရွက် - ဆယ့်ငါးရွက် (ပျဉ်းတော်သိမ်းရွက် ပူစီနမ် နံနံပင်တို့နဲ့ အစားထိုးကြော်လို့ရပါတယ်)
  4. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  9. ဆီ - လိုသလောက် သုံးပေးပါ
  10. ငရုတ်သီး အခြောက်တောင့် - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ  ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ရှမ်းနံနံကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ပဲအစိမ်းမှုန့် ကြက်သွန်နီ ရှမ်းနံနံ ဆား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ပြီး ရေထည့်ကာ အရသာ သမအောင် မွှေပေးပါ
  • အရသာ သမသွားတာနဲ့ ပဲများပွလာစေရန် နာရီဝက်လောက် နှပ်ထားပါ
  • ပဲနှပ်ထားချိန် ပြည့်တာနဲ့ အိုးထဲမှာ ဆီများများထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ အရသာ နှပ်ထားသော ပဲအနှစ်များကို ထမင်းစားဇွန်းအရှည်နှင့် တစ်ဇွန်းစာခပ်ကာ ဆီအိုးထဲကို ထည့်ပေးပါ
  • ပဲအနှစ်များကို အိုးဆန့်သလောက် ထည့်ကြော်ပေးပြီး အကျက်ညီစေရန် အထက်အောက် မကြာမကြာ လှန်ပေးပါ
  • ဗယာကြော် တစ်ခုလုံး ရွှေဝါရောင် သန်းလာပါပြီး ကြွတ်မွလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ကျန်နေသော ပဲအနှစ်များကို အထက်ပါ နည်းအတိုင်း ကုန်တဲ့အထိ ကြော်ပေးပြီး ဆီစစ်ထားပါ
  • အားလုံးကြော်ပြီးတာနဲ့ အိုးထဲမှ ဗယာကြော် ကြော်ထားသော ဆီများကို အကုန်နီးပါး ပန်းကန်တစ်ခုထဲကို ပြောင်းပြီး ထည့်ပေးထားပါ
  • အိုးမှာကပ်နေသော ဆီကျန်လေးထဲကို ငရုတ်သီးတောင့်များ ထည့်ပေးပြီး မီးနွေးနွေးလေးနဲ့ လှော်ပေးပါ
  • ငရုတ်သီးတောင့်များ ညိုရောင်လေး သန်းလာပြီး ကြွတ်ရွလာပြီဆိုတာနဲ့ မီးဖိုပေါ်က ဖယ်ပေးပါ
  • ပြီးတာနဲ့ ပဲစိမ်းမှုန့် ဗယာကြော်မွှေးမွှေး ကြွတ်ကြွတ်လေးကို ငရုတ်သီးတောင့်ကြော်လေးနှင့် တွဲဖက်ကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday 20 March 2021

ကောက်ညှင်းအုန်းနိ့ဆမ်း

 



ဒီနေ့တော့ ဆီးချိုဝေဒနာသည်တွေ စားလို့ရအောင် ပြင်ဆင်ထားတဲ့ ကောက်ညှင်းပေါင်းကို အုန်းနို့ဆမ်းပြီး သရက်သီးမှည့်လေးနဲ့ တွဲဖက်ကာ စားလို့အရမ်းကောင်းလွန်းတဲ့ အချို ပွဲလေး ပြင်ဖြစ်ပါတယ်။

အခု ပြင်ဆင်ထားတဲ့ အချိုးအစားက တစ်နေ့တာ စားလို့ရအောင် တွက်ချက်ပြီး ပြင်ဆင်ထားတဲ့ အချိုးအစား ဖြစ်ပါတယ် ဘာဘဲစားစား တန်ဆေး လွန်ဘေး မဖြစ်ရလေအောင် ဒါကိုဘဲ စားမယ်ဆိုရင်တော့ ပုံမှန်စားနေကျ တခြားစားစရာတွေကို တတ်နိူင်သလောက် အနည်းငယ်ဆီ လျှော့ပြီးစားရပါမယ်။

အခုမာမာပြင်ထားတဲ့ပုံက ပုံလှအောင် များများထည့်ပြီး ပြင်ထားတာပါ တစ်ကယ်တမ်း စားမယ်ဆိုရက်တော့ အောက်မှာ စားရမဲ့ အချိုးအစားလေးတွေ ရေးပေးထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင် တွက်ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - နှစ်ခွက်ခွဲ (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  2. အုန်းနို့ - တစ်ခွက် မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် (light, unsweetened coconut milk)
  3. စပါးလင် - နှစ်ပင်
  4. ရှောက်နူရွက် - ခြောက်ရွက် ( kaffir lime leaves)
  5. Agave necter - ထမင်းစားဇွန်း တစ်ဇွန်း
  6. Low sodium salt - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ရေ - တစ်ခွက် (မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်)
  8. ပြောင်းဖူးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ရေ - ထမင်းစားဇွန်း တစ်ဇွန်း (ပြောင်းဖူးမှုန့်ဖျော်ရန်)
  10. သရက်သီးမှည့်  - နှစ်လုံး
  11. ပေါင်းအိုး - တစ်လုံး
  12. အဝတ်ပါးစ - တစ်ခု
  13. ပူစီနမ် - ဆယ့်ခြောက်ညွန့်

အုန်းနို့ချက်ရန်

  • စပါးလင်ကို ရေဆေးပြီး အနည်းငယ် ထုပေးကာ လိမ်ပြီး ထုံးထားပါ
  • ရှောက်နူရွက်ကို ရေဆေးထားပါ
  • ပြောင်းဖူးမှုန့်ကို ရေ ထမင်းစားဇွန်း တစ်ဇွန်းနှင့် ဖျော်ထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ agave nectar ရေ စပါးလင် ရှောက်နူရွက် အုန်းနို့နှင့် ဆားကိုထည့်ပြီး မီးအနေတော်နှင့် မိနစ်နှစ်ဆယ်ခန့် တည်ပေးပါ
  • ပြီးတာနဲ့ အရည်ဖျော်ထားသော ပြောင်းဖူးမှုန့်ရည်ကိုထည့်ပြီး တစ်မိနစ်လောက် မွှေပေးပြီး မီးဖိုပေါ်မှ ဖယ်ပေးထားပါ
  • အုန်းနို့အေးသွားတာနဲ့ အိုးထဲမှ စပါးလင်နှင့် ရှောက်နူရွက်တို့ကို ဖယ်ထားပေးပါ။

ကောက်ညှင်းပေါင်းရန် ပြင်ဆင်ပုံ

  • ကောက်ညှင်းဆန်ကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ ပေါင်းခံဇကာထဲမှာ အဝတ်ပါးစလေးခံပြီး ကောက်ညှင်းဆန်များကို ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံ အိုးထဲမွာ ရေကိုပေါင်းခံအိုးထဲမှာပါတဲ့ ခုံလေးကို ထိတဲ့အထိ ထည့်ပေးပါ
  • ရေထည့်ပြီးတာနဲ့  ကောက်ညှင်းဆန် ထည့်ထားသော ပေါင်းခံဇကာကို တင်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးကို အဖုံးအုပ်ပြီး ပေါင်းမည့်ခလုတ်နှိပ်ကာ မိနစ်၂၀ ချိန်ပေးပြီး ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
  • အိုးအဖုံး ဖွင့်ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို အထက်အောက် သမသွားအောင် မွှေပေးပြီး အိုးအဖုံး ပြန်ဖုံးပေးကာ ဆယ်မိနစ်လောက် လက်ကျန်အပူရှိန်နဲ့ နှပ်ပေးထားပါ
မုန့်ပွဲပြင်ရန်
  • သရက်သီးမှည့်ကို အခွံခွာပြီး ရေဆေးကာ အစိတ်လေးတွေ လှီးထားပါ
  • အုန်းနို့ချက်ပြီးသားကိုလဲ အဆင်သင့် ပြင်ထားပါ
  • ပူစီနမ်ရွက်လေးတွေလဲ ရေဆေးပြီး ရေစစ်ထားပါ
  • ပြီးတာနဲ့ တစ်ခါစားစာအတွက် ကောက်ညှင်းပေါင်းကို မုန့်လုပ်ရာမှာ ချင်တွယ်တဲ့ ခွက်ရဲ့ သုံးပုံတစ်ပုံစီကို ပန်းကန်ပြား ၈ချပ်ထဲမှာ မျှပြီးထည့်ထားပေးပါ
  •  ကောက်ညှင်းအပေါ်မှ ကျိုထားသော အုန်းနိ့ကို အညီအမျှ လိုက်ပြီး ဆမ်းပေးပါ 
  • ထိုပန်းကန် ရှစ်ချပ်ထဲကိုဘဲ လှီးထားသော သရက်သီးစိတ်လေးတွေကို အညီအမျှ လိုက်ထည့်ပေးပါ
  • ပူစီနမ်ရွက်လေးတွေကိုလဲ လိုက်ထည့်ပေးပါ
  • အုန်းနို့ ပူစီနမ် စပါးလင် ရှောက်နူရွက်နံ့ မွှေးမွှေးလေးနဲ့ ကောက်ညှင်းပေါင်း ပူပူလေးကို သုံးဆောင်နိူင်ပါပြီ
  • မာမာအခု တွက်ချက်ပြီး ပြင်ဆင်ထားသော အချိုးအစားသည် ဆီးချိုဝေဒနာရှင်တို့အတွက် တစ်နေ့စာ အချိုပွဲအတွက် လုံလောက်သော ကယ်လိုရီ ဖြစ်ပါသည်
  • တစ်ခါစားလျှင် တစ်ပန်ကန်နူံးနှင့် တစ်နေ့တာ စားလို့ရတဲ့အတွက် ရှစ်ကြိမ်စားနိူင်အောင် ပြင်ဆင်ထားသော ပန်းကန်များကို အခန်းအပူချိန်အတိုင်း ထားပြီးစားလို့ရပါတယ်ရှင်။

ပါဝင်သော အဟာရဓါတ်များ
  1. Calories - 160
  2. Calories from fat - 20
  3. Total fat - 2.0 g
  4. Saturated fat - 1.6 g
  5. Trans fat - 0.0 g
  6. Cholesterol - 0 mg
  7. Sodium - 60 mg
  8. Potassium - 275 mg
  9. Total Carbohydrate - 33 g
  10. Diretary Fiber - 2 g
  11. Sugar - 10 g
  12. Protein - 3 g

Friday 19 March 2021

ချဉ်ငံစပ် ကိုက်လန်သုပ်







အိမ်မှာ အလုပ်အားနေရင် သတင်းတွေ ဟိုဖတ်ဒီဖတ်နဲ့ စိတ်တွေလဲ မသက်သာသလို ခံစားနေရပြီး စိတ်တွေ ညစ်ပေမဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ ဈေးကိုသွားလိုက်ပါတယ် မြန်မာပြည်ကြီးရယ် မြန်မြန်အေးချမ်းပါတော့လို့ ဆုတွေတောင်းနေရတာလဲ မောလှပါပြီ။

ဒီနေ့တော့ ဈေးကိုသွားရင်း ကိုက်လန်အပင် သန်သန်ကြီးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကိုက်လန် - အပင်ကြီးကြီး သုံးပင်
  2. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  3. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ကြက်သွန်ဖြူ ဆီချက် အဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်သံ
  8. ပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ကိုက်လန်အပင် အရင်းပိုင်း ရင့်နေတဲ့နေရာကို အကြောများ သင်ပေးပြီး အပင်လိုက် ရေစင်အောင် ဆေးပေးပါ
  • အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အပင်များ ရေမြုပ်အောင်ထည့်ပြီး အဖုံးမအုပ်ဘဲ ပြုပ်ပေးပါ
  • အကြာကြီး ပြုပ်စရာ မလိုဘဲ ရေပွက်ပွက်ဆူပြီးသား ဖြစ်တဲ့အတွက် သုံးမိနစ်လောက်ဘဲ ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေစစ်ပေးပါ
  • ရေစစ်သွားပါက ပါးပါးရိတ်ရိတ်လေးတွေ ရလာအောင် ဓါးဖြင့်လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ကိုက်လန် ကြက်သွန်နီ ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူ ဆီချက်ဖတ် ကြက်သွန်နီဆီချက် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ သံပုရာသီးနံ့ မွှေးမွှေးနဲ့ ကိုက်လန် ချဉ်ငံစပ် အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Thursday 18 March 2021

ကြက်သား မှိုလုံးကြော်

 







မြန်မာပြည်က သတင်းတွေ နားထောင်လိုက် ရင်တွေတုန်ပြီး ထိုင်ရမလို ထရမလိုနဲ့ စိတ်တွေဆင်းရဲနေရတာလဲ နှစ်လထဲတောင် ဝင်လာခဲ့ပါပြီ။

ရင်ထဲမှာရော စိတ်ထဲမှာပါ တင်းကျပ်ကျပ်ကြီးနဲ့ နေနေရတာမို့လို့ ကိုယ့်စိတ်ကိုကိုယ် အတတ်နိူင်ဆုံး လျှော့ထားပေမဲ့ အဆင်တော့ ပြေမနေခဲ့ပါဘူး။

ဘုရားရှိခိုးလိုက် ဆုတောင်းလိုက်နဲ့ သတင်းတွေ ဝင်ကြည့်လိုက် ရင်တွေတုန်လာလိုက်နဲ့ တစ်ခါမှ သွေးမတိုးဘူးတဲ့ကျမ သွေးတိုးတတ်လာခဲ့ပါတယ်။

ဒီတော့လဲ ခနတာ စိတ်သက်သာရရင် ပြီးရောဆိုပြီး မီးဖိုဆောင်ထဲဝင်ပြီး ထုဟယ်ထောင်းဟယ် လှီးဟယ်ခြွတ်ဟယ်နဲ့ အလုပ်သွားတဲ့ အိမ်သားပြန်လာရင် အဆင်သင့် စားရဖို့အတွက် ချက်ရပြုပ်ရပြန်ပါတော့တယ် ဒီနေ့တော့ ကြက်သားကို မှိုနဲ့ ရောနယ်ပြီး ကြက်သား မှိုလုံးကြော်လေး ကြော်လိုက်ပါတော့တယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 300 g
  2. မှိုခြောက် - ဆယ်ပွင့်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ကြက်သွန်နီ -အနေတော် နှစ်လုံး
  5. ကြက်ဥ - တစ်လုံး
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက် (မကြိုက်လျှင် မထည့်ပါနှင့်)
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  11. အကြော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  12. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်ရင်ပုံသားကို ရေဆေးပြီး ညက်နေအောင် စင်းထားပါ
  • မှိုကို နူးပြီး ပွလာတဲ့အထိ ရေစိမ်ပေးကာ ပွလာတာနဲ့ ရေညှစ်ပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
ကြောရန်ပြင်ဆင်ပုံ
  1. ဇလုံတစ်လုံးထဲမှာ ကြက်သား ဆား အရသာမှုန့် ငရုတ်ကောင်းမှုန့် ကြက်ဥ အကြော်မှုန့် မဆလာ ကြက်သွန်နီ မုံလာဥနီ မှိုနှင့် ခရုဆီတို့ထည့်ပြီး သမအောင် မွှေပေးပါ
  2. ကြော်မှာဖြစ်တဲ့အတွက် ဒယ်အိုးထဲမှာဆီကို ခပ်များများ ထည့်ပေးပြီး အပူပေးပါ
  3. ဆီပူလာတာနဲ့ မီးကို အနေတော်လောက် လျှော့ပေးပြီးမှ ကြက်သားလုံးလေးတွေကို တစ်လုံးချင်အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  4. ကြက်သားအရသာ နယ်ထားတာ ခပ်ပျော့ပျော့ အနေအထားလေး ဖြစ်တဲ့အတွက် လက်ထဲမှာ ဆုတ်ပြီး လုံးလို့ရသလောက် အနေအထားလေးဘဲ လုံးပြီးဆီအိုးထဲကို ထည့်ပေးပါ
  5. ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ လှန်ပေးပါ
  6. ကြက်သားလုံးကြော်များလုံး ရွှေဝါရောင် သန်းလာပြီ ဆိုရင်တော့ ဆယ်ပြီး ဆီစစ်ပေးပါ
  7. အထက်ပါ နည်းအတိုင်း ကြက်သားနှင့်မှို အရသာ နယ်ထားတာကို ကုန်တဲ့အထိ ကြော်ပေးပါ
  8. ကြော်ပြီးလို့ ဆီစစ်သွားတာနဲ့ ကြက်သားလုံး မှိုကြော်လေးကို စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Tuesday 16 March 2021

ရွှေဖရုံသီးဟင်းချို


ဒီနေ့တော့ ရွှေဖရုံသီးဟင်းချို ချက်ပါတယ် ဆီးချိုဝေဒနာသည်တွေ စားလို့ရအောင်အတွက် ပါဝင်တဲ့ အဟာရဓါတ်တွေကို တွက်ချက်ပြီး ချက်ထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ရွှေဖရုံသီးဟင်းချို ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ရွှေဖရုံသီး - တစ်ကီလိုခွဲ
  2. Low- fat rice milk - 0.113 kg
  3. ရေ - 0.133 kg
  4. Sea salt - အနည်းငယ်
  5. ငရုတ်ကောင်းမှုန့် - အနည်းငယ်
ပြင်ဆင်ပုံ
  • ရွှေဖရုံသီးကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အတုံးလေးတွေ တုံးပေးပါ
  • ငရုတ်ကောက်းမှုန့်နှင့် ဆားတို့ကို ပြင်ထားပါ
  • ဇောက်နက်သော အနေတော်အိုးထဲမှာ ရွှေဖရုံသီး ဆန်နို့ရည်နှင့် ရေတို့ထည့်ပြီး မီးအားပြင်းပြင်းနှင့် တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ မီးကို အနိမ့်ဆုံးထိ လျှော့ပေးပြီး မိနစ်သုံးဆယ်လောက် တည်ပေးပါ
  • ပြီးတာနဲ့ အအေးခံပြီး အသီးကြိတ်သော ဘလင်ဒါထဲ ထည့်ပေးကာ ညက်ပြီးချောမွတ်လာတဲ့အထိ ကြိတ်ပေးပါ
  • ညက်နေအောင် ကြိတ်ပြီးတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးပြီး ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ရွှေဖရုံသီး ဟင်းချိုကို သုံးဆောင်နိူင်ပါပြီ။

ပါဝင်သော အဟာရဓါတ်များ
  1. Calories - 120
  2. Calories from fat - 10
  3. Total fat - 1.0 g
  4. Saturated fat - 0.0 g
  5. Trans fat - 0.0 g
  6. Cholesterol - 0 mg
  7. Sodium - 60 mg
  8. Potassium - 520 mg
  9. Total Carbohydrate - 28 g
  10. Diretary Fiber - 5 g
  11. Sugar - 15 g
  12. Protein - 2 g

Monday 8 March 2021

ပုဇွန်ပေါင်း မွှေးမွှေးလေး


 




ဒီနေ့တော့ မနက်စောစော အိပ်ယာကထ ကိုယ်လက်သန့်စင်တာပြီးတာနဲ့ ဘုရားသောက်တော်ရေ အရင်ဆုံး ကပ်ရင်း ကိုယ်တွေမြန်မာပြည်ကြီး အေးချမ်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။

စိတ်လက်ရွှင်လန်းခြင်း မရှိပေမဲ့ တစ်နေ့တာ လုပ်ဆောင်ရမဲ့ အလုပ်လေးတွေ တန်းစီပြီး ပေါ်လာလေတော့ အလုပ်အကြွေးတွေ မထားချင်တာနဲ့ ဇယ်ဆက်သလို လုပ်ဖို့ရာအတွက် ပြင်ရဆင်ရပြန်ပါတယ်။

အချိန်ကျလာတော့ ဗိုက်ကဆာလာတာတာတော့ ဟင်းတွေလဲ ထွေလီကာလီ ချက်မနေချင်တာနဲ့ ပုဇွန်ထုတ်လေးတွေကိုဘဲ ပေါင်းဖြစ်သွားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ ပုဇွန်ပေါင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး ၇ကောင်
  2. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ကြက်သွန်မိတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ငရုတ်သီးစိမ်း - ထမင်းစားဇွန်း တစ်ဝက် 
  6. ချင်း - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. cooking wine - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ပုဇွန်ထုတ်များကို ရေစင်အောင်ဆေးပြီး မလိုတာတွေ ဖယ်ပေးပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ သေးသေး အမြှောင်း ရှည်ရှည်လေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ပုဇွန်ထုတ်များကို ပန်းကန်ပြားထဲမှာ စီပြီးထည့်ပေးပါ
  • ပုဇွန်ထုတ်အပေါ်မှ ဆား ငရုတ်ကောင်းမှုန့် ချင်း ငရုတ်သီးစိမ်း cooking wine နှမ်းဆီမွှေးနှင့် ကြက်သွန်မိတ်တို့ကို ဖြန့်ပြီးထည့်ပေးပါ
  • ပုဇွန်ပေါင်းမည့် အောက်ခံအိုးထဲမှာ ရေ လက်နှစ်လုံးလောက် အနက်ရအောင်ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ထိုရေထဲမှာ ပေါင်းခံဇကာ တင်မည့် ခုံလေးကို ထည့်ပေးပါ
  • ပေါင်းခံခုံပေါ်မှာ ပုဇွန်ထည့်ထားသော ပန်းကန်ပြားကိုတင်ပြီး အဖုံးအုပ်ပေးကာ ငါးမိနစ် ပေါင်းပေးပါ
  • ​ငါးမိနစ်ပြည့်တာနဲ့ မီးပိတ်ပြီး ပုဇွန်ပေါင်း ပန်းကန်ကို အပြင်ထုတ်ပေးကာ ပူပူလူလူလေး သုံးဆောင်နိူင်ပါပြီ။

Saturday 6 March 2021

မုန့်လက်ဆောင်းလုပ်နည်း

 













မြန်မာပြည်ကြီး မအေးချမ်းလေတော့ ကိုယ်တွေလဲ စိတ်မပျော်ရွှင်ရတာ အမှန်ပါဘဲ အဝေးမှာ ရောက်နေတော့လဲ အစစ အရာရာ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးမိသလို အားလုံးဘဲ ဘေးအန္တရာယ် ကင်းရှင်းရလေအောင် ကိုယ်ယုံကြည် အားထားရာ ကိုးကွယ်ရာ ဘုရားစာတွေ ရွတ်ဖတ်ပေးဖြစ်ပါတယ်။

ဘုရားစာတွေ ရွတ်ဖတ်ပေးပြီးပြန်တော့ စိတ်ကဂနာမငြိမ် ထိုင်ရမလို ထရမလိုနဲ့ အိမ်ရှေ့လျှောက်လိုက် နောက်ဖက်ဝင်လိုက်နဲ့ နောက်ဆုံးတော့ အလုပ်လေး တစ်ခုခု လုပ်နေလိုက်ရင် စိတ်သက်သာရာ ရမယ်ထင်ပြီး မုန့်လက်ဆောင်းလေး လုပ်ဖြစ်သွားပါတယ်။

မုန့်လက်ဆောင်းဖတ်က ထုံးရည်ကြည်လေးပါမှ မာမာတင်းတင်းလေး ရပါတယ် ထုံးရည်ကြည် မပါရင် ပျော့ဖတ်ပြီးနဲ့ ရေခဲရေထဲက ဆယ်လိုက်တာနဲ့ ဆန်နှစ်ကြီးလို ဖြစ်သွားတတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆန်မှုန့် - တစ်ဗူး
  2. ပီလောပီနံမှုန့် - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက်
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ဆန်မှုန့်ကျိုရန်)
  5. ထုံးရေကြည် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  6. ရေခဲတုံး - ထမင်းပေါင်းအိုး ဆန်ချင်ဗူးလေးဗူးခန့် (မုန့်လက်ဆောင်းဖတ် ညှစ်ထည့်ရန်)
  7. ရေ - လိုသလောက် (မုန့်လက်ဆောင်းဖတ် ညှစ်ထည့်ရန်)
  8. ထန်းလျှက်ခဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  9. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ထန်းလျှက်ရည်ကျိုရန်)
  10. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး (ထန်းလျှက်ရည်ကျိုရန်)
  11. မုန့်လက်ဆောင်းဖတ်လုပ်ရန် မိုလ် - တစ်ခု
ထန်းလျှက်ရည်ကျိုရန် ပြင်ဆင်ပုံ
  • အရင်ဆုံး ဇောက်နက်သော အနေတော် အိုးလေးထဲမှာ ဆား ထန်းလျှက်ခဲနှင့် ရေတို့ကိုထည့်ပြီး အပူပေးပါ
  • ထန်းလျှက်ခဲများ အရည်ပျော်လာအြီး ရေပွက်ပွက် ဆူလာတဲ့အထိ ကျိုပေးပါ
  • ရေပွက်ပွက်ဆူလာတာနဲ့  အမှိုက်များ မပါအောင် ဇကာနှင့်စစ်ပြီး အအေးခံပေးထားပါ။
မုန့်လက်ဆောင်းဖတ်လုပ်ရန် ပြင်ဆင်ပုံ
  • အရင်ဆုံး ဇလုံတစ်လုံးထဲမှာ ဆန်မှုန့် ပီလောပီနံမှုန့်နှင့် ဆားတို့ထည့်ပြီး နှံ့သွားအောင် မွှေပေးပါ
  • ပြီးတာနဲ့ ဇောက်နက်သော အနေတော် အိုးထဲကို ထည့်ပေးကာ ထုံးရေကြည်နှင့် ရေထည့်ပြီး မွှေပေးပါ
  • အဖတ်အားလုံး ကျေသွားတာနဲ့ အိုးကိုမီးဖိုပေါ်တင်ပြီး မီးအနေတော်နှင့် အပူပေးပါ
  • မီးဖိုပေါ် အိုးစပြီး တင်ပြီးတာနဲ့ ခပ်အဖြေးဖြေးချင်း အဆက်မပြတ် မွှေပေးပါ
  • မုန့်နှစ်များ ပျစ်ပြီးကြည်လာတဲ့အထိ မွှေပေးပါ
  • မုန့်နှစ်များ ကြည်လာတာနဲ့ ဇလုံတစ်လုံးထဲမှာ ရေခဲနှင့်ရေကို ထည့်ပေးပါ
  • ပြီးတာနဲ့ မုန့်နှစ်များကို မုန့်ဖတ်ညှစ်မည့် မိုလ်ထဲသို့ ထည့်ပေးပါ
  • ပြီးတာနဲ့ ရေခဲရေ ထည့်ထားသော ဇလုံထဲကို ညှစ်ချပေးပါ
  • အထက်ပါ နည်းအတိုင်း မုန့်နှစ်များ ကုန်တဲ့အထိ ညှစ်ချပေးပါ
မုန့်လက်ဆောင်း ပွဲပြင်ရန်
  • ထန်းလျှက်ရည်ကို အဆင်သင့် ပြင်ထားပါ
  • အုန်းသီးခြစ်ပြီးသားကို အဆင်သင့် ပြင်ထားပါ
  • မုန့်လက်ဆောင်းဖတ်နှင့် ရေခဲတုံးလေးများကို အဆင်သင့် ပြင်ထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ မိမိနှစ်သက်ရာ ပန်းကန်ထဲမှာ မုန့်လက်ဆောင်းဖတ် ရေခဲတုံး အုန်းသီးဖတ်နှင့် ထန်းလျှက်ရည်တို့ထည့်ပြီး မုန့်လက်ဆောင်း ချိုမွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။