Friday 19 March 2021

ချဉ်ငံစပ် ကိုက်လန်သုပ်







အိမ်မှာ အလုပ်အားနေရင် သတင်းတွေ ဟိုဖတ်ဒီဖတ်နဲ့ စိတ်တွေလဲ မသက်သာသလို ခံစားနေရပြီး စိတ်တွေ ညစ်ပေမဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ ဈေးကိုသွားလိုက်ပါတယ် မြန်မာပြည်ကြီးရယ် မြန်မြန်အေးချမ်းပါတော့လို့ ဆုတွေတောင်းနေရတာလဲ မောလှပါပြီ။

ဒီနေ့တော့ ဈေးကိုသွားရင်း ကိုက်လန်အပင် သန်သန်ကြီးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကိုက်လန် - အပင်ကြီးကြီး သုံးပင်
  2. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  3. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ကြက်သွန်ဖြူ ဆီချက် အဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်သံ
  8. ပုရာရည် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • ကိုက်လန်အပင် အရင်းပိုင်း ရင့်နေတဲ့နေရာကို အကြောများ သင်ပေးပြီး အပင်လိုက် ရေစင်အောင် ဆေးပေးပါ
  • အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အပင်များ ရေမြုပ်အောင်ထည့်ပြီး အဖုံးမအုပ်ဘဲ ပြုပ်ပေးပါ
  • အကြာကြီး ပြုပ်စရာ မလိုဘဲ ရေပွက်ပွက်ဆူပြီးသား ဖြစ်တဲ့အတွက် သုံးမိနစ်လောက်ဘဲ ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေစစ်ပေးပါ
  • ရေစစ်သွားပါက ပါးပါးရိတ်ရိတ်လေးတွေ ရလာအောင် ဓါးဖြင့်လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ကိုက်လန် ကြက်သွန်နီ ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူ ဆီချက်ဖတ် ကြက်သွန်နီဆီချက် ငါးငံပြာရည်နှင့် သံပုရာရည်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ သံပုရာသီးနံ့ မွှေးမွှေးနဲ့ ကိုက်လန် ချဉ်ငံစပ် အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment