Sunday 21 March 2021

ပဲစိမ်းမှုန့် ဗယာကြော်

 








မြန်မာပြည်က သတင်းတွေ ကြည့်ပြီးတိုင်း စိတ်ထဲမှာ ခံစားရတဲ့ ခံစားချက်က ဟာတာတာကြီးနဲ့ အသက်၈၅နှစ်ကျော် အိပ်ယာထဲမှာ လဲနေတဲ့ အဖေနဲ့လဲ စကားမပြောရတာ အင်တာနက်တွေ ဖြတ်တောက်လိုက်ထဲက ဆိုပါတော့လေ။

ဒီတော့လဲ စိတ်ညစ်တိုင်း ကိုယ်ပါနေမကောင်း ဖြစ်နေလေတော့ လုပ်စရာရှိတဲ့ အလုပ်တွေ လုပ်ပြီးတာနဲ့ စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ အာရုံပြောင်းပြီး မီးဖိုဆောင်ထဲ ဝင်ရတော့တာပါဘဲ။

ပဲအစိမ်းမှုန့်တွေ ဝယ်ထားတာ ရှိလေတော့ ဗယာကြော်လိုမျိုး ကြော်စားကြည့်ရင် ကောင်းမှာဘဲဆိုပြီး စမ်းသပ်ပြီး ကြော်ဖြစ်ခဲ့ပါတယ်။

မထင်မှတ်ဘဲ စားလို့အရမ်းကောင်းပြီး ပဲကိုရေစိမ်ရ ကြိတ်ရ ထောင်းရတာတွေ အရမ်းကို အချိန်ကုန် သ က်သာစေတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ပဲစိမ်းမှုန့်နဲ့ ဗယာကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ကြက်သွန်နီ - အနေတော် နှစ်လုံးခွဲ
  3. ရှမ်းနံနံရွက် - ဆယ့်ငါးရွက် (ပျဉ်းတော်သိမ်းရွက် ပူစီနမ် နံနံပင်တို့နဲ့ အစားထိုးကြော်လို့ရပါတယ်)
  4. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  9. ဆီ - လိုသလောက် သုံးပေးပါ
  10. ငရုတ်သီး အခြောက်တောင့် - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ  ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ရှမ်းနံနံကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ပဲအစိမ်းမှုန့် ကြက်သွန်နီ ရှမ်းနံနံ ဆား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ပြီး ရေထည့်ကာ အရသာ သမအောင် မွှေပေးပါ
  • အရသာ သမသွားတာနဲ့ ပဲများပွလာစေရန် နာရီဝက်လောက် နှပ်ထားပါ
  • ပဲနှပ်ထားချိန် ပြည့်တာနဲ့ အိုးထဲမှာ ဆီများများထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ အရသာ နှပ်ထားသော ပဲအနှစ်များကို ထမင်းစားဇွန်းအရှည်နှင့် တစ်ဇွန်းစာခပ်ကာ ဆီအိုးထဲကို ထည့်ပေးပါ
  • ပဲအနှစ်များကို အိုးဆန့်သလောက် ထည့်ကြော်ပေးပြီး အကျက်ညီစေရန် အထက်အောက် မကြာမကြာ လှန်ပေးပါ
  • ဗယာကြော် တစ်ခုလုံး ရွှေဝါရောင် သန်းလာပါပြီး ကြွတ်မွလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ကျန်နေသော ပဲအနှစ်များကို အထက်ပါ နည်းအတိုင်း ကုန်တဲ့အထိ ကြော်ပေးပြီး ဆီစစ်ထားပါ
  • အားလုံးကြော်ပြီးတာနဲ့ အိုးထဲမှ ဗယာကြော် ကြော်ထားသော ဆီများကို အကုန်နီးပါး ပန်းကန်တစ်ခုထဲကို ပြောင်းပြီး ထည့်ပေးထားပါ
  • အိုးမှာကပ်နေသော ဆီကျန်လေးထဲကို ငရုတ်သီးတောင့်များ ထည့်ပေးပြီး မီးနွေးနွေးလေးနဲ့ လှော်ပေးပါ
  • ငရုတ်သီးတောင့်များ ညိုရောင်လေး သန်းလာပြီး ကြွတ်ရွလာပြီဆိုတာနဲ့ မီးဖိုပေါ်က ဖယ်ပေးပါ
  • ပြီးတာနဲ့ ပဲစိမ်းမှုန့် ဗယာကြော်မွှေးမွှေး ကြွတ်ကြွတ်လေးကို ငရုတ်သီးတောင့်ကြော်လေးနှင့် တွဲဖက်ကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment