Monday 31 August 2020

နှစ်ရောင်ချယ် ကောက်ညှင်းပေါင်း









ဒီနေ့တော့ ကောက်ညှင်းအဖြူ နဲ့ ကောက်ညှင်းငချိတ်တို့ကို နှစ်မျိုးရောပြီး ပဲလွန်းပြုပ်ပြီးသားလေးနဲ့  ပေါင်းထားတဲ့ ကောက်ညှင်းပေါင်း မွှေမွှေးစိမ့်စိမ့်လေးကို ပေါင်းဖြစ်ပါတယ်။

ကောက်ညှင်းပေါင်း မွှေးမွှေးစိမ့်စိမ့်လေးကို စိတ်ကူးရသလို ပေါင်းလိုက်ပြီး နှမ်းလှော်ထောင်းလေးဖြူးကာ စားဖို့ပြင်ဆင်ခဲ့အတွက် မာမာပေါင်းထားတဲ့ ကောက်ညှင်းပေါင်း နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းဆန် အဖြူ  - နှစ်ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  2. ကောက်ညှင်းငချိတ် - နှစ်ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  3. ရေ - 1200 ml (ကောက်ညှင်းပေါင်းအိုး အောက်ခံအိုးတွင် ထည့်ပေးရန် )
  4. အုန်းသီး ခြစ်ပြီးသား - 1/2 cup ( မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) 
  5. ပြုပ်ပြီးသားပဲလွန်း - မိမိနှစ်သက်သလောက်ထည့်ပါ
  6. နှမ်းလှော်ထောင်း - မိမိနှစ်သက်သလောက်
  7. ပေါင်းအိုး - တစ်လုံး
  8. Baking paper - လိုသလောက် ပိုင်းဖြတ်ပေးပါ
ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန် တစ်မျိုးစီကို ဇလုံတစ်လုံးစီထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ အုန်းသီးမှုန့်နှင့် ကောက်ညှင်းဆန် နှစ်မျိုးစလုံးကို ရောထားပေးပါ
  • မာမာ အသုံးပြုတဲ့ ပေါင်းခံဇကာက အပေါက်ကြီးတဲ့အတွက် ပေါင်းခံဇကာထဲမှာ baking paper ခံပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
  • ထိုပေါင်းခံဇကာ အပေါ်မှာ ပြုပ်ပြီးသား ပဲလွန်းကို ဖြန့်ခင်းပေးပါ
  • ပဲအပေါ်မှ ကောက်ညှင်းဆန်များကို ဖြန့်တင်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးမှ ပေါင်းမည့်ခလုတ်နှိပ်ပြီး မိနစ်၂၀ ချိန်ပေးကာ ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
  • အိုးအဖုံး ဖွင့်ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို အထက်အောက် သမသွားအောင် မွှေပေးပြီး အိုးအဖုံး ပြန်ဖုံးပေးကာ ဆယ်မိနစ်လောက် လက်ကျန်အပူရှိန်နဲ့ နှပ်ပေးထားပါ
  • ပြီးတာနဲ့ အုန်းသီးနံ့ မွှေးမွှေးလေးနဲ့ ပဲလွန်းစိမ့်စိမ့်လေးပေါ်မှာ နှမ်းလှော်ထောင်း ဖြူးပေးကာ ကောက်ညှင်းပေါင်း ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။

Saturday 29 August 2020

ချဉ်ငံစပ် အပ်မှိုထောင်း






ဒီနေ့တော့ အပ်မှိုလေးတွေ ဝယ်လာပြီး ချဉ်ငံစပ်လေး ထောင်းဖြစ်ပါတယ် ထောင်းတဲ့အထဲမှာ ချိုချဉ်ငံစပ် အရသာ အစုံပါတဲ့အတွက် ရေနွေးကြမ်းလေးနဲ့ လိုက္ဖက္စြာ စားသုံးနိူင်ဖို့ရာ  မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. အပ်မှို - 400 g
  2. ငရုတ်သီး အခြောက်တောင့် - ငါးတောင့်
  3. ပဲတောင့်ရှည် - ဆယ်တောင့်
  4. ချယ်ရီခရမ်းချဉ်သီး - ဆယ်လုံး
  5. ဆလတ်ရွက် - နှစ်သက်သလောက်
  6. အရသာမှုန့် - လက်ဖက်ဇွန်း တစ်ဝက်သာသာ
  7. ကြက်သွန်ဖြူ-  အမွှာကြီးကြီး လေးမွှာ
  8. ငါးငံပြာရည်အနောက် -ထမင်းစားဇွန်း တစ်ဇွန်း
  9. ငါးငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း 
  10. ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. သံပုရာသီး - တစ်ခြမ်း (အချဉ်ကြိုက်ပါက ပိုထည့်ပါ )

ပြင်ဆင်ပုံ

  • အပ်မှိုမှ မလိုတာတွေ ဖယ်ထုတ်ပေးပြီး ရေဆေးပေးပါ
  • ဇလုံတစ်လုံးထဲမှာ ရေဆေးပြီး ဖဲ့ထားသော အပ်မှိုများကို ထည့်ထားပါ
  • ပွက်ပွက်ဆူအောင် တည်ထားသော ရေနွေးကို အပ်မှိုဇလုံထဲ လောင်းထည့်ပြီး ငါးမိနစ်လောက် ထားပေးပါ
  • ပြီးတာနဲ့ ရေနွေးများသွန်ပြီး ရေစစ်ထားပါ
  • ငရုတ်သီးတောင့်ကို အညှာခြွေပြီး ရေဆေးထားပါ
  • ပဲတောင့်ရှည် ငါးတောင့်ခန့်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ကျန်ပဲတောင့်ရှည်များကို ရေဆေးပြီး ခပ်ရှည်ရှည်လေးတွေ ပိုင်းထားပါ
  • ဆလတ်ရွက်ကို ရေဆေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်း ခြမ်းပေးထားပါ
  • ပါ၀င်ပစ္စည်းများကို ပြင်ထားပါ

ထောင်းရန်ပြင်ဆင်ပုံ

  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူ နှင့် ငရုတ်သီး အခြောက်တောင့်တို့ကိုထည့်ပြီး မညက်တစ်ညက် ထည့်ထောင်းပါ
  • အနည်းငယ် ညက်သွားတာနဲ့ ငံပြာရည် သုံးမျိုးလုံးနှင့် အရသာမှုန့်တို့ကို ထည့်ထောင်းပေးပါ
  • ထောင်းနေစဉ် အရသာ သမသွားအောင် ဇွန်းအရိုးရှည်ရှည်နှင့် မွှေမွှေပေးပါ
  • မိမိအသုံးပြုပြီး ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး ကြည့်ထောင်းပါ
  • ကျောက်ကျည်ပွေ့ဆိုပါက ၅ချက်မှ ၁၀ချက်လောက် ခပ်ဖွဖွလေး ထောင်းပေးပါ 
  • သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၅ချက် လောက် ခပ္ဖြဖြေလး ထောင်းပေးမှ အရသာ ၀င်ပါတယ်
  • အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမှုန့် အပ်မှိုနှင့် သံပုရာရည်တို့ကို ထည့်ပြီး ခပ္ဖြဖြေလး ၄ချက်လောက် ထောင်းပေးကာ ပဲသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ပေးပြီး လေးငါးချက်လောက် ထည့်ထောင်းပြီး  မွှေပေးပါ
  • ထောင်းနေစဉ် အရသာ မြည်းပေးပြီး မိမိနှစ်သက်တဲ့ အရသာ ရတဲ့အထိ ပြင်ပေးပါ
  • ပြီးတာနဲ့ အပ်မှို ထောင်း ချိုချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို ကောက်ညှင်းပေါင်း ပဲတောင့်ရှည် ဆလတ်ရွက်တို့နှင့် တွဲဖက်ကာ သုံးဆောင်နိူင်ပါပြီ။

Friday 28 August 2020

သရက်သီး ကောက်ညှင်းပေါင်း အုန်းနို့ဆမ်း



ဒီနေ့တော့ စားလို့အရမ်းကောင်းလွန်းတဲ့ အချို ပွဲလေး ပြင်ဖြစ်ပါတယ် ကောက်ညှင်းပေါင်းလေး ပေါင်းဖြစ်တော့ ဒီအတိုင်း စားရတာလဲ ရိုးသလို ဖြစ်လာတာနဲ့ ကောက်ညှင်းပေါင်းကို အုန်းနို့ဆမ်းကာ သရက်သီးမှည့်လေးနဲ့ စားကြပါမယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. အုန်းနို့ - 450 g (ready made တစ်ဗူး)
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. သရက်သီးမှည့်  - တစ်လုံး
  5. ပေါင်းအိုး - တစ်လုံး
  6. Baking paper - လိုသလောက် သုံးပေးပါ

အုန်းနို့ချက်ရန်

  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာ အုန်းနို့နှင့် ဆားကိုထည့်ပြီး တည်ပေးပါ
  • အုန်းနို့အိုး တည်ထားစဉ် ဝေကျတတ်တဲ့အတွက် မကြာမကြာ မွှေပေးပါ
  • အုန်းနို့ ခပ်ပျစ်ပျစ်လေး ရလာတာနဲ့ မီးပိတ်ပေးပါ။

ပြင်ဆင်ပုံ

  • ကောက်ညှင်းဆန်ကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ ပေါင်းခံဇကာထဲ ထည့်ပေးပါ
  • မာမာ အသုံးပြုတဲ့ ပေါင်းခံဇကာက အပေါက်ကြီးတဲ့အတွက် ပေါင်းခံဇကာထဲမှာ baking paper ခံပေးထားပါတယ်
  • ပေါင်းအိုးအောက်ခံ အိုးထဲမွာ ရေထည့်ပြီး ကောက်ညှင်းဆန် ထည့်ထားသော ပေါင်းခံဇကာကို တင်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးကို အဖုံးအုပ်ပြီး ပေါင်းမည့်ခလုတ်နှိပ်ကာ မိနစ်၂၀ ချိန်ပေးပြီး ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
  • အိုးအဖုံး ဖွင့်ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို အထက်အောက် သမသွားအောင် မွှေပေးပြီး အိုးအဖုံး ပြန်ဖုံးပေးကာ ဆယ်မိနစ်လောက် လက်ကျန်အပူရှိန်နဲ့ နှပ်ပေးထားပါ
  • သရက်သီးမှည့်ကို အခွံခွာပြီး ရေဆေးကာ အစိတ်လေးတွေ လှီးထားပါ
  • အုန်းနို့ချက်ပြီးသားကိုလဲ အဆင်သင့် ပြင်ထားပါ
  • ပြီးတာနဲ့ ကောက်ညှင်းပေါင်း အပေါ်မှာ အုန်းနို့ကို ဆမ်းပေးပါ
  • အုန်းနို့နံ့ မွှေးမွှေးလေးနဲ့ သရက်သီးစိတ်လေးများ ထည့်ပေးကာ ကောက်ညှင်းပေါင်း ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။

Thursday 27 August 2020

ချဉ်ငံစပ် အမဲအကြောသုပ်





အမဲအကြောလေးတွေ ဝယ်လာပြီး မနေ့က ပြုပ်ထားကာ သုပ်စားဖြစ်ပါတယ် အမဲအကြော ပေါင်းနည်းလေးကိုတော့  http://mmlazp.blogspot.com/2020/08/blog-post_26.html ဒီလင့်လေးမှာ ကြည့်နိူင်ပါတယ်။

ဒီနေ့တော့ ချဉ်ငံစပ် သုပ်ဖို့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အမဲအကြောသုပ်နည်း ပြင်ဆင်ပုံလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. အမဲအကြော ပေါင်းပြီးသား - ကီလိုဝက်ခန့်
  2. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲစာ
  3. ပဲအကျက်မှုန့် - လိုသလောက် ပြင်ထားပါ
  4. ငရုတ်သီး အကျက်မှုန့် - လိုသလောက် ပြင်ထားပါ
  5. ကြက်သားမှုန့် - လိုသလောက် ပြင်ထားပါ
  6. ဆီချက် - လိုသလောက် ပြင်ထားပါ
  7. ဂေါ်ဖီ - မိမိနှစ်သက်သလောက် ပြင်ထားပါ
  8. ကြက်သွန်နီ - မိမိနှစ်သက်သလောက် ပြင်ထားပါ
  9. နံနံပင် - မိမိနှစ်သက်သလောက် ပြင်ထားပါ
  10. ငါးငံပြာရည် - လိုသလောက် ပြင်ထားပါ

ပြင်ဆင်ပုံ

  • အမဲအကြော ပေါင်းပြီးသားကို ကပ်ကြေးနှင့် ခပ်ပါးပါးလေးတွေ ညှပ်ပေးထားပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ကာ ကပ်ကြေးနှင့် မထူမပါးလေးတွေ ညှပ်ပေးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးပေးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်လောက် ဆေးပေးပြီး ရေနွေးပူပူနှင့် စိမ်ထားပါ
  • အသုပ်သုပ်ရန် လိုအပ်တာတွေကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်လုံးထဲမှာ အမဲအကြော လက်တစ်ဆုတ်စာ ကြက်သွန်နီ အနေတော် ဂေါ်ဖီ အနေတော် နံနံပင်အနေတော် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ငါးငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း မန်ကျည်းမှည့်အရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အကျက်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆီချက် ထမင်းစားဇွန်း နှစ်ဇွန်းနှင့် ကြက်သွန်နီတို့ကို ထည့်ပေးကာ အရသာ သမအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာကို မြည်းပေးပါ
  • အရသာ မြည်းပြီးတာနဲ့ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာပြင် ပြီးတာနဲ့ အမဲအကြောသုပ် ချဉ်ငံစပ်လေးကို မိမိနှစ်သက်သလို ထမင်းပူပူလေးနဲ့ဘဲ စားစား ဒီအတိုင်းလေးဘဲ စားစား စားသုံးနိူင်ပါပြီ။

Wednesday 26 August 2020

အမဲအကြောပြုပ်နည်း



 


 
ဒီနေ့တော့ အမဲအကြောလေးတွေ ဝယ်လာပြီး ချဉ်ငံစပ်လေး သုပ်စားချင်တာနဲ့ ပြုပ်ဖြစ်ပါတယ် အမဲအကြောက အရမ်းမာတဲ့အတွက် နူးဖို့ရန်အတွက် အကြာကြီး ပြုပ်ရတတ်ပါတယ် ဒါကြောင့်မို့လို့ မာမာကတော့  ပြုပ်တယ်ဆိုတာထက် pressure cooker နဲ့ ပေါင်းလိုက်ပါတယ်။
Pressure cooker နဲ့ ပေါင်းတဲ့အခါ နာရီဝက် ပေါင်းလိုက်ရင် ချဉ်ငံစပ်လေး သုပ်စားဖို့အတွက် အနေတော်လေး ရတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းတဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
အမဲအကြော ပေါင်းဖို့အတွက် pressure cooker အဆင်သင့် မရွိပါက ရိုးရိုးအိုးနဲ့ ပြုပ်ပေးပါက နူးတဲ့အထိ ပြုပ်ပေးရင် အချိန်အနည်းငယ် ကြာတတ်တဲ့အတွက် စိတ်ရှည်ရှည်လေး ပြုပ်ပေးစေချင်ပါတယ်။
ပါ၀င်ပစ္စည်းများ
  1. အမဲအကြော - တစ်ကီလို
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. စပါးလင် အရင်းပိုင်း - လေးလက်မခန့် နှစ်ချောင်း
  7. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ငါးမွှာ
  8. Pressure cooker - တစ်လုံး
ပြင်ဆင်ပုံ
  • အမဲအကြောကို ရေစင်အောင် ဆေးပေးပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထုပေးထားပါ
  • စပါးလင်ကို အပင်လိုက် ရေဆေးကာ မညက်တစ်ညက် ထုပေးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထုပေးထားပါ
  • အိုးထဲမွာ အမဲအကြောများ ဆား အရသာမှုန့် နနွင်းမှုန့် ချင်း စပါးလင်နှင့် ကြက်သွန်ဖြူ တို့ ထည့်ပေးကာ အရသာ ဝင်အောင် နယ်ပေးပါ
  • အရသာ ဝင်လောက်တာနဲ့ ရေအနည်းငယ် ထည့်ပေးကာ အိုးအဖုံးကို အုပ်ပေးပါ
  • ပြီးတာနဲ့ pressure cooker ရဲ့ steam ကို နှိပ်ပေးပြီး နာရီဝက် ချိန်ပေးကာ ပေါင်းပေးပါ
  • ပေါင်းချိန်ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ပေါင်းထားတဲ့ အမဲအကြောများကို အအေးခံပြီး ခပ်ပါးပါးလေးတွေ လှီးပေးပြီးရင် အမဲကြောကို သုပ်စားဖို့ ပြင်ဆင်နိူင်ပါပြီ
  • အမဲအကြော ပေါင်းဖို့အတွက် pressure cooker အဆင်သင့် မရွိပါက ရိုးရိုးအိုးနဲ့ ပြုပ်ပေးပါက နူးတဲ့အထိ ပြုပ်ပေးရင် အချိန်အနည်းငယ် ကြာတတ်တဲ့အတွက် စိတ်ရှည်ရှည်လေး ပြုပ်ပေးစေချင်ပါတယ်။

Saturday 22 August 2020

ပုဇွန်ဖက်ထုတ်ပေါင်း



ဒီနေ့တော့ မာမာတို့ ပုဇွန် ဖက်ထုတ်ပေါင်းလေး လုပ်စားဖြစ်ပါတယ် COVID 19 ကာလမွာ အပြင်တစ်ခါထွက်ဖို့အရေး တော်တော်လေး တွေးရလေတော့ အိမ်မှာရှိနေတာလေးတွေဘဲ ချက်စားပြုပ်စားလိုက်တာက များပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ပုဇွန်ဖက်ထုတ်ပေါင်း အလွယ်လုပ်နည်း ပြင်ဆင်ပုံနဲ့  ပေါင်းပုံလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် - 350 g (အခွံခွာပြီး ခေါင်းဖြုတ်ပြီးသား)
  2. ဖက်ထုတရွက်  - အရွက်၃၀ခန့် ( ready made အရွက်ကို သုံးထားပါတယ်)
  3. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်၀က်
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. Mushroom soy sauce - ထမင်းစားဇွန်း တစ်ဇွန်း
  6. Corn flour - ထမင်းစားဇွန်း တစ်ဇွန်း
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ကြက်သွန်မိတ် - အပင်ကြီးကြီး သုံးပင် (40 mlခန့်)
  9. နှမ်းဆီ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်းခန့်
  11. ငရုတ်သီးဆီချက် - မိမိနှစ်သက်သလောက်
  12. နှမ်းဆီချက် - မိမိနှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ပုဇွန်ကို အသားကြိတ်စက်ဖြင့် ကြိတ်ထားပါ
  • ကြိတ်စက်မသုံးပါက ဓါးနှင့် ခပ်နုတ်နုတ် ညက်နေအောင် စင်းပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်တစ်ဆစ်စာ အနေလောက် လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇလုံတစ်လုံးထဲမှာ ညက်နေအောင် ကြိတ်ထားသော ကြက်သား ကြက်သွန်မိတ် ဆီ ငရုတ်ကောင်းမှုန့် Mushroom soy sauce ဆား အချိုမှုန့် နှမ်းဆီ  cornflour တို့ထည့်ပြီး အရသာမျှအောင် ဇွန်းနှင့်မွှေပေးပါ
ဖက်ထုတ်ထုတ်ရန် ပြင်ဆင်ပုံ
  • ဖက်ထုတ်ရွက် တစ်ရွက်ယူပြီး အစာကို အလယ်တည့်တည့်မှာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက် ပုံပေးပါ
  • Ready made  ခဲထားသော အရွက်ကို သုံးပါက အရွက်ထဲ အစာမထည့်ခင် နာရီ၀က်လောက် ကြိုပြီးထုတ်ထားပေးပါ
  • ရေခဲပျော်မှ တစ်ရွက်ခြင်း လွှာယူရ လွယ်ကူစေပါတယ်လ
  • က်ဝါးပေါ်မှာ ဖက်ထုတ်တစ်ရွက်ကိုယူကာ တင်ပေးပါ
  • ထိုအရွက်ထဲကို အစာထမင်းစားဇွန်း တစ်ဇွန်းစာ ထည့်ပေးပြီး လက်မနှင့် လက်ညိုးကို ညှစ်ပေးကာ အစာမ်ား အပြင်ကို မထွက်အောင် ဖက်ထုတ်အနားသားကို ရေအနည်းငယ် စွတ်ပေးကာ အသာလေး ဖိပေးပါ
  • ထိုနည်းအတိုင်း ဖက်ထုတ်ရွက်နှင့်  အစာကို ကုန်အောင် ထုတ်ပေးပါ
  • ထုတ်ပြီးသော ဖက်ထုတ်များကို တစ်ခုနှင့် တစ်ခု မကပ်စေရန်အတွက် ခပ်ဝေးဝေးမှာ ထားပေးပါ
  • ချက်ချင်း ပေါင်းမစားသေးပါက နာရီ၀က်လောက် လေသလပ်ခံပြီးမှ အိတ်တစ်လုံးထဲ ထည့်ကာထားပြီး သိမ်းပေးပါ
  • ထုတ်ပြီးသွားသော ဖက်ထုတ်များကို စားနိူင်သလောက် ပေါင်းပြီး ပိုသောဖက်ထုတ်များကို ရေခဲသေတ္တာ ခဲတဲ့အကန့်အထပ်မှာ သိမ်းထားပြီး လိုမှထုတ်၍ မိမိနှစ်သက်သလို ကြော်စား ပေါင်းစား နိူင်ပါတယ်။

ပေါင်းရန် ပြင်ဆင်ပုံ
  • မိမိစားနိူင်သလောက် ဖက်ထုတ်များကို ပေါင်းရန်အတွက် ပေါင်းအိုးဇကာထဲ ထည့်ပေးပါ
  • ပေါင်းအိုး အောက်ခံ အိုးထဲကို ရေတစ်ဝက်လောက်ထည့်ပြီး ပူအောင်တည်ပေးပါ
  • ရေနွေးအိုး အိုးပူလာတာနဲ့ဖက်ထုတ်ထည့်ထားသော ပေါင်းဇကာကို အဖုံးအုပ်ပြီး တင်ပေးပါ
  • ရေနွေးအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့လိုက်ပါ
  • မီးအားအရမ်းပြင်းလျှင် ပေါင်းအိုးအောက်ခံ အိုးထဲမွ ရေများ ခနေလး ခမ်းသွားတတ်ပါတယ်ဖ
  • က်ထုတ်ပေါင်းချိန် ၂၅မိနစ်လောက် ပေါင်းပေးပြီးရင် ရပါပြီ
  • အရသာရှိလွန်းသော ပုဇွန် ဖက်ထုတ်ပေါင်းကို ငရုတ်သီးဆီချက်နှင့် နှမ်းဆီချက်တို့ ဆမ်းပေးကာ စားသုံးနိူင်ပါပြီ၊

Friday 21 August 2020

ခရမ်းသီး မီးဖုတ်ကြော်



နေ့တော့ ဝါတွင်းကာလ သတ်သတ်လွတ်လေး စားလို့ရလေအောင် ခရမ်းခေါင်းသီးကို မီးဖုတ်ပြီး ငရုတ်ကောင်းလှော်ထောင်း မွှေးမွှေးလေးနဲ့ ကြော်ဖြစ်ပါတယ် ထမင်းစားလို့မြန်ပြီး ချက်ရတာ လွယ်တဲ့အတွက် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. ခရမ်ခေါင်းသီး - အလုံးကြီးကြီး တစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ငရုတ်ကောင်းလှော်ထောင်းအမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. ပဲဆီ - ထမင်းစားဇွန်း ငါးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ကြက်သွန်ဖြူ ကြော် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ခရမ်းသီးကို ရေဆေးပြီး ခရင်းဖြင့် ခပ်ကျဲကျဲ လိုက်ထိုးပေးပြီး ပန်းကန်ပြားပေါ်မှာ တင်ပေးပါ
  • ထိုပန်းကန်ကို မိုက်ခရိုေ၀့ မီးဖိုထဲမှာထည့်ပြီး အဖုံးခပ်ဟဟအုပ်ပေးကာ တစ္ဖက္စ််ကို လေးမိခန့် ဖုတ်ပေးပါ
  • လေးမိနစ် ပြည့်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး လေးမိနစ် ထပ်ဖုတ်ပေးပါ
  • ခရမ်းသီး အလုံးကြီးပါက မီးဖုတ်ချိန်ကို ပိုပြီးဖုတ်ပေးပါ
  • မီးဖုတ်ထားသော ခရမ်းသီးကို အပြင်ထုတ်ပေးပြီး အခွံခွာပေးပါ
  • ပြီးတာနဲ့ ဇလုံတစ်ခုထဲမှာ ရေထည့်ပြီး အခွံခွာထားသော ခရမ်းသီးမှ ထွက်သော အေစးမ်ား ထွက်အောင်ဆေး၍ ရေစစ်ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • အကြော်ထဲမှာ ပါဝင်မည့် ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းသွားတာနဲ့ ခရမ်းသီးကို ထည့်မွှေပေးပါ
  • ခရမ်းသီး ထည့်ပေးပြီးတာနဲ့ ဆား အချိုမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ အရသာ မျှတအောင် မွှေပေးပြီးတာနဲ့ အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • ခရမ်းသီး မီးဖုတ်ကြော်ကို ပန်းကန်ထဲ ပြောင်းထည့်ပြီးတာနဲ့ ကြက်သွန်ဖြူကြော်ကို ဖြူ းပေးပါ
  • ပဲဆီနံ့ သင်းပျံ့နေတဲ့ ခရမ်းသီး မီးဖုတ်ကြော် မွှေးမွှေးလေးကို သတ်သတ်လွတ် ဟင်းတစ်မယ် ပြင်ပေးနိူင်သလို နှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။
  • မီးသွေးမီးဖိုနှင့် ခရမ်းသီးကို မီးဖုတ်ပါက မီးသွေးမီးပေါ်တင်ပြီး အပြင်ခွံ ကျွမ်းတဲ့အထိ ကျက်အောင် ဖုတ်ပေးပါ
  • မီးဖုတ်လို့ ကျက်တာနဲ့ အထက်ပါ နည်းအတိုင်း ပြင်ဆင်ပေးပါ။

Wednesday 19 August 2020

ကြက်သားကြော် မွမွလေး







ဒီနေ့တော့ ထမင်းပူပူလေးနဲ့ဘဲ စားစား ရေနွေးကြမ်းလေးနဲ့ဘဲ သောက်သောက် အချိုရည်လေးနဲ့ဘဲ မြည်းမြည်း အရမ်းကို အရသာ ရှိလွန်းတဲ့ ကြက်ကြော်လေး ကြော်ဖြစ်ခဲ့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - 350 g
  2. ကြက်ဥ - တစ်လုံး
  3. ကြက်သွန်ဖြူ မှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆီ - လိုသလောက် သုံးပေးပါ
  9. ပြောင်းဖကာ်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ရေခြောက်အောင် Paper Towelနှင့် ခပ္ဖြဖြ သုတ်ပေးပါ
  • ကြက်သားကို မထူမပါး စောင်းစောင်းလေးတွေ လှီးပေးပါ
  • ပြီးတာနဲ့ ပြောင်းကော်မှုန့် ဆား အရသာမှုန့် ကြက်သွန်ဖြူမှုန့်တို့နဲ့အရသာ၀င်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ကြက်ဥကို ဖောက်ထည့်ပြီး အရသာ သမအောင် နယ်ပေးကာ တစ်နာရီလောက် နှပ်ထားပေးပါ
  • အရသာ နှပ်ပြီးသွားပါက အောက်ချေ မကပ်သော ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုခပ်များများထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးကိုအနေတော်မှာ ထားပေးပြီး ကြက်သားကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြက်သားတုံး တစ်ဖက်ရွှေဝါရောင် သန်းလာရင် နောက်တစ်ဖက် လှန်ပေးပြီး နောက်တစ်ဖက် ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားကြော် ကြွတ်ကြွတ်ရွရွ မွှေးမွှေးလေးကို စားသုံရန် ပြင်ပေးနိုင်ပါပြီ။

Tuesday 18 August 2020

ကြက်သားစင်းကော ခေါက်ဆွဲကြော်





ထမင်းမစားချင်တဲ့ နေ့တွေဆိုရင် အခုလိုမျိုး အသားနည်းနည်းနဲ့ ခေါက်ဆွဲကြော်လေး ကြော်စားရတာက ပိုပြီးတော့ စားလို့မြိန်တယ်လို့ ထင်မိပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြက်သားစင်းကော ခေါက်ဆွဲကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. ခေါက်ဆွဲပြား အစို - လေးဆယ်သား
  2. ကြက်ရင်ပုံသား - 200 g
  3. ဘရော့ကိုလီ - အခက်ကြီးကြီး သုံးခက်
  4. ပဲတောင့်ရှည် - ငါးတောင့်
  5. မုံလာဥနီ - အနေတော် တစ်ဥ
  6. ရွှေပဲသီး - မိမိနှစ်သက်သလောက်
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  8. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  10. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  13. ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
  14. တရုတ္နံနံ - မိမိနှစ်သက်သလောက်
  15. ကြက်ဥ - တစ်လုံး
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်ရင်ပုံသားကို ရေဆေးပြီး ခပ်နုတ်နုတ် စင်းထားပါ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား ပဲငံပြာရည်အပျစ်တို့နဲ့ နယ်ပေးထားပါ
  • ဘရော့ကိုလီကို ရေဆေးကာ အခက်သေးလေးတွေရအောင် လှီးထားပါ
  • ပဲတောင့်ရှည်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ရွှေပဲသီးကို ရေဆေးပြီး အကြောသင်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးပြီး မိမိနှစ်သက်သလို လှီးထားပါ
  • တရုတ္နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ စင်းထားသော ကြက်သားကို ထည့်ကြော်ပေးပါ
  • ကြက်သားကြော်မှ ထွက်လာသော အရည်များ ခမ်းသွားတာနဲ့ ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ပဲသီး ဘရော့ကိုလီနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကျဲနှင့် ကြက်ပြုပ်ရည်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသော ကြက်ပြုပ်ရည်ကို ထည့်ကြော်ကာ အရသာမြည်းပေးကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ခေါက်ဆွဲကြော်ကို ဘေးဖက်မှာ ခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ ရွှေပဲသီးနှင့် တရုတ်နံနံကိုထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော်မွှေးမွှေးလေးကို မိမိနှစ်သက်ရာ ဟင်းချို ဟင်းခါးတို့နှင့် သုံးဆောင်နိူင်ပါပြီ။

Saturday 15 August 2020

(Putu Mayam ) မုန့်တွန်ဇံ














ဒီေန့တော့ မုန့်တွန်ဇံကို အမျိုးမျိုး လုပ်စားကြတဲ့ အထဲက သီးစုံပဲဟင်းလေးနဲ့ စားချင်တာနဲ့ မုန့်တွန်ဇံ အလွယ်လုပ်နည်းလေး လုပ်ဖြစ်ပါတယ် မုန့်ဖတ်လေး မပြင်ဆင်ခင် သီးစုံပဲဟင်းလေး ကြိုပြီးချက်ထားတဲ့အတွက် မုန့်တွန်ဇံလေးလဲ လုပ်ပြီးရော ဗိုက်ဆာဆာနဲ့ စားဖြစ်ပါတယ်။

မုန့်ဖတ်လေးကိုတော့ အလွယ်အမြန်ရအောင် ဆန်ကြာဇံကို ရေနွေးနှင့်ဖျောကာ လုပ်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်ကြာဇံ - လေးထုံး (စားမဲ့သူများရင် ပိုသုံးပေးပါ)
  2. ရေနွေးပွက်ပွက်ဆူပြီးသား - လိုသလောက် သုံးပေးပါ
  3. Pressure cooker - တစ်လုံး (သို့မဟုတ်)
  4. ရေနွေးငွေ့ခံကာ ပေါင်းသော ရိုးရိုး ပေါင်းအိုး - တစ်လုံး
  5. ပြင်ဆင်ပုံ (pressure cooker နှင့်ပေါင်းရန်)
  6. ဇလုံတစ်လုံးထဲမှာ ကြာဇံကို ထည့်ပေးပါ
  7. ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  8. ရေနွေး ပွက်ပွက်ဆူလာတာနဲ့ ကြာဇံဇလုံထဲကို လောင်းထည့်ပေးပါ
  9. ပြီးတာနဲ့ ရေနွေးထဲမှာ လေးမိနစ်လောက် စိမ္ထားပါ
  10. လေးမိနစ် ပြည့်တာနဲ့ ရေနွေးများသွန်ပြီး ရေစစ်ပေးပါ
  11. ရေစစ်တာနဲ့ ပေါင်းခံဇကာထဲကို ပုံပါအတိုင်း အထုံးလေးတွေ ထုံးပေးပြီး ဇကာဆန့်သလောက် ထည့်ပေးပါ
  12. ပေါင်းအိုးအောက်ခံအိုးထဲကို ရေထည့်ပေးပါ
  13. ရေထည့်ရာမှာလဲ ဇကာအောက်ခံခုံ ထိတယ်ဆိုရုံလေးဘဲ ထည့်ပေးပါ
  14. ပြီးတာနဲ့ ကြာဇံအထုံးလေးများ ထည့်ထားတဲ့ ဇကာကို ပေါင်းခံခုံပေါ် တင်ပေးပါ
  15. ပြီးတာနဲ့ အိုးအဖုံးကို လေလုံအောင် အုပ်ပေးပြီး steam ခလုတ်ကို နှိပ်ပေးကာ ငါးမိနစ်ချိန်ပေးပြီး ပေါင်းပေးပါ
  16. ငါးမိနစ် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကိုကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ မုန့်ဖတ်များကို ထုတ်ပေးပါ
  17. အထက်ပါ နည်းအတိုင်း ကြာဇံများ ကုန်တဲ့အထိ ပေါင်းပေးပါ
နောက်တစ်နည်း
ပြင်ဆင်ပုံ (ရိုးရိုးပေါင်းအိုးနှင့်ပေါင်းရန်)
  1. ဇလုံတစ်လုံးထဲမှာ ကြာဇံကို ထည့်ပေးပါ
  2. ရေကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  3. ရေနွေး ပွက်ပွက်ဆူလာတာနဲ့ ကြာဇံဇလုံထဲကို လောင်းထည့်ပေးပါ
  4. ပြီးတာနဲ့ ရေနွေးထဲမှာ လေးမိနစ်လောက် စိမ္ထားပါ
  5. လေးမိနစ် ပြည့်တာနဲ့ ရေနွေးများသွန်ပြီး ရေစစ်ပေးပါ
  6. ရေစစ်တာနဲ့ ပေါင်းခံဇကာထဲကို ပုံပါအတိုင်း အထုံးလေးတွေ ထုံးပေးပြီး ဇကာဆန့်သလောက် ထည့်ပေးပါ
  7. ပေါင်းအိုးအောက်ခံအိုးထဲကို ရေထည့်ပေးပါ
  8. ရေထည့်ရာမှာလဲ ဇကာအောက်ခံခုံ ထိတယ်ဆိုရုံလေးဘဲ ထည့်ပေးပါ
  9. ပြီးတာနဲ့ ကြာဇံအထုံးလေးများ ထည့်ထားတဲ့ ဇကာကို ပေါင်းခံခုံပေါ် တင်ပေးပါ
  10. ပြီးတာနဲ့ အိုးအဖုံးကို လေလုံအောင် အုပ်ပေးပြီး မီးအနေတော်နှင့် ရှစ်မိနစ်ခန့် ပေါင်းပေးပါ
  11. ရှစ်မိနစ် ပြည့်တာနဲ့ ပေါင်းအိုးအဖုံးကို ဖွင့်ပေးကာ မုန့်ဖတ်များကို ထုတ်ပေးပါ
  12. အထက်ပါ နည်းအတိုင်း ကြာဇံများ ကုန်တဲ့အထိ ပေါင်းပေးပါ

  1. သီးစုံပဲကုလားဟင်းချက်ရန်
ပါ၀င်ပစ္စည်းများ
  1. ကုလားပဲခြမ်း - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  2. မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  3. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး နှစ်ခက်
  4. အာလူး - အနေတော် နှစ်လုံး
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အသီးအရွက် ဆီသတ်ရန်)
  6. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း ( သို့မဟုတ်)
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ (ဟင်းရည်ထဲထည့်ရန်)
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ပဲပြုပ်ထဲနှင့်ဆီသတ်ရာတွင် သုံးရန်)
  10. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  11. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  12. ချင်း - လက်တစ်ဆစ်ရဲ့တစ်၀က်
  13. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  14. ကုလားလေးမဆလာ - အထုတ်သေး တစ်ထုတ်
  15. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
  • ကုလားပဲဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပဲကိုမနူးတနူး ပဲအခြမ်းလိုက် အေနအထား မပျက်အောင် ပြုပ်ပြီးထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  • မကျည်းသီးမှည့်ကို ရေတထပ်ဆေးပြီး ရေမြုပ်အောင် ထည့်ကာ ရေစိမ်ထားပါ
  • ခရမ်းသီးကို လေးစိတ်စိတ်ကာ ရေဆေးပြီး ရေနာရီဝက်လောက် စိမ်းထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ရှစ်စိတ် စိတ်ထားပါ
  • ကြက်သွန်ဖြူ နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကို ထည့်ပြီးဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန် ပြင်ထားသော ခရမ်းသီး အာလူးနှင့် ဆား (သို့မဟုတ်) ငံပြာရည် အရသာမှုန့်တို့ကိုထည့်မွှေပြီး ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ မီးပိတ်ထားပေးပါ
  • အသီးအရွက်များ ဆီသတ်ပြီးတာနဲ့ ပြုပ်ထားသော ပဲအိုးထဲကို ပြောင်းထည့်ပြီး ရေလိုသလောက်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အာလူးကို နူးအောင် တည်ပေးကာ ရေစိမ်ထားသော မကျည်းမှည့်ကို လက်နဲ့နယ်ဖျော်ပြီး မကျည်းမှည့်ရည် ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ကုလားလေး မဆလာကို ထည့်ပြီးမွှေပေးပါ
  • အသီးအရွက်များ နူးလာတာနဲ့မဆလာနံ့ မွှေးနေသော သီးစုံပဲကုလားဟင်းနှင့် မုန့်တွန်ဇံကို တွဲဖက်ကာ သုံးဆောင်နိူင်ပါပြီ။

Friday 14 August 2020

မျှစ် မန်ကျည်းသီးစိမ်းထောင်း အစပ်ဟင်း

ဒီနေ့တော့ မန်ကျည်းသီးစိမ်းလေးတွေကို ထောင်းထားပြီး မျှစ်ချောင်းလေးတွေနဲ့ ဆီလည်ရေလည်လေး ချက်ပါတယ် ထမင်းစားလို့ မြိန်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. မျှစ် - ဆယ်ချောင်း
  2. ပုဇွန်အကောင်သေး - 200 g
  3. မန်ကျည်းသီးစိမ်း ထောင်းပြီးသား - ထမင်းစားဇွန်း လေးဇွန်း
  4. ကြက်သွန်နီ - အနေတော် တစ်ဥ
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ် မွှာ
  6. ငရုတ်သီးအခြောက်တောင့် - စားနိူင်သလောက် 
  7. ငရုတ်သီးစိမ်း - ခြောက်တောင့်ခန့်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

  • မျှစ်ကို ရေဆေးပြီး ပုံပါအတိုင်း လေးစိတ်စိတ်ထားပါ
  • ပုဇွန်ကို ရေဆေးပြီး ခေါင်းနှင့် အမြှီးများကို ဖြုတ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  • ပြီးတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ  ငရုတ်သီးအခြောက်တောင့်တို့ကို မညက်တစ်ညက် ရောထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေထားပါ
  • မန်ကျည်းသီးစိမ်းကို မလိုတာတွေ ဖယ်ပေးပြီး ညက်နေအောင် ထောင်းထားပါ
  • ဆီ နနွင်းမှုန့် ဆား အရသာမှုန့် ငါးငံပြာရည်တို့ကို ပြင်ထားပါ

ဟင်းချက်ရန်

  1. အိုးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကိုထည့်ပါ
  2. နနွင်းမှုန့် ထည့်ပြီးတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  3. ဆီသတ်နံ့ မွှေးလာတာနဲ့ငရုတ်သီး ဆီသတ်ကို ဘေးကိုခန တွန်းထားကာ မန်ကျည်းသီးစိမ်းထောင်းကို ထည့်မွှေပေးပါ
  4. မန်ကျည်းသီးစိမ်း ထည့်ပြီး လေးမိနစ်လောက် ကြော်ပေးပါ
  5. မန်ကျည်းသီးစိမ်း အရောင်ပြောင်းသွားတာနဲ့ ပုဇွန်ကို ထည့်မွှေပေးပါ
  6. ပုဇွန်ထည့်ပြီးတာနဲ့ သုံးမိနစ်လောက်နေရင် မျှစ်ကိုထည့်ပြီး မွှေပေးပါ
  7. ပြီးတာနဲ့မျှစ် အရသာမှုန့် ဆား ငံပြာရည်တို့ကို တစ်ခါထဲ ထည့်မွှေပေးပါ
  8. ပြီးတာနဲ့ မျှစ်ကို ရေမြုပ်အောင်ထည့်ကာ ငရုတ်သီးစိမ်းထည့်ပေးကာ အဖုံးအုပ်ပြီး တည်ပေးပါ
  9. ရေမခမ်းခင် ဆီလည်ရေလည် အနေအထား ရလာတဲ့နဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  10. ပြီးတာနဲ့ မျှစ်မန်ကျည်းသီးစိမ်း ဆီလည်ရေလည် ချဉ်ငံစပ်ဟင်းလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday 13 August 2020

ကန်စွန်းဥ ခေါက်ဆွဲကြော်



ဒီတစ်ခါတော့ အသားမပါပေမဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့ ကန်စွန်းဥ ခေါက်ဆွဲအချိုလေး ကြော်စားဖြစ်ပါတယ် အရသာ အချိုအစိမ့်လေး ရတဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိုင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကန်စွန်းဥခေါက်ဆွဲအစို - သုံးဆယ်သား
  2. ကြာဆွယ် - မိမိနှစ်သက်သလောက်
  3. မုံလာဥနီ - အနေတော် တစ်ဥ
  4. ကိုက်လန် - အနေတော် သုံးပင်
  5. ပန်းဂေါ်ဖီ - အခက်ကြီးကြီး လေးခက်
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  7. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း တစ်ဇွန်း
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  11. ကြက်ပြုပ်ရည် - ထမင်းစားဇွန်း ရှစ်ဇွန်း
  12. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  13. ကြက်ဥ - တစ်လုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်သွန်မိတ်ကို ရေဆေးကာ ခပ်ရှည်ရှည်လေးတွေရအောင် လှီးထားပါ
  • ကိုက်လံကို အပင်လိုက်ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော်လေးတွေ လှီးပေးပါ
  • ကြာဆွယ်ကို ရေဆေးထားပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ ကိုက်လန် ကြာဆွယ် ပန်းဂေါ်ဖီနှင့် မုံလာဥနီတို့ကို နှစ်မိနစ်လောက် ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • ကြက်ဥ ကျက်တာနဲ့ ခေါက်ဆွဲကြော်ကို ရောမွှေပေးကာ အားလုံးသမသွားတာနဲ့ ခေါက်ဆွဲကြော် ချိုစိမ့်စိမ့်လးကို သုံးဆောင်နိုင်ပါပြီ။

Wednesday 12 August 2020

ဖက်ထုတ်ကြော်

ဒီနေ့တော့  ရေခဲသေတ္တာထဲမှာ လက်ကျန်ရှိတာတွေ ထုတ်ပြီး ဖက်ထုတ်ကြော်လေး ကြော်ဖြစ်ပါတယ် အစာပြေအတွက် အရမ်းအဆင်ပြေတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ဖက်ထုတ်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 250 g
  2. ပုဇွန်ထုတ် - အခွံချွတ်ပြီးသား 100 g
  3. ဖက်ထုတ်ရွက်  - အရွက်၃၀ခန့် (ready made အရွက်ကို သုံးထားပါတယ်)
  4. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. Mushroom soy sauce - ထမင်းစားဇွန်း တစ်ဇွန်း
  7. Corn flour - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ကြက်သွန်မိတ် - အပင်ကြီးကြီး ၃ပင် (40 ml)
  11. တရုတ်နံနံ - လှီးပြီးသား  (30 mlခန့်)
  12. နှမ်းဆီ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  13. နေကြာဆီ - လီတာ၀က်ခန့်

ပြင်ဆင်ပုံ

  • ကြက်ရင်ပုံသားကို ခပ်သေးသေးလေးတွေ လှီးထားပါ
  • ပုဇွန်ထုတ်ကို အခွံခွာပြီး ကြောဖက်မှ အမည်းကြောင်းကို ထုတ်ထားပါ
  • ကြက်သားနှင့် ပုဇွန်ကို ကြိတ်စက်ထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်စက်မသုံးပါက ဓါးနှင့် ခပ်နုတ်နုတ် ညက်နေအောင် စဉ်းပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး လက်တဆစ်စာ အနေလောက် လှီးပေးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ဇလုံတလုံးထဲမှာ ညက်နေအောင် ကြိတ်ထားသော ကြက်သားပုဇွန်အရော ကြက်သွန်မိတ် တရုတ်နံနံ တရုတ်မဆလာ ငရုတ်ကောင်းမှုန့် ဆား အချိုမှုန့် နှမ်းဆီ mushroom soy saue, cornflour တို့ထည့်ပြီး အရသာမျှအောင် ဇွန်းနှင့်မွှေပေးပါ

ဖက်ထုတ်ထုတ်ရန် ပြင်ဆင်ပုံ

  • ဖက်ထုတ်အရွက် တရွက်ယူပြီး အစာကို အလယ်တည့်တည့်မှာ လက်ဖက်ရည်ဇွန်း တဇွန်းစာလောက် ပုံပေးပါ
  • Ready made  ခဲထားသော အရွက်ကို သုံးပါက အစာမထည့်ခင် နာရီ၀က်လောက် ကြိုထုတ်ထားပေးပါ
  • ရေခဲပျော်မှ တရွက်ခြင်း လွှာယူရ လွယ်ကူစေပါတယ်
  • အစာထည့်ပြီးသော ဖက်ထုတ်အရွက်ဧ။် အနား၂ဖက်ကို ရေနှင့် အနည်းငယ် စွတ်ပေးပြီး ပုံပါအတိုင်း ခေါက်ပေးပါ
  • အနား၂ဖက် ကပ်သွားစေရန် လက်မနှင့် လက်ညှိုးကြားထည့်ကာ လိုက်ဖိပေးပါ
  • ထုတ်ပြီးသော ဖက်ထုတ်များကို တခုနှင့် တခုမကပ်စေရန် ခပ်ဝေးဝေးထားပါ
  • ချက်ချင်း ကြော်မစားသေးပါက နာရီ၀က်လောက် လေသလပ်ခံပြီးမှ တခုနှင့်တခု ထပ်ထားပြီး သိမ်းပေးပါ
  • ထိုနည်းအတိုင်း ဖက်ထုတ်အရွက်များ ကုန်တဲ့အထိ ထုပ်ပေးပါ
  • ထုတ်ပြီးသွားသော ဖက်ထုတ်များကို စားနိူင်သလောက် ကြော်ပြီး ပိုသောဖက်ထုတ်များကို ရေခဲသေတ္တာ အပေါ်ထပ်မှာ သိမ်းထားပြီး လိုမှထုတ်၍ ကြော်နိူင်ပါတယ်

ကြော်ရန် ပြင်ဆင်ပုံ

  • ကြော်နေစဉ် ဖက်ထုတ်အပြင်သား အကျက်မမြန်စေရန်အတွက် အိုးအသားထူသော ဒယ်အိုးကို အပူပေးပါ
  • အိုးပူလာတာနဲ့ ဆီကိုထည့်ပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့လိုက်ပါ
  • မီးအားအရမ်းပြင်းလျှင် ဖက်ထုတ်အပြင်ခွံ ကျက်ပြီးအရောင် မလှသလို အတွင်းက အစာများ မကျက်ဘဲ ဖြစ်တတ်ပါတယ်
  • မီးလျော့ပြီး အိုးထဲမှဆီ အငွေ့သေလောက်မှ ဖက်ထုတ်များကို တစ်ထုတ်ခြင်း တစ်ခုနှင့်တစ်ခု မကပ်အောင် ထည့်ပေးပါ
  • ပြီးတာနဲ့ ရေကို ဖက်ထုတ်မမြုပ်တစ်မြုပ်လောက် ထည့်ပေးကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန်နှင့် အိုးကပ်ပြီး ဖက်ထုတ်ရွက်များ ပေါက်မထွက်စေရန်အတွက် တစ်ဖက်ကျက်မှ တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
  • ဆီစစ်တာနဲ့ အရသာရှိလွန်းသော ပုဇွန်ကြက်သား ဖက်ထုတ်ကြော်ကို နှစ်သက်ရာ အချဉ်ဖြင့် စားသုံးနိူင်ပါပြီ။