Friday, 31 July 2026

ဆိတ်ကလီစာဟင်း

 



ဒီနေ့တော့ ဆိတ်ကလီစာကို ဟင်းခတ်အမွှေးအကြိုင်ခပ်များများရယ် ပျဉ်းတော်သိမ်းရွက်ခပ်များများလေးနဲ့ မဆလာ နိူင်နိူင်ထည့်ကာ ဆီပြန်လေး ချက်ပါတယ် မဆလာ ခပ်များများနဲ့ ချက်တဲ့အတွက် မဆလာ အနံ့ကြောင့် ဆိတ်ကလီစာဟင်းက မညှီတော့ဘဲ ပိုပြီးစားလို့ ကောင်းပါတယ်။

ဒါကြောင့်မို့လို့ ထမင်းစားလို့ မြိန်စေပြီး စားလို့ကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  • ဆိတ်ကလီစာ - 500 g
  • ကြက်သွန်နီ - အနေတော် သုံးဥ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  • ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  • စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  • မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း

ဆိတ်ကလီစာဆေးရန်
  • ဆား -ထမင်းစားဇွန်းတဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း သုံးဇွန်း
  • ပဲစိမ်းမှုန့် - ထမင်းစားဇွန်းလေးဇွန်း


ပြင်ဆင်ပုံ
  1. ဆိတ်ကလီစာများကို ဆား ပဲစိမ်းမှုန့် သံပုရာရည်တို့နဲ့ သေသေချာချာ နယ်ပြီးမှ ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  2. တုံးထားသော ဆိတ်ကလီစာများကို မဆလာ အရသာမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  3. ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  5. ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  6. စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
ချက်ပြုပ်ပုံ
  1. ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  3. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဆိတ်ကလီစာများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  4. ဆိတ်ကလီစာများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  5. ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
  6. ဆီပြန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ဆိတ်ကလီစာဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

Sunday, 12 July 2026

ကြက်ဥကြော် ချဉ်ရည်ဟင်း

 

ဒီနေ့တော့ ငါးပိရည်ကျို မွှေးမွှေးလေး ကျိုဖြစ်ပါတယ် ငါးပိရည်ကျိုကျို မွှေးမွှေးလေး ကျိုဖြစ်တော့ သူနဲ့လိုက်ဖက်ပြီး ထမင်းမြိန်မြိန်နဲ့ စားလို့ကောင်းစေတဲ့ လွယ်ကူမြန်ဆန်စွာ ချက်နိူင်တဲ့ ကြက်ဥချဉ်ရည်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဥ - ရှစ်လုံး
  2. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
  4. ချင်း - လက်တစ်ဆစ်သာသာ
  5. ခရမ်းချဉ်သီး - အလုံးကြီးကြီး ငါးလုံး
  6. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်းသာသာ
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၆ဇွန်း
ပြင်ဆင်ပုံ
  • ကြက်ဥကို ဖောက်ပြီး ကြောထားပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ္သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး နုတ်နုတ်လေးတွေ လှီးထားပါ
  • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
  • ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးပြီး ဆီသတ်ပေးပါ
  • ငံပြာရည် ဆီသတ်နံ့လေး မွှေးလာတော့မှ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေလာတော့မှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထဲ့ကာ ရေကိုပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည် ပွက်ပွက်ဆူလာလာတာနဲ့ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ဟင်းရည်အရသာ အနေတော် ရလာတာနဲ့ ကြော်ထားတဲ့  ကြက်ဥကို ထည့်ပေးကာ ဆီကျန်ရေကျန် အနေအထားလေး ရလာအောင် တည်ပေးပါ
  • ပြီးတာနဲ့ ကြက်ဥချဉ်ရည်ဟင်းကို မဆလာအုပ်ပေးကာ မီးပိတ်ပေးနိုင်ပါပြီ။

ပုဇွန်ထုတ် ငပိရည်ဖျော်


 


ငပိရည် ကျိုနည်းလေးတွေ အမျိုးမျိုး ရှိကြပါတယ် မာမာကတော့ ငပိရည် ကျိုတဲ့အခါ နနွင်းမှုန့် ထည့်ကျိုတာကလွဲပြီး တစ်ခြား အမွှေးအကြိုင်တွေ ထည့်ကျိုတာကို မကြိုက်ပါဘူး။ 

ဒါကြောင့်မို့လို့ မာမာ့လို ငပိရည် ကြိုက်ကြတဲ့သူတွေ ရှိကြတဲ့အတွက် ငါးပိရည် ကျိုနည်းလေး လာလာပြီး မေးတတ်ကြလွန်းလို့ မာမာကျိုထားတဲ့ နည်းလေးနဲ့ ဒီနေ့တော့ ပုဇွန်ထုတ် မီးကင်နဲ့ ငပိရည် ဖျော်စရာ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့ ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် အကောင်ကြီးကြီး ငါးကောင်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၁မွှာ
  4. ကြက်သွန်နီ - အနေတော် သုံးလုံး
  5. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ပုဇွန်ထုတ်ကို မီးကင်ပေးကာ ရေဆေးပြီး အံများကို ခွာထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ ထည့်လှော်ပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ အညှာခြွေပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ ကျွမ်းယောင်သန်းတဲ့လာတဲ့အထိ လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက်လေး ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပုဇွန်ထုတ်နှင့် ပါ၀င်ပစ္စည်းများကို ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ငါးပိရည်အဖျော် ရတာနဲ့ တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးနဲ့ လိုက်ဖက်တဲ့ ကြက်ဥချဉ်ရည်ဟင်းရယ် ပုဇွန်ကြော်တို့နဲ့ တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Sunday, 5 July 2026

ဆီနီဆီချက်



 



ဆီနီဆီချက် ချက်နည်းလေး မေးထားသူတွေအတွက် မာမာချက်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ဆီနီဆီချက် ချက်တဲ့အခါမှာ သတိထားရမှာက ဆီနီဆီချက်ကို ကြက်သွန်ဖြူထောင်းလေးကို အရင်ကြော်ပြီးမှ ဆယ်ထားကာ ဆီပူပူကို ငရုတ်သီးထဲကို လောင်းထဲ့ရင်လဲ ရပါတယ်။

ဒါပေမဲ့ ချက်နေမကျတဲ့ သူဆိုရင် ကြက်သွန်ဖြူကလဲ ခါးသွားတတ်သလို ငရုတ်သီးကလဲ တူးသွားတတ်ပါတယ်။

ဒါကြောင့်မို့လို့ ဆီနီဆီချက် အလွယ်ချက်နည်းလေးကိုလဲ ရေးပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
*****************
(၁) ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း ငါးဇွန်း
( ၂ ) ဆီ - လီတာဝက်ခန့်
( ၃ ) နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ

ပြုလုပ်နည်း
*************
( ၁ ) အရင်ဆုံး ငရုတ်သီး အရောင်တင်မှုန့်ကို အနေတော် စတီးဇလုံထဲမှာ ထည့်ထားပါ။

(၂ )အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး မီးအနေတော်နဲ့အပူပေးပါ။

( ၃ ) ဆီပူလာပြီ ဆိုတာနဲ့ ငရုတ်သီး အရောင်တင်မှုန့် ထည့်ထားသော ဇလုံထဲကို လောင်းထဲပေးပါ။

( ၄ ) ပြီးတာနဲ့ ဇွန်းရှည်ရှည်နှင့် ဆီနှင့်ငရုတ်သီးမှုန့် သမသွားအောင် ခပ်မြန်မြန်လေး မွှေပေးပါ။

( ၅ ) အေးသွားပြီ ဆိုတော့မှ မိမိသိမ်းထားမည့် ပုလင်း သို့မဟုတ် ဘူးလေးထဲမှာ ထည့်ထားပြီး သိမ်းထားပြီး အသုပ်သုပ်တဲ့ အခါကျမှ ယူသုံးပေးပါ။