Tuesday 31 August 2021

ပဲလွန်း ကောက်ညှင်းဖြူပေါင်း

 


ပဲလွန်းတစ်အိုး ပြုပ်ထားတာ ပဲလွန်းနှပ်လေးလုပ်လိုက် ပဲလွန်းသုပ်လေးလုပ်လိုက်နဲ့ ဒီနေ့တော့ နောက်ဆုံးကုန်ခါနီးမှာ ကောက်ညှင်းအဖြူကို ပဲလွန်းပြုပ်ပြီးသားလေးတွေနဲ့  ပေါင်းထားတဲ့ ကောက်ညှင်းပေါင်း မွှေမွှေးစိမ့်စိမ့်လေးကို ပေါင်းဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ကောက်ညှင်းပေါင်း မွှေးမွှေးစိမ့်စိမ့်လေးကို အုန်းသီးမှုန့်နှင့် နှမ်းလှော်ထောင်းလေးဖြူးကာ စားဖို့ပြင်ဆင်ခဲ့အတွက် မာမာပေါင်းထားတဲ့ ကောက်ညှင်းပေါင်း နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းဆန် အဖြူ  - လေးဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး
  2. ရေ - 1200 ml (ကောက်ညှင်းပေါင်းအိုး အောက်ခံအိုးတွင် ထည့်ပေးရန် )
  3. အုန်းသီး ခြစ်ပြီးသား - 1/2 cup ( မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) 
  4. ပြုပ်ပြီးသားပဲလွန်း - မိမိနှစ်သက်သလောက်ထည့်ပါ
  5. နှမ်းလှော်ထောင်း - မိမိနှစ်သက်သလောက်
  6. ပေါင်းအိုး - တစ်လုံး
  7. Baking paper - လိုသလောက် ပိုင်းဖြတ်ပေးပါ
ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ဇလုံတစ်လုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ အုန်းသီးမှုန့်နှင့် ကောက်ညှင်းဆန် နှစ်မျိုးစလုံးကို ရောထားပေးပါ
  • မာမာ အသုံးပြုတဲ့ ပေါင်းခံဇကာက အပေါက်ကြီးတဲ့အတွက် ပေါင်းခံဇကာထဲမှာ baking paper ခံပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
  • ထိုပေါင်းခံဇကာ အပေါ်မှာ ပြုပ်ပြီးသား ပဲလွန်းကို ဖြန့်ခင်းပေးပါ
  • နောက်တစ်ထပ် ပဲအပေါ်မှ ကောက်ညှင်းဆန်များကို ဖြန့်တင်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးမှ ပေါင်းမည့်ခလုတ်နှိပ်ပြီး မိနစ်၂၀ ချိန်ပေးကာ ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
  • အိုးအဖုံး ဖွင့်ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို အထက်အောက် သမသွားအောင် မွှေပေးပြီး အုန်းသီးမှုန့်များနှင့် နှမ်းလှော်ထောင်းများ ဖြူးပေးကာ အိုးအဖုံး ပြန်ဖုံးပေးကာ ဆယ်မိနစ်လောက် လက်ကျန်အပူရှိန်နဲ့ နှပ်ပေးထားပါ
  • ပြီးတာနဲ့ အုန်းသီးနံ့ မွှေးမွှေးလေးနဲ့ ပဲလွန်းစိမ့်စိမ့်လေးပေါ်မှာ နှမ်းလှော်ထောင်း ဖြူးပေးကာ ကောက်ညှင်းပေါင်း ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။

Monday 30 August 2021

ပဲလွန်းသုပ်


သတ်သတ်လွတ် စားတဲ့နေ့တွေမှာ ပဲသုပ်လေး တစ်မယ်တော့ ပါအောင်လို့ သုပ်တတ်ပါတယ် ဒီနေ့တော့ ပဲလွန်း ပြုပ်ပြီးသားလေးတွေကို ကြက်သွန်နီနဲ့ ပဲဆီစိမ်းလေး ထည့်ပြီး မွှေးနေအောင် သုပ်ထားတဲ့အတွက် လွယ်ကူမြန်ဆန်ပြီး စားလို့ကောင်းတဲ့ သတ်သတ်လွတ် ပဲသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ပြုပ်ပြီးသား ပဲလွန်း - အနေတော် တစ်ပန်းကန်စာ
  2. ဆားအနု - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ကြက်သွန်နီ အလုံးသေး - မိမိနှစ်သက်သလောက် (shallot onionကို သုံးပေးပါ)
  4. အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ပဲဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ

  • ပြုပ်ပြီးသား ပဲလွန်းတစ်ပန်းကန်စာကို အဆင်သင့် ပြင်ပေးထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • ကြက်သွန်နီ ဆားအနုနှင့် အရသာမှုန့်တို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတလုံးထဲမှာ ပါ၀င်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ  သတ်သတ်လွတ် ပဲသုပ်လေးကို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

Sunday 29 August 2021

ပဲလွန်းနှပ်

 
ဒီနေ့တော့ အရင်ရက်က ပြုပ်ထားတဲ့ ပဲလွန်းပြုပ်ကို ချင်း ကြက်သွန်ဖြူ ကြက်သွန်နီလေးတွေကို ဆီသတ်ကာ ပဲနှပ်လေး နှပ်ဖြစ်ပါတယ်။

ဒီအတိုင်းဘဲစားစား ထမင်းပူပူလေးနဲ့ဘဲ စားစား ငါးပိရည်ကျိုလေးနဲ့ နယ်ဖတ်ပြီး စားရတာ အရမ်းကို စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲလွန်းနှပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါဝင်ပစ္စည်းများ

  1. ပဲလွန်းပြုပ်ပြီးသား - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. ချင်း - ခပ်ပါးပါး ငါးပြား
  5. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးပြီး အမြှောင်း ခပ်ရှည်ရှည်လေးတွေ လှီးပေးပါ
  • ပြုပ်ပြီးသား ပဲနှင့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တို့ကို ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ချင်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ထည့်ကြော်ပေးပါ
  • ချင်းနှင့် ကြက်သွန်များ နွမ်းလာတော့မှ ပဲပြုပ်များ ဆားနှင့် အရသာမှုန့်တို့ ထည့်ကြော်ပေးပါ
  • ပဲနှပ်နံ့လေး သင်းလာတာနဲ့ အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပေးကာ ပဲနှပ်စိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday 28 August 2021

ပဲလွန်းပြုပ်





ဒီနေ့တော့ ပဲလွန်းလေးတွေ ဝယ်ထားတာ ကြာနေပြီ ဖြစ်တဲ့အတွက်  ပဲပြုပ်လေး ပြုပ်ဖြစ်ပါတယ် ပြုပ်နည်းလေးကလဲ အရမ်းကိုဘဲ လွယ်ကူ ရိုးရှင်းပါတယ်။

ဒါပေမဲ့လဲ မပြုပ်တတ်သေးတဲ့ သူတွေအတွက် ပြုပ်နည်းလေးကို မျှဝေပေးရင်း နောပ်ရက်တွေမှာ ဒီပြုပ်ပြီးသား ပဲပြုပ်လေးတွေကို ဘယ်လိုတွေ လုပ်စားလို့ ရတယ်ဆိုတာလေးတွေကိုပါ မျှဝေပေးပါမယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲလွန်း - 400 g
  2. ရေ - လိုသလောက် သုံးပေးပါ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ပြင်ဆင်ပုံ
  • ပဲများကို ရေနှစ်ထပ်လောက် ဆေးပေးကာ ဇလုံထဲမှာ ထည့်ပေးပါ
  • ပြီးတာနဲ့ ပဲများကို ရေမြုပ်အောင် ရေခပ်များများလေးထည့်ပြီး လေးနာရီလောက် စိမ်ထားပေးပါ
  • ပဲများရေဝပြီး ပွလာတာနဲ့ ပြုပ်မည့်အိုးထဲကို ပြောင်းထည့်ပေးပါ
  • ပဲများရေမြုပ်အောင် ထည့်ပေးပြီး ဆားထည့်ကာ မီးဖိုပေါ်တင်ပြီး မီးအားပြင်းပြင်းနဲ့ ပြုပ်ပေးပါ
  • ပဲပြုပ်ထားစဉ် ရေများ ဝေကျတတ်တဲ့အတွက် အိုးအဖုံးကို ခပ်ဟဟလေး ဖုံးထားပါ
  • ပဲအိုးထဲမှ ရေမခမ်းခင် ပဲများ နူးမနူး စမ်းစမ်း ကြည့်ပေးပါ
  • ပဲများနူးလာပါက အိုးထဲမှ လက်ကျန်ရေများကို သွန်ပေးပါ
  • ပြီးတာနဲ့ မီးဖိုမှ မီးကိုပိတ်ပေးပြီး လက်ကျန် မီးအပူရှိန်နဲ့ ပဲအိုးကို နှပ်ပေးပါ
  • ပဲများနပ်လာပါက မိမိနှစ်သက်သလို သုံးဆောင်ရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Thursday 26 August 2021

ပဲပုဇွန်သီးသုပ် မွှေးမွှေးလေး


အိမ်မှာစိုက်ထားတဲ့ ပဲပုဇွန်ပင်လေးတွေ သီးလာပြီဆိုတော့ ချဉ်ရည်ဟင်း ချက်လို့တစ်ဖုံ ကြော်စားလို့တစ်မျိုး ချက်စားဖြစ်သလိုဘဲ ဒီနေ့တော့ ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ်။

ပဲပုဇွန်သီး အသုပ်လေးက ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲပုဇွန်သီး - အတောင့်သုံးဆယ်ခန့်
  2. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  3. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ကြက်သွန်ဖြူဆီချက်အဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  8. မန်ကျည်းသီးမှည့်အရည် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  10. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ပဲပုဇွန်သီးကို အကြောများ သင်ပေးပြီး ရေစင်အောင် ဆေးထားပါ
  • အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ပဲပုဇွန်သီးများ ရေမြုပ်အောင်ထည့်ပြီး အဖုံးမအုပ်ဘဲ ပြုပ်ပေးပါ
  • အကြာကြီး ပြုပ်စရာ မလိုဘဲ ရေပွက်ပွက်ဆူပြီးသား ဖြစ်တဲ့အတွက် သုံးမိနစ်လောက်ဘဲ ပြုပ်ပေးပါ
  • ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေများကိုသွန်ကာ ရေစစ်ပေးပါ
  • ရေစစ်သွားပါက အနေတော်လေးတွေ ရလာအောင် ဓါးပြတ်ပြတ်နှင့် ခပ်စောင်းစောင်းလေးတွေ လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ပဲပုဇွန်သီး ကြက်သွန်နီ ပုဇွန်ခြောက်မှုန့်  ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်နီဆီချက် ကြက်သွန်ဖြူ ဆီချက်ဖတ် ငံပြာရည်နှင့် မန်ကျည်းမှည့် ရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  • နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ  ပဲပုဇွန်သီး အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

Tuesday 24 August 2021

မုန့်ကြာစေ့






ကိုဗစ်ကာလ အိမ်ထဲက အိမ်အပြင်လဲ မထွက်ရတော့ စိတ်ထဲမှာ စားချင်တာလေးတွေ လုပ်စားဖြစ်တဲ့အထဲက ဒီနေ့တော့ မုန့်ကြာစေ့လေးတွေ လုပ်စားဖြစ်ပါတယ်။

မုန့်ပိန္နဲစေ့နဲ့ မုန့်ကြာစေ့ မုန့်သားစပ်ပုံ တူပေမဲ့ မုန့်လုံးပုံလေး နည်းနည်းလေး ကွာခြားသွားတာပါဘဲ မုန့်ကြာစေ့ကို ခပ်သေးသေးလေးတွေ လုံးပေးပြီး မုန့်ပိန္နဲစေ့ကိုတော့ ပိန္နဲစေ့ပုံစံ ခပ်ရှည်ရှည်လေးတွေ လုံးပေးတဲ့ ပုံစံလေးဘဲ ကွာခြားသွားပါတယ်။

မုန့်သားစပ်တာကတော့ မုန့်လုံးရေပေါ်အတွက် စပ်တဲ့နည်းအတိုင်းပါဘဲ ကောက်ညှင်းမှုန့် သုံးဆ ဆန်မှုန့်တစ်ဆ ရေနဲ့ရောနယ်ပြီး မုန့်သားစပ်လိုက်ရုံပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်၀က်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  4. ထန်းလျှက်ခဲ - 150 g (မုန့်လုပ်ထန်းလျှက်ခဲကို သုံးပါက အရောင်ပိုလှပါတယ်)
  5. အုန်းသီးဖတ် -  မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ကောက်ညှင်းမှုန့်နှင့်ဆန်မှုန့်တို့ကိုထည့်ပြီး ရေကိုနည်းနည်းချင်းထည့်ကာ မုန့်သား အိလာအောင် နယ်ပေးပါ
  • ကောက်ညှင်းဆန်နှင့်ဆန်မှုန့်တို့အပေါ်မူတည်ပြီး မုန့်သားအပျော့အမာ ကွဲသွားတတ်တာမို့ ရေကိုနည်းနည်းချင်း ထည့်နယ်ပေးပါ
  • မုန့်သားနယ်ပြီးပါက အ၀တ်ရေစို သန့်သန့်ကိုရေညှစ်ပြီး မုန့်သားအပေါ်မှ ာအုပ်ပေးပြီး နာရီ၀က်လောက် နှပ်ထားပေးပါ
  • မုန့်သားနှပ်ထားချိန် နာရီ၀က်ပြည့်ပါက မုန့်သားကို နည်းနည်းချင်းယူပြီး ပိန္နဲစေ့ ပုံစံလေးတွေ လုံးပေးပြီး မုန့်သားအားလုံး ကုန်တဲ့အထိ လုံးပေးပါ
  • မုန့်သားပြုပ်ပြီး ဆယ်ထည့်ရန် ရေအေးသန့်သန့် ဇလုံတစ်လုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံးပြီးတာနဲ့ အိုးတစ်လုံးထဲမှာ ရေများများထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူတာနဲ့ လုံးထားသော မုန့်လုံးလေးများကို တလုံးချင်း ရေနွေးအိုးထဲကို ထည့်ပေးပါ
  • မုန့်လုံးလေးတွေ ထည့်နေတုံး မုန့်သားကျက်ပြီး ရေပေါ်ပေါ်လာသော မုန့်လုံးများကို တမိနစ်လောက်ထားပြီး ဆယ်ပေးပါ
  • မုန့်လုံးလေးများ ဆယ်ပြီးတာနဲ့အဆင်သင့် ပြင်ထားသော ရေအေးဇလုံထဲကို ထည့်ပေးပါ
  • မုန့်သားအားလုံး ပြုပ်ပြီးတာနဲ့ရေအေးစိမ်ထားသော မုန့်လုံးလေးများကို ရေထဲကဆယ်ပြီး ရေစစ်ပေးပါ
ထန်းလျှက်ရည်ကျိုရန်
  • ဇောက်နက်သော အနေတော် အိုးတလုံးထဲမှာ ထန်းလျှက်ခဲနှင့် ရေထမင်းပေါင်းအိုး ဆန်ချင်ဗူးနှစ်ဗူးသာသာလောက်ကို ထည့်ပြီးကျိုပေးပါ
  • ထန်းလျှက်ရည် မပျစ်မကျဲ အနေအထားလောက် ရအောင်ကျိုလိုက်ပြီး ပိတ်ပါးစခံကာ အမှိုက်များကို စစ်ပေးပါ
မုန့်ပွဲပြင်ရန်
  1. ရေစစ်ထားသော မုန့်ကြာစေ့ အလုံးလေးများကို ထန်းလျှက်ရည် အိုးထဲမှာ ထည့်ပေးပြီး ထန်းလျှက်ရည် စိမ်ထားပေးပါ
  2. အုန်းသီးမှုန့်များကို အဆင်သင့် ပြင်ထားပါ
  3. မုန့်တစ်ပွဲစာအတွက် ပန်းကန်လုံးထဲမှာ မုန့်ကြာစေ့ ထန်းလျှက်ရည်တို့ကို အနေတော် ထည့်ပေးပြီး အုန်းသီးခြစ်ပြီးသားကို မိမိနှစ်သက်သလောက် ဖြူးပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Saturday 21 August 2021

ပုဇွန်ခြောက် ငံပြာရည်ကြော်










ဒီနေ့တော့ ပုဇွန်ခြောက် သေးသေးလေးတွေ ဝယ်ထားပြီး ဘယ်လိုချက်ရမှန်းမသိ ဖြစ်နေတုန်း စိတ်ထဲက ပဲဟင်းချိုနဲ့ လိုက်ဖက်လွန်းတဲ့ ငရုတ်သီး စပ်စပ်လေး စားချင်တာနဲ့ ငရုတ်သီးကြော်လေး ကြော်ဖြစ်သွားခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ပုဇွန်ဆိတ် အခြောက် - 100 g
  2. ကြက်သွန်နီ - ခပ်ကြီးကြီး သုံးလုံး
  3. ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း လေးဇွန်း
  4. ဆီ - ဟင်းခတ်ဇွန်းကြီး နှစ်ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. ငံပြာရည် - ထမင်းစားဇွန်း ငါးဇွန်း
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
  • ပုဇွန်ခြောက်ကို ရေနာရီ၀က်လောက် စိမ်ထားပါ
  • ပြီးမှပုဇွန်ခြောက်ထဲက သဲစသဲနလေးတွေ စင်သွားအောင် ခါခါပြီး ရေဆေးပေးကာ ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီလာပါက  နနွင့်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ
  • ငရုတ်သီးနံ့ မွှေးလာပါက မီးကိုအနေတော် လျော့ပေးပြီး ရေစစ်ထားသော ပုဇွန်ခြောက် ဆား  ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ 
  • မကြာမကြာ မွှေပေးပြီး  ကြော်ပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • ငံပြာရည်နံ့ သင်းလာပါက မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ပုဇွန်ခြောက် ငံပြာရည်ချက် စပ်စပ်မွှေးမွှေးလေး ရပြီဆိုတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

Friday 20 August 2021

ကောက်ညှင်းငချိတ် လှော်စာ

 







ဒီနေ့တော့ ကောက်ညှင်းငချိတ်ကိုပေါင်းပြီး လှော်စာလေးတွေ လုပ်ထားတာ ရလာပါပြီ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ လှောါစာလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ကောက်ညှင်းငချိတ်ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. လှော်စာဆေးလုံး - 22 g တစ်လုံး (dried yeast ball)
  3. ပေါင်းအိုး - တစ်လုံး
  4. လှော်စာဖောက်ရန်ဇလုံသန့်သန့် - တစ်လုံး
  5. လက်သုတ်ပုဝါ - ခပ်ထူထူ တစ်ထည်
  6. Glad wrap - လိုသလောက် သုံးပေးရန်


ပြင်ဆင်ပုံ

  • လှော်စာဖောက်ရန် လိုအပ်တာတွေကို အဆင်သင့် ပြင်ထားပေးပါ
  • ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေနှစ်နာရီလောက် စိမ်ပေးကာ ရေစစ်ထားပါ
  • ရေစစ်ထားသော ကောက်ညှင်းဆန်ကို ဇကာပေါ်မှာ ပိတ်စသန့်သန့် တစ်ခုခင်းပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးအောက်ခံအိုးထဲကို အောက်ခံခုံ ထိတယ်ဆိုရုံလေး ရေထည့်ပေးပါ
  • ခုံအပေါ်ကို ကောက်ညှင်းဆန် ထည့်ထားသော ဇကာကို တင်ပေးပါ
  • ကောက်ညှင်းဆန်များ အကျက်ညီစေရန် ပိတ်စကို အုပ်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးအဖုံးကို လေလုံအောင် ပိတ်ပေးပြီး steam ခလုတ်ကို နှိပ်ပေးပါ
  • နာရီခလုတ်ကိုနှိပ်ပြီး မိနစ်နှစ်ဆယ် ချိန်ပေးကာ စတင်ပြီး ပေါင်းပေးပါ
  • ပေါင်းချိန်ပြည့်တာနဲ့ အိုးထဲမှ လေများကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ကောက်ညှင်းပေါင်း ဇကာကို အပြင်ထုတ်ပေးပြီး ကောက်ညှင်းများကို ဇလုံထဲ ထည့်ပြီး အအေးခံထားပါ
  • လှော်စာဆေးလုံးကို ညက်ပြီးမှုန့်နေအောင် ထောင်းထားပါ
  • ကောက်ညှင်းဆန်များ အေးသွားတာနဲ့  ထောင်းထားသော လှော်စာဆေးမှုန့်များကို ဖြန့်ထည့်ပေးပါ
  • ပြီးတာနဲ့ ဇွန်းသန့်သန့်ဖြင့် သမအောင် မွှေပေးပါ
  • လှော်စာဖောက်မည့် ဇလုံကို သန့်နေအောင် ဆေးပေးပြီး အခြောက်ခံထားပါ
  • အခြောက်ခံထားသော ဇလုံထဲကို ကောက်ညှင်းများ ထည့်ပေးပြီး အလယ်မှာ အပေါက်လေး ဖောက်ပေးပါ
  • ပြီးတာနဲ့ ဆေးမှုန့် နယ်ထားသော ဇလုံကို ရေ ထမင်းစားဇွန်း နှစ်ဇွန်းလောက်နှင့် ကျင်းပေးပြီး ကောက်ညှင်းအပေါ်မှာ ဖြန့်ပြီးထည့်ပေးပါ
  • ပြီးတာနဲ့ လေလုံစေရန် glad wrap ဖြင့် လုံနေအောင် အုပ်ပေးပါ
  • ထိုအပေါ်ကမှ အဖုံးတစ်ခု ထပ်အုပ်ပေးပြီး လက်သုတ်ပုဝါ ထူထူလေး ထပ်အုပ်ပေးပါ
  • ရာသီဥတုအပေါ် မူတည်ပြီး လှော်စာအချဉ်ဖောက်တဲ့ရက် ရက်အတိုးအလျှော့ ရှိနိူင်ပေမဲ့ ပုံမှန်အပူချိန်ဆိုရင် နှစ်ရက်လောက်နေရင် ကစော်ဖောက်လာပါပြီ
  • လှော်စာထည့်ထားသော ဇလုံအဖုံးကို ဖွင့်လိုက်တာနဲ့ လှော်စာနံ့သင်းသင်းလေး ရပြီဆိုရင် စားဖို့ပြင်နိူင်ပါပြီ။
  • မိမိစားလို့ ပိုနေသော လှော်စာကို ရေခဲသေတ္တာထဲမှာ ၅ရက်လောက်အထိ ထားပြီး စားနိူင်ပါတယ်။
  • လှော်စာလုပ်ရာမှာ အသုံးပြုသော ပစ္စည်းများ လက်နှင့် လှော်စာထည့်မည့် ဇလုံတို့မှာ သန့်ပြန့်သော ပစ္စည်းများ ဖြစ်ရပါမယ်ရှင်။

Thursday 19 August 2021

ငါးဖယ်ချဉ်ကြော်


 

အခုရက်ထဲ စိတ်ထဲမှာ စားချင်တာလေးတွေ တစ်မျိုးပြီးတစ်မျိုး လုပ်စားဖြစ်နေပါတယ် ဒါကြောင့်မို့လို့ ကျန်ခဲ့တဲ့ တစ်ပါတ်က ငါးဖယ်အသား ခြစ်ပြီးသားလေးတွေ ဝယ်လာပြီး ငါးဖယ်အသားချဉ်လေး လုပ်ဖြစ်ခဲ့ပါတယ်။

အခုတော့ ငါးဖယ်အသားချဉ်လေး လုပ်ထားတာ ရသွားပါပြီ ဖြစ်တဲ့အတွက် ဒီနေ့တော့ ငါးဖယ်အသားချဉ် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. ငါးဖယ်အသားချဉ် - အနေတော် ခြောက်တုံး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ငရုတ်သီးစိမ်း - ရှစ်တောင့် (ပါးပါးလှီးရန်)
  4. ငရုတ်သီးလုံးခြမ်းခွဲ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  5. နံနံပင် - မိမိနှစ်သက်သလောက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ငါးငံပြာရည် - အနည်းငယ်
  8. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်း ရှစ်တောင့်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ငါးဖယ်ချဉ် ဆီ အရသာမှုန့် ငံပြာရည် နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ကို ပြင်ထားပါ
ချက်ပြုပ်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ 
  • ဆီပူလာပါက ကြက်သွန်နီကို နွမ်းရုံလေး ကြော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီး အကြမ်းမှုန့်ကို ထည့်ကြော်ပေးပါ
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ငါးဖယ်ချဉ်ကို ထည့်ပေးကာ မွှေပေးပါ
  • ပြီးတာနဲ့ အရသာမှုန့် နှင့် ငံပြာရည်ကို ချင့်ချိန်ပြီး ထည့်ပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ မြည်းကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  • ထမင်းမြိန်ပြီး စားလို့အရမ်းကောင်းကာ အရသာ အလွန်ရှိလှသော ငါးဖယ်ချဉ်ကြော် ချဉ်ငံစပ် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

Tuesday 17 August 2021

မုန့်စိမ်းပေါင်း

 


ဒီနေ့တော့ မုန့်စိမ်းပေါင်း စားချင်တာနဲ့ လက်ဝင်ပေမဲ့ လုပ်စားဖြစ်ပါတယ် မြန်မာမုန့်လေးတွေ စားရတာ အရမ်းကြိုက်တဲ့အတွက် နေ့စဉ်နေ့တိုင်း လုပ်စားဖြစ်တဲ့ မြန်မာမုန့်လေးတွေထဲက မုန့်စိမ်းပေါင်း လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဆန်မှုန့် -  ပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူး
  2. ကောက်ညှင်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းတိတိ
  3. မုန့်လုပ်ထန်းလျှက်ခဲ ချေပြီးသား - ပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး (ထန်းလျှက်ရည်ကျိုရန်)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ထန်းလျှက်ရည်ကျိုရန်)
  6. ဇကာစိတ်စိတ် - တစ်ခု
  7. ပေါင်းအိုး - အစုံတစ်အိုး 
  8. မုန့်စိမ်းပေါင်း ပေါင်းမည့်ဗူး - တစ်ခု
  9. ပိတ်စသန့်သန့် - သုံးစ
  10. နှမ်းထောင်း - လိုသလောက်
  11. အုန်သီးမှုန့် - လိုသလောက်
  12. မုန့်စစ်ဇကာ - တစ်ခု

ထန်းလျှက်ရည်ကျိုရန်
  • ဇောက်အနည်းငယ်နက်သော အိုးထဲမှာ ထန်းလျှက် ဆားနှင့် ရေအနည်းငယ် ထည့်ပေးပြီး ပျော်အောင် ကျိုပေးပါ
  • ထန်းလျှက်များ အရည်ပျော်လာပါ ခပ်ပျစ်ပျစ်လေး ရအောင်ကျိုပြီး အအေးခံထားပါ

ပြင်ဆင်ပြုလုပ်ပုံ
  • ဇလုံတခုထဲမှာ ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်ကို သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ ရေကိုနည်းနည်းချင်းယူကာ ဆန်မှုန့်အပေါ်မှာ ဖျန်းဖျန်းပေးပြီး နယ်ပေးပါ
  • ရေအများကြီး မထည့်မိစေရန် သတိထားပါ
  • ရေနည်းနည်းချင်း ထည့်နယ်ရင်းက ဆန်မှုန့်သား စိုလာပြီဆိုရင် ရပါပြီ
  • မုန့်သားစစ်ရန် ဇလုံတစ်ခုကို အောက်ခံထားပြီး ဇလုံပေါ်မှာ အပေါက် ခပ်စိတ်စိတ်ပါသော ဇကာကို တင်ပေးပါ
  • ထိုဇကာထဲကို မုန့်သားကို နည်းနည်းချင်းယူကာ လက်နှင့်ဖိဖိပြီး တိုက်ချပေးပါ
  • မုန့်သားကုန်တဲ့အထိ ဇကာနှင့် တိုက်ချပေးပါ
  • ပြီးတာနဲ့ ပေါင်းဇကာပေါ်မှာ ပိတ်စကို ခင်းပေးပါ
  • ထိုပိတ်စပေါ်မှာ အမှုန့်စစ်ထားသော ဆန်မှုန့်မုန့်သားကို ထည့်ပေးကာ ပိတ်စကို အုပ်ပေးပါ
  • ပေါင်းအိုးအောက်ခံ အိုးထဲကို ရေတစ်ဝက်သာသာ ဖြည့်ပေးပြီး ဆူအောင်တည်ပေးပါ
  • ထိုရေဆူနေတဲ့ အိုးပေါ်မှာ ဆန်မှုန့်စစ်ပြီး ထည့်ထားသော ပေါင်းအိုးဇကာကိုတင်ကာ ပေါင်းပေးပါ
  • ပေါင်းချိန် ဆယ်မိနစ်လောက် ပေါင်းပေးပြီးတာနဲ့ မီးပိတ်ပေးပါ
  • ပေါင်းထားသော ဆန်မှုန့်ပေါင်းကို ဇလုံတစ်ခုထဲ သွန်ချပေးပါ
  • ဆန်မှုန့်ပေါင်းပြီးသားကို အသာဖွပေးပြီး မုန့်သားအဖြူအတွက် အနည်းငယ် ဖယ်ထားပေးပါ
  • မုန့်သားအဖြူအတွက် ချန်သားသော ဆန်မှုန့်ပေါင်းပြီးသားကို ရေထမင်းစားဇွန်း တစ်ဇွန်းလောက်နဲ့ ခပ်ဖွဖွလေး နယ်ထားပါ
  • ကျန်မုန့်သားကို ထန်းလျှက်ရည် နည်းနည်းခြင်း ထည့်ပေးပြီး ခပ်ဖွဖွ နယ်ပေးပါ
  • ထန်းလျှက်ရည် နယ်ပြီးသား မုန့်သားရလာတာနဲ့  မုန့်စိမ်းပေါင်းလုပ်မည့် ဗူးထဲကို ထည့်ဖိုပြင်ပေးပါ
မုန့်စိမ်းပေါင်း ပေါင်းရန်
  • မုန့်ပေါင်းမည့် ဗူးထဲကို အဝတ်စတစ်စ  ဖြန့်ခင်းပေးပြီး ထည့်ပေးပါ
  • ဗူးရဲ့အောက်ဖက် အထဲကို မုန့်သားအဖြူကို ခင်းပြီးထည့်ပေးကာ အနည်းငယ်လောက်ဘဲ ဖိသိပ်ပေးပါ 
  • မုန့်သားအဖြူ ထည့်ပြီးပါက ထန်းလျှက်ရည် နယ်ထားသော မုန့်သားကို ထည့်ပေးကာ အနည်းငယ်လောက်ဘဲ ဖိသိပ်ပြီး ထည့်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပေါင်းခံဇကာပေါ်မှာ အဝတ်စ တစ်ကိုစ ခင်းလိုက်ပါ
  • ပြီးတာနဲ့ ထိုမုန့်သားများ ထည့်ထားသော မုန့်ဗူးကို ပေါင်းခံဇကာပေါ်က အဝတ်စပေါ်မှာ ပြောင်းပြန်မှောက်ပြီး တင်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးကို ရေအနည်းငယ် ထည့်ပေးပြီး ဆူအောင်တည်ပေးပါ
  • ရေဆူလာတာနဲ့ မုန့်သားထည့်ထားသော ပေါင်းခံဇကာကို တင်ပေးပြီး အဖုံးအုပ်ကာ ၁၅မိနစ် ပေါင်းပေးပါ
  • ဆယ့်ငါးမိနစ် ပြည့်တာနဲ့ မုန့်စိမ်းပေါင်း ချိုစိမ့်စိမ့်လေး ရပါပြီ
  • မုန်းစိမ်းပေါင်းကို ဗန်းတစ်ခုထဲ မှောက်ချပြီး ဘေးဘက်မှ အနေတော် လှီးချပြီး ပန်းကန်ပြား တစ်ချပ်ထဲကို ထည့်ပေးကာ နှမ်းထောင်းနှင့် အုန်းသီးမှုန့်ဖြူးကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday 16 August 2021

ပိန်းရိုးဟင်းခါး

 







စိတ်ထဲမှာ ပိန်းရိုးဟင်းခါး ပူပူလေး သောက်ချင်တာနဲ့ ပုဇွန်ခြောက်မှုန့်လေးထောင်းကာ ဟင်းခါးတစ်မယ် ချက်ထားပါတယ်။
ဆောင်းတွင်းရောက်ရင် ပိန်းပင်လေးတွေက ဥဖော်ချိန် ရောက်လာပြီမို့လို့ အရိုးလေးတွေလဲ သိပ်ပြီးမထွားတော့ပါဘူး ဒါပေမဲ့လဲ ဟင်းခါးချက်သောက်လို့ ရတဲ့အတွက် ပိန်းရိုးလေးတွေကို အရည်သောက်ဆမ်း ချက်ဖြစ်ခဲ့ပါတယ်။

ဒီနည်းလေးကတော့ မာမာ့အမေ မာမာတို့မောင်နှစ်မတွေကို အမြဲတမ်း ချက်ကျွေးတဲ့ နည်းလေးပါ ဒါကြောင့်မို့လို့ ဒီတစ်ခါမှာလဲ အမေ့နည်းအတိုင်း မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းခါးချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပိန်းရိုး - ခပ်သေးသေး အချောင်းနှစ်ဆယ်ခန့်
  2. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ (ဟင်းအိုးထဲထည့်ရန်)
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  7. ငါးပိရည်ကျို - ထမင်းစားဇွန်း နှစ်ဇွန်းခန့်

ပြင်ဆင်ပုံ
  • ပိန်းရိုးများကို အရင်ဆုံး အကြောသင်ပေးပါ
  • အကြောသင်ပြီးတာနဲ့ လက်၂ဆစ်လောက် အတုံးလေးတွေ ပုံပါအတိုင်း လှီးပေးပါ
  • ပြီးတာနဲ့ ရေ၂ထပ်လောက် ဆေးပေးပါ
  • ငါးငပိရည်ကို ဇလုံတစ်လုံးထဲမှာထည့်ပြီး ရေနွေးပူပူ လောင်းထည့်ကာ အရည်ဖျော်ပေးကာ အရိုးများဖယ်ထားပြီး အရည်ပါငင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့်ရောပြီး မညက်တစ်ညက် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမှာ ပိန်းရိုးများ ငပိအရည်ဖျော်ထားသော ငပိရည်နှင့် ရေအနည်းငယ် ထည့်ပေးပါ ပြုပ်ပေးပါ
  • ပြုပ်ထားသော အရည်များ မခမ်းသေးခင် နောက်ထပ်ရေ လိုသလောက် ထည့်ပေးပြီး ပုဇွန်ခြောက်မှုန့် ခပ်ပေးပါ
  • ပြီးတာနဲ့ ပိန်းရိုးများ နူးတဲ့အထိ ဆက်တည်ပေးပါ
  • ပိန်းရိုးများ နူးလာတာတဲ့ ဆား အရသာမှုန့်နှင့် ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းတို့ကို ထည့်ပေးပါ
  • ဟင်းရည် အပျစ်အကျဲကို မိမိစိတ်ကြိုက် ထည့်ပေးကာ ဟင်းရည်အိုး ပွက်ပွက်ဆူပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ငါးဖယ်ချဉ်သုပ်လေးနဲ့ လိုက်ဖက်လွန်းတဲ့ ပိန်းရိုးဟင်းခါး အရည်သောက်ဆမ်း ဟင်းခါး ပူပူလူလူလေးကို ပြင်ပေးနိူင်ပါပြီ။
မှတ်ချက်။ ။ တချို့က ပိန်းရိုးကိုင်လျှင် ယားတတ်ပါတယ် ဒါကြောင့်မို့လို့ လက်အိတ်နှင့် ကိုင်ပေးပါ။
ငါးပိရည်ကျို အရည်လေး ထည့်ချက်ခြင်းအားဖြင့် ပိန်းရိုးဟင်းခါး သောက်တဲ့အခါ အာယားတတ်သူတွေအတွက် အာမယားတော့ပါ။

Sunday 15 August 2021

ကိုယ်တိုင်လုပ် ပဲငပိ ငပိချက်





ဒီနေ့တော့ မာမာကိုယ်တိုင် လုပ်ထားတဲ့ ပဲငပိအနှစ်လေးတွေနဲ့ ငပိချက် ချက်ဖြစ်ပါတယ် ပဲငပိ အနှစ် လုပ်နည်းလေးလဲ နောက်ရက်တွေမှာ တင်ပေးပါမယ် ဒီနေ့တော့ ထမင်းစားလို့ မြိန်စေတဲ့ ပဲငပိ ငပိချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ခြောက် အကောင်သေး - 150 g
  2. ပဲငပိအနှစ် - 300 g
  3. ခရမ်းချဉ်သီး - အလုံးကြီးကြီး နှစ်လုံး
  4. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  6. ငရုတ်သီး လုံးကြမ်းခွဲ - ထမင်းစားဇွန်း ၄ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  12. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်

ပြင်ဆင် ချက်ပြုပ်ပုံ
  • ပဲငပိအနှစ် ပုဇွန်ခြောက် ငရုတ်သီးလုံးခြမ်းကွဲ ဆီ ဆား အချိုမှုန့် နနွင်းမှုန့်နှင့် ငံပြာရည်တို့ကို အဆင်သင့် ပြင်ထားပါ။
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ။
  • ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပေးထားပါ။

ငါးပိချက်ချက်ရန် ပြင်ဆင်ပုံ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်တို့ကို ထည့်ပေးပါ။
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို နွမ်းအောင်ထည့်ကြော်ပေးပါ။
  • ကြက်သွန်နီ နွမ်းလာတာနဲ့ ငရုတ်သီးမှုန့်ကို ထည့်ကြော်ပေးပါ။
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ။
  • ခရမ်းချဉ်သီးများ ထည့်ပြီးတာနဲ့ ဖိချေပြီး ကျေသွားအောင် မွှေပေးပါ။
  • ခရမ်းချဉ်သီးများ ကျေလာတာနဲ့ ပဲငပိအနှစ် ပုဇွန်ခြောက် ဆား ငံပြာရည်နှင့် အချိုမှုန့်တို့ကို ထည့်မွှေပေးပါ။
  • ပြီးတာနဲ့ ရေအနည်းငယ် ထည့်မွှေပေးပြီး ၅မိနစ်လောက် ချက်ပေးကာ အရသာ မြည်းပေးပါ။
  • အရသာမြည်းပြီးတာနဲ့ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ။
  • ပြီးတာနဲ့ မီးပိတ်ကာ ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူတို့ ထည့်မွှေပေးပြီး ချဉ်ငံစပ်မွှေး ပဲငပိ ငါးပိချက်လေးကို စားရန်ပြင်ပေးနိူင်ပါပြီ။

Saturday 14 August 2021

ပိန်းဥ ဟင်းဝါလေး

 






ဒီနေ့တော့ မာမာစိုက်ထားတဲ့ ပိန်းပင်လေးတွေက ပိန်းဥလေးတွေတူးပြီး အရည်သောက်ဆမ်းလေး တစ်မယ် ချက်ပါတယ်။

ဆောင်းရာသီ ရောက်လာရင် စိုက်ထားတဲ့ ပိန်းပင်လေးတွေဆီက ဥတွေဖော်ပြီး လတ်လတ်ဆတ်ဆတ် ချက်စားရသလို ပိန်းဥဟင်းနဲ့ လိုက်ဖက်မဲ့ ပုဇွန်ချဉ်သုပ် ပုဇွန်ချဉ်ကြော် ငါးချဉ်သုပ် ငါးချဉ်ကြော်လေး တွေလဲ ပြင်ဆင်ပြီး တွဲဖက်ကာ စားသုံးတတ်ကြပါတယ်။

တစ်ချို့က ပိန်းဥစားရင် အာယားတတ်ကြပါတယ် အာမယားအောင် အခွံခွာပြီးတာနဲ့ ဆားနဲ့ ခပ်နာနာလေး လေးပေးကာ ရေငါးထပ်လောက် ဆေးပြီးမှ ချက်စေချင်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ငါးဖယ်ချဉ်ကြော်လေးနဲ့ လိုက်ဖက်လွန်းတဲ့ ပိန်းဥဟင်းဝါလေး အရည်သောက်ဆမ်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါ၀င်ပစ္စည်းများ
  1. ပိန်းဥ - 500g
  2. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ရေ - လိုသလောက် သုံးပေးပါ
  9. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ပိန်းဥဆေးရန်)
ပြင်ဆင်ပုံ
  • ပိန်းဥများကို အခွံခွာပြီး ဆားနှင့်နယ်၍ ပိန်းဥအလုံးကြီးပါက အနေတော်တုံးပြီး ရေဆေးထားပေးပါ
  • ပိန်းဥအခွံခွာရင် လက်တွေယားတတ်တဲ့အတွက် လက်အိတ်လေး စွတ်ပြီးမှ အခွံကိုခွာပေးပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးမှာ အခွံခွာပြီး ဆေးထားသော ပိန်းဥများ ကြက်သွန်ဖြူ ကြက်သွန်နီ ဆား  နနွင်းမှုန့်  အချိုမှုန့်နှင့် ဆီတို့ထည့်ပြီး အရသာ၀င်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး ၃မိနစ်ခန့် လုံးချက်လေး ချက်ပေးပါ 
  • ပိန်းဥများ ရေမခမ်းတစ်ခမ်း ရလာပြီး လုံးမိတာနဲ့ ရေကိုအနေတော် ထပ်ထည့်ပြီး ဟင်းအိုးဆူအောင် တည်ပေးပါ
  • ပိန်းဥများ နူးလာပါက ဟင်းရည်အပျစ် အကျဲကို မိမိလိုသလိုပြင်၍  ထည့်ပေးပါ
  • ပိန်းဥဟင်း ကျက်တာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ ပိန်းဥအရည်သောက်ဆမ်း ဟင်းဝါလေးကို ငါးဖယ်ချဥိကြော်လေးနှင့် တွဲဖက်ပြီး သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

Thursday 12 August 2021

ကြက်သွန်ဖြူ ဆီချက်








မာမာတို့အိမ်မှာ ကြက်သွန်ဖြူ ဆီချက်နဲ့ ကြက်သွန်နီဆီချက် လေးတွေကို တစ်ပါတ်တစ်ခါ ပုံမှန်ချက်ရတတ်ပါတယ် ချက်နေကျတဲ့ သူတွေအတွက် လွယ်ပေမဲ့ ချက်မနေမကျတဲ့ သူတွေအတွက်ကတော့  လွယ်မယောင်နဲ့ ခက်တတ်ကြပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်သွန်ဖြူဆီချက် ချက်နည်းလေး မေးထားသူတွေအတွက် ဆီချက် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ ၂၀
  3. ဆီ - လီတာဝက်
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ရေခြောက်အောင် သုတ်ပေးပါ
  • ပြီးတာနဲ့ ပုံပါအတိုင်းရအောင် မထူမပါးလေးတွေ လှီးပေးပါ
  • အိုးအသားထူသော ဒယ်အိုးကို မီးအပူပေးပါ
  • အိုးပူလာတာနဲ့ ဆီနှင့် နနွင်းမှုန့်ကို ထည့်ပေးပါ
  • ဆီအငွေ့ တက်လာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ လှီးထားတဲ့  ကြက်သွန်ဖြူများကို  ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် အဆက်မပြတ် မွှေမွှေပေးပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာပြီး အနည်းငယ် အရောင်ပြောင်းလာပါက မီးပိတ်ပေးပါ
  • မီးဖိုမှာ လက်ကျန် အပူရှိန်နှင့် ကြက်သွန်ဖြူများကို ကြွတ်နေအောင် ဆက်ကြော်ပေးပါ
  • ဒယ်အိုးအသား ပါးပါက ကြက်သွန်ဖြူများ ခနလေးနှင့် ကျွမ်းသွားတတ်တဲ့အတွက် အိုးအသား ထူတာကို  ရွေးသုံးပါ
  • ကြက်သွန်ဖြူ ဆီချက်က ကျွမ်းသွားတဲ့အခါ ခါးသွားတတ်တဲ့အတွက်လဲ သတိထားပြီး မွှေမွှေပေးပါ
  • ကြက်သွန်ဖြူ ဆီချက်လေး မွှေးပြီးကြွတ်လာတာနဲ့ ကြက်သွန်ဖြူ  ဆီချက်အဖတ်များကို ဆယ်ပေးပြီး ဇကာထဲထည့်ကာ ဆီများစစ်ပေးပြီးအအေးခံထားပါ
  • ဆီချက်များကိုလဲ မီးဖိုပေါ်မှ ဖယ်ပေးကာ အိုးထဲမွာဘဲ အေအးခံထားပါ
  • ဆီချက်ဆီရော ဆီချက်ဖတ်များပါ နှစ်မျိုးစလုံး အေးသွားပါက ပန်းကန်လုံး တစ်ခုထဲမှာ ရောပေးပါ
  • နှစ်မျိုးလုံး အေးသွားမှ ရောပေးပါက ကြက်သွန်ကြော်လေးများ ကြွတ်နေကာ လနှင့်ချီပြီး အထားခံပါတယ်
  • ကြက်သွန်ဖြူ ဆီချက်ကို ခေါက်ဆွဲသုပ် ထမင်းသုပ် ကြာဇံသုပ် အသုပ်စုံ ဆန်ပြုပ် ခေါက်ဆွဲပြုပ် အစရှိသည်တို့နှင့်အတူ တစ်ခြားအစာများနှင့်လဲ မိမိနှစ်သက်သလို တွဲဖက်ပြီး စားသုံးနိူင်ပါပြီ။