အိမ်မှာစိုက်ထားတဲ့ ပဲပုဇွန်ပင်လေးတွေ သီးလာပြီဆိုတော့ ချဉ်ရည်ဟင်း ချက်လို့တစ်ဖုံ ကြော်စားလို့တစ်မျိုး ချက်စားဖြစ်သလိုဘဲ ဒီနေ့တော့ ချဉ်ငံစပ်လေး သုပ်စားဖြစ်ပါတယ်။
ပဲပုဇွန်သီး အသုပ်လေးက ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ပဲပုဇွန်သီး - အတောင့်သုံးဆယ်ခန့်
- ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်ဖြူဆီချက်အဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
- မန်ကျည်းသီးမှည့်အရည် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ပဲပုဇွန်သီးကို အကြောများ သင်ပေးပြီး ရေစင်အောင် ဆေးထားပါ
- အနေတော် အိုးတစ်လုံးထဲမှာ ရေခပ်များများလေး ထည့်ပြီး မီးဖိုပေါ်တင်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ ပဲပုဇွန်သီးများ ရေမြုပ်အောင်ထည့်ပြီး အဖုံးမအုပ်ဘဲ ပြုပ်ပေးပါ
- အကြာကြီး ပြုပ်စရာ မလိုဘဲ ရေပွက်ပွက်ဆူပြီးသား ဖြစ်တဲ့အတွက် သုံးမိနစ်လောက်ဘဲ ပြုပ်ပေးပါ
- ပြုပ်ပြီးပါက ရေနွေးများသွန်ကာ ရေအေးနဲ့ဆေးပြီး ရေများကိုသွန်ကာ ရေစစ်ပေးပါ
- ရေစစ်သွားပါက အနေတော်လေးတွေ ရလာအောင် ဓါးပြတ်ပြတ်နှင့် ခပ်စောင်းစောင်းလေးတွေ လှီးပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကျန်သော ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံကျယ်ကျယ်ထဲမှာ ပဲပုဇွန်သီး ကြက်သွန်နီ ပုဇွန်ခြောက်မှုန့် ပဲအကျက်မှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်နီဆီချက် ကြက်သွန်ဖြူ ဆီချက်ဖတ် ငံပြာရည်နှင့် မန်ကျည်းမှည့် ရည်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
- နယ်ဖတ်ပြီး အရသာ သမသွားပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ပဲပုဇွန်သီး အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။
No comments:
Post a Comment