အခုရက်ထဲ စိတ်ထဲမှာ စားချင်တာလေးတွေ တစ်မျိုးပြီးတစ်မျိုး လုပ်စားဖြစ်နေပါတယ် ဒါကြောင့်မို့လို့ ကျန်ခဲ့တဲ့ တစ်ပါတ်က ငါးဖယ်အသား ခြစ်ပြီးသားလေးတွေ ဝယ်လာပြီး ငါးဖယ်အသားချဉ်လေး လုပ်ဖြစ်ခဲ့ပါတယ်။
အခုတော့ ငါးဖယ်အသားချဉ်လေး လုပ်ထားတာ ရသွားပါပြီ ဖြစ်တဲ့အတွက် ဒီနေ့တော့ ငါးဖယ်အသားချဉ် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ငါးဖယ်အသားချဉ် - အနေတော် ခြောက်တုံး
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ငရုတ်သီးစိမ်း - ရှစ်တောင့် (ပါးပါးလှီးရန်)
- ငရုတ်သီးလုံးခြမ်းခွဲ - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- နံနံပင် - မိမိနှစ်သက်သလောက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငါးငံပြာရည် - အနည်းငယ်
- ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း
ပြင်ဆင်ပုံ
- ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- ငရုတ်သီးစိမ်း ရှစ်တောင့်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ငါးဖယ်ချဉ် ဆီ အရသာမှုန့် ငံပြာရည် နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ကို ပြင်ထားပါ
ချက်ပြုပ်ပုံ
- ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ
- ဆီပူလာပါက ကြက်သွန်နီကို နွမ်းရုံလေး ကြော်ပေးပါ
- ပြီးတာနဲ့ ငရုတ်သီး အကြမ်းမှုန့်ကို ထည့်ကြော်ပေးပါ
- ငရုတ်သီးနံ့ သင်းလာတာနဲ့ ငါးဖယ်ချဉ်ကို ထည့်ပေးကာ မွှေပေးပါ
- ပြီးတာနဲ့ အရသာမှုန့် နှင့် ငံပြာရည်ကို ချင့်ချိန်ပြီး ထည့်ပေးပါ
- အရသာ သမသွားတာနဲ့ အရသာ မြည်းကာ လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့ နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
- ထမင်းမြိန်ပြီး စားလို့အရမ်းကောင်းကာ အရသာ အလွန်ရှိလှသော ငါးဖယ်ချဉ်ကြော် ချဉ်ငံစပ် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment