ဒီနေ့တော့ အရင်ရက်က ပြုပ်ထားတဲ့ ပဲလွန်းပြုပ်ကို ချင်း ကြက်သွန်ဖြူ ကြက်သွန်နီလေးတွေကို ဆီသတ်ကာ ပဲနှပ်လေး နှပ်ဖြစ်ပါတယ်။
ဒီအတိုင်းဘဲစားစား ထမင်းပူပူလေးနဲ့ဘဲ စားစား ငါးပိရည်ကျိုလေးနဲ့ နယ်ဖတ်ပြီး စားရတာ အရမ်းကို စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲလွန်းနှပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပဲလွန်းပြုပ်ပြီးသား - ဟင်းပြင်ပန်းကန်အလတ် တစ်လုံးစာ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ချင်း - ခပ်ပါးပါး ငါးပြား
- ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးပြီး အမြှောင်း ခပ်ရှည်ရှည်လေးတွေ လှီးပေးပါ
- ပြုပ်ပြီးသား ပဲနှင့် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တို့ကို ထည့်ပေးပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ချင်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ထည့်ကြော်ပေးပါ
- ချင်းနှင့် ကြက်သွန်များ နွမ်းလာတော့မှ ပဲပြုပ်များ ဆားနှင့် အရသာမှုန့်တို့ ထည့်ကြော်ပေးပါ
- ပဲနှပ်နံ့လေး သင်းလာတာနဲ့ အရသာမြည်းပြီး မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
- ပြီးတာနဲ့ မီးပိတ်ပေးကာ ပဲနှပ်စိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment