Friday 30 June 2017

ကြက်အသည်းအမြစ် အစိမ်းကြော်


အိမ်အပြောင်း အရွှေ့တွေနဲ့ အလုပ်များနေချိန် ဟင်းချက်ချိန်လဲ သိပ်မရလေတော့ ဟင်းချက်ချိန်သိပ်မကြာဘဲ ထမင်းစားလို့ မြိန်စေမဲ့ အစိမ်းကြော်လေး တစ်မယ်ဘဲ ကြော်ဖြစ်ပါတယ်။

ထမင်းပူပူ ဟင်းပူပူလေးနဲ့ ထမင်းစားလို့ မြိန်မြိန်စားနိုင်အောင် ကြက်အသည်းအမြစ် အစိမ်းကြော် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်အသည်း - ငါးခု
  2. ကြက်အမြစ် - ငါးခု
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. မုံလာဥနီ - အနေတော် တစ်ဥ
  6. ဂေါ်ဖီ - အရွက်ကြီး လေးရွက်
  7. ပန်းဂေါ်ဖီ - အနေတော် သုံးခက်
  8. ဆယ်လ်ရီ အရိုး - တထွာခန့် 
  9. ဘရိုကိုလီ - အနေတော် လေးခက်ခန့်
  10. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  14. ရွှေပဲသီး - ဆယ်တောင့်
  15. ဆီ - ထမင်းစားဇွန်း ငါးဇွန်း 

ကော်ရည်ဖျော်နည်း
  • ကော်မှုန့်
  • သကြား 
  • ဆား 
  • ပဲငံပြာရည် 
  • ရေ - လက်ဖက်ရည်ပန်းကန်လုံး ၂လုံးစာ
  • (အားလုံးကို ပျော်သွားအောင် ရောဖျော်ထားပါ)
ပြင်ဆင်ပုံ
  • ကြက်အသည်း အမြစ်တို့ကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေတုံးပြီး ဆားအနည်းငယ် အချိုမှုန့်အနည်းငယ်တို့နှင့် အရသာဝင်အောင် အနည်းငယ် နယ်ထားပေးပါ
  • ကြက်သွန်နီကို လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  • အခြားအသီးအနှံတွေကိုလည်း ရေဆေးကာ အနေတော်လှီးထားပါ
  • အရသာနယ်ထားသော အသည်းအမြစ်များကို ရေမြုပ်အောင်ထည့်ပြီး ရေခမ်းအောင် ပြုပ်ထားပါ
  • ဒယ်အိုးတစ်လုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးရုံလေး ကြော်ပေးကာ ဆယ်လ်ရီ ပန်းဂေါ်ဖီ ဂေါ်ဖီ မုံလာဥနီ ဘရိုကိုလီ စသည့်အသီးအရွက်များကို ထည့်ကြော်ပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ပြုပ်ထားသော ကြက်သားကြော်များ ထည့်ပေးပါ
  • အကြာကြီး ကြော်စရာမလိုဘဲ အနည်းငယ် နွမ်းရုံကြော်ပြီးတာနဲ့ ကြက်သွန်နီ အဖတ်လေးများ ထည့်မွှေပါ
  • ပြီးတာနဲ့ ဖျော်ထားသော ကော်ရည် လောင်းထည့်ပြီး မွှေပေးပါ
  • ကော်ရည် အနည်းငယ် ပြစ်လာတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ ရွှေပဲသီးကိုထည့်ပြီး မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ အလွန်စားကောင်းလို့ကောင်းတဲ့ ကြက်အသည်းအမြစ် အစိမ်းကြော်လေး ရပါပြီ။

Wednesday 28 June 2017

ကြက်သားကော်ရည်ဆမ်း အချိုချက် (တရုတ်စတိုင်လ်)


တရုတ်ဟင်းလျာ စားဖွယ်ရာ တမျိုးဖြစ်ပြီး ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ကြက်သားကော်ရည်ဆမ်း အချိုချက်နည်းလေး ချက်ဖြစ်တာနဲ့ မျှဝေလိုက်ပါတယ်။

သကြားကို နီညိုရောင်သန်းလာအောင် ကြော်ပြီးမှ ကြက်သားကိုထည့်ပြီး လုံးချက် ချက်ပေးရပါတယ် သကြားကြော်ချိန်မှာလဲ အပွင့်သေးတဲ့ သကြားကို မသုံးဘဲ အပွင့်ကြီးတဲ့ သကြားကို သုံးစေချင်ပါတယ် အပွင့်သေးတဲ့ သကြားကိုသုံးရင် သကြားဆီသတ်ချိန်မှာ ခနလေးပျော်ပြီး အရောင်မည်းသွားတတ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံသား - 200g
  • ကြက်သွန်နီ - အနေတော် ၂ဥ
  • ကြက်သွန်ဖြူ - ၃မွှာ
  • ချင်း - လက်တဆစ်ခန့်
  • သကြား - ထမင်းစားဇွန်း တဇွနနး
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - အနည်းသယ်
  • ကော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  1. ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပြီး ဆား နနွင်းမှုန့် ထောင်းထားသော ကြက်သွန်ဖြူတို့နဲ့ အရသာဝင်အောင် နယ်ထားပြီး မိနစ်၂၀လောက် နှပ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ( ကြက်သားနှပ်ထဲ ထည့်ရန်)
  3. ကြက်သွန်နီနှစ်လုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ တလုံးကို ၈စိတ်စိတ်ထားပါ
  4. အလုံးသေးသော ကြက်သွန်နီကို သုံးပါက အလုံးလိုက် ထည့်ချက်ပါ
  5. ကော်မှုန့်ကို ရေအနည်းငယ်နှင့်ဖျော်ထားပါ
  6. ကျန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ချက်ပြုတ်ရန် ပြင်ဆင်ပုံ

  1. ဇောက်အနည်းငယ်နက်သော ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာလျှင် သကြားများထည့်ကာ သကြားနီညှိရောင်သန်း လာသည်အထိ ကြော်ပေးပါ။
  2. သကြားကြော်နေစဉ် အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ
  3. သကြား နီညှိရောင်သန်းလာတာနဲ့ နှပ်ထားသော ကြက်သားများကို ထည့်ကာ ၃မိနစ်ခန့် လုံးချက်ပေးပါ
  4. လုံးချက်လေးရတာနဲ့ ဒယ်အိုးထဲ ကြပ်သားမြုပ်အောင် ရေထည့်ကာ အဖုံးအုပ်ကာ ချက်ပေးပါ
  5. ရေမခမ်းခင် အဖတ်လေးများရအောင် စိတ်ထားသော ကြက်သွန်နီကို ထည့်ချက်ပေးပါ
  6. ကြက်သွန်နီများ အရမ်းမနူးခင် ရေဖျော်ထားသော ကော်ရည်ကိုထည့်ကာ ပြစ်လာအောင် မွှေပေးပါ
  7. ရေခမ်းပြီး  ကော်ရည်ပြစ်လာပြီဆိုတာနဲ့ မီးပိတ်ပေးပြီး ကြက်သားကော်ရည်ချက် မွှေးမွှေးလေးကို ဟင်းပူတုန်း စားသုံးရန် စားပွဲပြင်နိုင်ပါပြီ။


Sunday 25 June 2017

ကြက်သား ငါးပိချက်


အရသာ လျှာကသိ ဆိုသလိုပါဘဲ ထင်းစားတိုင်း တမ်းတမိတာက ငါးပိချက်လေးတွေ ငါးပိရည်ကျိုလေးတွေပါမှ လေးလေးပင်ပင်လေး ရှိတတ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ငါးပိချက်လေး ချက်အုံးမှပါဆိုပြီး ရေခဲသေတ္တာအဖွင့် ကြက်သားတွေတွေ့တာနဲ့ ကြက်သားငါးပိချက်လေး စားချင်လာမိပြန်တယ် ဒီတော့လဲ ထမင်းမိန်မိန် စားရလေအောင် ကြက်သားငါးပိချက်လေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  1. အနေတော် အတုံးလေးတွေ တုံးထားသော ကြက်သား - 300 g 
  2. ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  3. ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  4. နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ - ၄မွှာခန့်
  5. ပါးပါးလှီးထားသော ခရမ်းချဉ်သီး - အလုံးကြီးကြီး ၅လုံး (သို့မဟုတ်) ready made ၄၀၀ဂရမ်ဗူးကို သုံးပေးပါ
  6. ဆီ - ထမင်းစာဇွန်း ငါးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  9. ကျိုထားသော ငါးပိရည်ကျိုပျစ်ပျစ် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း


ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီထည့်ကာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ကိုထဲ့ပေးပါ။ 
  • ပြီးတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို နွမ်းသွားအောင် ကြော်လိုက်ပါ။
  • ကြက်သွန်များ နွမ်းတာနဲ့ ငရုတ်သီးအကြမ်းမှုန့်ကိုမွှေးလာတဲ့ထိ ကြော်ပေးပါ။
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ကြက်သားကို အနည်းငယ် မာလာတဲ့အထိ ကြော်ပေးပါ။
  • ကြက်သားများ အနည်းငယ် မာလာတာနဲ့ ခရမ်းချဉ်သီးကိုထဲ့ပြီး အခွံများ လိတ်လာတဲ့ထိ မွှေပြီးချက်ပေးပါ။
  • ခရမ်းချဉ်သီများ ကျေသွားပြီးး အခွံများ လိတ်လာတာနဲ့ အရသာမှုန့် ငံပြာရည် ငါးပိရည်ကျိုတို့ကို ထဲ့ပြီးမွှေပေးပါ။
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့ အရသာကိုမြည်းကာ လိုသလို ပြင်ပေးပြီး မီးပိတ်ပေးပါ။
  • ပြီးတာနဲ့ ကြက်သားငါးပိချက် မွှေးမွှေးလေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်နိုင်ပါပြီ။
  • ငါးပိချက် အရောင်ပိုလှအောင် ရိုးရိုး ခရမ်းချဉ်သီးအစား ready made ဗူးကို သုံးထားပါတယ်။

Saturday 24 June 2017

အာလူးချောင်းကြော်


အာလူးတွေ ဈေးချထားတော့ လောဘတကြီး ၁၀ကီလို အိတ်ကြီးဝယ်ကာ မကုန်နိုင် မခမ်းနိုင်တွေ ဖြစ်နေတော့ ဒီတစ်ခါ ဟင်းအဖြစ် မဖန်တီးတော့ဘဲ သရည်စာလေးလုပ်ဖို့ အာလူးချောင်းလေးတွေလှီးကာ အာလူးချောင်းကြော်လေး ကြော်ဖြစ်တာနဲ့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

အာလူးက အများကြီး မစားနိုင်ဘဲ အနည်းယ် စားရုံနဲ့ ဗိုက်ဝစေတာမို့လို့ စားနိုင်သလောက်ကို ကြွတ်နေအောင် ကြော်ပြီး ပိုနေတဲ့ အာလူးချောင်းလေးတွေကို ဆီပူပူထဲမှာ တစ်မိနစ်ခွဲလောက် ကြော်ပေးကာ ဆီစစ်အအေးခံပေးပြီး လေလုံအိတ်နှင့်ထည့်ကာ ရေခဲသေတ္တာ ရေခဲခန်းအဆင့်ထဲမှာ ထည့်ထားပြီး နောက်တကြိမ် ကြော်စားနိုင်အောင် သိမ်းထားနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အာလူး - အလုံးကြီးကြီး သုံးလုံး ( တစ်ကီလိုခန့်)
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆီ - လီတာဝက်

ပြင်ဆင်ပုံ
  1. အာလူးကို အခွံခွာကာ လက်တစ်လုံးလောက်အထူ အချပ်လိုက် လှီးချပေးပါ
  2. အချပ်လိုက် လှီးထားသော အာလူးများကို လက်တစ်လုံးစာလောက် အနေတော် အချောင်းလေးတွေရအောင် ထပ်လှီးပေးပါ
  3. အားလုံးပြီးတာနဲ့ ရေများများနဲ့ ၃ခါလောက် ရေဆေးပေးပါ
  4. အာလူးအနှစ်တွေ ကုန်သွားရင် ရိုးရိုးရေအေးနဲ့ နာရီဝက်လောက် စိမ်ထားပေးပါ
  5. နာရီဝက်ပြည့်တာနဲ့ ရေစစ်ပြီး နနွင်း ဆားနှင့် အချိုမှုန့်တို့ ထည့်နယ်ထားပေးပါ
  6. ဇောက်အနည်းငယ်နက်တဲ့ အိုးကို အပူပေးပြီး ဆီ လီတာဝက်လောက်ထည့်ကာ အပူပေးပါ
  7. နည်းနည်းဘဲ ကြော်မယ်ဆိုရင်တော့ ဆီကိုချင့်ချိန်ပြီး ထည့်ပေးပါ
  8. ဆီပူလာတာနဲ့ အာလူးကို အရည်စစ်ပြီး အနေတော် နည်းနည်းခြင်းယူကာ ဆီအိုးထဲထည့်ပြီး ကြော်ပေးပါ
  9. အကျက်ညီအောင် မကြာမကြာ မွှေပေးပါ
  10. အာလူးများ ကြွတ်ရွလာပြီး ရွှေဝါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပေးပါ
  11. အာလူးကုန်တဲ့အထိ ကြော်ပေးပြီး အာလူးကြော်များကို ဆီစစ်ပေးထားပါ
  12. အာလူးကြော်၍ ပိုနေသောဆီများကို နောက်ထပ်၂ကြိမ်လောက် ကြော်စားနိုင်ရန် အအေးခံပြီး သိမ်းထားပါ
  13. အာလူးကြော် ကြွတ်ကြွတ်လေးကို ငရုတ်ကောင်းမှုန့်ဖြူး၍သော်၎င်း ဒီအတိုင်းသော်၎င်း  စားသုံးနိုင်ပါပြီ။

Friday 23 June 2017

ခရမ်းချဉ်သီးသုပ်


အခုရက်ထဲ မာမာတစ်ယောက် အိမ်အလုပ်တွေ များနေပေမဲ့ ဟင်းတွေတော့ ချက်ဖြစ်ပါတယ် ဒါပေမဲ့လဲ သတ်သတ်လွတ်လေးတွေ စားနေတဲ့ သမီးငယ်လေးအတွက် အသုပ်စုံလေးတွေ သုပ်ဖြစ်တာမို့လို့ ဒီနေ့တော့ လူတိုင်းပြင်ဆင်တတ်တဲ့ လွယ်ကူမြန်ဆန် ခရမ်းချဉ်သီး အသုပ်စုံ သုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းချဉ်သီး - ခပ်ကြီးကြီး နှစ်လုံး
  2. နံနံပင် - မိမိနှစ်သက်သလောက်
  3. လက်ဖက်အကြော်စုံ - ထမင်းစားဇွန်း ရှစ်ဇွန်းခန့်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ပဲဆီစိမ်း - ထမင်းစားဇွန်း တစ်ဇွန်း
  7. သံပုရာသီး - တစ်စိတ်
  8. ငရုတ်သီးစိမ်း - စားနိုင်သလောက်

ပြင်ဆင်ပုံ
  1. ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  2. နံနံပင်နှင့်ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  3. အသုပ်ထဲထည့်ရန် လိုအပ်သော ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  4. လှီးထားသော ခရမ်းချဉ်သီးများကို ဇလုံကျယ်ကျယ်ထဲမှာ ထည့်ပေးပါ
  5. လက်ဖက်အကြော်စုံ နံနံပင်  ဆား ဆီ အရသာမှုန့် ငရုတ်သီးစိမ်း သံပုရာရည်တို့ကိုထည့်ပြီး ခပ်ဖွဖွနယ်ပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  6. နယ်ဖတ်ပြီးတာနဲ့ စားပွဲပြင်မည့် ပန်းကန်ထဲသို့ပြောင်းပြီး သတ်သတ်လွတ် ခရမ်းချဉ်သီးသုပ် ချဉ်ငံစပ်လေးကို ထမင်းပူပူ ရေနွေးကြမ်းလေးနှင့်တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။

Wednesday 21 June 2017

ငါးပေါင်းကြော် မွှေးမွှေးလေး


ဒီတခါတော့ မြန်မာပြည်က ငါးပုတ်သင်ငါးနဲ့ ခပ်ဆင်ဆင်တူတဲ့ ငါးလေးတွေ ရလာတာနဲ့ ငါးပေါင်းကြော်လေး ကြော်လိုက်ပါတယ် မာမာကတော့ ထမင်းဖြူလေးကို ဆားလေးဖြူးပြီး ငါးပေါင်းကြော်လေးဖဲ့ကာ စားရတဲ့ အရသာလေး ကြိုက်လွန်းလို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းမျာ

  1. ငါးပန်းနီ - 350 g
  2. အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  4. Lemon Pepper - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  5. Lemon Pepper မရှိပါက သံပုရာရည် ထမင်းစားဇွန်းတ၀က်နဲ့ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ရောနယ်ပေးပါ
  6. ဆီ - လက်ဖက်အကြမ်းပန်းကန် နှစ်လုံးသာသာ
  7. တန်ပူရာမှုန့် - ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်
  8. ရေ - မုန့်နှစ်ခပ်ပျစ်ပျစ်ဖြစ်အောင် ရေကိုနည်းနည်းခြင်း ထည့်မွှေပြီး ခပ်ပျစ်ပျစ် အနေအထား ရအောင်ဖျော်ရန်

ပြင်ဆင်ပုံ
  • ငါးကို အတောင်ပံ အမြှီးဖြတ်ပြီး ဗိုက်ထဲမှ မလိုတာတွေဖယ်ကာ ရေဆေးပြီး ရေခြောက်အောင် Paper Towel နှင့်ခပ်ဖွဖွ သုပ်ပေးပါ
  • ရေခြောက်သွားပါက ဆား အရသာမှုန့် lemon pepper တို့နဲ့အရသာဝင်အောင် ခပ်ဖွဖွ ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • တန်ပူရာမှုန့်ကို ရေနှင့် ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • အရသာနယ်ပြီးပါက ရေဖျော်ထားသော တန်ပူရာမုန့်နှစ်ထဲမှာ ငါးကိုတကောင်ချင်းယူကာ လူးပေးပါ
  • အောက်ချေမကပ်သော ဒယ်အိုးတလုံးကို ဆီအပူပေးပြီး ဆီပူလာပါက တန်ပူရာမုန့်နှစ် လူးထားသော ငါးကို ထည့်ကြော်ပေးပါ
  • တဖက်ရွှေဝါရောင် သန်းလာရင် နောက်တဖက်လှန်ပေးပြီး နောက်တဖက်ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ငါးကြော်မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

Tuesday 20 June 2017

ငှက်ပျောဖူးဟင်း










မာမာတို့ အခုပြောင်းလာတဲ့ မြို့လေးက အေးရှန်းအသီးအရွက်တွေကို တစ်ပါတ် ၃ရက်ရောင်းတဲ့ ဈေးကြီးတစ်ခု ရှိလေတော့ အေးရှန်းစာကြိုက်တဲ့ မာမာအတွက် အရမ်းကို အဆင်ပြေ လွန်းပါတယ်။

မနေ့က ဈေးကိုသွားတာ ငှက်ပျောဖူးတွေတွေ့တော့ စားချင်စိတ်က မနေနိုင် ဖြစ်ပြန်ပါရော ဒီတော့ကာ ၀ယ်လာပြီး ဒီနေ့တော့ ထမင်းစား မြိန်စေမဲ့ ချဉ်ငံစပ် ငှက်ပျောဖူးဟင်းလေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငှက်ပျောဖူး  - အနေတော် တစ်ဖူး
  2. ငရုတ်စိမ်း - မိမိနှစ်သက်သလောက် (သို့မဟုတ်) 
  3. ငရုတ်သီးမှုန့် အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ပုဇွန်ငပိ - ကွမ်းသီးဆံလုံး တစ်လုံးစာ
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ - နှစ်မွှာ
  7. ဆား - ထမင်းစားဇွန်း နှစ်ဇွန်း (ငှက်ပျောဖူးဆေးရန်)
  8. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  9. မကျဉ်းသီးမှည့် - ကွမ်းသီးဆံလုံး တစ်လုံးစာ
  10. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း (သို့ ) ပုဇွန်ထုတ် သုံးကောင်
  11. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • ငှက်ပျောဖူးကို ပုံပါအတိုင်း အပေါ်ယံ အခွံများကို တစ်ခွံခြင်းခွာပေးပြီး အခွံအရင့်များ ကုန်သည်အထိ ခွာပေးပါ
  • ကျန်နေသော ငှက်ပျောဖူး အနုပိုင်းကို အနေတော်လှီးပြီး ဆားနှင့် ပျော့ပြီးအဖန်ရည်များနှင့် အမည်းရောင် အစေးများ ထွက်သွားအောင် နာနာနယ်ပေးပါ
  • အဖန်ဓါတ်များနှင့် အမည်းရောင်အစေးများ ပျောက်သွားအောင် နယ်ပေးကာ ငှက်ပျောဖူး ပျော့လာပြီဆိုရင် ရေသုံးခါလောက် ဆေးပေးပါ
  • ငရုတ်သီးစိမ်းနဲ့ ချက်မယ်ဆို ငရုတ်သီးစိမ်းကို ခပ်ပါးပါး လှီးပေးပါ
  • ငရုတ်သီးအရောင်တင်မှုန့် သုံးမယ်ဆိုရင် ပြင်ထားပါ
  • ကြက်သွန်နီ အနေတော် တစ်ခြမ်းကို ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
  • မျှင်ငါးပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးစိမ်း (သို့ ) ငရုတ်သီးအရောင်တင်မှုန့် နှင့် ကြက်သွန်အဖြူ အနီကို မွှေးလာအောင် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ငှက်ပျောဖူးကို ထည့်ကြော်ပါ
  • ငှက်ပျောဖူးအနည်းငယ် နွမ်းတာနဲ့မျှင်ငပိ ဆား ပုဇွန်အစိမ်း ၃ ကောင်မျှ သို့်မဟုတ် ပုဇွန်ခြောက်မှုန့်ထည့်ကာ မွှေပေးပါ
  • ပြီးတာနဲ့ ရေကို ငှက်ပျောဖူးမြုပ်အောင် ထည့်ပေးကာ ဆူပွက်လာသည်အထိ ချက်ပေးပါ 
  • ရေဆူပွက်လာပြီးဆိုလျှင် မကျည်းသီးမှည့်ကို ပျစ်ပျစ်လေး ဖျော်ထဲ့ကာ အရသာ မြည်းပေးပါ
  • အရသာကို လိုသလို ပြင်ပေးပြီး ဆီကျန်ရေကျန် အနေထားရအောင် တည်ပေးပါ
  • ငှက်ပျောဖူးများ နူးအိလာပြီဆိုရင် မီးပိတ်ပေးပါ
  • ထမင်းစားမြိန်စေမဲ့ ငှက်ပျောဖူးဟင်း ချဉ်ငံစပ် နူးနူးအိအိလေးကို သုံးဆောင်နိုင်ပါပြီ။

Monday 19 June 2017

သရက်သီးဆားရည်စိမ် ကြက်သားကြော်ထောင်း


အရင်နှစ်က ထည့်ထားတဲ့ သရက်သီး ဆားရည်လေးတွေ ဒီနှစ်သရက်သီး မပေါ်ခင်ထုတ်ပြီး သုပ်စားလိုက် ထောင်းစားလိုက်နဲ့ ဒီနေ့တော့ ကြက်ကြော်တွေ ပိုနေတာနဲ့ ရောသမမွှေကာ ထောင်းစားဖြစ်ပြန်ပါတယ် ထမင်းဝိုင်းအတွက် အအီပြေ အရံဟင်း တစ်မယ်အတွက် ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သရက်သီး ဆားရည်စိမ် - အနေတော် ၂လုံး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. နံနံပင် - နှစ်သက်သလောက်
  4. ကြော်ပြီးသား ကြက်သား - ၃တုံးခန့်
  5. ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • သရက်သီး ဆားရည်စိမ်ပြီးသားကို ရေဆေးပြီး ဓါးပြတ်ပြတ်နှင့် လိုက်ပေါက်ပေးပါ
  • သရက်သီး တစ်လုံးလုံး အပြည့်လိုက်ပေါက် ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးချပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • ကြော်ထားသော ကြက်သားကို အသားမွထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံ သို့မဟုတ် ငရုတ်ဆုံကြီးကြီးထဲမှာ နံနံပင်မှလွဲပြီး ပါဝင်ပစ္စည်း အားလုံးကို ထည့်ပြီး ထောင်းပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာ မလိုဘဲ သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးကာ နံနံပင်ထည့်မွှေပေးပြီးပါက ကြက်ကြော်ထောင်းလေး ရပါပြီ
  • သရက်သီး ဆားရည်စိမ်က အငံပါပြီးသား ဖြစ်တဲ့အတွက် အငံထည့်စရာ မလိုပါ
  • ပန်းကန်တခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ် အရသာ ပါဝင်တဲ့ သရက်သီးဆားရည်စိမ် ကြက်သားကြော် ထောင်းလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

ငှက်ပျောပွင့် ဆီပြန်






မြန်မာပြည်မှာတော့ ငှက်ပျောဖူးက အရမ်းပေါတဲ့အတွက် အဖူးထဲက အပွင့်လေးတွေကို လွှင့်ပြစ်လိုက်တာက များပါတယ်။

မာမာကတော့ ပြစ်လိုက်ရမှာ သမျှောတာနဲ့ ငှက်ပျောပွင့်ထဲက ၀တ်ဆံမာမာလေးတွေကို တစ်ခုခြင်းစီ စိတ်ရှည် လက်ရှည်ဖယ်ကာ ဟင်းတစ်မယ်ရအောင် ချက်ထားပါတယ်။

ချက်နည်းကတော့ ငှက်ပျောဖူး ချက်နည်း အတိုင်းဘဲ ချက်ထားတဲ့ ထမင်းစား မြိန်စေမဲ့ ချဉ်ငံစပ် ငှက်ပျောပွင့်ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ငှက်ပျောပွင့် တရုတ်ဟင်းပြင်ပန်းကန်အကြီး  - တစ်လုံးစာ
  2. ငရုတ်စိမ်း - နှစ်သက်သလောက် (သို့ ) 
  3. ငရုတ်သီးမှုန့် အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. မျှင်ငပိ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ - နှစ်မွှာ
  7. ဆား - လိုသလောက်
  8. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  9. မန်ကျဉ်းသီးမှည့် - ကွမ်းသီးဆံလုံး တစ်လုံးစာ
  10. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း 
  11. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
  • ငှက်ပျောပွင့်ကို ပုံပါအတိုင်း အပွင့်အထဲမှ ၀တ်ဆံများကို တစ်ခုခြင်း ဖယ်ပေးပါ
  • ကျန်နေသော ငှက်ပျောပွင့်များကို  ဆားအနည်းငယ်ဖြင့် အဖန်ရည်များ ထွက်သွားအောင်  နယ်ပေးပါ
  • အဖန်ဓါတ်များ ထွက်သွားကာ ငှက်ပျောပွင့်များ ပျော့လာပြီဆိုရင် ရေသုံးခါလောက် ဆေးပေးပါ
  • ငရုတ်စိမ်းနဲ့ ချက်မယ်ဆို ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးပါ
  • ငရုတ်သီး အရောင်တင်မှုန့် သုံးမယ်ဆိုရင် ပြင်ထားပါ
  • ကြက်သွန်နီ အနေတော် တစ်ခြမ်းကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
  • မျှင်ငါးပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • အိုးတစ်လုံးထဲမှာ ဆီကိုထည့်ပြီး အပူပေးကာ နနွင်းမှုန့်ထည့်ပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးစိမ်း (သို့ )ငရုတ်သီး အရောင်တင်မှုန့် နှင့် ကြက်သွန်အဖြူ  အနီတို့ကို မွှေးလာအောင် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ငှက်ပျောပွင့်ကို ထည့်ကြော်ပါ
  • ငှက်ပျောပွင့် အနည်းငယ် နွမ်းတာနဲ့မျှင်ငပိ ဆား  ပုဇွန်ခြောက်မှုန့်ထည့်ကာ မွှေပေးပါ
  • ပြီးတာနဲ့ ရေကို ငှက်ပျောပွင့်များ ဖုံးမြုပ်အောင် ထည့်ပေးကာ ဆူပွက်လာသည်အထိ ချက်ပေးပါ 
  • ရေဆူပွက် လာပြီဆိုလျှင် မကျည်းသီးမှည့်ကို ပျစ်ပျစ်လေး ဖျော်ထဲ့ကာ ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမအောင် မွှေပေးပြီး  အရသာ မြည်းပေးပါ
  • အရသာကို လိုသလို ပြင်ပေးပြီး ဆီပြန်အနေထား ရလာအောင် တည်ပေးပါ
  • ငှက်ပျောပွင့်များ နူးအိလာပြီဆိုရင် မီးပိတ်ပေးပါ
  • ထမင်းစားမြိန်စေမဲ့ ငှက်ပျောပွင့် ချဉ်ငံစပ် နူးနူးအိအိလေးကို သုံးဆောင်နိုင်ပါပြီ။

Wednesday 14 June 2017

ကြက်သားပြား အကြွတ်ကြော်






ကြက်ပေါင်သားကို အတုံးလိုက် ကြော်စားရတာ ရိုးသလို ဖြစ်လာလေတော့ ဒီတခါတော့ အရသာလေးလဲ ဆန်းရလေအောင် bread crumbအမှုန့်လေးလူးပြီး ကြွတ်ကြွတ်လေး ကြော်ပါမယ် အရသာမွှေးမွှေးလေး ကြော်ဖို့အတွက် ပါဝင်ရမှာလေးတွေနဲ့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ပေါင်သား - လေးခု
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. သံပုရာရည် - ထမင်းစားဇွန်းတစ်ဝက်
  6. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - လိုသလောက် 
  8. Bread crumbs - ထမင်းစားဇွန်း လေးဇွန်းမောက်မောက်

ကြက်သားအရသာနယ်ရန်

  • ကြက်သားကို ရေဆေးပြီး ရေခြောက်အောင် Paper Towelနှင့် ခပ်ဖွဖွ သုတ်ပေးပါ
  • ရေခြောက်သွားပါက ကြက်ပေါင်သားကို အလယ်မှခွဲပြီး အရိုးပေါ်အောင်လှီးကာ အရိုးအသား သတ်သတ်စီဖြစ်အောင် လှီးပေးပါ
  • အသားများကို နနွင်းမှုန့် ဆား အရသာမှုန့် lemon pepper တို့နဲ့အရသာဝင်အောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ
  • အရသာနယ်ပြီးပါက bread crumbs မှုန့်နဲ့ ကြက်သားပြား မျက်နှာပြင် ၂ဖက်လုံးကို ဖြူးပြီး ခပ်ဖွဖွ လူးပေးပါ
  • အောက်ချေ မကပ်သော ဒယ်အိုးတစ်လုံးကို ဆီအပူပေးပြီး ဆီပူလာပါက ကြက်သားကို ထည့်ကြော်ပေးပါ
  • တစ်ဖက်ရွှေဝါရောင် သန်းလာရင် နောက်တစ်ဖက် လှန်ပေးပြီး နောက်တစ်ဖက် ရွှေဝါရောင် သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ကြက်သားကြော် မွှေးမွှေးလေးကို စားသုံရန် ပြင်ပေးးနိုင်ပါပြီ။

Tuesday 13 June 2017

ဝက်သားစင်းကော အချိုကြော်


ဒီနေ့တော့ ၀က်သားစင်းကော အချိုကြော်လေးကြော်ကာ ထမင်းပူပူလေးနဲ့ စားရလေအောင် ပြင်ဆင်ဖြစ်လို့ ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ၀က်သား - 300 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ

  • ၀က်သားကို အတုံးလိုက် ရဆေးပြီး ရေစစ်ထားပါ
  • ရေစစ်တာနဲ့ စဥ့်နီတုံးပေါ်တင်ပြီး အသားများ ကြေသွားတဲ့ထိ ဓါးနဲ့ နုတ်နုတ်စင်းပါ
  • စင်းထားသော အသားကို ဆား အရသာမှုန့် မဆလာ နနွင်းမှုန့်တို့နှင့်နယ်ပြီး ၁၀မိနစ်ေလောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးပေးပြီး အကွင်းလိုက် ခပ်ထူထူ လှီးထားပါ
  • ကြက်သွန်ဖြူကို ရေဆေးပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ခပ်သေးသေး အချောင်းရှည်လေးတွေ လှီးထားပါ
ဟင်းချက်ရန်
  1. ဆီကိုအပူပေးပြီး ဆီအငွေ့ တက်လာတာနဲ့  ၀က်သားစင်းကောများကို ထည့်ပြီးမွှေပေးပါ
  2. အသားများ လုံးမိတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးဖုံးကာ တည်ပေးပါ
  3. အိုးမကပ်စေရန် အသားကို မကြာမကြာ မွှေပေးပြီး ရေခမ်းအောင် တည်ပေးပါ
  4. ရေခမ်းလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို ထည့်ပြီးကြော်ပါ
  5. ကြက်သွန်များ အရမ်းနွမ်းအောင် ကြော်စရာမ လိုတဲ့အတွက် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ မီးပိတ်ပေးကာ အရသာမြည်းပေးပါ
  6. အရသာကို လိုသလိုပြင်ပေးပြီး ၀က်သားစင်းကော အချိုကြော်ကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Monday 12 June 2017

ငါးထမင်းချဉ်သုပ်







ဒီတခါတော့ ငါးထမင်းချဉ် အစုံသုပ်လေး သုပ်စားဖြစ်ပါတယ် အလုပ်နည်းနည်း ရှုတ်ပေမဲ့ အသုပ်ဆိုတာမျိုးက ဘယ်အချိန်စားစား အရမ်းကောင်းတဲ့ အစားတစ်မျိုး ဖြစ်တဲ့အတွက် အပင်ပန်းခံကာ သုပ်စားမိတာပါဘဲ။

ငါးထမင်းချဉ် လုပ်နည်းလေးကလဲ နည်းနည်းလေး လက်ဝင်တယ် ဆိုပေမဲ့ စားတဲ့အခါ အရသာရှိလွန်းတာကြောင့် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာ
  2. ငါးရံ့  - နှစ်ဆယ်သားခန့် 
  3. ခရမ်းချဉ်သီး - အနေတော် ငါးလုံး
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာ (ဆီချက် ချက်ရန် )
  5. ငရုတ်သီး အရောင်တင်မှုန့် ထမင်းစားဇွန်း တစ်ဇွန်းခွဲ (ဆီချက်ချက်ရန်)
  6. ကြက်သွန်ဖြူ - စားနိုင်သလောက် ( အသုပ်နှင့်စားရန် )
  7. ဆီ - သုံးဆယ်သား (ဆီချက်နှစ်မျိုးချက်ရန်)
  8. ငါးငံပြာရည် - လိုသလောက်
  9. ဆား - လိုသလောက်
  10. အချိုမှုန့်  - လိုသလောက်
  11. ကြက်သွန်ဖြူ ဆီချက် - လိုသလောက်
  12. ငရုတ်သီးဆီချက် - လိုသလောက်
  13. မကျည်းသီးမှည့် - အနည်းငယ် (ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာလောက်ဖြင့် စိမ်ထားပါ )
  14. ပဲအကျက်မှုန့် - လိုသလောက်
  15. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  16. နနွင်းမှုန့် - လိုသလောက်
  17. အချိုမှုန့် - လိုသလောက်
  18. ခေါက်ဆွဲဖတ်အစို - လေးဆယ်သားခန့်
  19. ဂေါ်ဖီ - အနေတော် တစ်စိတ် (ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ)
  20. ကြက်သွန်နီ - အနေတော် နှစ်လုံး (ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ)
  21. အာလူး - ခပ်ကြီးကြီး နှစ်လုံး (နူးနေအောင်ပြုပ်ပြီး ခပ်ပါးပါး လှီးထားသော)
  22. အာလူး - ခပ်ကြီးကြီး နှစ်လုံး ( နူးနေအောင်ပြုပ်ပြီး အခွံခွာကာ ညက်နေအောင် ချေထားပါ)
  23. ပဲကြာဇံ - နှစ်ကျပ်ခွဲသားခန့် (တစ်နာရီလောက် ရေစိမ်ပြီး ရေနွေးပူပူထဲမှာ ငါးမိနစ်လောက် စိမ်ထားပြီး ရေစစ်ထားပါ) 
  24. ငရုတ်သီးစိမ်း - စားနိုင်သလောက်

ဟင်းခါးချက်ရန်
  • ဂေါ်ဖီ အကြမ်းဖတ် - အနည်းငယ် (ဟင်းခါးချက်ရန် ခပ်ထူထူ လှီးထားပါ)
  • ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း 
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ (မညက်တစ်ညက် ထောင်းထားပါ)
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် နှစ်လုံးစာကို ဆား အချိုမှုန့် ပုဇွန်ခြောက်မှုန့်တို့ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဂေါ်ဖီ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူ ထည့်ကာ ရေဆူအောင် ထပ်တည်ပေးပြီးရင် ဂေါ်ဖီဟင်းခါး ရပါပြီ။
ကြက်သွန်ဖြူ  ဆီချက်ချက်ရန်
  • ကြက်သွန်ဖြူကို အခွံခွာပြီး မညက်တညက် ထောင်းထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ပြီး ကြက်သွန်ဖြူ ကို ထည့်ကြော်ပါ
  • ကြက်သွန်ဖြူများ ကြွတ်လာတာနဲ့ ဆယ်ပြီးတော့ အအေးခံထားပါ
  • ဆီချက်ကိုလဲ အအေးခံထားပါ 
  • ဆီချက်နှင့် ကြက်သွန်ဆီချက်ဖတ်များ နှစ်မျိုးလုံး အေးတော့မှ ပြန်ရောထားပါ။
ငရုတ်သီး ဆီချက်ချက်ရန်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အကုန်လျှော့ပြီးမှ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံနှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ကြော်ပါ
  • ငရုတ်သီးမှုန့်က ကျက်လွယ်တဲ့အတွက် ဆီပူထဲ ထည့်ပြီးတာနဲ့ မီးဖိုပေါ်မှ ဖယ်ပေးကာ မွှေပေးပါ
  • ငရုတ်သီးနံ့ သင်းလာရင် ရပါပြီ။

ငါးထမင်းလုံး လုပ်ရန်ပြင်ဆင်ပုံ

  • ဆန်ကို ပုံမှန်ထမင်းချက်သည့်အတိုင်း ချက်ပေးပြီး အအေးခံထားပါ
  • အာလူးကို နူးနေအောင်ပြုပ်ကာ အအေးခံပြီး အခွံခွာကာ အာလူးများကို ကျေသွားအောင် ချေထားပါ
  • ခရမ်းချဉ်သီးကို ဒယ်အိုးထဲထည့်ပြီး ရေမြုပ်အောင်ထည့်ကာ အခွံများ ကွာထွက်လာအောင်ပြုတ်ပေးပါ
  • ခရမ်းချဉ်သီးများ အေးလာပါက ကွာထွက်နေသော အခွံများကို ခွာပြီးဖယ်ကာ အထဲမှ အစေ့များကို ဖယ်လိုက်ပါ 
  • ပြုပ်ပြီးအခွံခွာထားသော ခရမ်းချဉ်သီးများကို အိုးထဲမှာ ကြက်သွန်ဖြူ ဆီချက် ထမင်းစားဇွန်း တစ်ဇွန်း နှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ ကိုထည့်ပြီး ခရမ်းချဉ်သီးများကျေပြီး ရေခမ်းသည်အထိ ချက်ပေးပါ
  • ငါးကိုသန့်စင်ပြီး ရေစင်အောင်ဆေးကာ နနွင်းမှုန့်အနည်းငယ် ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ရေအနည်းငယ်ထည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
  • ငါးပြုပ်ကျက်ပါက အအေးခံပြီး အရိုးအသား ထွင်ပေးပါ
  • ထို့ နောက် ဒယ်အိုးကို အပူပေးပြီး  ဆီထမင်းစားဇွန်း တစ်ဇွန်းခန့်ထည့်ကာ ငါးအသားများ ခြောက်သွားအောင် လှော်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်ခုထဲမှာ အအေးခံထားသော ထမင်း လှော်ထားသော ငါး ချက်ထားသော ခရမ်းချဉ်သီး ချေထားသော အာလူး ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ ဖြင့် နယ်ပေးပါ
  • နယ်ထားသော ထမင်းများကို အရသာမြည်းပြီး လိုသလို ပြင်ပေးကာ လက်တစ်ဆုတ်စာ အလုံးလေးတွေ လုံးထားပေးပါ
အသုပ်သုပ်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ပေးထားပါ  
  • အနေတော် ဇလုံတစ်လုံးထဲမှာ ငါးထမင်းချဉ်လုံးနှင့် ခေါက်ဆွဲ ပဲကြာဇံ အာလူး ဂေါ်ဖီတို့ကို တစ်ပွဲစာထည့်ကာ ကြက်သွန်ဖြူ  ဆီချက် ငရုတ်သီး ဆီချက် ငံပြာရည် အချိုမှုန့် မကျည်းမှည့်ရည် ပဲအကျက်မှုန့်နှင့် ငရုတ်သီး အလှော်မှုန့်တို့ကို သင့်သလိုထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အသုပ်သုပ်ရာမှာ တစ်ယောက်နဲ့တယောက် အကြိုက်မတူနိုင်တဲ့အတွက် မိမိနှစ်သက်သလို နှစ်သက်ရာ အစာများထည့်ပြီး သုပ်စားနိုင်ပါတယ်
  • ငါးထမင်းနယ်သုပ် ရပြီဆိုတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ  ဂေါ်ဖီဟင်းခါးတို့ ဖြင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Friday 9 June 2017

ကြက်သားလုံး သခွားသီးကြော်ချက်






ထမင်းဝိုင်းမှာ အရည်သောက်လေးပါမှ ထမင်းစားလို့ကောင်းပါတယ် ဒါကြောင့်မို့ ဒီနေ့တော့ ငါးဆားနယ်ကြော်ကို ငရုတ်သီးစပ်စပ်နဲ့ကြော်ပြီး ငါးဆားနယ်ကြော်နဲ့ လိုက်ဖက်လွန်းတဲ့ သခွားသီးကြော်ချက် တစ်မယ်ချက်လိုက်ပါတယ် စားချင့်စဖွယ် စားမြိန်အရည်သောက် ဟင်းလေးမို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သခွားသီး - ခပ်ကြီးကြီး တစ်လုံး
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ကြက်သားလုံးလုပ်ရန်
  • ကြက်ကြိတ်သား 100 g 
  • ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်
  • ပြောင်းကော်မှုန့် ထမင်းစားဇွန်း တစ်ဝက်သာသာ
ပြင်ဆင်ပုံ
  • သခွားသီးကို အခွံခွာပြီး ပုံပါအတိုင်း လှီးထားပါ
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီကိုအခွံခွာပြီး ရေဆေးကာ ပြင်ထားပါ
  • ကြက်ကြိတ်သားကို ဆား အရသာမှုန့် ပြောင်းကော်မှုန့်တို့နဲ့ နယ်ထားပေးပါ
  • ကြက်ကြိတ်သားကို အရသာနယ်ပြီး အနေတော် အလုံးလေးတွေ လုံးထားပါ
  • အိုးတစ်လုံးထဲမှာ သခွားသီး ကြက်သွန်ဖြူ ကြက်သွန်နီ ဆီ ဆား အရသာမှုန့် နနွင်းမှုန့်နှင့် ရေအနည်းငယ်တို့ကိုထည့်ကာ ဟင်းလုံးမိအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပြီး သုံးမိနစ်လောက် နေတာနဲ့ အထက်အောက် သမအောင်မွှေကာ ကြက်သားလုံးများကို ထည့်ပြီး ၃မိနစ်လောက် အဖုံးအုပ်ပြီး တည်ထားပါ
  • ပြီးတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်တစ်လုံးခွဲစာ ထည့်ပြီး ဆူအောင်တည်ပါ
  • ဟင်းရည်ဆူလာပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ငရုတ်ကောင်းမှုန့်ခပ်ပြီး သခွားသီးကြော်ချက်ကို ဟင်းပွဲပြင်ပေးနိုင်ပါပြီ။

Wednesday 7 June 2017

ဂုံးဟင်းချဉ်စပ်


ဒီနေ့တော့ ဂုံးကို ချဉ်စပ်လေး ချက်ဖြစ်ပါတယ် မြန်မာပြည်က ဂုံးတွေလောက်တော့ မမွှေးပေမဲ့ အသားပိုများပြီး နူးညံ့ပါတယ် ချက်ရတာမြန်ပြီး စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အခွံပါသော New Zealand green-shell mussel - တစ်ကီလိုခွဲ
  2. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ညက်နေအောင် ထောင်းထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း တစ် ဇွန်း
  4. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  5. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီ - ထမင်းစားဇွန်း ၃ ဇွန်းခန့်
  6. Tomato sauce - ထမင်းစားဇွန်း ၇ ဇွန်း
  7. ခပ်ပါးပါး လှီးထားသော ခရမ်းချဉ်သီး - အနေတော် တစ်လုံး
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. ရေ - ဟင်းခပ်ဇွန်းကြီး တစ် ဇွန်း
  12. ဆီ - ထမင်းစားဇွန်း ၅ဇွန်း

ပြင်ဆင်ပုံ
  • ဂုံးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဇောက်နက်သော အနေတော်အိုးကို အပူပေးကာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပါ
  • ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးအရောင်တင်မှုန့် ငရုတ်သီးသီးစိမ်းတို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ ခရမ်းချဉ်သီးများကို ထည့်ပြီးဆီသတ်ပေးပါ
  • ခရမ်းချဉ်သီးများ ကျေလာတာနဲ့ ရေစစ်ထားသော ဂုံးများ ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ရေထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဂုံးများကျက်လာတာနဲ့ အရသာမြည်ပြီး လိုသလို ပြင်ပေးကာ ရေမခမ်းခင် မီးပိတ်ပေးပါ
  • အနံ့အရသာနှင့် ပြည့်စုံလှသော ခရမ်းချဉ်သီး အရည်စပ်ကျဉ်းလေးနှင့် ဂုံးချဉ်စပ်လေး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Tuesday 6 June 2017

ဝက်သား ချိုချဉ်ကြော်


ဒီနေ့တော့ ထမင်းမြိန်စေမဲ့ ၀က်သားချိုချဉ်ကြော်လေး ကြော်ပါတယ် စားမြိန်ဟင်းလေးဖြစ်ပြီး ဟင်းတစ်မယ်ထဲနဲ့ ထမင်းမြိန်စေတဲ့အတွက် ကြော်စားနိုင်အောင် ချိုချဉ်ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ၀က်သား - 200 g
  2. ကြက်သွန်နီ - တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ပန်းငရုတ်ပွ အနီရောင် - တစ်ခြမ်း
  5. ပန်းငရုတ်ပွ အ၀ါရောင် - တစ်ခြမ်း
  6. ပန်းငရုတ်ပွ အစိမ်းရောင် - တစ်ခြမ်း
  7. မုံလာဥနီ - အနေတော် တစ်ဥ
  8. ခရမ်းချဉ်သီး - အနေတော် တစ်လုံး
  9. ပဲတောင့်ရှည် - သုံးတောင့်
  10. နာနာတ်သီး - တစ်စိတ်
  11. ပန်းဂေါ်ဖီ - အနေတော် သုံးခက်
  12. ချင်း - အနည်းငယ်
  13. ကြက်သွန်မြိတ် - သုံးပင်ခန့်
  14. ချိုချဉ်ဆော့စ်ရည် - သုံးဇွန်း
  15. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  16. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  17. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  18. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  19. နာနတ်သီးအရည် - ထမင်းစားဇွန်းသုံးဇွန်း
  20. သံပုရာရည် - ထမင်းစားဇွန်း တစ်ဝက်
  21. ဆီ - ထမင်းစားဇွန်း ငါးဇွန်း (ချိုချဉ်ကြော်ရန်)
  22. ဆီ - လိုသလောက် (၀က်သားကြော်ရန်)
  23. ဂျုံမှုန့် - ထမင်းစားဇွန်း သုံးဇွန်းခန့်
  24. ကြက်ဥ - တစ်လုံး

ချိုချဉ်ဆော့စ်ရည်လုပ်နည်း
  • ခရမ်းချဉ်သီးဆော့စ် - သုံးဇွန်း
  • သကြား -နှစ်ဇွန်း
  • သဘာဝနာနတ်သီးအရည် - သုံးဇွန်း
  • ပဲငံပြာရည် - တစ်ဇွန်း
  • သံပုရာရည် - ထမင်းစားဇွန်း ဇွန်းတစ်ဝက်
  • ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာ
  • ဆား - အနည်းငယ် (အထက်ပါ ပါဝင်ပစ္စည်းအားလုံးကိုရောပြီး ဆော့စ်ရည်အဖြစ် ကျိုထားပါ)
ပြင်ဆင်ပုံ
  • ၀က်သားကို အနေတော် အတုံးလေးတွေတုံးပြီး ဆားအနည်းငယ် အချိုမှုန့်အနည်းငယ်တို့နှင့် အရသာ အနည်းငယ် နယ်ထားပေးပါ
  • ကြက်ဥကို ခလောက်ထားပါ
  • ဂျုံမှုန့်ကို ပြင်ထားပါ
  • ကြက်သွန်နီကို လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  • အခြားအသီးအနှံတွေကိုလည်း ရေဆေးကာ အနေတော် လှီးထားပါ
  • ချင်းကိုလဲ အခွံခွာကာ အမျှင်လေးတွေရအောင် လှီးထားပါ
  • ကြက်သွန်မြိတ်ကို ၁လက္မအရွယ် ပိုင်းဖြတ်ထားပါ
  • အရသာနယ်ထားသော ၀က်သားကို ကြေအောင်ခေါက်ထားတဲ့ ကြက်ဥအရည်ထဲနှစ်ပြီး ဂျုံမှုန့်တွေထဲမှာ ကပ်လူးပေးပါ
  • ဂျုံမှုန့်ကပ်ထားသော ၀က်သားကို ဆီပူပူမှာ ရွှေရောင်ရအောင်ကြော်ယူပြီး ဆီစစ်ထားပါ
  • အခြားဒယ်အိုးတစ်လုံးကို ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ချင်းမျှင်လေးတွေကို ဆီသတ်ပြီး အသီးအရွက်များကို ထည့်ကြော်ပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ဆယ်ထားသော ကြက်သားကြော်များ ထည့်ပေးပါ
  • ပြီးတာနဲ့ ချိုချဉ်ဆော့စ်ရည် လောင်းထည့်ပြီး မွှေပေးပါ
  • အရသာမြည်းပြီး လိုသလိုပြင်ကာ ကြက်သွန်မြိတ်ထည့်ပြီး မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ အလွန်စားကောင်းလို့ကောင်းတဲ့ ၀က်သားချိုချဉ်ကြော်လေး ရပါပြီ။
  • ၀က်သားမစားပါက ကြက်သားအစားထိုးပြီး ကြော်နိုင်သလို အချိုမှုန့် မစားပါက ကြက်သားမှုန့် သကြားတို့တို့ကို အစားထိုးပြီး ကြော်ပေးပါ။