မာမာတို့ အခုပြောင်းလာတဲ့ မြို့လေးက အေးရှန်းအသီးအရွက်တွေကို တစ်ပါတ် ၃ရက်ရောင်းတဲ့ ဈေးကြီးတစ်ခု ရှိလေတော့ အေးရှန်းစာကြိုက်တဲ့ မာမာအတွက် အရမ်းကို အဆင်ပြေ လွန်းပါတယ်။
မနေ့က ဈေးကိုသွားတာ ငှက်ပျောဖူးတွေတွေ့တော့ စားချင်စိတ်က မနေနိုင် ဖြစ်ပြန်ပါရော ဒီတော့ကာ ၀ယ်လာပြီး ဒီနေ့တော့ ထမင်းစား မြိန်စေမဲ့ ချဉ်ငံစပ် ငှက်ပျောဖူးဟင်းလေး ချက်ဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငှက်ပျောဖူး - အနေတော် တစ်ဖူး
- ငရုတ်စိမ်း - မိမိနှစ်သက်သလောက် (သို့မဟုတ်)
- ငရုတ်သီးမှုန့် အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပုဇွန်ငပိ - ကွမ်းသီးဆံလုံး တစ်လုံးစာ
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - နှစ်မွှာ
- ဆား - ထမင်းစားဇွန်း နှစ်ဇွန်း (ငှက်ပျောဖူးဆေးရန်)
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- မကျဉ်းသီးမှည့် - ကွမ်းသီးဆံလုံး တစ်လုံးစာ
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း (သို့ ) ပုဇွန်ထုတ် သုံးကောင်
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
- ငှက်ပျောဖူးကို ပုံပါအတိုင်း အပေါ်ယံ အခွံများကို တစ်ခွံခြင်းခွာပေးပြီး အခွံအရင့်များ ကုန်သည်အထိ ခွာပေးပါ
- ကျန်နေသော ငှက်ပျောဖူး အနုပိုင်းကို အနေတော်လှီးပြီး ဆားနှင့် ပျော့ပြီးအဖန်ရည်များနှင့် အမည်းရောင် အစေးများ ထွက်သွားအောင် နာနာနယ်ပေးပါ
- အဖန်ဓါတ်များနှင့် အမည်းရောင်အစေးများ ပျောက်သွားအောင် နယ်ပေးကာ ငှက်ပျောဖူး ပျော့လာပြီဆိုရင် ရေသုံးခါလောက် ဆေးပေးပါ
- ငရုတ်သီးစိမ်းနဲ့ ချက်မယ်ဆို ငရုတ်သီးစိမ်းကို ခပ်ပါးပါး လှီးပေးပါ
- ငရုတ်သီးအရောင်တင်မှုန့် သုံးမယ်ဆိုရင် ပြင်ထားပါ
- ကြက်သွန်နီ အနေတော် တစ်ခြမ်းကို ခပ်နုတ်နုတ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ
- မန်ကျည်းသီးမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
- မျှင်ငါးပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
- ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
- ဆီပူလာတာနဲ့ ငရုတ်သီးစိမ်း (သို့ ) ငရုတ်သီးအရောင်တင်မှုန့် နှင့် ကြက်သွန်အဖြူ အနီကို မွှေးလာအောင် ထည့်ကြော်ပါ
- ပြီးတာနဲ့ ငှက်ပျောဖူးကို ထည့်ကြော်ပါ
- ငှက်ပျောဖူးအနည်းငယ် နွမ်းတာနဲ့မျှင်ငပိ ဆား ပုဇွန်အစိမ်း ၃ ကောင်မျှ သို့်မဟုတ် ပုဇွန်ခြောက်မှုန့်ထည့်ကာ မွှေပေးပါ
- ပြီးတာနဲ့ ရေကို ငှက်ပျောဖူးမြုပ်အောင် ထည့်ပေးကာ ဆူပွက်လာသည်အထိ ချက်ပေးပါ
- ရေဆူပွက်လာပြီးဆိုလျှင် မကျည်းသီးမှည့်ကို ပျစ်ပျစ်လေး ဖျော်ထဲ့ကာ အရသာ မြည်းပေးပါ
- အရသာကို လိုသလို ပြင်ပေးပြီး ဆီကျန်ရေကျန် အနေထားရအောင် တည်ပေးပါ
- ငှက်ပျောဖူးများ နူးအိလာပြီဆိုရင် မီးပိတ်ပေးပါ
- ထမင်းစားမြိန်စေမဲ့ ငှက်ပျောဖူးဟင်း ချဉ်ငံစပ် နူးနူးအိအိလေးကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment