ဒီတခါတော့ ငါးထမင်းချဉ် အစုံသုပ်လေး သုပ်စားဖြစ်ပါတယ် အလုပ်နည်းနည်း ရှုတ်ပေမဲ့ အသုပ်ဆိုတာမျိုးက ဘယ်အချိန်စားစား အရမ်းကောင်းတဲ့ အစားတစ်မျိုး ဖြစ်တဲ့အတွက် အပင်ပန်းခံကာ သုပ်စားမိတာပါဘဲ။
ငါးထမင်းချဉ် လုပ်နည်းလေးကလဲ နည်းနည်းလေး လက်ဝင်တယ် ဆိုပေမဲ့ စားတဲ့အခါ အရသာရှိလွန်းတာကြောင့် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာ
- ငါးရံ့  - နှစ်ဆယ်သားခန့်
- ခရမ်းချဉ်သီး - အနေတော် ငါးလုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာ (ဆီချက် ချက်ရန် )
- ငရုတ်သီး အရောင်တင်မှုန့် ထမင်းစားဇွန်း တစ်ဇွန်းခွဲ (ဆီချက်ချက်ရန်)
- ကြက်သွန်ဖြူ - စားနိုင်သလောက် ( အသုပ်နှင့်စားရန် )
- ဆီ - သုံးဆယ်သား (ဆီချက်နှစ်မျိုးချက်ရန်)
- ငါးငံပြာရည် - လိုသလောက်
- ဆား - လိုသလောက်
- အချိုမှုန့်  - လိုသလောက်
- ကြက်သွန်ဖြူ ဆီချက် - လိုသလောက်
- ငရုတ်သီးဆီချက် - လိုသလောက်
- မကျည်းသီးမှည့် - အနည်းငယ် (ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာလောက်ဖြင့် စိမ်ထားပါ )
- ပဲအကျက်မှုန့် - လိုသလောက်
- ငရုတ်သီး အလှော်မှုန့် - လိုသလောက်
- နနွင်းမှုန့် - လိုသလောက်
- အချိုမှုန့် - လိုသလောက်
- ခေါက်ဆွဲဖတ်အစို - လေးဆယ်သားခန့်
- ဂေါ်ဖီ - အနေတော် တစ်စိတ် (ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ)
- ကြက်သွန်နီ - အနေတော် နှစ်လုံး (ခပ်ပါးပါးလှီးပြီး ရေဆေးထားပါ)
- အာလူး - ခပ်ကြီးကြီး နှစ်လုံး (နူးနေအောင်ပြုပ်ပြီး ခပ်ပါးပါး လှီးထားသော)
- အာလူး - ခပ်ကြီးကြီး နှစ်လုံး ( နူးနေအောင်ပြုပ်ပြီး အခွံခွာကာ ညက်နေအောင် ချေထားပါ)
- ပဲကြာဇံ - နှစ်ကျပ်ခွဲသားခန့် (တစ်နာရီလောက် ရေစိမ်ပြီး ရေနွေးပူပူထဲမှာ ငါးမိနစ်လောက် စိမ်ထားပြီး ရေစစ်ထားပါ)
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
ဟင်းခါးချက်ရန်
- ဂေါ်ဖီ အကြမ်းဖတ် - အနည်းငယ် (ဟင်းခါးချက်ရန် ခပ်ထူထူ လှီးထားပါ)
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ (မညက်တစ်ညက် ထောင်းထားပါ)
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ရေ တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် နှစ်လုံးစာကို ဆား အချိုမှုန့် ပုဇွန်ခြောက်မှုန့်တို့ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေဆူတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဂေါ်ဖီ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူ ထည့်ကာ ရေဆူအောင် ထပ်တည်ပေးပြီးရင် ဂေါ်ဖီဟင်းခါး ရပါပြီ။
ကြက်သွန်ဖြူ ဆီချက်ချက်ရန်
- ကြက်သွန်ဖြူကို အခွံခွာပြီး မညက်တညက် ထောင်းထားပါ
- ဆီကိုအပူပေးပြီး နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ပြီး ကြက်သွန်ဖြူ ကို ထည့်ကြော်ပါ
- ကြက်သွန်ဖြူများ ကြွတ်လာတာနဲ့ ဆယ်ပြီးတော့ အအေးခံထားပါ
- ဆီချက်ကိုလဲ အအေးခံထားပါ
- ဆီချက်နှင့် ကြက်သွန်ဆီချက်ဖတ်များ နှစ်မျိုးလုံး အေးတော့မှ ပြန်ရောထားပါ။
ငရုတ်သီး ဆီချက်ချက်ရန်
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ
- ဆီပူလာတာနဲ့ မီးကို အကုန်လျှော့ပြီးမှ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံနှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ကြော်ပါ
- ငရုတ်သီးမှုန့်က ကျက်လွယ်တဲ့အတွက် ဆီပူထဲ ထည့်ပြီးတာနဲ့ မီးဖိုပေါ်မှ ဖယ်ပေးကာ မွှေပေးပါ
- ငရုတ်သီးနံ့ သင်းလာရင် ရပါပြီ။
ငါးထမင်းလုံး လုပ်ရန်ပြင်ဆင်ပုံ
- ဆန်ကို ပုံမှန်ထမင်းချက်သည့်အတိုင်း ချက်ပေးပြီး အအေးခံထားပါ
- အာလူးကို နူးနေအောင်ပြုပ်ကာ အအေးခံပြီး အခွံခွာကာ အာလူးများကို ကျေသွားအောင် ချေထားပါ
- ခရမ်းချဉ်သီးကို ဒယ်အိုးထဲထည့်ပြီး ရေမြုပ်အောင်ထည့်ကာ အခွံများ ကွာထွက်လာအောင်ပြုတ်ပေးပါ
- ခရမ်းချဉ်သီးများ အေးလာပါက ကွာထွက်နေသော အခွံများကို ခွာပြီးဖယ်ကာ အထဲမှ အစေ့များကို ဖယ်လိုက်ပါ
- ပြုပ်ပြီးအခွံခွာထားသော ခရမ်းချဉ်သီးများကို အိုးထဲမှာ ကြက်သွန်ဖြူ ဆီချက် ထမင်းစားဇွန်း တစ်ဇွန်း နှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ ကိုထည့်ပြီး ခရမ်းချဉ်သီးများကျေပြီး ရေခမ်းသည်အထိ ချက်ပေးပါ
- ငါးကိုသန့်စင်ပြီး ရေစင်အောင်ဆေးကာ နနွင်းမှုန့်အနည်းငယ် ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ရေအနည်းငယ်ထည့်ကာ ရေခမ်းအောင် ပြုပ်ပေးပါ
- ငါးပြုပ်ကျက်ပါက အအေးခံပြီး အရိုးအသား ထွင်ပေးပါ
- ထို့ နောက် ဒယ်အိုးကို အပူပေးပြီး ဆီထမင်းစားဇွန်း တစ်ဇွန်းခန့်ထည့်ကာ ငါးအသားများ ခြောက်သွားအောင် လှော်ပေးပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇလုံတစ်ခုထဲမှာ အအေးခံထားသော ထမင်း လှော်ထားသော ငါး ချက်ထားသော ခရမ်းချဉ်သီး ချေထားသော အာလူး ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ ဖြင့် နယ်ပေးပါ
- နယ်ထားသော ထမင်းများကို အရသာမြည်းပြီး လိုသလို ပြင်ပေးကာ လက်တစ်ဆုတ်စာ အလုံးလေးတွေ လုံးထားပေးပါ
အသုပ်သုပ်ရန်
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ပေးထားပါ
- အနေတော် ဇလုံတစ်လုံးထဲမှာ ငါးထမင်းချဉ်လုံးနှင့် ခေါက်ဆွဲ ပဲကြာဇံ အာလူး ဂေါ်ဖီတို့ကို တစ်ပွဲစာထည့်ကာ ကြက်သွန်ဖြူ ဆီချက် ငရုတ်သီး ဆီချက် ငံပြာရည် အချိုမှုန့် မကျည်းမှည့်ရည် ပဲအကျက်မှုန့်နှင့် ငရုတ်သီး အလှော်မှုန့်တို့ကို သင့်သလိုထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
- အသုပ်သုပ်ရာမှာ တစ်ယောက်နဲ့တယောက် အကြိုက်မတူနိုင်တဲ့အတွက် မိမိနှစ်သက်သလို နှစ်သက်ရာ အစာများထည့်ပြီး သုပ်စားနိုင်ပါတယ်
- ငါးထမင်းနယ်သုပ် ရပြီဆိုတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့ ဖြင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment