Friday 29 March 2019

အုန်းနို့သာကူကျို






















အချိုပွဲအတွက် ဒီနေ့တော့ ကန်စွန်းဥနဲ့ အုန်းနို့ ချိုစိမ့်စိမ့်လေး ကျိုဖြစ်ပါတယ် ကျိုနည်းလေးက အရမ်းကို လွယ်ပါတယ် ဒါပေမဲ့ ကိုယ်အသုံးပြုမဲ့ ကန်စွန်းဥများက နူးချိန်မတူနိူင်တဲ့အတွက် ကန်စွန်းဥ ပြုပ်ချိန် အပေါ်မှာ မူတည်ပြီး ချင့်ချိန်ကာ ပြုပ်စေချင်ပါတယ်။

ပါ၀င်ပစ္စည်းများ

ကန်စွန်းဥ - အရောင် သုံးမျိုး
အုန်းနို့ - ၄၀၀ မီလီမီတာ (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
သကြား - ထမင်းစားဇွန်း ၆ဇွန်းမောက်မောက် (အချိုကြိုက်လျှင် ပိုထည့်ပါ)
အုန်းသီးဖတ် - မိမိနှစ်သက်သလောက်
ကောက်ညှင်းမှုန့် - လိုသလောက်သုံးပါ
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ရေ - ၁၂၀၀ မီလီမီတာ (အုန်းနို့နှင့်ရောကျိုရန်)

ပြင်ဆင်ပုံ
ကန်စွန်းဥကို အခွံခွာပြီး ရေဆေးထားပါ
ရေဆေးပြီးတာနဲ့ ပုံပါအတိုင်း အတုံးလေးတွေ တုံးပေးထားပါ
ကောက်ညှင်းမှုန့်ကို ဇလုံတလုံးထဲမှာထည့်ပြီး ပြင်ထားပါ။
ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
ရေဆူလာတာနဲ့ ကန်စွန်းဥ တစ်မျိုးစီကို သပ်သပ်စီ ပြုပ်ပေးပါ 
ပြုပ်ထားသော ကန်စွန်းဥ နူးမနူးကို ဆယ်ကြည့်ပြီး အရမ်းမနူးခင် ဇကာတစ်ခုနှင့် ဆယ်ပေးပါ
ဆယ်ပြီးတာနဲ့ အသင့်ပြင်ထားသော ကောက်ညှင်းမှုန့်ထဲထည့်ပြီး လှိမ့်ပေးပါ
ထိုနည်းအတိုင်း ကျန်နေသော ကန်စွန်းဥ နှစ်မျိုးကိုလဲ ပြုလုပ်ပေးပါ
အသုံးသော ကန်စွန်းဥများ တစ်ခုနှင့်တစ်ခု မတူနိူင်သောကြောင့် ကန်စွန်းဥပြုပ်ချိန် တစ်ခုနှင့်တစ်ခု မတူနိူင်ပါ
ကန်စွန်းဥများ အဆင်သင့်ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ အုန်းနို့ သကြား ဆားနှင့်ရေတို့ထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
အုန်းနို့များ ပွက်ပွက်ဆူလာတာနဲ့ ကောက်ညှင်းမှုန့် လူးထားသော ကန်စွန်းဥများနှင့် အုန်းသီးဖတ်များကို ထည့်မွှေပေးပါ
လေးမိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပြီးတာနဲ့ မီးပိတ်ပေးပါ
ပြီးတာနဲ့ ကန်စွန်းဥ အုန်းနို့ကျို ချိုချိုစိမ့်စိမ့်လေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

မတ်ပဲကြော်








အရင်ဦးဆုံး marmarskitchen.blogspot.com မှာ mmlazp.blogspot.com နံမည်နဲ့ ပုံလေးတွေတင်တဲ့အခါ တစ်မျိုး မထင်ကြစေချင်ပါဘူးရှင် နှစ်ခုလုံးက မာမာ့ရဲ့ blog လေးတွေပါဘဲ အရင် mmlazp.blogspot.com က ဝင်လို့မရတော့တဲ့အတွက် blog အသစ်ဖွင့်လိုက်ရခြင်း မျှသာပါ။

ဒီတစ်ခါတော့ သမီးငယ်လေး ကျောင်းကိုမပြန်ခင် သူစားရအောင် မတ်ပဲကြော်လေးတွေ ကြော်ဖြစ်တဲ့အတွက် လွယ်မယောင်နဲ့ခက်တဲ့ မတ်ပဲကြော်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

အကြော်ကြော်တဲ့ အခါမှာ ဆီများများလေး သုံးဖို့တော့ လိုပါတယ် ဆီများများပါမှ မတ်ပဲကြော် ကြော်တဲ့အခါ မွပြီး ရွနေမှာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မတ်ပဲ - 1 cup
  2. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  3. ချင်း - ထမင်းစားဇွန်း တစ်ဇွန်းစာ
  4. နံနံပင် - ထမင်းစားဇွန်း နှစ်ဇွန်းစာ
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဆီ - လိုသလောက်သုံးပေးပါ
  8. ရေ -ထမင်းစားဇွန်း လေးဇွန်း
ပြင်ဆင်ပုံ
  • မတ်ပဲကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ငါးနာရီခန့် ရေစိမ်ပေးထားပါ
  • ပဲရေစိမ်ထားတာ အချိန်ပြည့်လောက်ပါက ပါဝင်ပစ္စည်းများကို ပြင်ပေးပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ရိတ်ရိတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ရေစိမ်ထားသောပဲကို ကြိတ်စက်ထဲထည့်ပြီး အရင်ဆုံး တစ်မိနစ်လောက် ကြိတ်လိုက်ပါ
  • တမိနစ်လောက် ကြိတ်ပြီးတာနဲ့ စက်ကိုခနနားပြီး ကြိတ်စက်ထဲမှ ပဲများကို ဇွန်းဖြင့် အထက်အောက် မွှေပေးကာ ဘေးမှာကပ်နေတဲ့ ပဲတွေကို ခြစ်ချပေးပါ
  • ပြီးတာနဲ့ ရေ ထမင်းစားဇွန်းတဇွန်း ထည့်ကာ နောက်ထပ် တစ်မိနစ် ဆက်ပြီးကြိတ်ပေးပါ
  • ပဲာကိတ်ချိန် တမိနစ်ပြည့်တာနဲ့ စက်ကိုခနရပ်ပြီး ကြိတ်စက်ထဲက ပဲများကို အထက်အောက် လှန်ကာ ဘေးမှာ ကပ်နေတာတွေ ခြစ်ချပေးပါ
  • နောက်ထပ် ရေထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး နောက်ထပ်တစ်မိနစ် ထပ်ကြိတ်ပေးပါ
  • စုစုပေါင်း ရေ ထမင်းစားဇွန်း လေးဇွန်းလောက် ကုန်အောင် ကြိတ်ပေးပြီး ပဲများချောမွတ်စွာ ကျေညက်သွားစေရန် နောက်ထပ် သုံးမိနစ်လောက် ထပ်ကြိတ်ပေးပါ
  • ပဲကြိတ်ပြီးပြီဆိုတာနဲ့ ဇလုံတစ်ခုထဲ ပြောင်းထည့်ကာ ဆား ကြက်သားမှုန့် နံနံပင် ချင်းနှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ ပဲကိုလေ ကောင်းကောင်းခိုလို့ ကောင်းစေမည့် မွှေတံဖြင့် လက်သန်ရာဘက်သို့ အနည်းဆုံး နှစ်မိနစ်ဆက်တိုက် မွှေပေးပါ
  • ပဲကြော်ရန်အတွက် လေခိုမှု လုံလောက် မလောက်ဆိုတာကို သိစေရန် ရေထည့်ထားသော ဇလုံထဲသို့ ကြိတ်ပြီးသားပဲကို အနည်းငယ်ယူပြီး ထည့်ကြည့်ပါက ပဲလုံးကလေး ရေပေါ်ပေါ်လာလျှင်မတ်ပဲကြော် ကြော်ရန်အသင့် ဖြစ်ပါပြီ။
မတ်ပဲကြော်ရန်
  • ဒယ်အိုးထဲမှာ ဆီကိုထည့်ပေးပြီး အပူပေးပါ
  • ဆီအရမ်း ပူလာတာနဲ့ မီးကို အနေတော် လျှော့ပေးလိုက်ပါ
  • ပြီးတာနဲ့ လက်ကိုရေစွတ်ရန် ရေဇလုံသန့်သန့် တစ်ခုကို ပြင်ထားပါ
  • လက်ကို ရေစွတ်ပြီး ရေများ စိုစွတ်စွာ ပါမလာစေရန် လက်ကိုဆီအိုးနှင့် လွတ်သော နေရာမှာ ခါပေးပြီးမှ အရသာ စပ်ထားသောပဲကို အကြော်တစ်ခုစာ ယူလိုက်ပါ
  • အရသာ စပ်ထားသော ပဲသား တစ်ခုစာကို လက်ဝါးပေါ်တင်ပြီး အနည်းငယ်ဖြန့်ကာ လက်ညှိုးနှင့် အလယ်တည့်တည့်ကို ဖောက်ပေးပြီးမှ ဆီပူအိုးထဲကို အသာလေး လျောချပေးပါ
  • အထက်ပါ နည်းအတိုင်း အရသာ နယ်ထားသော ပဲများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ပဲကြော်နေစဉ်  တစ်ဖက်ကျက်ပါက တစ်ဖက်ကို လှန်ပေးကာ ၂ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက မိမိနှစ်သက်သလို စားသုံးနိုင်သော မတ်ပဲကြော် မွမွလေး ရပါပြီ။

Thursday 28 March 2019

ကြက်သားစင်းကော ခရမ်းသီးနှပ်

















ခရမ်းသီးနှပ်​နည်း​တွေ အမျိုးမျိုး ရှိတဲ့အထဲက ဒီတခါ​တော့ နှမ်းဆီ​မွှေး​လေးနဲ့ နှပ်​တဲ့နည်း​လေး ​ရေး​ပေးထားပါတယ်​။
ပြင်​ဆင်​ပုံ​လေး​တွေကို ပုံ​အောက်​မှာ ​ရေး​ပေးထားပါတယ်​ တ​ယောက်​နဲ့တ​ယောက်​ အရသာ ကြိုက်​ပုံချင်း မတူညီနိုင်​တဲ့အတွက်​ မိမိနှစ်​သက်​သလို အရသာကို ပြင်​ဆင်​ပြီး​တော့လဲ ချက်​​ပေးနိုင်​ပါတယ်​။

ပါဝင်ပစ္စည်းများ
  1. ခရမ်းသီးအရှည်သီး - ၅တောင့်
  2. ကြက်ရင်ပုံသား - 
    200 g 
  3. ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
  4. ကြက်သွန်ဖြူ - ခပ်ကြီးကြီး ၅မွှာ
  5. ချင်းတက် - လက်တဆစ်ခန့်
  6. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  7. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  9. ဆီ - ထမင်းပေါင်းအိုးဆန်ချင်ဗူး သုံးဗူး (ခရမ်းသီးကြော်ရန်)
  10. ဆီ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ဗူးတစ်ဝက်သာသာ (ခရမ်းသီးနှပ်ရန်)

ပြင်ဆင်ပုံ
  1. ခရမ်းသီး အရှည်​သီး ၅​တောင့်​ကို ​ရေဆေးပြီး အညှာဖြတ်​​ပေးကာ ထက်​ဝက်​ပိုင်းပြီး ​လေးစိတ်​စိတ်​​ပေးပါ
  2. ​ရေထဲမှာ ဆား လက်​ဖက်​ရည်​ဇွန်း တစ်​ဇွန်းထည့်​ပြီး ​ဖျော်​ထားပါ
  3. လှီးထား​သော ခရမ်းသီးများကို ဆားရည်​ထဲမှာ နာရီဝက်​​လောက်​ စိမ်​ထားပါ ​ရေစိမ်​ထားစဉ်​ ခရမ်းသီးထဲ ဆားရည်​ဝင်​​အောင်​ အထက်​​အောက်​ လှန်​လှန်​​ပေးပါ။
  4. ကြက်​သွန်​ဖြူ ၄မွှာကို အခွံခွာပြီး ​ရေ​ဆေးကာ ဓားပြားရိုက်​၍ ခပ်​နုတ်​နုတ်​ လှီးထားပါ
  5. ကြက်​သွန်​နီ အ​နေတော်​ တဥကို အခွံခွာပြီး ​ရေ​ဆေးကာ ခပ်​နုတ်​နုတ်​ လှီးထားပါ
  6. ချင်းတက်​ လက်​တဆစ်​ခန့်​ကို အခွံခွာပြီး ခပ်​​သေး​သေး​လေး​တွေ လှီးထားပါ
  7. ဇလုံတလုံးထဲမှာ ခရုဆီ ထမင်းစားဇွန်းတစ်​ဇွန်း ပဲငံပြာရည်​ ထမင်းစားဇွန်းတစ်​ဇွန်း ဆား လက်​ဖက်​ရည်​ဇွန်း တစ်​ဇွန်း နှမ်းဆီ​မွှေး လက်​ဖက်​ရည်​ဇွန်း တစ်​ဝက်​ ကြက်​သွန်​ဖြူ ကြက်​သွန်​နီ ချင်းတို့ကို ​ရော​မွှေထားပါ
  8. ကြက်​ရင်​ပုံသားကို ​ရေ​ဆေးပြီး ခပ်​နုတ်​နုတ်​ စင်းထားပါ
  9. ဆားရည်​စိမ်​ထား​သော ခရမ်းသီးကို ​ခပ်​ဖွဖွ ​ရေညှစ်​ပြီး ​ရေ​တွေ​ခြောက်​သွား​အောင်​ အဝတ်​စ သန့်​သန့်​​ပေါ်တင်​ပြီး ​ရေသုတ်​​ပေးပါ
  10. ခရမ်းသီးများ ​ရေ​ခြောက်​သွားပါက ဆီအိုးတည်​ပါ
  11. ဆီပူလာပါက ခရမ်းသီးများကို အီုးဆန့်​သ​လောက်​ ထည့်​​ပေးပြီး တစ်​ဖက်​ကို သုံးမိနစ်​ခန့်​ ​ကြော်​​ပေးပါ
  12. နောက်တဖက်ကို လှန်ပေးပြီး ၃မိနစ်ခန့် ကြော်ပေးပါ
  13. ​ကြော်​ပြီးတာနဲ့ ခရမ်းသီးများကိုဆယ်​ပြီး ဆီစစ်​ထားပါ
  14. ဆီစစ်​သွားပါက ​ကြော်​ထား​သောအိုးထဲမှ ဆီများကို ဖယ်​​ပေးပါ
  15. အိုးကိုအပူ​ပေးပြီး ဆီသန့်​ထပ်​ထည့်​ကာ အပူ​ပေးပါ
    ဆီပူလာတာနဲ့ အရသာစပ်​ထား​သော ကြကိသွန်​ဖြူနီ ကြက်​သွန်​နီ ချင်းအနှစ်​တို့ကို ထည့်​​ကြော်​ပါ
  16. တစ်​မိနစ်​ခန့်​ ​ကြော်​ပြီးတာနဲ့ စင်းထား​သော ကြက်​သားကို ထည့်​​ကြော်​ပါ
  17. စင်းထား​သော ကြက်​သားများကို ၅မိနစ်​ခန့်​ ​ကြော်​ပြီးတာနဲ့ ဆီစစ်​ထား​သော ခရမ်းသီးများကို ထည့်​​မွှေ​ပေးပါ
  18. ခရမ်းသီးနှင့်​ကြက်​သား သမသွားပါက အရသာမြည်းပြီး လိုသလို ပြင်​​ပေးပြီး မီးပိတ်​​ပေးပါ
  19. စားသုံးရန်​ အသင့်​ဖြစ်​​နေတဲ့ ကြက်​သားစင်းကော ခရမ်းသီးနှပ်​ ​မွှေး​မွှေး​လေးကို စားသုံးရန်​ ပြင်​​ပေးနိုင်​ပါပြီ။

Wednesday 27 March 2019

ချင်းချဉ်တည်နည်း











ဗီယက်နမ်ဈေးကို သွားကြရင်း ချင်းနုနုလေးတွေ တွေ့တာနဲ့ ဝယ်လာပြီး ချင်းချဉ်လေး တည်ဖြစ်ပါတယ် ကိုယ့်ဘာသာကို ချင်းချဉ်ကို တည်ပြီးစားတော့ သန့်သန့်လေး စားရသလို ကြာကြာလဲ အထားခံပါတယ်။

မာမာကတော့ မာမာ့အမေ အချဉ်တည်တဲ့ နည်းလေးနဲ့ တည်ပါတယ် အရမ်းအရမ်းကိုလဲ လွယ်ပါတယ် အချဉ်တည်တဲ့ အချိန်မှာ တစ်ချက်လေးဘဲ သတိထားရမှာက ဖန်ပုလင်းနဲ့တည်တာအကောင်းဆုံးပါဘဲ။

 ကြွေပန်းကန်နဲ့တည်တဲ့အခါမှာ ကြွေအကောင်းစား အရည်အသွေး ပြည့်မှီတဲ့ကြွေဆိုရင် ပြသနာမရှိပေမဲ့ အရည်အသွေး မပြည့်မှီတဲ့ ကြွေဆိုရင် တည်မိတဲ့ အချဉ်ကြောင့် အဆိပ်အတောက်ကို ဖြစ်စေပါတယ် ဒါကြောင့်မို့လို့ မာမာတည်တဲ့ ချင်းချဉ်တည်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ချင်းနု - သုံးဆယ်သား
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. သုံပုရာသီး အနေတော် - နှစ်လုံး

ပြင်ဆင်ပုံ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ရေစစ်ထားပါ
  • ရေစစ်သွားပါက အခွံခွာသည့် ဒါးနှင့်  ခပ်ပါးပါးလေးတွေ ရအောင် လှီးပေးပါ
  • ချင်းပြားလေးတွေ လှီးပြီးပါက ဇလုံတစ်လုံးထဲထည့်ကာ ဆားနှင့်နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ
  • ဆားနှင့်နယ်ပြီး နှပ်ထားပြီးပါက ထွက်လာသော ချင်းရည်များကို ညှစ်ထုတ်ပေးပါ
  • ထိုချင်းရည်ကို လေလုံအိတ်ထဲထည့်ပြီး ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာ သိမ်းထားပါ
  • ထိုခဲထားသော ချင်းရည်ကို ဟင်းချက်ရာမှာ ပြန်သုံးနိုင်ပါတယ်
  • အရည်ညှစ်ပြီးသွားသော ချင်းဖတ်များကို သံပုရာရည် ညှစ်ထဲ့ပေးပါ
  • သံပုရာရည် ညှစ်ထားသော ချင်းများကို ဇလုံထဲမှာဘဲ သမအောင် နယ်ပေးပါ
  • အားလုံးသမသွားပါက ချင်းအရောင် အနည်းငယ် ပြောင်းလာပါလိမ့်မည်
  • အရောင်ပြောင်းလာတာနဲ့ ဖန်ပုလင်း သန့်သန့်ထဲထည့်ပြီး ရေခဲသေတာထဲမှာ သိမ်းထားပေးပါ
  • နောက်တစ်နေ့မှာ  ချင်းချဉ်မွှေးမွှေးလေးကို မိမိနှစ်သက်သလို သုံးဆောင်လို့ ရပါပြီ။