Tuesday 19 March 2019

ထောပါတ်သီး ကျောက်ကျော














မိတ်ဆွေတို့ရေ မာမာ့ရဲ့ ဘလော့လေး ဝင်လို့မရတာ ကြာသွားပြီ ပြန်ဝင်ဖို့ကျိုးစားတိုင်း ဘယ်လိုမှ မရတာကြောင့်  ဘာမှမတင်ဖြစ်ခဲ့တဲ့အတွက် အားလုံးကို အားတွေလဲ နာမိပါတယ်။

ဒီနေ့တော့ ပြန်ဝင်လို့ရအောင် အမျိုးမျိုး ကျိုးစားခဲ့တာ ပြန်ရသွားပြီ ဖြစ်တဲ့အတွက် ထောပါတ်သီး ကျောက်ကျော လုပ်နည်းနဲ့ မိတ်ဆက်လိုက်ပါတယ်ရှင်။

ထောပါတ်သီးလေးတွေ ဝယ်လာပြီး ဖျော်ရည်လုပ်သောက်လိုက် အသုပ်လေး သုပ်စားလိုက်နဲ့ ရိုးအီလာသလို ဖြစ်လာတော့ ကျောက်ကျောလေး ထိုးဖြစ်သွားပါတယ်။

ထောပါတ်သီး အရသာ မပျက်ဘဲ စိမ့်စိမ့်လေး စားချင်တဲ့အတွက် သကြားအချိုကို လျှော့ထားပါတယ် အချိုကြိုက်ရင်တော့ သကြားကို ပိုထည့်ပေးပါ။

အုန်းနို့ဗူးကိုသုံးထားတဲ့အတွက် လွယ်ကူမြန်ဆန်စွာ လုပ်နိူင်တဲ့အတွက် မာမာလုပ်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

မာမာကတော့ အချိုပွဲ ၄ယောက်စာအတွက်ဘဲ လုပ်တာမို့ ကျောက်ကျောမှုန့် အထုတ်ရဲ့ တစ်ဝက်နဲ့ဘဲ လုပ်ထားပါတယ် စားမဲ့သူများရင်တော့ တစ်ထုတ်လုံးအတွက် အခုပေးထားတဲ့ အချိုးအစားထက် တစ်ဆပိုထည့်ပြီး လုပ်နိူင်ပါတယ်။

ပါ၀င်ပစ္စည်းများ

ကျောက်ကျောမှုန့်  -၂၅ ဂရမ်အထုတ် ( ရွှေဖလားတံဆိပ်အထုပ် တစ်ဝက်ကို သုံးပါ)
ထောပတ်သီး - တစ်ခြမ်း (လတ်လတ်ဆတ်ဆတ် အသီးကို သုံးပါ)
သကြား - မုန့်လုပ်ရာတွင် ချင်သောခွက် တစ်ဝက်
အုန်းနို့ -၂၀၀ မီလီလီတာ 
ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ 
ရေ - မုန့်လုပ်ရာတွင် ချင်သောခွက် တစ်ခွက် (ကျောက်ကျောကျိုရန်)
ရေ - မုန့်လုပ်ရာတွင် ချင်သောခွက် တစ်ခွက် ( ကျောက်ကျောမှုန့် ဖော်ရန်အတွက်)
ကျောက်ကျောကျိုပြီးထည့်ရန် အပူခံမည့်ဗူး (သို့) ဗန်း - တစ်ခု
ဇောက်နက်သော အနေတော်အိုး - တစ်လုံး
ပြင်ဆင်ပုံ
ထောပတ်သီးကို ထက်ခြမ်းကာ အလယ်မှ အစေ့ကိုထုတ်ပြီး အခွံခွာပေးပါ
အခွံခွာပြီးပါက မထူမပါးလေးတွေ လှီးထားပါ 
ရေတစ်ခွက်နှင့် ကျောက်ကျောမှုန့် တစ်ဝက်ကို ပျော်သွားအောင် ဖျော်ထားပါ
ကျိုပြီးသား ကျောက်ကျောရည်ထည့်ရန် ပလပ်စတစ်ဗူး (သို့မဟုတ်) ဗန်းကို အဆင်သင့် ပြင်ထားပါ
ဇောက်နက်သော အနေတော် အိုးထဲတွင် ရေ သကြား အုန်းနို့နှင့် ဆားတို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
ရေပွက်ပွက်ဆူလာပါက အုန်းနို့ပါတဲ့အတွက် ဝေကျတတ်ပါတယ် 
မီးကို အလယ်လောက်အထိ လျှော့ပေးပြီးမှ အရည်ဖျော်ထားသော ကျောက်ကျောမှုန့်ကို ထည့်မွှေပေးပါ
မွှေနေစဉ်မှာ အရည်များ ပျစ်လာပါက အဆင်သင့် ပြင်ထားသော ဘူးထဲသို့ ကျောက်ကျောရည် တစ်ဝက်ကို လောင်းထည့်ပါ
ပြီးတာနဲ့ လှီးထားသော ထောပါတ်သီးကို မိမိနှစ်သက်သလို စီပြီးထည့်ပေးပါ
ထောပါတ်သီး ထည့်ပေးပြီးတာနဲ့ ကျန်နေသော ကျောက်ကျောရည်ကို လောင်းချပေးပါ
အအေးခံပြီးတာနဲ့ မိမိနှစ်သက်သလို လှီးပေးပြီး အချိုပွဲအဖြစ် ထောပါတ်သီး အုန်းနို့့ကျောက်ကျော စိမ့်စိမ့်လေးကို စားသုံးဖို့ ပြင်ပေးနိူင်ပါပြီ။

1 comment: