အရင်ဦးဆုံး marmarskitchen.blogspot.com မှာ mmlazp.blogspot.com နံမည်နဲ့ ပုံလေးတွေတင်တဲ့အခါ တစ်မျိုး မထင်ကြစေချင်ပါဘူးရှင် နှစ်ခုလုံးက မာမာ့ရဲ့ blog လေးတွေပါဘဲ အရင် mmlazp.blogspot.com က ဝင်လို့မရတော့တဲ့အတွက် blog အသစ်ဖွင့်လိုက်ရခြင်း မျှသာပါ။
ဒီတစ်ခါတော့ သမီးငယ်လေး ကျောင်းကိုမပြန်ခင် သူစားရအောင် မတ်ပဲကြော်လေးတွေ ကြော်ဖြစ်တဲ့အတွက် လွယ်မယောင်နဲ့ခက်တဲ့ မတ်ပဲကြော်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
အကြော်ကြော်တဲ့ အခါမှာ ဆီများများလေး သုံးဖို့တော့ လိုပါတယ် ဆီများများပါမှ မတ်ပဲကြော် ကြော်တဲ့အခါ မွပြီး ရွနေမှာ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- မတ်ပဲ - 1 cup
- ငရုတ်သီးစိမ်း - နှစ်သက်သလောက်
- ချင်း - ထမင်းစားဇွန်း တစ်ဇွန်းစာ
- နံနံပင် - ထမင်းစားဇွန်း နှစ်ဇွန်းစာ
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ - လိုသလောက်သုံးပေးပါ
- ရေ -ထမင်းစားဇွန်း လေးဇွန်း
- မတ်ပဲကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ငါးနာရီခန့် ရေစိမ်ပေးထားပါ
- ပဲရေစိမ်ထားတာ အချိန်ပြည့်လောက်ပါက ပါဝင်ပစ္စည်းများကို ပြင်ပေးပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး ခပ်ရိတ်ရိတ် လှီးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ရေစိမ်ထားသောပဲကို ကြိတ်စက်ထဲထည့်ပြီး အရင်ဆုံး တစ်မိနစ်လောက် ကြိတ်လိုက်ပါ
- တမိနစ်လောက် ကြိတ်ပြီးတာနဲ့ စက်ကိုခနနားပြီး ကြိတ်စက်ထဲမှ ပဲများကို ဇွန်းဖြင့် အထက်အောက် မွှေပေးကာ ဘေးမှာကပ်နေတဲ့ ပဲတွေကို ခြစ်ချပေးပါ
- ပြီးတာနဲ့ ရေ ထမင်းစားဇွန်းတဇွန်း ထည့်ကာ နောက်ထပ် တစ်မိနစ် ဆက်ပြီးကြိတ်ပေးပါ
- ပဲာကိတ်ချိန် တမိနစ်ပြည့်တာနဲ့ စက်ကိုခနရပ်ပြီး ကြိတ်စက်ထဲက ပဲများကို အထက်အောက် လှန်ကာ ဘေးမှာ ကပ်နေတာတွေ ခြစ်ချပေးပါ
- နောက်ထပ် ရေထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး နောက်ထပ်တစ်မိနစ် ထပ်ကြိတ်ပေးပါ
- စုစုပေါင်း ရေ ထမင်းစားဇွန်း လေးဇွန်းလောက် ကုန်အောင် ကြိတ်ပေးပြီး ပဲများချောမွတ်စွာ ကျေညက်သွားစေရန် နောက်ထပ် သုံးမိနစ်လောက် ထပ်ကြိတ်ပေးပါ
- ပဲကြိတ်ပြီးပြီဆိုတာနဲ့ ဇလုံတစ်ခုထဲ ပြောင်းထည့်ကာ ဆား ကြက်သားမှုန့် နံနံပင် ချင်းနှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ ပဲကိုလေ ကောင်းကောင်းခိုလို့ ကောင်းစေမည့် မွှေတံဖြင့် လက်သန်ရာဘက်သို့ အနည်းဆုံး နှစ်မိနစ်ဆက်တိုက် မွှေပေးပါ
- ပဲကြော်ရန်အတွက် လေခိုမှု လုံလောက် မလောက်ဆိုတာကို သိစေရန် ရေထည့်ထားသော ဇလုံထဲသို့ ကြိတ်ပြီးသားပဲကို အနည်းငယ်ယူပြီး ထည့်ကြည့်ပါက ပဲလုံးကလေး ရေပေါ်ပေါ်လာလျှင်မတ်ပဲကြော် ကြော်ရန်အသင့် ဖြစ်ပါပြီ။
မတ်ပဲကြော်ရန်
- ဒယ်အိုးထဲမှာ ဆီကိုထည့်ပေးပြီး အပူပေးပါ
- ဆီအရမ်း ပူလာတာနဲ့ မီးကို အနေတော် လျှော့ပေးလိုက်ပါ
- ပြီးတာနဲ့ လက်ကိုရေစွတ်ရန် ရေဇလုံသန့်သန့် တစ်ခုကို ပြင်ထားပါ
- လက်ကို ရေစွတ်ပြီး ရေများ စိုစွတ်စွာ ပါမလာစေရန် လက်ကိုဆီအိုးနှင့် လွတ်သော နေရာမှာ ခါပေးပြီးမှ အရသာ စပ်ထားသောပဲကို အကြော်တစ်ခုစာ ယူလိုက်ပါ
- အရသာ စပ်ထားသော ပဲသား တစ်ခုစာကို လက်ဝါးပေါ်တင်ပြီး အနည်းငယ်ဖြန့်ကာ လက်ညှိုးနှင့် အလယ်တည့်တည့်ကို ဖောက်ပေးပြီးမှ ဆီပူအိုးထဲကို အသာလေး လျောချပေးပါ
- အထက်ပါ နည်းအတိုင်း အရသာ နယ်ထားသော ပဲများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
- ပဲကြော်နေစဉ် တစ်ဖက်ကျက်ပါက တစ်ဖက်ကို လှန်ပေးကာ ၂ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
- ဆီစစ်သွားပါက မိမိနှစ်သက်သလို စားသုံးနိုင်သော မတ်ပဲကြော် မွမွလေး ရပါပြီ။
I will try this. BTW how to call Mart Bean in English?
ReplyDeleteThanks.