Saturday 31 July 2021

ကြက်သား ပလာတာ



 

ဒီနေ့တော့ ကြက်သားနဲ့ အာလူးကို ပလာတာနဲ့ စားရလေအောင် အနှစ်များများနဲ့ ချက်ပြီး မဆလာလေးပါ အုပ်ထားတဲ့အတွက် ပိုပြီးတော့ စားလို့ကောင်းတယ်လို့ ပြောရမှာပါဘဲ။

ဒါကြောင့်မို့လို့ မာမာ့ရဲ့ ဟင်းချက်နည်းလေးတွေကို လာရောက်ကြည့်ပေးကြတဲ့ မိတ်ဆွေတွေလဲ ချက်စားနိူင်အောင် မာမာ ပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်သား - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  7. ကြက်သွန်နီ - အလုံးကြီးကြီး သုံးလုံး
  8. ချင်း - လက်တစ်ဆစ်ခန့်
  9. စပါးလင် - အရင်းပိုင်း နှစ်လက်မခန့်
  10. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားအရသာနယ်ရန်)
  11. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းအိုးထဲထည့်ရန်)
  12. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းသာသာ
  13. အာလူး - အနေတော် ဆယ်လုံးခန့်
င်ပြဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ကြက်သားကို တုံးပြီးတာနဲ့ ဆား ငံပြာရည် မဆလာ အရသာမှုန့်နှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးထားပါ
  • အာလူးကို အခွံခွာပြီး ရေဆေးကာ ထက်ဝက်ခြမ်းထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတိုကို အခွံခွာပြီး ရေဆေးထားပါ
  • စပါးလင်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထာပါ
  • ပြီးတာနဲ့ စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောပြီးထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ထောင်းထားသော ငရုတ်သီးကို ထည့်ကြော်ပြီး ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့လေး မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပေပါ
  • အထက်အောက် သမအောင် မွှေပေးပြီးတာနဲ့ ကြက်သားအသား မာလာအောင် ခနလောက် တည်ထားပေးပါ
  • ကြက်သားအသား မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုမကြာ မကြာ လှုပ်လှုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေခမ်းလာပြီး ကြက်သားအသားတွေ မာကျစ်လာနဲ့ ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် သတိထားပြီး ကြည့်ကြည့်ပေးကာ ရေခမ်းကာနီးတာနဲ့ နောက်ထပ်တစ်ရည် ထပ်ထည့်ပြီး အာလူးပါ တစ်ခါထဲထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ အာလူးနူးမနူး ကြည့်ပေးကာ အရသာ မြည်းပေးပါ
  • အရသာ မြည်းပေးပြီး လိုအပ်တဲ့ အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  • အာလူးလဲနူးပြီး ဟင်းအိုးလဲ ဆီလည်ရေလည် အနေအထား ရလာကာ အရသာလဲ မိမိစိတ်ကြိုက် ရလာတာနဲ့ မဆလာထည့်ပြီး မွှေပေးပါ
  • ပြီးတာနဲ့ မဆလာနံ့ သင်းပျံ့နေတဲ့ ကြက်သား အာလူး ဆီလည်ရေလည်ဟင်းလေးကို ပလာတာနှင့် တွဲဖက်ပြီး စားသုံးရန် ပြင်ဆင်ပေးနိူင်ပါပြီ။

Friday 30 July 2021

ပန်းဂေါ်ဖီရိုး ချဉ်ရည်ဟင်း

 



COVID 19 တတိယလှိုင်း ကျရောက်နေချိန်မှာ ဈေးသွားတာလဲ မလွယ်ကူ တစ်ခါသွားဖို့အရေး ချင့်ချိန်နေရတာနဲ့ စိတ်တွေလဲ အတော်မောရတယ်။

ဒါာကြောင်မ့်န့်လာမို့လို့ အရင်တစ်ပါတ်က ဝယ်ထားတဲ့ ပန်းဂေါ်ဖီထုတ်မှာ ပါလာတဲ့ အရိုးလေးတွေကို ပန်းဂေါ်ဖီပွင့်လေး အနည်းငယ်ရောကာ  ချဉ်ရည်ဟင်းလေး တစ်မယ် ချက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပန်းဂေါ်ဖီအရိုး  - ဆယ်ခု
  2. ပန်းဂေါ်ဖီအပွင့် - လေးခက်ခန့်
  3. ရှမ်းနံနံရွက် - ၇ ရွက်ခန့်
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - လက်တဆစ်ခန့်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  11. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ပုဇွန်အကောင်သေး - 150 g

ပြင်ဆင်ပုံ
  • ပန်းဂေါ်ဖီ အရိုးကို အပြင်ဖက်မှ အကြောများ သင်ပေးပြီး မထူမပါးလေးတွေလှီးကာ ရေဆေးထားပါ
  • ပန်းဂေါ်ဖီ အပွင့်ကို ရေဆေးပြီး မထူမပါး အခက်လေးတွေ လှီးထားပါ
  • ပုဇွန်ကို ရေဆေးပြီး မလိုတာတွေဖယ်ပြီး အခွံခြွတ်ထားပါ
  • ရှမ်းနံနံကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ  ညက်နေအောင် ထောင်းထားပါ
  • ရုံးပတေသီးကို အတောင့်လိုက် ရေဆေးပြီး အမြှီးနှင့် ထိပ်ဖက်တို့ကိုဖြတ်ကာ ထက်ဝက်ပိုင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော ပန်းဂေါ်ဖီ အပွင့် ပန်းဂေါ်ဖီအရိုး ပုဇွန်များ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့်  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ မုံလာဥများ နွမ်းလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ  ရှမ်းနံနံရွက် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့  ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။

Thursday 29 July 2021

တမာဖူးချဉ်


 









တမာချဉ်လို့ အသံကြားလိုက်တာနဲ့ မာမာတို့ ငယ်ဘဝလေးကို အရမ်းလွမ်းမိပါတယ် စည်းကမ်းကြီးတဲ့ အမေ့အမ အကြီးဆုံး အပျိုကြီး ကြီးကြီးရဲ့လက်ပေါ်မှာ ကြီးခဲ့တာမို့ အိမ်မှုကိစ္စကို အသက်အရွယ်အလိုက် နိူင်သလောက် လုပ်ကြရပါတယ်။

ပိုဆိုးတာက မိန်းကလေးဆို အိမ်မှုကိစ္စကို ပိုပြီးသင်ပေးသလို သင်တဲ့အတိုင်း လုပ်လဲလုပ်ရပါတယ် ထမင်းချက် ဟင်းချက်အပြင် ၆ဧကကျော်ကျယ်တဲ့ ခြံ၀င်းထဲက ထွက်သမျှ အသီးအနှံကို ရာသီချိန်တိုင်း အသုံး၀င် တာရှည်ခံအောင် ပြင်ဆင်နည်းများကို သင်ပေးတတ်တာမို့ ဒီနေ့ထိ ကြီးကြီး သင်ပေးတာတွေ အားလုံးက မာမာ့အတွက် လိုသလို အသုံးချနိူင်ခဲ့ပါတယ်။

ဒီနေ့တော့ ထိုင်းဆိုင်က ဝယ်လာတဲ့ တမာဖူးလေးတွေကို တမာဖူးချဉ်လေး လုပ်ပါမယ် တမာချဉ် လုပ်နည်းလေးက သိပြီးသူတွေ အတွက်တော့ အရမ်းကို လွယ်ပါတယ် မသိသေးသူတွေအတွက် အိမ်လုပ်တမာချဉ် သန့်သန့်လေး စားနိူင်အောင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. တမာဖူး  - လက်တစ်ဆုတ်စာ
  2. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်

ပြင်ဆင်ပုံ
  • တမာဖူးလေးများကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေ လက်ဖက်ရည် ပန်းကန်လုံး တစ်လုံးစာလောက်နှင့် စိမ်ထားပါ
  • မန်ကျည်းသီးမှည့်အစား ဇီးသီးခြောက်ကို ရေစိမ်ပြီးတော့လဲ သုံးနိူင်ပါတယ်
  • နနွင်းမှုန်ကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • အားလုံး အဆင်သင့်ဖြစ်တာနဲ့ ရေ၂လီတာလောက်ကို ဆူအောင်တည်လိုက်ပါ
  • ရေ ပွက်ပွက် ဆူလာတာနဲ့ တမာဖူးလေးတွေကို ရေနွေးထဲ မြုပ်အောင် တစ်မိနစ်လောက် ထည့်လိုက်ပါ
  • အဖူးလေးတွေ ပြုပ်တဲ့အချိန် မကြာရပါ 
  • ပြုပ်ချိန်ကြာပါက အဖူးများ အရမ်းနူးပြီး စားမကောင်းတော့သလို ရိုးတံနဲ့အဖူးများ တခြားစီ ဖြစ်ကုန်တတ်ပါတယ်
  • ပြီးတာနဲ့ ရေနွေးထဲကနေဆယ်ပြီး ရေအေးနှင့်ဆေးပေးကာ ရေ၂မိနစ်လောက် ရေစိမ်ထားပေးပါ
  • အဖူးများ အေးသွားတာနဲ့ ရေများစင်အောင် လက်နှင့်အသာအယာ ဆုတ်ပြီးညှစ်လိုက်ပါ
  • ရေစင်သွားနဲ့ နနွင်းရည်ထဲ စိမ်ပေးပါ
  • နနွင်းစိမ်ပြီးတာနဲ့ မန်ကျည်းရည်ထဲ ထည့်စိမ်ပေးပါ
  • အားလုံး ပြင်ဆင်ပြီးတာနဲ့ တမာဖူးချဉ်ကို ချက်ခြင်း သုံးဆောင်နိူင်သလို ဖန်ပုလင်း (သို့မဟုတ်) ဗူးသန့်သန့်ထဲ ထည့်ပေးပြီး လေလုံအောင်ပိတ်ကာ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲထည့်ပြီး လိုသလောက်ယူ၍ စားသုံးနိူင်ပါတယ်
  • တမာချဉ်က ချက်ခြင်းကြီး ချဉ်တာမို့လို့ အချဉ်မကြိုက်ပါက မန်ကျည်းသီးမှည့် အနည်းငယ် လျှော့ပြီးထည့်ပေးပါ။

Wednesday 28 July 2021

ငှက်ပျောဖူးကြော်

 



ငှက်ပျောဖူးလေးတွေ ဝယ်လာပြီး ဘာလုပ်စားရပါ့မလဲ စဉ်းစားနေမိရင်းက ချဉ်ငံစပ်လေး ကြော်ဖြစ်ပါတယ် ထမင်းစားလို့ မြိန်စေတဲ့ ဟင်းလေးတစ်မယ် ဖြစ်ခဲ့တဲ့အတွက် မာမာ ချက်ဖြစ်တဲ့ ငှက်ပျောဖူးဆေးနည်းနဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ငှက်ပျောဖူး  - အနေတော် တစ်ဖူး
  2. ငရုတ်သီးစိမ်း - နှစ်သက်သလောက် 
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - နှစ်မွှာ
  5. စပါးလင် - တစ်လက်မခန့် လေးချောင်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ (ငှက်ပျောဖူး ချက်ရန်)
  7. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  8. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် (ငှက်ပျောဖူး ပြုပ်ရန်)
  9. ဗနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း (ငှက်ပျောဖူးဆေးရန်)
  10. သံပုရာသီး - နှစ်လုံး (ငှက်ပျောဖူးဆေးရန်)
  11. ဆား - ထမင်းစားဇွန်း - တစ်ဇွန်း (ငှက်ပျောဖူးဆေးရန်)

ငှက်ပျောဖူးဆေးရန်

  • ငှက်ပျောဖူးမှ ရင့်နေသော အဖတ်များကို ဖယ်ပေးပါ
  • ငှက်ပျောဖူးမှ ရင့်နေသောအဖတ်များ ကုန်သွားပါက ဓါးပြတ်ပြတ်နှင့် ထက်ဝက်ခြမ်း လှီးပေးပါ
  • ငှက်ပျောဖူးမှ အစေးများ အကုန်နီးပါး ထွက်သွားစေရန် ဆားထမင်းစားဇွန်း နှစ်ဇွန်းနှင့် သံပုရာသီးနှစ်လုံးမှ ညှစ်ထားသော သံပုရာရည်နှင့် ဗနီကာတို့ထည့်ကာ လှီးထားသော ငှက်ပျောဖူးတို့နှင့် ရောပြီး ခပ်နာနာ နယ်ပေးပါ
  • ငှက်ပျောဖူးများ အစေးများ ကုန်သွားစေရန် ရေ ၅ထပ်လောက် ဆေးပေးပါ

ပြင်ဆင်ပုံ

  • ဆေးထားသော ငှက်ပျောဖူးကို ရေမြုပ်အောင် ထည့်ပေးကာ နူးနေအောင် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားသော အရည်များ သွန်ပေးကာ ရေစစ်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးကာ ခပ်ပါးပါး လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပြီး အနေတော် ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • စပါးလင်ကို ရေဆေးပြီး ထုထားပါ
  • ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ စပါးလင် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ နှင့် ကြက်သွန်နီကို မွှေးလာအောင် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ငှက်ပျောဖူးကို ထည့်ကြော်ပေးပါ
  • ငှက်ပျောဖူး အနည်းငယ် နွမ်းတာနဲ့ ဆားနှင့် အရသာမှုန့်တို့ကိုထည့်ပြီး ကြော်ပေးပါ
  • အရသာ သမသွားတာနဲ့ လိုသလို ပြင်ပေးပြီး မီးပိတ်ပေးပါ
  • ထမင်းစား မြိန်စေမဲ့ ငှက်ပျောဖူး ချဉ်ငံစပ်ကြော် နူးနူးအိအိလေးကို သုံးဆောင်နိူင်ပါပြီ။

Tuesday 27 July 2021

ငါးဖယ် ငဆုတ်ကြော်







ဒီနေ့တော့ ငါးဖယ်ခြစ်ကို အထပ်လိုက်လေးတွေရပြီး  စားလို့ကောင်းအောင် ငရုတ်ဆုံထဲထည့်ပြီး အချက် ၂၀၀၀လောက် စိတ်ရှည်လက်ရှည်နဲ့ ထောင်းထားပါတယ်။

ဗလင်ဒါထဲ ထည့်ပြီးကြိတ်မယ် ဆိုရင်တော့ တစ်မိနစ်ကြိတ် တစ်ခါနားပြီး ၁၀ခါလောက် ကြိတ်ပေးရင် ရပါတယ် ငါးဖယ်ငါးဆုပ်ကြော်လေး ရပြီဆိုရင်တော့ အာပူလျှာပူ ချက်သောက်မလား မုန့်ဟင်းခါးနဲ့ စားမလား အုန်းနို့ခေါက်ဆွဲနဲ့ စားမလား ဒီအတိုင်း သုပ်စားမလား ငါးဆုပ်အစာသွပ် လုပ်စားမလား ဆီပြန်လေးပြန်ချက်မလား မျိုးစုံအောင် လုပ်စားနိူင်တဲ့ ငါးဖယ်အစစ် ငါးဆုတ်လေး ရမှာဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငါးဖယ်ခြစ် - 500 g
  2. ချင်း - လက်တဆစ်ခန့်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးဖယ်ခြစ်ထဲထည့်ရန်)
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ (ဆီအိုးထဲထည့်ရန် )
  8. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်ဆုံကြီးကြီးထဲမှာ ငါးဖယ်ခြစ် ကြက်သွန်ဖြူ ချင်း ဆား ဟင်းချိုမှုန့် နနွင်းမှုန့်တို့ထည့်ပေးပြီး စိတ်ရှည်လက်ရှည် ထောင်းပေးပါ
  • ငရုတ်ဆုံထဲမှာ ထည့်မထောင်းပါက အားလုံကိုရောပြီး ဗလင်ဒါထဲမှာ တစ်မိနစ်ကြိတ်လိုက် တစ်ခါနားလိုက် ၁၀ခါလောက်ထည့်ပြီး ကြိတ်ပေးပါ

ငါးဆုတ်ကြော်ရန်
  • ကြိတ်ပြီးသား ( သို့ ) ထောင်းပြီးသား ငါးဖယ်ခြစ်ကို အရင်ဆုံး လက်ကိုရေစွတ်ပြီး ကိုယ်နှစ်သက်တဲ့ ပုံစံလေးများ ရအောင် ငါးအသားကုန်တဲ့အထိ တစ်လုံးခြင်း ဆုတ်ထားပေးပါ
  • ဒယ်အိုးတစ်လုံးကို အပူပေးပြီး အိုးပူလာမွ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး မီးကိုအနည်းငယ် လျှော့ပေးပါ
  • ငါးဆုတ်လုံး မကိုင်ခင် လက်ကိုရေစွတ်ပြီး လက်ကိုအနည်းငယ် ခါပေးပြီးမှ ဆုတ်ထားသော ငါးဆုတ်ကို ငါးချက်လောက် ထပ်ပြီးဆုတ်ပြီးမှ ဆီအိုးထဲကို တစ်လုံးချင်းထည့်ပြီး ကြော်ပေးပါ
  • ကြော်​နေစဉ် အကျက်ညီစေရန် ငါးဆုတ်လုံးကို အထက်အောက် လှန်လှန်ပေးပါ
  • ငါးဆုတ်လုံး တစ်ခုလုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ အလွှာအထပ်လေးတွေ ရပြီး ထုတ်ထုတ် ထုတ်ထုတ်နဲ့ စားလို့ကောင်းပြီး မွှေးကြိုင်နေတဲ့ ငါးဖယ်ငဆုတ်လေးတွေ ရပါပြီ။

Saturday 24 July 2021

ကြက်ဟင်းခါးသီးဟင်း


ဒီနေ့တော့ ကြက်ဟင်းခါးသီး ဆီပြန်ဟင်းလေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာချက်ထားတဲ့ ကြက်ဟင်းခါးသီး ဆီပြန်ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - အနေတော် လေးလုံး
  2. ပုဇွန်ခြောက် - ထောင်းပြီးသား ထမင်းစားဇွန်း လေးဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ညက်အောင် ထောင်းထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ညက်အောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  10. ဆီ - ထမင်စားဇွန်း ရှစ်ဇွန်း

ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်ဟင်းခါးသီးကို အလယ်မှအရှည်လိုက် ထက်ခြမ်းခွဲ၍ အစေ့များဖယ်ကာ ခပ်ထူထူ လှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  • ဖယ်ထားသော အစေ့များကို အသုံးမလိုသောကြောင့် ဖယ်ထားလိုက်ပါ
  • ကြိတ်ထားသော ပုဇွန်ခြောက်မှုန့်ကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ်လှီးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ငရုတ်သီးမှုန့်ထည့်ပြီး ညက်အောင် ရောပြီးထောင်းပေးပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးထောင်းကို နွမ်းပြီး မွှေးသွားအောင် ကြော်ပေးပါ
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ငံပြာရည် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ပုဇွန်ခြောက်ကို မိနစ်ဝက်လောက် ထည့်ကြော်၍ ကြက်ဟင်းခါးသီး ထည့်ကြော်ပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တစ်မိနစ်လောက်ပြည့်တာနဲ့ ရေ ထမင်းစားဇွန် ၇ ဇွန်းလောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးအုပ်ပြီး ချက်ပေးပါ
  • ဟင်းအိုးမကပ်စေရန် မမွှေဘဲ အိုးကိုလှုပ်လှုပ်ပေးပါ
  • ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြက်ဟင်းခါးသီးဟင်း စပ်စပ်လေးကို စားဖို့ပြင်ဆင်နိုင်ပါပြီ။
 

Friday 23 July 2021

ပဲသီးကြော်


ဒီနေ့တော့ ပဲတောင့်ရှည်လေးတွေ ဝယ်လာပြီး ကြက်ဥနဲ့ ကြော်ထားပါတယ် အသီးအရွက်ကြိုက်တဲ့ သူတွေအတွက် ထမင်းမြိန်ရာ ဟင်းတမယ် ဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းအလွယ်လေးကို မျှေဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲတောင့်ရှည် - နှစ်ဆယ့်ငါးတောင့်
  2. ကြက်သွန်နီ  - အနေတော် တစ်ခြမ်း
  3. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  7. ကြက်ဥ - တစ်လုံး

ပြင်ဆင်ပုံ
  • ပဲသီးကို ရေဆေးပြီး ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးတစ်လုံးထဲမှာ ဆီကိုအပူပေးပြီး နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို ထည့်ကြော်ပါ
  • ကြက်သွန်နွမ်းတာနဲ့  ပဲသီးများကို ထည့်ကြော်ပါ
  • ပဲသီးများ ထည့်ပြီးတာနဲ့ ဆားနှင့် ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး မွှေပေးပါ
  • ပဲသီးများ အနည်းငယ် နွမ်းလာတာနဲ့ ကြက်ဥကိုဖောက်ထည့်ပြီး မွှေပေးပါ
  • ကြက်ဥကျက်သွားတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပြီး ပဲသီးကြော် ချိုစိမ့်စိမ့်လေးကို စားသုံးနိူင်ပါပြီ။ 

Wednesday 21 July 2021

တာလပေါ့ဟင်း





နေ့စဉ်စားနေကျ အစာတွေ ပုံမှန်ချက်နေပေမဲ့ တနေ့တနေ့ ဘာချက်ရမလဲဆိုတဲ့ အိပ်ယာက နိုးလာထဲက အတွေးတွေက အိမ်ရှင်မတွေအတွက် ပုံမှန် အလုပ်တခုလို ဖြစ်နေတတ်ပါတယ်။

အဲဒီလို အတွေးတွေကို ဒီနေ့တော့ Thuzar ပြောတဲ့ တာလပေါ့ဟင်းလေး တမယ် ချက်နိူင်ခဲ့လို့ Thuzar ကို ကျေးဇူးတင်ပါတယ်။

တာလပေါ့လို့ ဆိုလိုက်တာနဲ့ ကရင်ပြည်နယ်ကို အရင်ဆုံး လွမ်းမိပါတယ် ဖားအံ ကော့ကရိတ် ကော့ဘိန်းဆေးရုံတွေမှာ နေခဲ့စဉ်က စားခဲ့ဖူးတဲ့ တာလပေါ့ဟင်းတွေကိုလဲ တမ်းတမိတာ အမှန်ပါ ကော့ကရိတ်နဲ့ဒေါနတောင် ဖားအံနဲ့ဇွဲကပင်တောင် ကော့ဘိန်းနဲ့ကော့ဘောက်ဆိုတာတွေက ရင်ထဲမှာ အမြဲတမ်း သတိရနေမိတဲ့ နေရာဒေသဖြစ်သလို ဒေသအစာတွေကလည်း စိတ်အစဉ်ကို အမြဲလွှမ်းမိုးစေတဲ့ အစာတွေပါ။

တချို့က တာလပေါ့လို့ခေါ်ကြသလို တချို့တော့ တာတပေါ့လို့ ခေါ်ကြပါတယ် အဆင်ပြေတဲ့အခါ မွန်တာလပေါ့ နာဂတာလပေါ့ ချက်နည်းလေးတွေပါ မျှဝေပေးပါမယ်။

တာလပေါ့ဟင်းက ကရင်လူမျိုးတို့ရဲ့ အလေးထားပြီး စားကြတဲ့ အစားအစာတမျိုးပါ ဒါပေမဲ့ ဒေသတခုနှင့်တခု တနေရာနဲ့တနေရာ ချက်နည်းလေးတွေတော့ အနည်းအများ ကွဲပြားတတ်ကြပါတယ်။

ချက်တဲ့ပစ္စည်း ထည့်တဲ့အသီးအရွက် အသားတွေကို နှစ်သက်သလို ထည့်ချက်ကြသလို တချို့က ဆန်ကိုလှော်ပြီးမှ ထောင်းထည့်ကြသလို တချို့က ဆန်စိမ်းကိုထောင်းပြီး ထည့်တတ်ကြပါတယ်။

သို့ပါသော်လည်း ချက်ပုံချက်နည်း အခြေခံတာတွေကတော့ ဆင်တူကြပါတယ် တာလပေါ့ဆိုတာနဲ့ အသီးအရွက်များများ ဟင်းရည်ခပ်ပျစ်ပျစ်က လူကိုစွဲဆောင်စေတဲ့ ဟင်းတမယ်ဆိုလဲ မမှားပါဘူး။

ဒီနေ့တော့ မာမာ့အိမ်မှာ အလွယ်တကူ ရှိနေတဲ့ အသီးအရွက်တွေနဲ့ ကရင်တာလပေါ့ကို အခြေခံပြီး ချက်ထားတဲ့ တာလပေါ့ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ် အမှားအယွင်း တစုံတရာ ပါခဲ့ရင်တော့ အကြံဥာဏ်များ ပေးခဲ့စေချင်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ဝါးပိုးမျှစ်စိမ်း - တရုတ်ဟင်းပြင် ပန်းကန်အသေး တစ်လုံးစာ
  2. မျှစ်ပြုပ် - တရုတ်ဟင်းပြင် ပန်းကန်အသေး တစ်လုံးစာ (မထည့်လဲရ)
  3. ဗူးသီး - အနေတော် တစ်လုံး
  4. ပဲတောင့်ရှည် - ၃တောင့်
  5. ဆူးပုတ်ရွက် - အနည်းငယ်
  6. ပင်စိမ်းရွက် - အနည်းငယ်
  7. ရွှေဖရုံးသီး - အနေတော် ၂စိတ်
  8. စပါးလင် - ၃ချောင်း
  9. ချင်း - လက်တစ်ဆစ်ခန့်
  10. ခဝဲသီး - အနေတော် ၂တောင့်
  11. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  12. ဆန်လှော်မှုန့် - ထမင်းစားဇွန်း ၃ဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  14. ပုဇွန်ငါးပိ - ကွမ်းသီးလုံးလောက်
  15. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  16. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  17. ပုဇွန်ကျော့ - မိမိနှစ်သက်သလောက်

ပြင်ဆင်ပုံ
  • ဝါးပိုးမျှစ်အစိမ်းကို သင့်သလိုလှီးပြီး နာရီ၀က်လောက် ရေစိမ်ထားပါ
  • မျှစ်ပြုပ်ပြီးသားကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး လေးစိတ်ကွဲ အဖတ်လေးများ ရအောင်လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ်လှီးထားပါ
  • စပါးလင်၂ချောင်းကို ခပ်ရိတ်ရိတ်လှီးထားပါ
  • ကျန်တချောင်းကို ထုထားပါ
  • ချင်းကို ခပ်ရိတ်ရိတ် လှီးထားပါ
  • ဗူးသီးကို အခွံခွာပြီး အနေတော်လှီးကာ ရေဆေးထားပါ
  • ရွှေဖရုံသီးကို အခွံခွာပြီး ရေဆေးထားပါ
  • ပင်စိမ်းရွက်ကို ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို အနေတော် လှီးပေးထားပါ
  • ခရမ်းသီးကို လေးစိတ်စိတ်ပြီး ရေ၁၀မိနစ်လောက် စိမ်ထားပါ
  • ပုဇွန်ငါးပိ ဆား အချိုမှုန့် ဆီတို့ကို ပြင်ထားပါ
  • ပုဇွန်ငါးပိကို ရေအနည်းငယ်နှင့် အရည်ဖျော်ထားပါ
  • ဆန်ကို ဒယ်အိုးတလုံးထဲမှာ ညိုရောင်သန်းလာတဲ့အထိ လှော်ပေးပါ
  • ဆန်လှော်ကို ညက်နေအောင်ထောင်းပြီး ရေ တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံးစာနှင့် စိမ်ထားပါ
  • ပုဇွန်ကို ရေဆေးပြီး အခွံမခွာဘဲ ခေါင်းဖြုတ်ကာ ကြောဖက်မှ အမည်းကြောင်းကို သွားကြားထိုးတုတ် အချွန်ဖြင့် ထိုးကလော်ပြီး ထုတ်ထားပါ
ဟင်းရည်ချက်ရန်
  • ဇောက်နက်သော အိုးတလုံးမှာ ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်တို့ကို ထည့်ပြီး ဆီသတ်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့ပုဇွန်ထုတ် ဆူးပုတ်ရွက် ငရုတ်သီးစိမ်း ပင်စိမ်းရွက်တို့ ချန်ကာ ကျန်အသီးအရွက်များ ထည့်ပြီး ဆီသတ်ပါ
  • အသီးအရွက်များ နွမ်းတာနဲ့ ဆား အချိုမှုန့် ပုဇွန်ငါးပိအရည်ဖျော်တို့ကို ထည့်မွှေကာ ရေမြုပ်အောင်ထည့်ပြီး ဆူပွက်အောင် တည်ပေးပါ
  • ဟင်းရည်ဆူလာတာနဲ့ ပုဇွန်ထုတ်ကို ထည့်ကာ တမိနစ်လောက် တည်ပေးပါ
  • ပြီးတာနဲ့ အရည်ဖျော်ထားသော ဆန်မှုန့်ကိုထည့်ကာ သမအောင်မွှေပါ
  • ဆန်မှုန့်များ ပျစ်လာတာနဲ့ ရေကို လိုသလောက် အနေအထား ရအောင်ပြင်ပြီး ငရုတ်သီးစိမ်း ဆူးပုတ်နှင့် ပင်စိမ်းရွက်တို့အုပ်ကာ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပါ
  • ပူစပ်ပူလောင် မွှေးပြီးချိုနေတဲ့ တာလပေါ့ဟင်း ရပါပြီ။
မှတ်ချက်
ပုဇွန်အစား ခရုဖင်ချွန် ခရုမျက်ပြဲ ဂဏန်း အသား ငါးမျိုးစုံတို့နဲ့ အဆက်ပြေစွာ ချက်နိူင်ပါတယ်
အသီးအရွက်များကိုလဲ နှစ်သက်ရာ အသီးအရွက်တို့ကို အဆင်ပြေသလို ထည့်နိူင်ပါတယ်။
တနေရာနှင့်တနေရာ ချက်ပြုပ်ပုံ မတူနိူင်တဲ့အတွက် အခြေခံ ပါ၀င်ရမည့် ဆန်မှုန့် မျှစ်စိမ်း ပုဇွန်ငါးပိတို့ကို အခြေခံပြီး အဆင်ပြေသလို ချက်နိူင်ပါတယ်။

Monday 19 July 2021

ငပိရည်ဖျော် မွှေးမွှေးလေး

 






COVID 19 တတိယလှိုင်း ဖြစ်လာထဲက မာမာ ဈေးကိုမသွားဖြစ်တော့ပါဘူး အိမ်မှာရှိတဲ့ အခြောက်အခြမ်း ဟင်းရံလေးတွေကို အဆင်ပြေအောင် ပြင်ဆင်ပြီး ချက်နေပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ စပ်ပေ့ဆိုတဲ့ ငရုတ်သီးတွေကိုသုံးပြီး ငါးပိရည် စပ်စပ်မွှေးမွှေးလေး ဖျော်ထားပါတယ် သခွားသီး မုံလာဥဖြူ ချဉ်ပါတ်လေးနဲ့ စားပါမယ်။

ငါးပိရည် တစ်ခါကျိုတိုင်း အိမ်ထဲမှာ ကျန်နေတတ်တဲ့ အနံ့တွေက လေလုံတဲ့ အိမ်တွေမှာ တော်တော်နဲ့ မပျောက်တတ်တဲ့အတွက် မာမာကတော့ တစ်ခါကျိုရင် ခပ်များများလေးကျိုပြီး လေလုံဗူးလေးတွေထဲ ထည့်ထားကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ထားပြီး သိမ်းထားတတ်တာမို့လို့ ဒီတစ်ခါလဲ ငါးပိရည် မွှေးမွှေးလေးနဲ့ ငါးပိရည်ဖျော် မွှေးမွှေးစပ်စပ်လေးရဲ့ ဖျော်စပ်ပုံလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  3. ကြက်သွန်နီ - အနေတော် သုံးလုံး
  4. ငရုတ်သီး အလှော်မှုန့် - မိမိနှစ်သက်သလောက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အခွံခွာပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာတဲ့အထိ  ထည့်လှော်ပေးပါ
  • ငရုတ်သီးစိမ်းကိုလဲ အညှာခြွေပြီး ရေဆေးကာ အိုးအသားထူသော ဒယ်အိုးထဲမှာ ကျွမ်းယောင်သန်းတဲ့လာတဲ့အထိ လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ငရုတ်ဆုံထဲထည့်ပြီး မညက်တစ်ညက်လေး ထောင်းပေးပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ငါးပိရည် ပန်းကန်ထဲမှာ ပါ၀င်ပစ္စည်းများကို  ရောထည့်ကာ အားလုံးသမသွားအောင် ရောဖျော်ပေးပါ
  • ငါးပိရည်အဖျော် ရတာနဲ့ တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Sunday 18 July 2021

ရွှေထမင်း ချိုချိုလေး

 


ဒီနေ့တော့ မြန်မာမုန့်လေးတွေထဲက ရွှေထမင်းမုန့်လေး လုပ်ဖြစ်ပြန်ပါတယ် မြန်မာမုန့်လေးတွေက လုပ်ရတာ စိတ်ဝင်စားစရာ ကောင်းသလောက် စားရတာလဲ အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်တဲ့ ရွှေထမင်းလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ထန်းလျှက်ခဲ သို့မဟုတ် သကြားအညို - 100 g (အချိုကြိုက်လျှင် အနည်းငယ် ပိုထည့်ပါ)
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အုန်းသီးမှုန့် - မိမိနှစ်သက်သလောက် သုံးပေးပါ
  5. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူး (ထန်းလျှက်ကျိုရန်)

ပြင်ဆင်ပုံ

  • ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ တစ်ညသိပ် ရေစိမ်ထားပေးပါ
  • နောက်နေ့မနက်မှာ စိမ်ထားသော ရေကိုသွန်ပြီး ခပ်စိတ်စိတ် အပေါက်ပါတဲ့ ပေါင်းဇကာထဲ ထည့်ပေးကာ အောက်ခံအိုးထဲကို ရေ တစ်ဝက်မရှိတစ်ရှိည့်ပြီး မီးကိုအလယ်လတ်မှာထားပြီး ရေဆူအောင်တည်ပေးပါ
  • ရေဆူပြီ ဆိုတာနဲ့ မီးကိုအနည်းငယ်ထပ်လျှော့ ပြီး ကောက်ညှင်းဆန် ထည့်ထားသော ပေါင်းဇကာကို ရေဆူအိုးပေါ်တင်ပြီး အဖုံးအုပ်ကာ  ၄၅မိနစ်ခန့်် ပေါင်းပေးပါ
  • ကောက်ညှင်းဆန် အလုံးအပျက်ဘဲ နပ်စေရန် ပေါင်းနေစဉ် အထက်အောက် တခါလောက် လှန်ပေးပါ
  • ကောက်ညှင်းပေါင်းနေစဉ် သကြားအညို သို့မဟုတ် ထန်းလျှက်ခဲကို ဆားနှင့် ရေအနည်းထည့်ကာ ထန်းလျှက်ခဲ ပျော်လာအောင် ခပ်ပျစ်ပျစ်လေး ကျိုထားပေးပါ
  • အုန်းသီးမှုန့်ကို ပြင်ထားပေးပါ
  • ကောက်ညှင်းနပ်ပြီ ဆိုတာနဲ့ ကောက်ညှင်းပူနေတုန္းမွာ ထန်းလျှက်ရည်ကို ရောမွှေပေးပါ
  • ကောက်ညှင်းနှင့် ထန်းလျှက်ရည် ရောမွှေစဉ် အရည်ပက်ရွှဲကြီး မဖြစ်စေရန် ထန်းလျှက်ရည်ကို နည်းနည်းချင်း ထည့်မွှေပေးပါ
  • ကောက်ညှင်းနှင့် ထန်းလျှက်ရည်ကို သမအောင် မွှေပြီးတာနဲ့ သင့်တော်သော ဗန်း သို့မဟုတ် ပန်းကန်တခုထဲမှာ ထည့်ပေးပြီး မျက်နှာပြင်ညှိကို ညီအောင်ညှိကာ တစ်ညလောက် အအေးခံပေးပါ
  • အအေးခံပြီးသွားပြီ ဆိုတာနဲ့ မိမိနှစ်သက်ရာ ပုံစံရအောင် ဓါးမှာဆီသုတ်ပြီး လှီးပေးပါ
  • ရွှေထမင်းလေးတွေ လှီးပြီးတာနဲ့ အုန်းသီးမှုန့်ကို ဖြူးပေးကာ ရွှေထမင်း ချိုချိုလေးကို စားသုံးနိူင်ပါပြီ။

Saturday 17 July 2021

တို့ဟူးကျိုနည်း


ပဲအစိမ်းမှုန့်နှင့်ရေကိုရောပြီး ဖျော်ပေးပါ

အားလုံးသမအောင် ဖျော်ပေးပါ


ဇလုံပေါ်မှာ ဂျုံစစ်ဇကာကိုတင်ပေးပြီး 
ပဲရည်များကို လောင်းချပါ တက်လာသော 
အမြှုပ်များကို ခပ်ပြီးသွန်ပေးပါ

အိုးထဲမှာရေထည့်ပြီး ဆူအောင်တည်ပေးပါ

ရေပွက်ပွက် ဆူလာတာနဲ့ ပဲရည်ကို ထည့်ပေးပါ

အဆက်မပြတ် မွှေပေးပါ

ပဲရည်များ ပျစ်လာတာနဲ့ ဆီသုတ်ထားသော
ဗူးထဲကို လောင်းထည့်ပေးပါ

ခဲပြီးအေးသွားပြီဆိုတာနဲ့ ပန်းကန်ပြားထဲကို
မှောက်ချပေးပါ

မိမိနှစ်သက်သလို လှီးပေးပါ

တို့ဟူးကျိုနည်းလေး ရေးပေးပြီးသားပေမဲ့ ပြန်ရှာရခက်ပြီး ရှာလို့အဆင် မပြေသူတွေအတွက် ကျိုနည်းလေးကို ထပ်မံပြီး ပြန်လည် မျှဝေပေးလိုက်ပါတယ်။

မာမာအခုကျိုတဲ့ အချိုးအစားက စားတဲ့သူနည်းရင်တော့ ၃ရက်ကျော်ကျော်လောက် စားလို့ရပါတယ် စားတဲ့သူများရင်တော့ အနေတော်ပါဘဲ။

 မိသားစု နည်းရင်တော့ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးစာလောက်ဘဲ ကျိုရင်ရပါတယ် တို့ဟူးကောင်းကောင်းလေး စားချင်ရင်တော့ စိတ်ရှည်ဖို့တော့ လိုပါတယ်နော်။

တို့ဟူးကို ခပ်မြန်မြန်ကျိုပြီး စားချင်ရင်တော့ ကျိုလို့ရတဲ့ အလွယ်နည်းလေး ရှိပါတယ် အခုကျိုတဲ့ နည်းလောက်တော့ တို့ဟူးက မနူးညံ့ပါဘူး အသုပ်ဆိုင်တွေမှာ စားတဲ့တို့ဟူးသားလောက်တော့ ရပါတယ် အလျဉ်းသင့်တဲ့အခါ ရေးပေးပါမယ်။

ပဲအစိမ်းမှုန့်က မြန်မာပြည်မှာ ဆိုရင်တော့ မွှေးပဲအစိမ်းမှုန့်ကို သုံးရင်အဆင်ပြေမယ် ထင်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ပဲအစိမ်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂၀ဗူး ပဲ
  3. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဂျုံစစ်ဇကာ - တစ်ခု
  7. ဇောက်နက်ပြီး မကပ်သောအိုး ခပ်ကြီးကြီး - တစ်လုံး
  8. သစ်သားယောင်းမ - အရိုးရှည်ရှည် တစ်ခု
  9. ဇလုံ - ခပ်ကြီးကြီး နှစ်လုံး (ပဲရည်စပ်ရန်)
  10. အပူခံနိူင်သော ပလပ်စတစ်ဗူး - တစ်ဗူး (သို့မဟုတ်) မိမိအဆင်ပြေမည့် ဗန်းတစ်ချပ်
ပဲမှုန့်ရေစိမ်ရန်
  • ဇလုံကြီးကြီး တစ်လုံးထဲမှာ ပဲမှုန့်နှင့်ရေကိုရောကာ ပဲအနှစ်တွေကျေအောင် မွှေတံနှင့်ချေပေးပါ
  • ပြီးတာနဲ့ နောက်ဇလုံကြီးကြီး တစ်လုံးပေါ်မှာ ဂျုံစစ်ဇကာ ဇကာစိတ်စိတ်လေးကို တင်ပေးပါ
  • ပဲရည်များကို ထိုဇကာပေါ် လောင်းထည့်ပြီး မကျေဘဲ ကျန်နေသော ပဲအနှစ်များကို ဇွန်းနှင့်ဖိပြီး ချေပေးကာ ပဲအကြည်ရည် အနည်းငယ်နှင့် လောင်းချပေးပါ
  • ပဲရည်အပေါ်မှာ တက်လာသော အမြှုပ်များကို ခပ်သွန်ပေးပါ
  • ပြီးတာနဲ့ အနည်းဆုံး ၁၀နာရီလောက် ပဲအနည်ထိုင်အောင် နှပ်ထားပေးပါ (သို့မဟုတ်)
  • အကောင်းဆုံးက မနက်ကျိုမယ်ဆို ညဘက်ထဲက ပဲရည် အနည်ထိုင်အောင် နှပ်ထားပေးပါ
  • ပဲအရည် နှပ်ထားတဲ့ အချိန်မှာလဲ ပိုးမွှားလေးတွေ မဝင်အောင် အပေါ်မှ ဇကာနှင့် အုပ်ထားပေးပါ
  • လေလုံအောင် အုပ်ထားရင်တော့ ပဲများအချဉ်ဖောက်တတ်တဲ့အတွက် ဇကာနှင့်သာ အုပ်ပေးပါ 

တို့ဟူးကျိုရန်
  • တို့ဟူးကျိုပြီး ထည့်ရန်အတွက် ဇလုံ (သို့) ပန်းကန်လုံး (သို့) အပူခံနိူင်သော ဘူးကို ဆီအနည်းငယ်နှင့် နေရာနှံ့အောင် သုတ်ထားပေးပါ
  • ညကပဲရည် အနည်ထိုင်ထားသော ပဲရည်ဇလုံထဲမှ အပေါ်ယံအရည်ကြည် ထမင်းပေါင်းအိုး ဆန်ချင်ဗူး၁၂ဗူးစာကို အသာလေးခပ်ပြီး သွန်ပေးပါ
  • ပြီးတာနဲ့ ပဲအနှစ်များ ပျော်သွားအောင် ရေ ပေါင်အိုးဆန်ချင်ဗူး သုံးဗူးစာ ထပ်ထည့်ကာ အနည်ထိုင်နေသော ပဲအနှစ်များကျေအောင် ဖျော်ပေးပါ
  • ပြီးတာနဲ့ တို့ဟူးကျိုရာမှာ ပါဝင်မဲ့ ပါ၀င်ပစ္စည်းများကို တစ်ခါထဲ ပြင်ထားပါ
  • တို့ဟူးကျိုရန် ဇောက်နက်ပြီး မကပ်သော အိုးထဲကို ပဲရည်များ ထည့်ပေးပါ
  • ပြီးတာနဲ့ ဆီ ဆားနှင့် နနွင်းမှုန့်တို့ကို ထည့်ပေးပြီး သမအောင် မွှေပေးပါ
  • အားလုံးသမသွားတာနဲ့ မီးကို median heat ထားပြီးမှ ပဲရည်အိုးကို မီးဖိုပေါ် တင်ပေးပါ
  • ပဲရည်အိုး တင်ပြီးတာနဲ့ သစ်သားယောင်းမ အရိုးရှည်ရှည်ဖြင့် အဆက်မပြတ် မွှေပေးပါ
  • မွှေနေရင်းက ပဲအနှစ်များ စပြီးပျစ်လာတာနဲ့ လက်အားသန်သန်နဲ့ အဆက်မပြတ် ဆက်မွှေပေးပါ
  • မွှေနေစဉ် အိုးမကပ်စေရန် မီးအပူချိန်ကို သတိထားပါ
  • အဆက်မပြတ် မွှေပေးရင်းက ပဲရည်များပျစ်လာပြီး ပဲအနှစ် အကြည်ရောင်လေး သန်းလာတာနဲ့ အထဲမှ ရေများကုန်အောင် မွှေပေးပါ
  • ပဲအနှစ် စပျစ်လာချိန်မှစပြီး ၈မိနစ်မှ၁၀မိနစ်လောက် မွှေပြီးပါက အိုးထဲမှာ ရေများတဗွက်ဗွက် ပေါက်မလာတော့ရင် ရပါပြီ
  • ဆီသုတ်ပြီး အဆင်သင့် ပြင်ထားသော ဇလုံ(သို့) ပန်းကန်(သို့) ဗူး အစရှိသည့် မိမိအစဉ်ပြေသော အထဲသို့ ကျိုထားသော ပဲအနှစ်များကို ချက်ချင်း လောင်းချပေးပြီး မျက်နှာပြင်ညီအောင် ညှိပေးပါ
  • တစ်နာရီ တစ်နာရီခွဲလောက်ဆိုရင် ကောင်းကောင်းကြီး အေးပြီးခဲနေသာ တို့ဟူးတုံတုံ အိအိလေးရပါပြီ
  • ပူနေသော တို့ဟူးထည့်ထားသည့် ဗူးများကို ရေခဲသေတ္တာထဲ မထည့်မိဖို့ သတိထားပါ
  • ပူနေတုန်း ထည့်လိုက်ပါက အရည်များ ထွက်လာတတ်ပါတယ်
  • အခန်းအတွင်းမှာ ရိုးရိုးလေးဘဲ အအေးခံထားပြီးမှ ထည့်သိမ်းပေးပါ
  • ချဉ်ငံစပ်လေး သုပ်စားမလား တို့ဟူးကြော်လေး ကြော်စားမလား တို့ဟူးချဉ်စပ်လေး ချက်စားကြမလား အရမ်းကို အဆင်ပြေစေတဲ့ တို့ဟူးတုံတုံ အိအိလေး ရပါပြီရှင်။

Thursday 15 July 2021

အညာသား ကျောကုန်း ( စလူမုန့် /မုန့်နီလေး)

 




မာမာတို့ ငယ်ငယ်က အခါကြီး ရက်ကြီးတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ အညာသားကျောကုန်းတို့ အောက်သားဗိုက်ပူတို့ဆိုရင် တော်တော်များများက သိကြပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ အညာသားကျောကုန်းဆိုတဲ့ မုန့်လေးလုပ်ဖြစ်ပါတယ် ဒီမုန့်လေးက ညိုတိုတို နီတီတီလေးနဲ့ မို့လို့ အညာသားကျောကုန်းလို့ ခေါ်ကြသလို 

စလူဖက်နဲ့ ထုတ်ရတဲ့အတွက် စလူမုန့်လို့လဲ ခေါ်ကြပြီး မုန့်က နီညိုရောင်ဖက် သန်းနေတဲ့အတွက်လဲ တစ်ချို့က မုန့်နီလေးလို့ ခေါ်ကြပြန်ပါတယ်။

မာမာကတော့ စလူရွက် မရှိတဲ့အတွက် ငှက်ပျောရွက်နဲ့ ထုတ်ပြီး လုပ်ထားပါတယ် ငှက်ပျောရွက်လဲ အနည်းငယ်ဘဲ ရှိတဲ့အတွက် aluminium foil တစ်ထပ်ခံပြီး ထုတ်ထားပါတယ် ငှက်ပျောရွက် ပေါပေါများများရရင်တော့ ငှက်ပျောရွက် တစ်မျိုးထဲနဲ့ဘဲ ထုတ်စေချင်ပါတယ်။

စားရတာ အရမ်းကောင်းပြီး လုပ်ရတာ လွယ်ကူသလို ရိုးရာမုန့်လေး ဖြစ်တဲ့အတွက် လုပ်စားချင်တဲ့ အခါလုပ်စားရအောင် မာမာ ပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. မုန့်လုပ်ထန်းလျှက်ခဲ  - တစ်ဆယ်သား (အချိုကြိုက်ပါက ပိုထည့်ပါ)
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲ ( ထန်းလျှက်ရည်ကျိုရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. နေကြာဆီ - လိုသလောက် သုံးပေးပါ
  6. ငှက်ပျောဖက် - လိုအပ်သလောက် သုံးပေးပါ
  7. အုန်းသီးခြစ်ပြီးသား -မိမိနှစ်သက်သလောက်

ပြင်ဆင်ပုံ

  • ပထမဆုံး ငှက်ပျောဖက်တွေကို ရေဆေးသန့်စင်ပြီး အကြောပြေသည်အထိ ဆန်ကာတစ်ခုမှာတင်ပြီး ရေနွေးငွေ့နဲ့ ပေါင်းပေးပါ
  • အထက်ပါ နည်းအတိုင်း မလုပ်ချင်ပါက ရေဆေးသန့်စင်ပြီး နေပူပူမှာ လှန်းပေးပါ
  • အိုးတစ်လုံးထဲမှာ ထန်းလျှက်ခဲကို ရေထည့်ပြီး ထန်းလျှက်ခဲများ ပျော်သွားအောင် ကျိုပေးပါ
  • ထန်းလျှက်များ အရည်ပျော်သွားတာနဲ့ အမှိုက် သဲ ခဲများ မပါအောင် အဝတ်ပါးစလေးထဲထည့်ပြီး စစ်ထားပါ
  • စတီးဇလုံကြီးကြီး တစ်ခုထဲမှာ ကောက်ညှင်းမှုန့် ဆား ထန်းလျက်ရည်တို့ ထည့်ပေးကာ သမအောင်ရောနယ်ပေးပါ
  • ထန်းလျှက်ရည်ကို တစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်းထည့်ပြီး မုန့်သားပျော့လာအောင် နယ်ပေးပါ
  • ကောက်ညှင်းဆန်မှုန့် သုံးဗူးဆိုရင် ထန်းလျှက်ရည် နှစ်ဗူးစာက အနေတော်ပါဘဲ
  • မုန့်သား အနေတော်လေး ရလာတာနဲ့ ဇလုံကို အဖုံးအုပ်ကာ ဆယ်မိနစ်ခန့် နှပ်ထားပေးပါ
မုန့်လုပ်ရန်
  • ပေါင်းထား နေလှန်းထားတဲ့ ငှက်ပျောဖက်ကို အနေတော်လေးတွေ ဖြတ်ပေးပါ
  • ပြီးတာနဲ့ ငှက်ပျောဖက်ကို နှစ်ထပ်ထပ်ပေးပြီး အတွင်းဖက်မှာ ထားမည့်အရွက်ကို ဆီခပ်ရွှဲရွှဲလေး သုတ်ပေးပါ
  • ဆီခပ်ရွှဲရွှဲလေး သုတ်ပေးမှ မုန့်ခွာတဲ့အခါ မကပ်မှာ ဖြစ်ပါတယ်
  • မုန့်ဒိုးသားကိုယူပြီး လက်ထဲမှာ ဆယ့်ငါးချက်လောက် ခပ်ပြင်းပြင်းလေး ဆုတ်ဆုတ်ပေးပါ
  • ပြီးတော့မှ ရှည်မျောမျော ပုံလေးလုပ်ကာ ငှက်ပျောဖက် အလယ်မှာ ထည့်ပေးပါ
  • မုန့်သားထည့်ပြီးတာနဲ့ ဘေးနှစ်ဖက်ကို မုန့်သားလုံသွားအောင် သေသေချာချာ အုပ်ပေးပါ
  • ဘေးနှစ်ဖက် အုပ်ပြီးတာနဲ့ အပေါ်ဖက်နှင့် အောက်ဖက်မှ အစနှစ်ခုကို ခေါက်ပြီးအုပ်ပေးပါ
  • ထိုနည်အတိုင်း မုန့်သားကုန်အောင် ထုတ်ပေးပါ
  • အားလုံး ထုတ်လို့ပြီးတာနဲ့ ပေါင်းခံဇကာထဲမှာ မုန့်ထုတ်လေးတွေ ပြည်မထွက်အောင် မှောက်လျှက်အနေအထား စီပြီးထည့်ပေးပါ
  • ပေါင်းအိုး အောက်ခံအိုးထဲမှာ ပေါင်းခံခုံကို မထိတထိ အနေအထားအထိ ရေထည့်ပေးပါ
  • ပေါင်းခံခုံပေါ်မှာ မုန့်ပေါင်းမည့် ဇကာကို တင်ပေးပြီး အဖုံးကို သေသေချာချာ အုပ်ပေးပါ
  • မိမိအသုံးပြုမည့် ပေါင်းအိုးအပေါ် မူတည်ပြီး မိနစ်နှစ်ဆယ်မှ မိနစ်သုံးဆယ်အတွင်း ပေါင်းပေးပါ
  • ပေါင်းထားတဲ့အချိန် ပြည့်သွားပါက ပေါင်းအိုးထဲမှ လေကုန်အောင် ထုတ်ပေးကာ အဖုံးကို ဖွင့်ပေးပါ
  • ပေါင်းပြီးပြီးချင်း အိုးထဲမှထုတ်ကာ အအေးခံပေးပြီးမှ စားပါ
  • ပူနေတုန်း စားပါက  စေးကပ်ကပ်နဲ့ စားရတာ အဆင်မပြေသလို မုန့်ရဲ့အရသာလဲ မပေါ်သေးပါဘူး 
  • အအေးခံပြီး တရက်လောက်နေမှ စားပါက ပိုပြီးစားလို့ကောင်းပါတယ်
  •  ကောက်ညှင်းနဲ့လုပ်တဲ့ မုန့်ဖြစ်တဲ့အတွက် တစ်ပါတ်လောက်အထိ အထားခံသလို စားရတာလဲ ပိုပြီးတော့ ကောင်းလာပါတယ်
  • ကိုက်အလိုက်ရင် ထုတ်ထုတ်နဲ့ စားလို့အရမ်းကောင်းတဲ့ အညာသားကျောကုန်း မုန့်လေးကို အုန်းသီးမှုန့်လေးလူးကာ စားသုံးနိူင်ပါပြီ။

Wednesday 14 July 2021

တာလပေါ့ဟင်း

 



ဒီနေ့တော့ မာမာ့အိမ်မှာ အလွယ်တကူ ရှိနေတဲ့ အသီးအရွက်တွေနဲ့ခရုလေးတွေရောပြီး တာလပေါ့ဟင်းလေး ချက်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ တာလပေါ့ဟင်း ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရု ပြုပ်ပြီးသား - မိမိနှစ်သက်သလောက်
  2. မျှစ်စိမ်း - တရုတ်ဟင်းပြင် ပန်းကန်အသေး တစ်လုံးစာ
  3. ဒညင်းသီး - ဆယ့်ငါးလုံး
  4. ပဲတောင့်ရှည် - ၃တောင့်
  5. ဆူးပုတ်ရွက် - အနည်းငယ်
  6. ပင်စိမ်းရွက် - အနည်းငယ်
  7. ရွှေပဲရွက် - လက်တစ်ဆုတ်စာာ
  8. စပါးလင် - ၃ချောင်း
  9. ချင်း - လက်တစ်ဆစ်ခန့်
  10. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  11. ဆန်လှော်မှုန့် - ထမင်းစားဇွန်း ၃ဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  13. ငါးငပိရေကျို - ထမင်းစားဇွန်းသုံးဇွန်းစာ
  14. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  15. ဆီ - ထမင်းစားဇွန်း လေးဇွန်း

ပြင်ဆင်ပုံ
  • မျှစ်အစိမ်းကို သင့်သလိုလှီးပြီး မျှစ်ထဲမှ အပူအစပ်များ ထွက်သွားအောက် နာရီ၀က်လောက် ပြုပ်ထားပါ
  • မျှစ်ပြုပ်ပြီးသားကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်ကွဲ အဖတ်လေးများ ရအောင်လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • စပါးလင်၂ချောင်းကို ရေဆေးပြီး ခပ်ရိတ်ရိတ် လှီးထားပါ
  • ကျန်နေသော စပါးလင်တ စ်ချောင်းကို ထုထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ရိတ်ရိတ် လှီးထားပါ
  • ဒညင်သီးကို နူးနေအောင် ပြုပ်ထားပါ
  •  အခွံခွာပြီး အနေတော်လှီးကာ ရေဆေးထားပါ
  • ပဲသီးကို ရေဆေးပြီ အနေတော်လေးတွေ လှီးထားပါ
  • ပင်စိမ်းရွက်နှင့် ရွှေပဲရွက်ကို ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အနေတော် လှီးပေးထားပါ
  • ငါးငပိရေကျိုကို ဇလုံထဲမှာထည့်ပြီး ရေနွေးပူပူနဲ့ ခလောက်ထားပါ
  • ဆား အချိုမှုန့် ဆီတို့ကို ပြင်ထားပါ
  • ဆန်ကို ရေမြုပ်အောင်ထည့်ပြီး နူးလာတဲ့အထိ ရေစိမ်ထားပါ
  • ဆန်စေ့များ နူးလာတာနဲ့ ညက်နေအောင် ထောင်းထားပါ
  • ခရုများကို ရေဆေးထားပါ
ဟင်းရည်ချက်ရန်
  • ဇောက်နက်သော အိုးတလုံးမှာ ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်တို့ကို ထည့်ပြီး ဆီသတ်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့ ခရု ဆူးပုတ်ရွက် ရွှေပဲရွက် ငရုတ်သီးစိမ်း ပင်စိမ်းရွက်တို့ ချန်ကာ ကျန်အသီးအရွက်များ ထည့်ပြီး ဆီသတ်ပါ
  • အသီးအရွက်များ နွမ်းတာနဲ့ ဆား အချိုမှုန့် ငါးပိအရည်ဖျော်တို့ကို ထည့်မွှေကာ ရေမြုပ်အောင်ထည့်ပြီး ဆူပွက်အောင် တည်ပေးပါ
  • ဟင်းရည်ဆူလာတာနဲ့ ခရုများကို ထည့်ကာ တစ်မိနစ်လောက် တည်ပေးပါ
  • ပြီးတာနဲ့ အရည်ဖျော်ထားသော ဆန်မှုန့်ကိုထည့်ကာ သမအောင်မွှေပါ
  • ဆန်မှုန့်များ ပျစ်လာတာနဲ့ ရေကို လိုသလောက် အနေအထား ရအောင်ပြင်ပြီး ငရုတ်သီးစိမ်း ရွှေပဲရွက် ဆူးပုတ်နှင့် ပင်စိမ်းရွက်တို့အုပ်ကာ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပါ
  • ပူစပ်ပူလောင် မွှေးပြီးချိုနေတဲ့ တာလပေါ့ဟင်း ရပါပြီ
မှတ်ချက်
ခရုအစား ပုဇွန် ခရုဖင်ချွန် ခရုမျက်ပြဲ ဂဏန်း အသား ငါးမျိုးစုံတို့နဲ့ အဆက်ပြေစွာ ချက်နိူင်ပါတယ်
အသီးအရွက်များကိုလဲ နှစ်သက်ရာ အသီးအရွက်တို့ကို အဆင်ပြေသလို ထည့်နိူင်ပါတယ်။

တစ်နေရာနှင့်တစ်နေရာ ချက်ပြုပ်ပုံ မတူနိူင်တဲ့အတွက် အခြေခံ ပါ၀င်ရမည့် ဆန်မှုန့် မျှစ်စိမ်း ပုဇွန်ငါးပိတို့ကို အခြေခံပြီး အဆင်ပြေသလို ချက်နိူင်ပါတယ်။

Tuesday 13 July 2021

သတ်သတ်လွတ် ငရုတ်ပွကြော်


 ဒီနေ့တော့ တစ်ပါတ်တစ်ရက် သတ်သတ်လွတ်စားတဲ့ သမီးလေးအတွက် ငရုတ်ပွကို သတ်သတ်လွတ်လေး ကြော်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငရုတ်ပွ - သုံးလုံး (အဖြူ အနီ အဝါ)
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဝက်
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ငရုတ်ပွများကို ရေဆေးပြီး အထဲမှ အစေ့များ ဖယ်ပေးကာ အရှည်အမြှောင်းလေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓားပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ထည့်ကြော်ပေးပါ
  • ကြက်သွန်များ အနည်းငယ် နွမ်းလာတာနဲ့ ငရုတ်ပွများကို ထည့်ကာ ပဲငံပြာရည် နှစ်မျိုးလုံးကို တစ်ခါထဲ ထည့်မွှေပေးပါ
  • အကြာကြီး ကြော်စရာ မလိုဘဲ သုံးမိနစ်လောက် ကြော်ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့်နှင့် နှမ်းဆီတို့ ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိူင်ပါပြီ။